ရှောက်ထျန်းလုံ မွေးဖွားလာခြင်း
Vol. 27 Ch. 371
လေထဲမှ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများ စီးမျောလာပြီး မကြာခင်မှာပင် မျက်နှာကြီးတစ်ခု ပေါ်လာသည်။
ထိုမျက်နှာမှာ အေးစက်စက် အမူအရာ ရှိနေသော်လည်း ၎င်း၏ မျက်လုံးများကမူ နားမလည်နိုင်ဟန် ဖြစ်နေ၏။
မျက်နှာကြီးက လောထျန်းအား သေချာ စိုက်ကြည့်နေပြီးမှသာ ဖြည်းဖြည်းချင်း စကားစလာသည်။
" ရှန့်ဟွမ် .. ထျန်းမို "
သို့သော် ထိုသို့ ပြောပြီးသည်နှင့် သူ ခေါင်းယမ်းလိုက်ပြန်၏။
" နှစ်ခုလုံးမဟုတ်ဘူး "
ထို့နောက် သူ့အကြည့်က လောထျန်းနောက်မှ နဂါးဥဆီသို့ ရောက်သွားသည်။
" စာချုပ်အတိုင်း ...... အဲ့ဥက ငါ့ဟာ "
စကားဆုံးသည်နှင့် အရောင်အဝါတစ်ခုက နဂါးဥအား ထပ်တိုက်ခိုက်လာပြန်၏။
လောထျန်းက မည်သို့မှ ပြန်မပြောဘဲ သူ့လက်ထဲမှ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းဓားဖြင့် ထပ်ခုတ်လိုက်သည်။
ဝုန်း ..
ထိုလူ၏ အရောင်အဝါက ချက်ချင်း ပြိုကွဲသွားရပြန်၏။
လေထဲမှ မျက်နှာကြီးက မည်သည့်စကားမှ မဆိုဘဲ လောထျန်းအား မျက်မှောင်ကြုံ့ပြီး ကြည့်လာသည်။
" မင်း ဘယ်သူလဲဆိုတာတော့ ငါ မသိဘူး ။ ဒါပေမယ့် ဒီကောင်လေးကို ငါ ကာကွယ်မှာ "
လောထျန်းက အေးစက်စက် ပြောလိုက်သည်။
မျက်နှာကြီးက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ ခေါင်းညိတ်၍ ပြော၏။
" ပြန်အသက်သွင်းခြင်း အဆုံးသတ်မှာ စောင့်နေမယ် ။ တစ်ယောက်မှ မလွတ်ဘူး ... "
နားလည်ရန်ခက်သော ထိုစကားကို ပြောပြီးသွားသည်နှင့် မျက်နှာကြီးက ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
ကမ္ဘာကြီးကလည်း ဘာမှ မဖြစ်ခဲ့သလိုပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ထိုအချိန် လောထျန်းက လက်ထဲမှ ဓားကို လွှတ်လိုက်ရာ ၎င်းက ပန်းလင်ဘေးတွင် ကျသွားသည်။
ပန်းလင်က လောထျန်းအား အံ့သြတုန်လှုပ်မှုတို့ ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။
" ခင်ဗျား .. ဘာဖြစ်လို့လဲ "
လောထျန်းက သူ့အား တအံ့တသြ ပြန်ကြည့်လာသည်။
ဂလု ..
ပန်းလင်မှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရပြီး လောထျန်းကို မေးလိုက်သည်။
" သခင်လေး ခုနက သုံးသွားတဲ့ လက်နက်က ဘယ်လို လက်နက်မျိုးလဲ "
လောထျန်းက အံ့အားသင့်သွားဟန်ဖြင့် စည်းမျဥ်း ဓားကို ထပ်ဆွဲထုတ်လိုက်ပြန်၏။
ချွှင် .
ကြောက်မက်ဖွယ် ဖိအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။
ဝှစ် ..
ပန်းလင်က ၎င်းကို တွေ့သည်နှင့် အနောက်ဘက် ပေတစ်ရာကျော် အကွာဝေးသို့ ချက်ချင်း ပြေးဆုတ်သွား၏။
" သခင်လေး ဘာတွေ လုပ်နေတာလဲ ။ ဘာလို့ ဓားကို အဲ့လောက်နီးနီးလေးမှာ ဆွဲထုတ်နေတာလဲ ။ တခြားသူတွေကို ကြာက်ပြီး သေသွားစေချင်လို့လား "
သူမ အသံမှာလည်း တုန်ယင်နေသည်။
လောထျန်း လန့်သွား၏။
" ဒီ ဓားက အဲ့လောက် ကြောက်စရာ ကောင်းလို့လား .. ကျုပ်ကျတော့ ဘာလို့ ဘာမှ မခံစားမိတာလဲ မသိဘူး "
သူက ပြောပြောဆိုဆိုပင် ဓားကို နှစ်ကြိမ် ထပ်ယမ်းလိုက်သည်။
ပန်းလင် ချက်ချင်း မျက်နှာဖြူရော်သွားကာ အနောက်ဘက် ပေ ၃ ၊ ၄ ရာခန့် အကွာအဝေးသို့ ပြေးဆုတ်သွားပြန်သည်။
" သခင်လေး .. ဓားကို ပြန်သိမ်းလိုက်။ အားးး ကယ်ကြပါဦးရှင် "
သူမ ဒေါသတကြီး အော်၏။
" အိုး ..ဟုတ်သား "
လောထျန်း ခေါင်းညိတ်ကာ လက်ဝေ့ယမ်း၍ ဓားအား ပျောက်ကွယ်သွားစေလိုက်သည်။
ဓားမရှိတော့မှသာ ပန်းလင် စိတ်သက်သာရာရပြီး သက်ပြင်း ချနိုင်သွား၏။
ထို့နောက် သူမ လောထျန်းဘေးသို့ လှစ်ခနဲ ပျံသန်းလာပြီး မျက်နှာတည်ကြီးဖြင့် မေးလိုက်သည်။
" သခင်လေး .. ဘယ်လိုလုပ်လိုက်တာလဲ "
" ဘာကိုလဲဗျ .. အဲ့ဓားကိုလား "
လောထျန်းက ပြန်မေး၏။
ပန်းလင် ခေါင်းညိတ်ပြသည်။
" ဟိုတလောတုန်းက ကျုပ် ဒီအစွမ်းမျိုး သုံးနိုင်တဲ့ တစ်ယောက်နဲ့ တွေ့ခဲ့တာဗျ ။ ကျုပ်လဲ အသုံးဝင်မယ်ထင်ပြီး သူ့ဆီကနေ ပြန်လေ့လာခဲ့တာပဲ "
လောထျန်းက အေးအေးဆေးဆေး ရှင်းပြသည်။
သူက ဘာမှ မထူးခြားဟန်ဖြင့် ပြောနေသည့်တိုင် ပန်းလင်မှာ အလွန်ကြောက်လန့်သွား၏။
" သခင်လေးက ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းကို လက်နက်အဖြစ် ပြောင်းနိုင်တဲ့သူနဲ့ တွေ့ခဲ့တာလား ... "
သူမ မျက်နှာတည်ကြီးဖြင့် ထပ်မေးသည်။
လောထျန်းက ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ဗျ ၊ အဲ့လို လူ ၉ ယောက်နဲ့တောင် တွေ့ခဲ့တာ "
ပန်းလင် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" ပြီးတော့ ဘာဆက်ဖြစ်သွားကြလဲ "
ထိုသို့ အစွမ်းရှိသည့် လူ ၉ ယောက်နှင့် တွေ့ရခြင်းက အလွန် အန္တရာယ် များမည်မှန်း မတွေးကြည့်ဘဲနှင့်ပင် သိနိုင်ပါသည်။
ထိုစဥ်က လောထျန်း မည်မျှ ဒုက္ခရောက်နေမည်ကို သူမ ဆက်ပင် မတွေးနိုင်ပါ။
" ဘာမှတော့ ထူးထူးထွေထွေ မရှိပါဘူးဗျာ ။ သူတို့ထဲက ၈ ယောက်ကတော့ ချက်ချင်း အသတ်ခံလိုက်ကြရပေမယ့် တစ်ယောက်ကတော့ ထွက်ပြေးသွားနိုင်ခဲ့တယ် "
လောထျန်းက ပြန်ဖြေ၏။
ပန်းလင် : " ............ "
" သခင်လေးလို ဘီလူးတစ်ယောက်ကို စိတ်မပူသင့်ဘူးဆိုတာ သိသားပဲ .... "
ပန်းလင် ထိုသို့သာ ပွစိပွစိ ရေရွတ်ပြီး ဒေါသထွက်နေဟန်ဖြင့် မျက်နှာ လွှဲထားလိုက်သည်။
" ဘာဖြစ်လို့လဲဗျ "
လောထျန်းက နားမလည်ဟန်ဖြင့် မေးလာ၏။
" ဘာမှ မဟုတ်ဘူး "
ပန်းလင်က မရွှင်မပျ ပြန်ဖြေသည်။
" ဒါနဲ့ .. ခုနက ဟိုမျက်နှာကြီး ဘာပြောသွားတာလဲ သိလားဗျ ။ ရှန့်ဟွမ်... ထျန်းမို ဆိုလား .. အဲ့ဒါ ဘယ်နေရာလဲ "
လောထျန်း ရုတ်တရက် မေး၏။
လောထျန်းက အရေးကြီးကိစ္စကို ပြောနေမှန်း သိသဖြင့် ပန်းလင် ခေါင်းပြန်လှည့်လာပြီး အလေးနက် ပြန်ဖြေသည်။
" ကျွန်မလဲ မသိဘူး .. ၊ ပိုမြင့်တဲ့အဆင့် ကမ္ဘာက နေရာတစ်ခုများလား .. "
လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးမှ ပြော၏။
" အင်း .. အဲ့လိုပဲ ဖြစ်မယ်နဲ့ တူတယ် "
ပန်းလင်ကလည်း ရုတ်တရက် တစ်ခုကို သတိရသွားဟန်ဖြင့် ပြောလာသည်။
" ဒါနဲ့ ပြန်အသက်သွင်းခြင်းရဲ့ အဆုံးသတ် လို့လဲ သူပြောသွားသေးတယ် မလား "
လောထျန်း ခေါင်းညိတ်၏။
" ဟုတ်တယ်ဗျ ၊ ကြည့်ရတာ အဲ့ကောင်ကြီးက နဂါးကြီး ထျန်းလုံကို အကွက်ချပြီး ထောင်ချောက်ဆင်ခဲ့တဲ့ သူ ထင်တယ် ။ သခင်ကြီး ထျန်းလုံ သေသွားပြီးတာတောင် အဲ့ကောင်ကြီးက သူ့ သွေးဆက်ကို အလွတ်မပေးသေးဘူး ။ ဒါနဲ့ စကားမစပ် ၊ သခင်ကြီး ထျန်းလုံက ကျုပ်ကို သူ့သားကို ကာကွယ်ပေးမယ့်လက်နက်အဖြစ် အသုံးချလိုက်သလို ခံစားရတယ်ဗျာ "
ပန်းလင်ကလည်း သူ့စကားကို ကြားပြီးနောက် အနည်းငယ် တွန့်ဆုတ်စွာ ပြန်ပြောသည်။
" သခင်ကြီး ထျန်းလုံက တကယ်လဲ အဲ့လို စဥ်းစားခဲ့တာနဲ့ တူတယ် ။ ဒါဆို ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ "
လောထျန်းက ခေါင်းယမ်း၍ ဆို၏။
" ဘယ်တတ်နိုင်မလဲဗျာ ။ သူများဆီက ရတနာတွေ ယူထားပြီးမှတော့ ကူညီပေးရုံပဲ ရှိတော့တာပေါ့ "
ထို့နောက် သူ စကားခန ရပ်ကာ မျက်မှောင်ကြုံ့ပြီး ဆက်ပြောသည်။
" ဒါပေမယ့် .. တဖက်ရန်သူက အဲ့လောက်ကြီး ခက်ထန်နေရင်တော့ အဖိုးအခလဲ ပိုပေးသင့်တာပေါ့ "
ပန်းလင် ခဏတာမျှ စကားမဆိုနိုင် ဖြစ်သွားရသည်။
ထိုစဥ်မှာပင် ..
ဝီ ...
သူတို့နှစ်ယောက်ရှေ့မှ နဂါးဥက လှုပ်လာ၏။
ဥခွံပေါ်တွင် အက်ရာတစ်ခု ပေါ်လာပြီး ထိုအက်ရာမှ နတ်ဘုရားအလင်းတန်း ၉ သွယ် လင်းလက် တောက်ပလာကာ ကောင်းကင်ယံသို့တိုင် ထိုးတက်နေသည်။
ထို့နောက် ချက်ချင်း ဆိုသလိုပင် နတ်ဘုရားအလင်းတန်းမှ ကြောက်မက်ဖွယ် ဖိအားတစ်ခုလည်း ထွက်ပေါ်လာ၏။
ဝှစ် ..
ပန်းလင်က အန္တရာယ်ကို အာရုံခံမိသွားဟန်ဖြင့် အနောက်ဘက် ပေ ၃ ၊ ၄ ရာ အကွာသို့ ချက်ချင်း ဆုတ်သွားကာ နဂါးဥအား ကြောက်ရွံ့ဟန်ဖြင့် ကြည့်နေသည်။
" ဒါ .. ကောင်းကင်ဘုံ နဂါးတစ်ကောင်ရဲ့ အစွမ်းလား .. ။ ခုမှ မွေးစပဲ ရှိသေးတာတောင် သူ့အစွမ်းက ရှေးဟောင်းသားရဲတွေထက် ပိုကျော်နေပြီ "
သူမ အလွန်လည်း အံ့သြတုန်လှုပ်နေ၏။
သူမသည်ပင် ထို ဖိအား ကို မခုခံနိုင်ပါ ။
သို့သော် သူမ လောထျန်းအား လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ လောထျန်းက ဖိအားဒဏ်အား လုံးဝ ခံနေရဟန် မရှိသည်ကို တွေ့လိုက်ရသည်။ သူမ စိတ်ထဲ တိတ်တဆိတ် အထွန့်တက်လိုက်၏။
" ဒီတစ်ယောက်ကလဲ ဘီလူးကြီးပဲ "
ခွပ် ..
ထိုအချိန်မှာပင် ဥခွံပေါ်၌ အက်ရာ နောက်တစ်ခု ပေါ်လာပြီး ဖိအားမှာလည်း အစွမ်းထက်သထက် ထက်လာ၏။
ရုတ်တရက် .. သူမရှေ့၌ ကမ္ဘာသစ်ကြီးတစ်ခု ဖြစ်ပေါ်လာသလိုပင် ပန်းလင် ခံစားလိုက်ရသည်။
" ခုနထက်တောင် ပိုအစွမ်းထက်လာသေးတယ် ..။ ဒီ ထဲက ကောင်းကင်ဘုံ နဂါးကြီးက အဲ့လောက် ကြောက်စရာ ကောင်းတာလား "
သူမ ခေါင်းထဲတွင်လည်း အနည်းငယ် မူးနောက်နောက် ဖြစ်သွားပါ၏။
ခွပ် ... ခွပ် ..
ထိုစဥ် နဂါးဥခွံများက ဆက်ကွာလာပြီး ဖိအားမှာလည်း တိုးသထက် ပိုတိုးလာနေသည်။
ပန်းလင်မှာ အသက်ရှုပင် ကျပ်သွားပြီး သူမ၏ နှလုံးက လည်ချောင်းဝတွင် တစ်နေသကဲ့သို့ ခံစားလာရ၏။
ထို နဂါးဥထဲတွင် မည်မျှ ကြောက်စရာကောင်းသည့် နဂါးမျိုး ရှိနေမည်ကို သူမ မှန်းပင် မမှန်းနိုင်ပါ ။
ထိုတခဏ၌ သူမ စိတ်ထဲတွင်လည်း အလွန်ကြောက်စရာကောင်းပြီး ပုံမှန်မဟုတ်သည့် သားရဲ အသွင်သဏ္ဍာန်များကို တွေးမိသွားသည်။
သူမ စိတ်ထဲမှ သားရဲကြီးများမှာ အစိမ်းရောင် မျက်နှာကြီးများ ရှိကြကာ ဧရာမ ပါးစပ်ကြီးနှင့် အစွယ်များ တဝင့်ဝင့် ဖြစ်နေသည်။
သို့သော် ထိုအချိန်မှာပင် ...
ခွပ် ..
နဂါးဥထဲမှ လက်သည်းချွန်တစ်ခု ထွက်လာ၏။
" ထွက်လာပြီ "
ပန်းလင်မှာ ကြောက်မက်ဖွယ် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေသည့်အလား ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖိထားကာ မျက်နှာလည်း ဖြူဖျော့နေသည်။
ထို့နောက်တွင်မူ ..
နဂါးဥထဲမှ ဖြူဖွေးသော အကောင်ငယ်လေးတစ်ကောင် ထွက်လာ၏။
၎င်းကို ကြည့်ကာ ပန်းလင် အံ့သြမှင်သက်သွားသည်။
ထို အကောင်လေးမှာ ပိန်ပိန်ပါးပါး မြွေလေးတစ်ကောင်နှင့်ပင် တူနေပြီး ၎င်း၏ ခြေ နှင့် လက်များက ပုတိုတိုနှင့် ဝဝတုတ်တုတ် ဖြစ်နေ၏။
ခေါင်းပေါ်မှ နဂါးဦးချို သေးသေးလေး နှစ်ခုကြောင့်သာ မဟုတ်ပါက ထို သားရဲအား နဂါးတစ်ကောင်ဟုပင် သိကြမည် မဟုတ်ပေ ။
" ဒီကောင်လေးက .. ချစ်စရာ ကောင်းလိုက်တာ "
ပန်းလင်မှာ ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ယခင်က ကြောက်ရွံ့စိတ်များ အလျဥ်း ပျောက်ကွယ်သွားတော့၏။
ထိုအချိန်တွင် နဂါးလေး ရှောက်ထျန်းလုံက စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းမော့ကြည့်လာသည်။ ထို့နောက် မလှမ်းမကမ်းတွင် ရှိနေသည့် လောထျန်းကို သူ တွေ့သွားပြီး လှစ်ခနဲ ပျံသန်းလာ၏။
လောထျန်းရှေ့ ရောက်သောအခါ ရှောက်ထျန်းလုံက ပါးစပ်ကို ရုတ်တရက် ဟလိုက်သည်။
ပန်းလင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်နေ၏။
" ကောင်းကင်ဘုံ နဂါးတစ်ကောင်ရဲ့ အော်သံ ထွက်လာတော့မှာပဲ .. "
သူမ ထိုသို့တွေးကာ ဖြစ်လာမည့် နောက်ဆက်တွဲ ကိစ္စများအတွက် ကြိုပြင်ဆင်ထားလိုက်သည်။
သို့သော် ... နဂါးလေးက ပါးစပ်ဟလိုက်ပြီးနောက် ... ကလေးသံလေး ထွက်လာ၏။
" မြောင် ..... "
" ဟင် .. "
ပန်းလင် ပါးစပ်အဟောင်းသား ဖြစ်သးတော့သည်။
၎င်းက နဂါးအော်သံ တဲ့လား ...
ကြောင် အော်သံနှင့် ပိုမတူနေဘူးလား ...