ကောင်းကင်ဘုံကို အာခံနိုင်သည့် အစွမ်း
Vol. 27 Ch. 372
လောထျန်းက လက်ပိုက်ပြီး နဂါးငယ်လေးအား ကြည့်လိုက်သည်။
" မင်းက ကောင်းကင်ဘုံ နဂါးတစ်ကောင်လေကွာ .. အဲ့လိုကြီး အော်ဖို့ ဘယ်သူ သင်ပေးထားတာလဲ "
ပန်းလင်ကလည်း ခေါင်းညိတ် ထောက်ခံသည်။
" ဟုတ်တယ် .. "
ထိုအော်သံက တစ်ခုခု လွဲနေလေပြီ ။
နဂါးငယ်လေး ကမူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး လောထျန်းအား နားမလည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်နေ၏။
လောထျန်းက စကားဆက်သည်။
" ထျန်းလုံလေး ၊ မင်း အဲ့လို အော်လို့ မရဘူးလေ ။ အဲ့အသံက အစွမ်းနိမ့်တဲ့ပုံ ပေါက်နေတယ် "
ပန်းလင် ခေါင်းထပ်ညိတ်သည်။
" အမှန်ပဲ .. "
လောထျန်းက ဆက်ပြော၏။
" ကဲ .. ဘယ်လိုအော်ရမလဲ ငါ သင်ပေးမယ် "
နဂါးငယ်လေး ၊ရှောက်ထျန်းလုံက ရိုရိုးအအပင် ခေါင်းညိတ်သည်။
လောထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အော်၏။
" ဝု ... "
ပန်းလင် : " ............. "
နဂါးငယ်လေးကမူ မျက်နှာတည်ဖြင့် ခေါင်းညိတ်ပြီး အသက်ပြင်းပြင်းရှိုက်ကာ လိုက်အော်သည်။
" ဝု .. "
လောထျန်းက ချက်ချင်း လက်မထောင်ပြကာ ပြော၏။
" ကောင်းတယ်ကွ ၊ ကောင်းကင်ဘုံ နဂါးဆိုတာ အဲ့လိုပဲ အော်သင့်တာ "
ပန်းလင်မှာ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်နေပြီးမှသာ ပြန်အသိဝင်လာပြီး ဒေါသတကြီး ပြောလိုက်သည်။
" ဘာတွေ လျှောက်သင်ပေးနေတာလဲ သခင်လေး ။ ကောင်းကင်ဘုံ နဂါးတစ်ကောင်က အဲ့လို ဘယ်တုန်းက အော်ဖူးလို့လဲ "
လောထျန်းက ခေါင်းကုတ်ပြီး အပြစ်ကင်းဟန် မျက်နှာလေးဖြင့် ပြန်ပြော၏။
" နဂါးအစစ်တစ်ကောင်ရဲ့ အော်သံကို ကျုပ်လဲ တစ်ခါမှ မကြားဖူးဘူးလေဗျာ "
နဂါးငယ်လေး ရှောက်ထျန်းလုံ ကမူ ပန်းလင်ဘက် လှည့်ကြည့်ပြီး ပါးစပ်ဟ၍ အော်သည်။
" ဝု .. "
" တော်ပြီ .. ရပ် "
ပန်းလင်က ရှောက်ထျန်းလုံအား လက်ကာပြ၍ ပြော၏။
" မင်းက ကောင်းကင်ဘုံ နဂါးတစ်ကောင်လေ ၊ အဲ့လို အော်လို့ မရဘူး ။ ဘယ်လို အော်သင့်တာလဲ ဆိုတော့ .. "
ထိုသို့ ပြောနေရင်း သူမ အနည်းငယ်ပင် ရှက်သွားသော်လည်း စကားဆက်လိုက်သည်။
" အနည်ဆုံး တော့ .. ဝေါင်း .. ဆိုပြီး အော်ရမှာ ၊ နားလည်ရဲ့လား .. "
သို့သော် ..ရှောက်ထျန်းလုံက သူမအား ခေါင်းလေးစောင်းကာ ကြည့်၏။
" ဝု .... "
" မင်း ... "
ပန်းလင်မှာ မည်သို့ပြန်ပြောရမည် မသိ ဖြစ်သွားတော့သည်။
သူမ လောထျန်းဘက်သို့သာ လှည့်ကြည့်ပြီး ပြောလိုက်၏။
" သခင်လေး လုပ်လိုက်တာ တော်တော်ကောင်းတယ် "
" ကျုပ် ဘာလုပ်မိလို့လဲ "
လောထျန်းက နားမလည်ဟန် မျက်နှာလေးဖြင့် ပြန်မေးသည်။
ပန်းလင်က မျက်နှာကြီး ရှုံ့မဲ့၍ ပြန်ရန်တွေ့၏။
" အဲ့ဒါ ကောင်းကင်ဘုံ နဂါးတစ်ကောင် သခင်လေးရဲ့ ။ နောင် အနာဂတ် နဂါးမျိုးနွယ်ရဲ့ ခေါင်းဆောင် ဖြစ်လာမယ့်သူ တစ်ယောက်ပဲ ။ ပြီးတော့ ကျွန်မတို့ ထျန်းယွမ်ကမ္ဘာရဲ့ ထိပ်သီးအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်လဲ ဖြစ်လာမှာ ။ အဲ့လိုသူတစ်ယောက်က တခြားသူတွေကို ' ဝု ' ဆိုပြီး အော်နေရင် နဂါးမျိုးနွယ် မျက်နှာဘယ်နား သွာထားရပါတော့မလဲ။ ကျွန်မတို့ ထျန်းယွမ်ကမ္ဘာကြီးရဲ့ မျက်နှာရော ဘယ်နား သွားထားရမလဲရှင့် "
" ဝု ... "
ထျန်းလုံ လေးက အော်လာပြန်သည်။
" အဲ့လို အော်မနေနဲ့ "
ပန်းလင်က ဒေါသတကြီး ပြန်ပြော၏။
သူမ အော်သံကြောင့် ရှောက်ထျန်းလုံ လန့်သွားကာ လောထျန်းနောက်သို့ ချက်ချင်း ဝင်ပုန်းလိုက်သည်။ ထို့နောက် ခေါင်းလေး တစ်ဝက် ပြူတစ်ပြူတစ်လုပ်ပြီး ပန်းလင်အား ခိုးကြည့်၏။ သူ ခေါင်းမာစွာဖြင့် ဆက်အော်လိုက်ပြန်သည်။
" ဝု ... "
ပန်းလင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ကူကယ်ရာမဲ့ ဖြစ်သွားတော့၏။
" ထားလိုက်တော့ ..ဘယ်လိုအော်အော် ဂရုမစိုက်တော့ဘူး "
ပန်းလင်က ထိန်းမနိုင်တော့ဟန်ဖြင့် ထိုသို့သာ ပြောပြီး လောထျန်းကို ကြည့်လိုက်သည်။
" အခု သခင်လေး ဘာဆက်လုပ်မှာလဲ "
လောထျန်းက ရှောက်ထျန်းလုံ၏ ခေါင်းလေးကို အသာအယာ ပွတ်ကာ ပြန်ပြော၏။
" ဒီကောင်လေးက တော်တော်တော့ စိတ်ဝင်စားစရာ ကောင်းတာပဲ ။ လောလောဆယ် သူ့ကို ဒီမှာပဲ ဆက်မွေးထားကြမယ်လေ "
" ကောင်းကင်ဘုံ နဂါးတစ်ကောင်ကို အိမ်မှာ မွေးမှာ .... "
ပန်းလင်မှာ နဂါးငယ်လေးအား ခပ်ရှက်ရှက် ကြည့်လိုက်သည်။ ထိုတခဏတွင် ဖြစ်ပျက်နေသော အရာများက အမှန်တကယ် မဟုတ်သလိုလည်း သူမ ခံစားလိုက်ရပါ၏။
သဘာဝ စိတ်ဝိဥာဥ် တစ်ယောက်ဖြစ်သော သူမအဖို့ ကောင်းကင်ဘုံ နဂါးက မည်သို့သော အဓိပ္ပါယ် ဆိုသည်ကို နားလည်ထားပြီးသားပင် ။
ထို နဂါးမျိုးကို အိမ်တွင် မွေးထား၍ ဖြစ်ပါမည်လား ။
" ဒါပေမယ့် .. သူက ဘာတွေ စားတယ်ဆိုတာကိုရော သခင်လေး သိရဲ့လား "
ပန်းလင် မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
" ကျုပ်လဲ မသိဘူးလေ ၊ ဒါပေမယ့် .. ကျုပ်တို့ မြို့ထဲမှာ အနားယူနေတဲ့ နဂါးတစ်ကောင် ရှိသေးတာပဲဗျာ။ ပြီးကျမှ သူ့ကို မေးလိုက်မယ် "
လောထျန်းက ပြန်ပြော၏။
သို့သော် ထိုအချိန်တွင် ရှောက်ထျန်းလုံက ဘေးဘီသို့ ဝေ့ဝဲကြည့်ပြီး တစ်စုံတစ်ခုကို မြင်သွားဟန်ဖြင့် ရုတ်တရက် လှစ်ခနဲ ပျံသန်းသွားသည်။
" တော်တော် မြန်တာပဲ "
ပန်းလင်မှာ ၎င်းကို ကြည့်ရင်း အံ့အားသင့်သွားရပြန်သည်။
ထို နဂါးငယ်လေးက မွေးကင်းစသာ ရှိသေးသည့်တိုင် သူမထက်ပင် ပိုမြန်နေခဲ့လေပြီ ။
လောထျန်းသည်ပင် သူ့ကို ကြည့်ကာ အံ့အားသင့်သွားခဲ့ရပါ၏။
" မင်း ဘယ်သွားမလို့လဲ "
သူ ပြောပြောဆိုဆို တည်နေရာရွှေ့ပြောင်း၍ ရှောက်ထျန်းလုံနောက် လိုက်သွားလိုက်သည်။
ရှောင်ထျန်းလုံက လောထျန်းနားမှ ထွက်လာပြီးနောက် လျှို့ဝှက်ဒေသကို ဖွင့်စဥ်တွင် ရခဲ့သည့် အဖိုးတန် သဘာဝ ရတနာများ စုထည့်ထားသော တွင်းကြီးဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွား၏။ ထို တွင်းကို တွေ့သည်နှင့် သူ့မျက်လုံးများ အရောင်လက်သွားကြသည်။
ထို့နောက် ရှောက်ထျန်းလုံက ပါးစပ်ဟကာ ကျောက်တုံးကြီးတစ်ခုကို ကိုက်လိုက်သည်။
" ဟေ့ .. အဲ့ဒါ မသေမျိုး ပစ္စည်းတွေကို သန့်စင်တဲ့နေရာမှာ သုံးတဲ့ ရွှမ်ကျင်း သလင်းကျောက်လေ ၊ အရမ်း မာတယ် ။ မင်းသွားတွေတော့ ကျိုးကုန်တော့မှာပဲ "
ခပ်လှမ်းလှမ်းတွင် ရောက်လာသော ပန်းလင်က ၎င်းကို ကြည့်ကာ အလန့်တကြား အော်ပြောလာ၏။
ရှောက်ထျန်းလုံတစ်ယောက် ဒဏ်ရာ အနာတရ ဖြစ်သွားမည်ကိုလည်း သူမ စိုးရိမ်မိသွားသည်။
သို့သော် ..
ဂျွတ် ... ဂျွတ် ..
အလွန်မာကျောလှသော အမည်းရောင်နှင့် ရွှေရောင် ရောယှက်နေသည့် သလင်းကျောက်မှာ ရှောက်ထျန်းလုံ၏ ပါးစပ်ထဲတွင် ခပ်ပျော့ပျော့ တိုဖူး တစ်တုံးကဲ့သို့ပင် ။ ရှောက်ထျန်းလုံက ကျောက်တုံးကြီးအား လေး ၊ ငါး ကိုက်ဖြင့် အပိုင်းပိုင်း ဖြစ်သွားအောင် ဝါးပြီး မျိုချလိုက်တော့သည်။
" ဟင် ..... "
ပန်းလင်တစ်ယောက် အံ့သြမှင်သက်သွားရပြန်၏။
ထို နဂါးငယ်လေး၏ သွားများက မည်သို့သော သွားမျိုးပါနည်း ။
မသေမျိုး လက်နက်ဖြင့်ပင် ဖြတ်ရန် ခက်ခဲလှသော သလင်းကျောက်ကို သူက အလွယ်တကူ ဝါးစားနေသတဲ့လား ။
သူ့သွားများက မသေမျိုးလက်နက်ထက်ပင် ပိုကြောက်စရာ ကောင်းနေသည် ဆိုသည့် အဓိပ္ပါယ်လား ။
" ဝု .. "
ရှောက်ထျန်းလုံက စားလိုက်ပြီးနောက် ကျေနပ်သွားဟန်ဖြင့် ကောင်းကင်ယံသို့ ခေါင်းမော့ကာ အော်သည်။
ပန်းလင်တစ်ယောက် သူ့နဖူးသူ လက်ဖြင့် ပြန်ရိုက်လိုက်၏။
" ဒီအော်သံက တော်တော် စိတ်တိုစရာ ကောင်းတာပဲ "
ဘေးနားတွင် ရပ်နေသည့် လောထျန်းကမူ အပြုံးဖြင့် ပြောသည်။
" မင်းက ဒီဟာကို စားရတာ ကြိုက်တာလား ။ ကောင်းပြီကွာ ... ဒါဆို ဒီထဲမှာ ရှိတဲ့ဟာတွေထဲက ကြိုက်တာ စားလို့ရတယ် "
ရှောက်ထျန်းလုံမှာ ထိုစကားကို ကြားသည်နှင့် အလွန်ဝမ်းသာသွားဟန်ဖြင့် မျက်လုံးများ အရောင်လက်သွားပြီး ရွှေရောင် စိတ်စွမ်းအင် ဆီသို့ ပြေးဝင်သွား၏။
" ဒါ ... "
ပန်းလင် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
၎င်းမှာ အလွန်ရှားပါးသော ရွှေရောင် စိတ်စွမ်းအင် ဖြစ်ပါသည်။ ထိုစွမ်းအင်များက မသန့်စင်ရသေးသည့်တိုင် အလွန်ကြောက်စရာ ကောင်းနေခဲ့ပြီ ဖြစ်၏။
သူမကိုယ်တိုင်သည်ပင် ၎င်းက ကြောက်စရာကောင်းလွန်း၍ မသန့်စင်ရဲခဲ့ပါ ။ သို့သော် ရှောက်ထျန်းလုံက ထိုအစွမ်းများအား ပါစပ်ကြီးဟ၍ အားရပါးရ မြိုနေသတဲ့လား ။
မည်မျှ ကြောက်စရာ ကောင်းလိုက်ပါသနည်း ။
သို့သော် .. သူမကို ပိုပြီး အံ့သြတုန်လှုပ်သွားစေသည့် နောက်အရာတစ်ခု ထပ်ဖြစ်လာပြန်သည်။
နဂါးငယ်လေးက ရွှေရောင် စိတ်စွမ်းအင်ကို ဝါးမြိုပြီးသည်နှင့် နောက်ထပ် မူလ စိတ်စွမ်းအင် ငါးသွယ်ကို တွေ့သွားပြန်၏။ သူက ရွှေရောင်စိတ်စွမ်းအင် နည်းတူပင် ၎င်းတို့ကိုလည်း တစ်ကိုက်စီ ဝါးမြိုလိုက်သည်။
ထို့ထက်ပို အရေးကြီးသည်မှာ ထိုသို့ အစွမ်းထက် အရာများစွာကို ဝါးမြိုလိုက်ပြီးသည့်တိုင် ရှောက်ထျန်းလုံက လုံးဝ မအီမသာ ဖြစ်ပုံ မရခြင်းပင် ။ ထိုအစား သူ့အရောင်အဝါကသာ ပို၍ အစွမ်းထက်လာခဲ့ပါ၏။
ထို့အပြင် သူ့အရောင်အဝါထဲ၌ သူ ဝါးမြိုခဲ့သော အရာများ၏ အရောင်အဝါများကပါ ကပ်လျက် တွဲပါနေသည်။
" ဒါ .. ကောင်းကင်ဘုံ နဂါးတစ်ကောင်ရဲ့ အစွမ်းလား .. "
ပန်းလင် တအံ့တသြ ရေရွတ်လိုက်သည်။
" ဘာ အစွမ်းလဲဗျ "
လောထျန်းက မေးလာ၏။
ပန်းလင် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ရှင်းပြသည်။
" သခင်လေး မမြင်လိုက်ဘူးလား .. ။ ဒီကောင်လေးက ရတနာတွေကို ဝါးမြိုလိုက်ပြီးတာနဲ့ သူစားခဲ့တဲ့ အရာတွေရဲ့ အစွမ်းကိုပါ ရသွားခဲ့တာ "
လောထျန်း ခေါင်းလှည့်ပြီး သေချာကြည့်လိုက်ရာ သူမ ပြောသွားသည့် စကားများက အမှန်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
" ဒီ အစွမ်းက တော်တော်ကောင်းတာပဲ "
လောထျန်း မနေနိုင်ဘဲ အားကျစိတ် ဖြစ်သွားရသည်။
ထို့နောက် သူ ရုတ်တရက် စဥ်းစားမိသွားဟန်ဖြင့် လက်ယမ်း၍ လျှို့ဝှက်ဒေသထဲမှ ရွှယ်ဟွမ်အစွမ်း အလင်းတန်းနှစ်ခုကို ယူလိုက်သည်။
" ကောင်လေး .. ဒီီဟာကိုရော လာစားကြည့်လိုက်ဦး "
လောထျန်း ပြောလိုက်သည်။
ရှောက်ထျန်းလုံကလည်း ၎င်းကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားပြီး လောထျန်းနားသို့ အသည်းအသန် ပြေးလာ၏။
ဘေးမှ ပန်းလင်လန့်သွားသည်။
" သခင်လေး .. ရူးနေတာလား ။ သူ့ကို ရွှယ်ဟွမ်အစွမ်း ကျွေးမယ်ပေါ့ ၊ ကောင်းကင်ဘုံ နဂါးတွေတောင် ဒီအစွမ်းကို မခံနိုင် ... "
သို့သော် ..
ရှောက်ထျန်းလုံက သူမ စကားမဆုံးခင်မှာပင် ရွှယ်ဟွမ်အစွမ်းအား တစ်ကိုက်တည်းဖြင့် ဝါးမြိုလိုက်သည်။
ထိုသို့ မြိုပြီးနောက် သူ လေချဥ် အကြာကြီး တက်လိုက်ပါသေး၏။ ထို့နောက်မှသာ ရှောက်ထျန်းလုံက ကျေနပ်နေဟန်ဖြင့် အော်သည်။
" ဝု ... "
တစ်ချိန်တည်းမှာပင် သူ့ကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော မှိန်ဖျော့ဖျော့ ရွှေရောင် အရောင်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ့အရောင်အဝါ တစ်ခုလုံးက ပိုအစွမ်းထက်လာ၏။
" ဒါ .. တကယ်ကြီး အလုပ်ဖြစ်တာပဲ "
ပန်းလင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။
ရှောက်ထျန်းလုံ၏ ခန္ဓာကိုယ်က အလွန်အစွမ်းထက်လှပေသည်။
လောထျန်းကလည်း ၎င်းကို ကြည့်ကာ တအံ့တသြ ရေရွတ်၏။
" အဲ့လို လုပ်နိုင်စွမ်း ရှိတာလား .. ။ ဒါဆိုရင် .. ဒါကိုရော စားကြည့်လိုက်ဦး "
လောထျန်းက ထိုသို့ပြောကာ မူလ အရှုပ်အထွေးမြေ လက်တစ်ဆုပ်ကို ကောက်ယူလိုက်သည်။
" သခင်လေး ... "
ပန်းလင်မှာ သူတို့နှစ်ယောက်ကို ကြည့်ရင်း ဆွံ့အနေတော့၏။
လောထျန်းက နဂါးငယ်လေးအား မြေကြီးတွေ ကျွေးနေသည်လား ။
ထိုမြေက မူလ အရှုပ်အထွေးမြေ ဆိုသည့်တိုင် ၎င်းမှာ လွန်လွန်းနေပြီ မဟုတ်ပါလား ။
သို့သော် ရှောက်ထျန်းလုံကမူ မူလအရှုပ်အထွေးမြေကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားပြန်သည်။
ထို့နောက် လောထျန်းလက်ထဲမှ မြေမှုန်များအား သူ တစ်ကိုက်တည်းဖြင့် ဝါးမြိုလိုက်ပြန်တော့၏။
ဝီ ..
တခဏအကြာမှာပင် ရှောက်ထျန်းလုံ၏ ကိုယ်မှ ခပ်မှိန်မှိန် အရှုပ်အထွေး အလင်းတန်းတစ်ခု လင်းလက်လာသည်။
သူ့အရောင်အဝါကလည်း သိသိသာသာပင် တိုးသွားပြန်၏။