ထျန်းယွမ်ဘုရားကျောင်းမှ အလည်လာကြသူများ
Vol. 27 Ch. 373
" အရှုပ်အထွေး အရောင်အဝါပါလား .. "
၎င်းကို ကြည့်ကာ ပန်းလင် အံ့သြသွားရပြန်သည်။
ယခုဆိုလျှင် ထိုနဂါးလေးက မူလ စိတ်စွမ်းအင် ငါးသွယ် အပြင် အလွန်ကြောက်စရာ ကောင်းသော ရွှယ်ဟွမ် အစွမ်းနှင့် အရှုပ်အထွေး အရောင်အဝါပါ ရှိသွားခဲ့လေပြီ ။
၎င်းသာ အရွယ်ရောက်လာပါက ထျန်းယွမ်ကမ္ဘာ သမိုင်းတလျှောက်တွင် အစွမ်းအထက်ဆုံးသော နဂါးတစ်ကောင် ဖြစ်လာမည်မှာ သံသယ ဖြစ်စရာပင် မလိုပါ။
သို့သော် .. သေချာ တွေးကြည့်လိုက်ပြန်လျှင်လည်း ထိုသို့ ဖြစ်လာရန်မှာ မလွယ်ကူပါချေ ။
အစွမ်းအထက်ဆုံး နဂါးတစ်ကောင် ဖြစ်လာရန်ဆိုလျှင် ပါရမီ ထူးချွန်ရုံဖြင့် မလုံလောက်သေးဘဲ ကျင့်ကြံရန်အတွက် အံ့မခမ်း အရင်းအမြစ်များ ရှိနေရန် လိုအပ်ပါသေး၏။
နဂါးမျိုးနွယ်သည် ယခင်က အလွန်အင်အားကြီးခဲ့သည် မှန်သော်လည်း ရှောက်ထျန်းလုံလေးအား မူလ အရှုပ်အထွေးမြေ နှင့် ရွှယ်ဟွမ်အစွမ်းတို့ကို အစာအဖြစ် အမြဲ ကျွေးရန်မှာ မဖြစ်နိုင်ပါ။
ထိုအရာများကို အနည်းငယ်မျှ စားသုံးရုံဖြင့် အစွမ်းများ တိုးတက်စေနိုင်ခဲ့သော်ငြား ..
ယခုအတိုင်း ဆက်သွားလိုလျှင်မူ .. ထိုအဖိုးတန် အရာများကို များစွာ စားသုံးရန် လိုအပ်ပါသည်။
ဤကမ္ဘာကြီးတွင် ထိုသို့သော အဖိုးတန် ရတနာပေါင်း များစွာကို ရနိုင်သူမှာ လောထျန်းမှ လွဲ၍ မည်သူ ရှိပါမည်နည်း ။
ယခု သေချာ စဥ်းစားကြည့်လိုက်ပါက .. နဂါးကြီး ထျန်းလုံ အနေဖြင့် သူ့မျိုးဆက်အား လောထျန်းလက်ထဲ ယုံယုံကြည်ကြည် ပုံအပ်ခဲ့သည့် ကိစ္စမှာ အလွန် အမြော်အမြင် ကြီးသည်ဟု ပြော၍ ရပေသည်။
သူတို့နှစ်ယောက်ကြားမှ အပေးအယူက နဂါးကြီး ထျန်းလုံအတွက် အလွန် တန်သွားခဲ့ပါ၏။
" ဝါး .... "
နဂါးငယ်လေး ရှောက်ထျန်းလုံမှာ မူလ အရှုပ်အထွေးမြေကို စားပြီးနောက် အိပ်ငိုက်လာဟန် ရှိသည်။
၎င်းက တစ်ချက်အော်လိုက်ပြီးနောက် လောထျန်း၏ ပုခုံးပေါ်သို့ ပျံသန်းသွားကာ နေရာမှာပင် အိပ်မောကျသွား၏။
ပန်းလင်မှာ ချစ်စရာ နဂါးငယ်လေးကို ကြည့်ရင်း လောထျန်းအပေါ် မနာလို အားကျစိတ်ပင် ဖြစ်သွားတော့သည်။
" ဒီကောင်လေးက သခင်လေးကို သူ့အမေလို ဆက်ဆံနေတာပဲ "
သူမ သက်ပြင်းချ၍ ဆိုလိုက်သည်။
လောထျန်းက မျက်မှောင်ကြီး ကြုံ့၍ ပြန်ပြော၏။
" အဖေလို ဆက်ဆံတယ်လို့ ပြောလို့ မရဘူးလားဗျာ "
ပန်းလင်က ပြန်ပြောသည်။
" နှစ်ခုလုံးက အတူတူပဲလေ ၊ ဘာကွာလို့လဲ "
လောထျန်းက မကျေနပ်သေးဟန်ဖြင့် ထပ်ပြော၏။
" မရဘူးဗျာ ၊ ဘယ်ဟာလဲ ပြော "
ထို့နောက် သူက နဂါးလေးကို ငုံ့ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုံ့ပြီး မေးသည်။
" သူက ဘာလို့ အိပ်သွားတာလဲ ၊ နေမကောင်း တစ်ခုခုများ ဖြစ်လို့လား "
ပန်းလင်က ပြန်ပြော၏။
" မဟုတ်ဘူး သခင်လေးရဲ့ ၊ သခင်လေး ကျွေးထားတဲ့ ရတနာတွေကို အစာခြေရဦးမှာလေ သိရဲ့လား ။ သခင်လေးက အိပ်တယ်လို့ ထင်ပေမယ့် တကယ်တော့ ဒီကောင်လေးက အိပ်ရင်း ကျင့်ကြံနေတာ ။ သူ ပြန်နိုးလာရင် အစွမ်းတွေ အများကြီး တိုးသွားလိမ့်မယ် .. "
ထိုစကားကို ကြားသောအခါ လောထျန်း အံ့အားသင့်သွားပြီး မကျေမနပ်ဟန်ဖြင့် ပြန်ပြောသည်။
" ဘယ်လို .. အိပ်နေရင်း အစွမ်းတိုးအောင် လုပ်လို့ရတယ် .. ဟုတ်လား ။ ဒီ နည်းကြီးက တော်တော်လွန်တာပဲဗျာ ။ အဆင့်ကောင်းဖို့ စာခိုးချတာနဲ့ ဘာကွာတော့မှာလဲ .. ဟုတ်တယ်မလား "
ပန်းလင် ဒေါသထွက်သွားပြီး အံကြိတ်ကာ ပြန်ရန်တွေ့၏။
" လွန်နေပြီ .. ဟုတ်လား ။ သခင်လေးထက် ပိုလွန်တဲ့သူပဲ ရှိနိုင်ဦးမလား .. "
လောထျန်း အံ့သြမှင်သက်သွားပြီး ခေါင်းကုတ်၍ စပ်ဖြဲဖြဲပြုံးကာ ပြန်ပြောလိုက်သည်။
" ခင်ဗျားပြောတာလဲ အဓိပ္ပါယ်ရှိတာပဲ "
ပန်းလင် နှာခေါင်း ရှုံ့၏။
" ဟွန့် ... ဘီလူးဘေးနားက သူတွေကလဲ အကုန် ဘီလူးတွေပဲ "
သူမက ထိုသို့ ပြောပြီးသည်နှင့် ရတနာများ စုထည့်ထားသော တွင်းဆီသို့ လျှောက်သွားလိုက်သည်။
" ဘာလုပ်မလို့လဲဗျ "
လောထျန်းက လှမ်းမေး၏။
" ဆုံးရှုံးသွားတဲ့ ပမာဏက ကြီးမားတော့ ပြန်ဖြည့်တင်း ရမယ်လေ ။ ပြီးတော့ သခင်လေးရဲ့ လျှို့ဝှက်ဒေသကလဲ မကြာခင် နောက်တစ်ဆင့်ကို ရောက်လာတော့မှာ ။ အဲ့အတွက်လဲ ကြိုပြင်စရာ ရှိတာတွေ ပြင်ထားရဦးမယ် "
ပန်းလင်က မရွှင်မပျ ဖြေသည်။
လောထျန်းက အပြုံးဖြင့် ပြန်ပြောလိုက်၏။
" ပင်ပင်ပန်းပန်း ကြိုးစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ ။ ဒါဆို .. ကျုပ် ဒီကောင်လေးကို ခေါ်ပြီး အပြင်ကို အရင်ထွက်နှင့်မယ်နော် "
သူ့အနီးတွင် သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် ရှိနေခြင်းက သူ့အတွက် များစွာ သက်သာသွားစေခဲ့ပါသည်။
ထို့နောက်တွင်မူ လောထျန်း လျှို့ဝှက်ဒေသထဲမှ ထွက်လာပြီး ပျောင်ပိုင်မြို့သို့ ပြန်သွားလိုက်၏။
သူ မြို့ထဲ ရောက်ရောက်ချင်းမှာပင် ပထမ အကြီးအကဲက သူ့ဆီသို့ ဒရောသောပါး ပြေးလာနေသည်ကို မြင်လိုက်ရသည်။
" သခင်လေး ပြန်လာပြီလား "
ပထမ အကြီးအကဲ၏ ပုံမှာ အနည်းငယ်လည်း ဂဏှာမငြိမ် ဖြစ်နေပါ၏။
" ဘာဖြစ်လို့လဲဗျ "
လောထျန်း သူ့ကို ကြည့်ကာ မေးလိုက်သည်။
" ဒီကို ကျုံ့ကျိုးဒေသက အစွမ်းထက် ကျင့်ကြံသူတွေ ရောက်နေကြတယ်ဗျ ။ ထျန်းယွမ်ကျောင်းတော်က လို့ ပြောတယ် ။ သူတို့က သခင်လေးနဲ့ တွေ့ချင်တာတဲ့ "
ပထမအကြီးအကဲက ပြန်ဖြေ၏။
" သြော် .. သူတို့ ရောက်လာကြပြီလား "
လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
ပြီးခဲ့သည့် နဂါးသင်္ချိုင်းမြေ ခရီးစဥ်က ထျန်းယွမ်ကျောင်းတော်၏ တောင်းဆိုမှုကြောင့် သွားခဲ့ရခြင်း ဖြစ်ရာ ယခု ထိုလူများနှင့် စာရင်း ပြန်ရှင်းရ ပေမည် ။
ဤသို့ဖြင့် လောထျန်းက ပထမအကြီးအကဲ နောက်မှ လိုက်လာပြီး လောမိသားစု အိမ်တော် ခန်းမထဲ ရောက်လာ၏။
ခန်းမထဲတွင်ကား အဘိုးအိုတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်တို့က စိတ်မရှည်ဟန်ဖြင့် အဓိက ထိုင်ခုံများပေါ်တွင် ထိုင်နေကြပါသည်။
" အဲ့ သုံးယောက်ပါ သခင်လေး "
ပထမအကြီးအကဲက ထိုလူများအား အနည်းငယ် ကြောက်ရွံ့နေဟန်ဖြင့် သတိထား ပြော၏။
" သခင်လေး ... မင်းက လောထျန်း ဆိုတာလား "
သုံးယောက်ထဲမှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ထိုင်ရာမှပင် မထဘဲ လောထျန်းအား မျက်မှောင်ကြီး ကြုံ့၍ ကြည့်ကာ ပြောလာသည်။
" ဟုတ်တယ် .. ကျုပ်ပဲ ၊ ခင်ဗျားက ဘယ်သူလဲ "
လောထျန်းက ပြန်မေးလိုက်သည်။
" ငါ ဘယ်သူဆိုတာ မင်း သိဖို့ မထိုက်တန်ပါဘူး ။ မင်းနဲ့ စကားတွေ အများကြီး ပြောနေဖို့လဲ အချိန်မရှိဘူး ၊ငါတို့ အလျင်လိုနေတယ် ။ အခုချက်ချင်း မင်း နဂါးသင်္ချိုင်းမြေကနေ ရလာတဲ့ ပစ္စည်း အကုန်လုံးကို ထုတ်လိုက်ပါ "
ထိုလူကြီးက လောထျန်းကို ကြည့်ကာ ပြောလိုက်ပြီး လက်ဝါးတစ်ဖက် ဖြန့်၏။
သူ့အသွင်နှင့် သူ့လေသံမှာ လောထျန်းက သူ့အပေါ် အကြွေးတင်နေသယောင် ။
" ဟင်.. "
၎င်းကို မြင်သောအခါ လောထျန်း၏ မျက်နှာထား အနည်းငယ် အေးစက်သွားသည်။
ထို ထျန်းယွမ်ကျောင်းတော်မှ လူများက သူ့ဆီသို့ တစ်ခါ ရောက်ဖူးကြသည့်တိုင် အမူအကျင့်များ အဘယ့်ကြောင့် မပြောင်းကြသေးပါသနည်း ။
" ပိုင်လန်ထျန်းက ဘယ်မှာလဲ ။ ကျုပ်က ဘယ်လိုလူမျိုး ဆိုတာကို သူ ခင်ဗျားတို့ကို မပြောပြလိုက်ဘူးလား "
လောထျန်းက အနည်းငယ် အေးစက်စက်နိုင်သည့် အသံဖြင့် ပြန်ပြောလိုက်သည်။
ဝုန်း ..
ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် လူကြီး၏ အရောင်အဝါ ပေါက်ကွဲထွက်လာပြီး လောထျန်းဆီသို့ တိုးဝင်လာ၏။
" ငါ နောက်တစ်ကြိမ် ထပ်ပြောမယ် ၊ ပစ္စည်းတွေ အကုန်လုံးကို ထုတ်လိုက်ပါ။ ငါ မင်းနဲ့ဖြုန်းစရာ အချိန်မရှိဘူး "
သူ အေးစက်စက် ပြောသည်။
ထိုစဥ်မှာပင် အလယ်မှ အဘိုးအို၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး ပြော၏။
" ဝမ်ချွီ ၊ အဲ့လို မရိုင်းစိုင်းရဘူးလေ "
ဝမ်ချွီဆိုသော လူကြီးမှာ အဘိုးအို၏ စကားကို ကြားသည်နှင့် သူ့အရောင်အဝါကို ချက်ချင်း ပြန်ရုတ်သိမ်းကာ ဥိးညွှတ်၍ ဆိုသည်။
" ဟုတ်ကဲ့ပါ သခင်ကြီး ချန် "
ထို့နောက် သူ လောထျန်းအား တစ်ချက်ကြည့်ပြီး နေရာတွင် ပြန်ထိုင်လိုက်၏။
ထိုအချိန်မှာပင် အကြီးအကဲ ချန်က လောထျန်းကို ကြည့်ကာ ပြောလာသည်။
" လောထျန်း ..ဟုတ်တယ်နော် ၊ ငါက ထျန်းယွမ်ကျောင်းတော်က ချန်ထျဲယီ ပါ ။ မင်းက ထျန်ယွမ်ကျောင်းတော်ရဲ့ တောင်းဆိုချက်အတိုင်း နဂါးသင်္ချိုင်းမြေကို သွားခဲ့တာ ဆိုတော့ ဒီ ကိစ္စကို ထျန်းယွမ်ကျောင်းတော်က အမြဲ အမှတ်ရနေပါ့မယ် ။ ရော့ .. ဒီမှာ ဆုတော်ငွေအနေနဲ့ အဆင့်မြင့် စိတ်စွမ်းအင် ကျောက်တုံး တစ်သောင်း ... "
အဘိုးအိုက ထိုသို့ ပြောကာ စိတ်စွမ်းအင်ကျောက်တုံးများ ထည့်ထားသည့် အိတ်အား လောထျန်းခြေရင်းသို့ ပစ်ပေးလိုက်သည်။
" ကဲ .. ဒါဆို မင်း နဂါသင်္ချိုင်းမြေကနေ ရခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံးကို ထုတ်ပေးတော့ ။ ဒါပေမယ့် .. မင်းရဲ့ စိတ်ဝိဥာဥ်ကိုတော့ အရင်ဆုံး ရှာဖွေရလိမ့်မယ် ။ မင်းဘက်က ဘာကိုမှ ဖုံးကွယ်မထားတာ သေချာပြီဆိုမှ စိတ်စွမ်းအင်ကျောက်တုံးတွေ ပေးနိုင်မယ် "
ချန်ထျဲယီက ဆို၏။
သူ့လေသံမှာ ဒေါသ သံ မပေါက်နေသည့်တိုင် သူ သုံးသွားခဲ့သည့် စကားလုံးများက ဝမ်ချွီထက်ပင် ပိုရန်လိုနေပါသည်။
နဂါးသင်္ချိုင်းမြေမှ ရခဲ့သော ပစ္စည်းများ အားလုံးကို ထုတ်ပေးရမည့်အပြင် .... စိတ်ဝိဥာဥ်ကိုပါ ရှာဖွေဦးမည် တဲ့လား ။
မည်မျှ ရယ်စရာကောင်းလိုက်သော ကိစ္စပါနည်း ။
" ဒါဆို ပိုင်လန်ထျန်းက ခင်ဗျားတို့ကို ကျုပ်အကြောင်း ဘာမှ မပြောလိုက်ဘူးပေါ့ "
လောထျန်းက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
ပိုင်လန်ထျန်းက သူ့ဒေါသအကြောင်းကို ထိုလူကြီး သုံးယောက်အား ပြောပြထားသင့်သည် မဟုတ်ပါလား ။
လောထျန်း ဆိုသည့် သူသည် နူးနူးညံ့ညံ့ စကားလုံးများကိုသာ တုန့်ပြန်တတ်သူ ဖြစ်ပြီး စကားကြမ်းကြမ်းကို နားမဝင်သူပင် ။
" ပိုင်လန်ထျန်းက မင်းတို့ ပျောင်ပိုင်မြို့က အပြန်လမ်းမှာ တောင်ပိုင်းဒေသက သားရဲတစ်ကောင်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တယ် ။ သူက ဂိုဏ်းကို ပြန်ရောက်ကတည်းက သတိမေ့နေတာ ။ ဒါပေမယ့် မင်းကိစ္စကို ဝမ်ဖုန်းယွိက ပြောပြထားပြီးသား "
ချန်ထျဲယီက ပြန်ပြော၏။
လောထျန်းမှာ ထိုအချိန်မှသာ အခြေအနေကို သဘောပေါက်သွားသည်။
ပိုင်လန်ထျန်းက သတိမေ့နေခဲ့သည်လား ..
သူတို့ နဂါးသင်္ချိုင်းမြေ အပြင်သို့ ရောက်နေစဥ်က ထိုလူ သူ့အား လာမကြိုသည်မှာ မထူးဆန်းတော့ပေ ။
ထိုစဥ်မှာပင် ချန်ထျဲယီက စိတ်မရှည်တော့ဟန်ဖြင့် ထပ်ပြောလာ၏။
" ကဲ .. မင်းရဲ့ မလေးမစား လုပ်တဲ့ ပြစ်မှုကို ငါ ဘာမှ ဆက်ပြီး မရေးမယူချင်ဘူး ။ အခုချက်ချင်း မြန်မြန်ဒူးထောက်ပြီးတော့ စိတ်ဝိဥာဥ် စစ်ဆေးတာကို အသာတကြည်လက်ခံစမ်း "
သူက ပြောပြောဆိုဆိုပင် လောထျန်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် လောထျန်းက အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြောလာ၏။
" ဒူးထောက်ပြီး စိတ်ဝိဥာဥ်ထဲ ရှာဖွေတာကို ခံရမယ် ဟုတ်လား .. ။ အဲ့ကိစ္စကို ခဏထားလိုက်ပါဦး ၊ အရင်ဆုံးရှင်းရမယ့် ကိစ္စတစ်ခု ရှိသေးတယ် "
" ဟင် ... ဘာကိစ္စလဲ "
ချန်ထျဲယီ ၏ မျက်နှာထား ချက်ချင်း မာသွားသည်။
လောထျန်းက သူ့အား မျက်မှောင်ကြုံ့ကြည့်ကာ ပြော၏။
" အရင်ဆုံး .. ခင်ဗျားကြီးကို အဲ့နားမှာ ထိုင်လို့ရတယ်လို့ ဘယ်သူ ခွင့်ပြုထားလို့လဲ "
ဝုန်း ..
လောထျန်း၏ အရောင်အဝါကလည်း ချက်ချင်း ပေါက်ကွဲထွက်လာပြီး ချန်ထျဲယီအား ကန်လိုက်သည်။
" ဟင် .. "
ချန်ထျဲယီမှာ ခေတ္တမျှ အံ့အားသင့်သွား၏။ သူ သတိဝင်လာသည့် အချိန်တွင်မူ လောထျန်း၏ ကန်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့ရလေပြီ ။
ဝုန်း ...
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ခန်းမဆောင်၏ ခေါင်မိုး ပျက်စီးသွားကာ ချန်ထျဲယီတစ်ယောက် ပေထောင်ပေါင်းများစွာ အကွာသို့ ကျသွားတော့သည်။
သို့သော် .. သူ မည်သို့မှ မတုန့်ပြန်နိုင်သေးခင်မှာပင် ဧရာမ ရွှေရောင် လက်ဝါးကြီးတစ်ဖက် ထွက်လာကာ သူ့အား ဖမ်းဆုပ်ပြီး ခပ်ပြင်းပြင်း လွှဲပစ်လိုက်ပြန်၏။
ဘုန်း ..
သူ မြေကြီးပေါ် ပြန်ကျသွားသည်။
အု ..
သူ့ ပါးစပ်မှ သွေးများ ထွက်လာ၏။