ကျုံ့ကျိုးဒေသသို့ ရောက်လာခြင်း
Vol. 27 Ch. 375
" သိဒ္ဓိဝင်ဆေး ..ဟုတ်လား "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
သူ ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်ရန်အတွက် သိဒ္ဓိဝင်ဆေးများ များစွာပင် လိုနေပါသည်။
လက်ရှိတွင် ယောင်ချီမှ ဆေးတစ်မျိုးအပြင် အခြားသိဒ္ဓိဝင်ဆေးနှင့် ပတ်သက်ပြီး သူ ဘာသတင်းမှ မရသေးပေ ။
ထို့ကြောင့်လည်း သိဒ္ဓိဝင်ဆေး ဆိုသည့် စကားကို ကြားသည်နှင့် လောထျန်း အလွန်စိတ်လှုပ်ရှားသွားရ၏။
" ကောင်းပြီလေ .. ဒါဆို ပြောပါ ။ ကျုပ်ကို လိမ်မပြောသရွေ့ ကျုပ်ဘက်ကလဲ ဖြစ်ပျက်ခဲ့တာတွေကို ကြေပြီလို့ သဘောထားပြီး ခင်ဗျားကို သွားခွင့်ပေးမယ် "
လောထျန်း ပြောလိုက်သည်။
" သေချာရဲ့လား သခင်လေး "
လူကြီး၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်နေဟန် အရိပ်အယောင်များ ပေါ်လာ၏။
" ကျုပ်က ဘာလို့ လိမ်ပြောရမှာလဲ "
လောထျန်းက အေးစက်စက် ပြန်ပြောလိုက်သည်။
လောထျန်း စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်ကို မြင်သောအခါ လူကြီးမှာ အချိန်ဆက်မဆွဲရဲတော့ဘဲ ခပ်မြန်မြန် ပြောလိုက်၏။
" ကျုပ်ကတော့ သတင်းပဲ ကြားထားတာဗျ ။ အဲ့သတင်းအရ ဆိုရင်တော့ ကျုံ့ကျိုးဒေသက ယွဲ့လွင် နိုင်ငံမှာ သိဒ္ဓိဝင်ဆေး ပေါ်လာမယ့် လက္ခဏာတွေ ရှိတယ်တဲ့ဗျ ။ တချို့သူတွေ တွက်ချက်ကြတာတော့ နောက်လဝက်လောက် ဆိုရင်ကို ဆေးပင် ပေါ်လာပြီး ပိုင်ရှင်မဲ့ သိဒ္ဓိဝင်ဆေးပင်တစ်ခု ဖြစ်မှာတဲ့ "
" ယွဲ့လွင်နိုင်ငံ .. ဟုတ်လား .. "
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
လူကြီးက ချက်ချင်း သဘောပေါက်ဟန်ဖြင့် စာရွက်နှင့် မှင်ချောင်းတစ်ခု ထုတ်ကာ လောထျန်းအား မြေပုံ ဆွဲပေးလိုက်သည်။
" သိဒ္ဓိဝင်ဆေးပင် ပေါ်လာမယ့်နေရာက အဲ့နားမှာပဲ ဖြစ်မှာဗျ ။ကျုပ်က အစကတော့ ကျုံ့ကျိုးကို ပြန်ရောက်တဲ့အခါ ကံစမ်းတဲ့အနေနဲ့ သွားဦးမလို့ .. ဒါပေမယ့် အခုက ... "
သူ အိုးတို့အမ်းတမ်းဖြင့် ခေါင်းကုတ်၏။
ယခု ထိုသတင်းအား လောထျန်းကို ပြောပြလိုက်ပြီဖြစ်ရာ သူ သွားရန် မဖြစ်နိုင်တော့ပေ ။
အကြာင်းရင်းမှာလည်း ရိုးရှင်းပါသည်။ သူ လောထျန်းနှင့် မည်သို့မှ ဆက်မပတ်သက်လိုသောကြောင့်ပင် ။
ထို့ထက်ပို အရေးကြီးသည်မှာ လောထျန်း၏ အစွမ်းက ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်အဆင့် ရှိနေသောကြောင့် ဖြစ်၏။
ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က သိဒ္ဓိဝင် ဆေးပင်အား စိတ်ဝင်စားနေပါက သူနှင့် မည်သူက ပြိုင်လုနိုင်ပါမည်နည်း ။
" ကောင်းပြီလေ ၊ ခင်ဗျား သွားချင်ရင် သွားလို့ရပြီ "
လောထျန်းက မြေပုံကို လှမ်းယူကာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း "
သက်လတ်ပိုင်းအရွယ် လူကြီးက ချက်ချင်း ဦးညွှတ်အရိုအသပေးပြီး လှည့်ထွက်ရန် ပြင်လိုက်၏။
" ခဏနေဦး .. "
လောထျန်းက ပြောလာပြန်သည်။
ထိုအချိန်တွင် လူကြီးမှာ ဆက်မအာင့်အီးနိုင်တော့ဟန်ဖြင့် လောထျန်းအား မေးလိုက်သည်။
" သခင်လေးရဲ့ ဆုံးဖြတ်ချက်ကို ပြန်နောင်တ ရနေလို့လား "
လောထျန်းက သူ့ကို တစ်ချက်ကြည့်ကာ ပြန်ပြော၏။
" ဘာလို့ ရ ရမှာလဲ ။ ကျုပ်က ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကြီးကို သတင်းပါးစရာရှိလို့ "
" ကျေးဇူးပြုပြီး ပြောပါ သခင်လေး "
လူကြီးမှာ ထိုအချိန်မှသာ သက်ပြင်းရှည်ကြီး ချပြီး ဦးညွှတ်အရိုအသေပေး၍ ဆိုသည်။
" နဂါးသင်္ချိုင်းမြေကနေ ရခဲ့တဲ့ မသေမျိုးလက်နက်က ကမ္ဘာပတ်လမ်းကို ပြောင်းလဲပစ်နိုင်တဲ့ အစွမ်း မရှိဘူးဗျ ။ ဒါ့ကြောင့်မို့လို့ ဒီပစ္စည်းကို ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုမှာ သုံးလို့ မရဘူး "
လောထျန်း ပြောလိုက်သည်။
" ဟင် ... "
သူ့စကားကို ကြားသည်နှင့် လူကြီး မျက်နှာချက်ချင်း ညိုသွား၏။
ထို ဒဏ္ဍာရီကျော် မှော်လက်နက်နှင့် ပတ်သက်သည့် ကိစ္စကို ထျန်းယွမ်ကျောင်းတော်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သော သူ မသိဘဲ မနေပါချေ ။
သူတို့ ထျန်းယွမ်ကျောင်းတော်မှ လူအများစုမှာလည်း ကောင်းကင်ဘုံ ပျက်စီးခြင်းနှင့် ပတ်သက်ပြီး ထိုမှော်နက်အပေါ်တွင် မျှော်လင့်ချက်ကြီးကြီး ထားထားခဲ့ကြပါသည်။
သို့ဖြစ်ရာ ယခု လောထျန်း၏ စကားများက သူ့အတွက် လက်ခံရန် ခက်ခဲပါ၏။
ထိုစဥ် လောထျန်းက စကားဆက်သည်။
" ခင်ဗျားတို့ ထျန်းယွမ်ကျောင်းတော်က ကျုံ့ကျိုးဒေသမှာ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကို ရင်ဆိုင် တိုက်ခိုက်မဲ့ အဓိက အဖွဲ့ ဖြစ်ပြီးတော့ အမှန်တရားရဲ့ ဘက်တော်သားတွေဆိုတာ ကျုပ် လက်ခံတယ် ။ ဒါပေမယ့် ကျုပ်တို့ ပျောင်ပိုင်မြို့ကိုတော့ လာပြီး အနိုင်ကျင့်စရာ ဘာအကြောင်းမှ မရှိဘူးလေ "
" ဟို ပိုင်လန်ထျန်းနဲ့ အရူးကောင် ပျောင်ပိုင်မြို့ကို လာခဲ့တုန်းက ကျုပ် မျက်နှာပေးခဲ့တယ် ။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်ဆီ နောက်တစ်ခေါက် ထပ်လာပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူကြတဲ့အတွက် ကျုပ် အဲ့နှစ်ယောက်ကို သတ်ခဲ့ရတာပဲ ။ သူတို့ရဲ့ အလောင်းတွေကိုလဲ ခင်ဗျား ပြန်သယ်ချင်ရင် သယ်သွားပါ ။ ပြီးတော့ တကယ်လို့ ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကြီးက အဲ့နှစ်ယောက်ကို လက်တုန့်ပြန်ဖို့အတွက် တိုက်ခိုက်ချင်တယ် ဆိုရင်လဲ ကျုပ်ဘက်က အဆင်သင့်ပဲလို့ ပြောလိုက်ပါ "
လောထျန်း၏ စကားတွင် ကြောက်မက်ဖွယ်အရှိန်အဝါ အပြည့် ပါနေသည့်အတွက် သက်လတ်ပိုင်းအရွယ် လူကြီး ခဏတာမျှပင် အံ့သြမှင်သက်သွားရသည်။
အချိန်အတန်ငယ် ကြာသွားပြီးမှသာ သူ လက်နှစ်ဖက်စု၍ ဦးညွှတ်အရိုအသေပေးပြီး ပြန်ပြော၏။
" ကျုပ် သေချာ သတင်းပြန်ပို့လိုက်ပါ့မယ် "
ထို့နောက်တွင်မူ သူ နောက်လှည့်ကာ အလောင်း ၂ လောင်းနှင့်အတူ ထွက်ခွာသွားတော့သည်။
ထို သေဆုံးပြီးသူ နှစ်ယောက်၏ ဟင်းလင်းပြင် လက်စွပ်များနှင့် လက်နက်များကိုမူ လောထျန်း၏ လူများက သိမ်းထားပြီးလေပြီ ။
" သိဒ္ဓိဝင်ဆေး ... "
ထိုလူ ထွက်ခွာသွားပြီးနောက် လောထျန်းက မြေပုံကို ကြည့်ကာ အတွေးနယ်ချဲ့နေလိုက်သည်။
သူ ခေတ္တမျှ တူန့်ဆိုင်းနေပြီး နောက်တွင််မူ လျှို့ဝှက်ဒေသထဲသို့ ပြန်ဝင်၍ ပန်းလင်အား ရှာလိုက်၏။
သူမသည် ကျုံ့ကျိုးဒေသမှ လာခဲ့သူဖြစ်ရာ ထိုသတင်းနှင့် ပတ်သက်၍ သူ့ထက် ပိုသိနိုင်သည် မဟုတ်ပါလား ။
ပန်းလင်က လောထျန်း အကြောင်းစုံ ပြောပြနေစဥ်အတွင်း တိတ်တဆိတ်သာ နားထောင်သည်။
သို့သော် လောထျန်းက မြေပုံကို ထုတ်ပြသည့် အချိိန်တွင်မူ သူမ တစ်ကိုယ်လုံး တုန်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွား၏။
" ဟင် .. ဘာဖြစ်လို့လဲဗျ "
လောထျန်းက သူမ ပုံမှန် မဟုတ်သည်ကို သတိထားမိသွားကာ ချက်ချင်း စိုးရိမ်တကြီး မေးသည်။
ပန်းလင်သည် မြေပုံကို အချိန်အတန်ကြာ စိုက်ကြည့်ပြီး နေပြီးမှသာ ဖြည်းဖြည်ချင်း ပိတ်လိုက်၏။ ထို့နောက် သူမ စကားစသည်။
" ကြည့်ရတာ သတင်းက အမှန်ပဲနဲ့ တူတယ် "
" ဟင် ..ဘယ်လိုလုပ်ပြီး သေချာနေတာလဲဗျ "
လောထျန်းက သိချင်စိတ်ဖြင့် မေး၏။
ပန်းလင်က အံကြိတ်၍ ပြန်ပြောသည်။
" ကျွန်မရဲ့ အရင်က ဂိုဏ်းအကြာင်း ပြောပြထားတာကို မှတ်မိသေးလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
ပန်းလင်သည် ကျုံ့ကျိုးရှိ အဓိက ဂိုဏ်းကြီးတစ်ခုမှ သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် ပင် ။
သူမက မိစ္ဆာနတ်ဆိုးကို ချုပ်နှောင်ရန်အတွက် ရွေးချယ်စရာ မရှိဘဲ ဆုမီတောင် လျှို့ဝှက်ဒေသ၌ နှစ်ထောင်ပေါင်းများစွာကြာ နေခဲ့ရခြင်း ဖြစ်ပါ၏။
ယခု သုမဆီက ထိုစကားကို ထပ်ကြားရမှသာ လောထျန်း ရုတ်တရက် အသိဝင်သွားသည်။
" မဟုတ်မှလွဲရော ... အဲ့ဒီ သိဒ္ဓိဝင်ဆေး က ... "
ပန်းလင်က အံကြိတ်ကာ ခေါင်းညိတ်ပြ၏။
" ဒီ သဒ္ဓိဝင်ဆေးပင်ရဲ့ အညွှန်းတွေအတိုင်း ဆိုရင်တော့ .. အဲ့ဒါ ကျွန်မတို့ အရင်ဂိုဏ်းက ပိုင်ခဲ့တဲ့ ဟာပဲ ။ ပြီးတော့ ယွဲ့လွင်နိုင်ငံ ဆိုတာလဲ ကျွန်မရဲ့ အရင်ဂိုဏ်းနဲ့ သိပ်မဝေးဘူး "
လောထျန်း ချက်ချင်း သဘောပေါက်သွားသည်။
ထို သိဒ္ဓိဝင်ဆေးက ပန်းလင်၏ ယခင်ဂိုဏ်းနှင့် လုံးဝ အချိတ်အဆက် ရှိနေပါ၏။
" ကျုပ်က ကျုံ့ကျိုးကို သွားပြီး အဲ့ သိဒ္ဓိဝင်ဆေးကို သွားရှာမလို့ ၊ ခင်ဗျားရော ... "
လောထျန်းက ပန်းလင်အား အဓိပ္ပါယ်များစွာ ပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
အကယ်၍ ပန်းလင်သာ ဆန္ဒရှိပါက သူမ ဆုမီတောင်မှ ထွက်လာခဲ့စဥ်ကတည်းက ကျုံ့ကျိုးသို့သွားပြီး သူမ၏ ယခင်ဂိုဏ်းကို သွားရှာ၍ ရမှန်း သူ သိထားပြီး ဖြစ်ပါသည်။
သို့သော် ပန်းလင်က သူမ၏ ခန္ဓာကိုယ်ကို ပြန်အစွမ်းထက်အောင် အနားယူဦးမည် ဆိုသည့် အကြောင်းပြချက်ဖြင့်သာ မသွားဘဲ နေနေခဲ့ပါ၏။
အမှန်တွင်မူ ပန်လင် မသွားရသည့် အကြောင်းရင်းထဲမှ တစ်ခုမှာ ပျောင်ပိုင်မြို့မှ အခြေအနေများ အားလုံးက အလွန်ကောင်းနေ၍ ဖြစ်ပါသည်။
သို့သော် .. ထို့ထက်ပို အရေးကြီးသည့် အကြောင်းရင်းမှာ သူမ အနည်းငယ် ကြောက်နေ၍ ဖြစ်ပါ၏။
သူမ ဆုမီတောင်တွင် နေလာခဲ့သည့် နှစ်ထောင်ချီ ကာလ တလျှောက်လုံး သူမတို့ဂိုဏ်းဝင် တစ်ဦးတစ်ယောက်ကမှ သူမကို လာမတွေ့ခဲ့ကြပေ ။
ထို့ကြောင့် သူမ သစ္စာဖောက် ခံခဲ့ရပြီလား ဆိုသည်ကို စိုးရိမ်နေခဲ့ပါသည်။
သို့မဟုတ်လျှင်လည်း ထို့ထက်ပို ကြောက်စရာ ကောင်းသည့် တစ်စုံတစ်ခု ဖြစ်သွားခဲ့နိုင်ပါ၏။
ထို ဖြစ်နိုင်ချေ နှစ်ခုလုံးနှင့် သူမ ရင်မဆိုင်လိုပါ။
ဤသို့ဖြင့် ပန်းလင်သည် အချိန်အတန်ကြာ တိတ်နေပြီးမှသာ ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဆိုသည်။
" ကျွန်မလဲ သခင်လေးနဲ့ လိုက်ခဲ့မယ် ။ အဲ့ဒီ သိဒ္ဓိဝင် ဆေးအကြောင်းကို ကျွန်မ သေချာသိထားတာဆိုတော့ .. ကျွန်မ လိုက်ခဲ့ရင် သခင်လေးအတွက်လဲ အကူအညီ ဖြစ်လိမ့်မယ် "
" တကယ်ကြီး လိုက်ခဲ့မှာလား ၊ ခင်ဗျား အဆင်ပြေရဲ့လားဗျာ "
လောထျန်းက ပန်းလင်အား စိုးရိမ်မကင်းဟန်ဖြင့် ကြည့်ပြီး ထပ်မေးလိုက်သည်။
ပန်းလင်က အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။
" ဘာပြဿနာများ ရှိနိုင်ဦးမှာလဲ သခင်လေးရယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ချိန်ချိန်မှာ ရင်ဆိုင်ရမှာပဲ မဟုတ်လား "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" အဲ့ဒါလဲ ဟုတ်ပါတယ် ။ ကဲ .. ဒါဆို အထုပ်တွေ ပြင်လိုက်တော့ဗျာ ၊ ကျုပ်တို့ ခဏနေ ထွက်ကြတာပေါ့ "
ပန်းလင်က ခေါင်းညိတ်ပြပြီး လှည့်ထွက်သွား၏။
လောထျန်းက လျှို့ဝှက်ဒေသထဲတွင်ပင် ဆက်ကျန်နေခဲ့ကာ သူ့ပုခုံးပေါ်တွင် အိပ်ပျော်နေဆဲ ဖြစ်သော ရှောက်ထျန်းလုံ လေးအား ငုံ့ကြည့်လိုက်သည်။ ထို့နောက်တွင်မူ ရှောက်ထျန်းလုံအတွက် အစာအဖြစ် မူလအရှုပ်အထွေးမြေ အနည်းငယ်နှင့် ရွှယ် ယွမ်အစွမ်း လက်တစ်ဆုပ်စာကို ယူ၍ သူ့ ဟင်းလင်းပြင် လက်စွပ်ထဲ ထည့်ထားလိုက်၏။
ပြီးနောက်တွင်ကား လိုရမယ်ရ အဖြစ် ဝိဥာဥ်တစ်ရာ ကားချပ်လိပ်ကို ထုတ်၍ ပျောင်ပိုင်မြို့ အဝင်ဝတွင် ချိတ်ဆွဲထားခဲ့လိုက်သည်။ ပြီးမှသာ သူနှင့် ပန်းလင်တို့ နှစ်ယောက်သား တည်နေရာ ရွှေ့ပြောင်းခြင်း အစီအမံထဲ ဝင်သွားလိုက်ကြ၏။
မကြာမီမှာပင် သူတို့ဘေးမှ လေထုတစ်ခုလုံး ပြောင်းလဲလာပြီး မြို့သစ်တစ်ခုဆီသို့ ရောက်သွားကြသည်။
ထိုအချိန်တွင် ပန်းလင်၏ ခန္ဓာကိုယ်မှာ ပြောင်းလဲနေပြီဖြစ်ကာ သာမာန် အရွယ်အစားရှိသည့် မိန်းမပျိုတစ်ယောက်အသွင် ဖြစ်နေခဲ့လေပြီ ။
" ခင်ဗျားက ... "
လောထျန်း သူမဘက် လှည့်ကြည့်ပြီး တအံ့တသြ ရေရွတ်၏။
" တခြားသူတွေ မသိအောင် နေမှဖြစ်မယ် သခင်လေးရဲ့ ။ ကျွန်မသာ သဘာဝ စိတ်ဝိဥာဥ်တစ်ယောက်မှန်း လူတွေ သိကုန်ကြရင် ပြဿနာ များသွားလိမ့်မယ် "
ပန်းလင်က ပြန်ပြောသည်။
လောထျန်း စဥ်းစားကြည့်လိုက်မှသာ သူမ ပြောသည်က အဓိပ္ပါယ်ရှိကြောင်း သိလိုက်သည်။
သဘာဝ စိတ်ဝိဥာဥ်များက အလွန်ရှားပါးပြီး အဖိုးလည်း တန်လှပေရာ .. ပန်းလင်သည်သာ သဘာဝ စိတ်ဝိဉာဥ်တစ်ယောက်မှန်း လူများ သိသွားခဲ့ပါက တစ်မြို့လုံးပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်လား မပြောတတ်ပေ။
သူတို့နှစ်ယောက် ထိုသို့ ပြောနေကြစဥ်မှာပင် ...
" ဟင် .. သခင်လေးတို့ ၊ ခဏ နေပါဦး "
သူတို့နောက်မှ အသံတစ်သံ ထွက်လာ၏။