← Chapters

ကောင်းကင်ဘုံနဂါးပြိုင်ပွဲ

Vol. 27 Ch. 376

ကောင်းကင်ဘုံနဂါးပြိုင်ပွဲ

Vol. 27 Ch. 376

လောထျန်းနှင့် ပန်းလင်တို့ နှစ်ယောက်သား အံ့အားသင့်သွားကာ နောက်လှည့်ကြည့်လိုက်ကြသည်။

သူတို့နောက်တွင်ကား ထူးဆန်းသော အဘိုးအိုတစ်ယောက် ရှိနေပြီး သူတို့ကို စိတ်ဝင်စားသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်နေပါ၏။

" ဘာကိစ္စများ ရှိလို့လဲ "

လောထျန်းက အဘိုးအိုကို ကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

အဘိုးအိုက စပ်ဖြဲဖြဲ အပြုံးဖြင့် ပြန်ပြော၏။

" ကြည့်ရတာ သခင်လေးတို့နှစ်ယောက်က ယွမ်ရှောက်မြို့ကို ခုမှ ပထမဆုံး ရောက်ဖူးတာနဲ့တူတယ် "

" ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေတာလဲ "

လောထျန်းက အဘိုးအိုအား စိတ်ဝင်တစား ကြည့်လိုက်သည်။

အဘိုးအိုက ပြန်ပြော၏။

" အဲ့ဒါက ရှင်းပါတယ်ဗျာ ။ သခင်လေးတို့ ကိုယ်မှာ ကောင်းကင်ဘုံ သားရဲ တိုက်ပွဲကွင်းပြင်က အမှတ်အသားတွေ ဘာမှ မရှိဘူးလေ "

" ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် ဆိုတာ ဘာလဲ .. "

လောထျန်း နားမလည်နိုင် ဖြစ်သွားကာ ပန်းလင်အား ကြည့်လိုက်သည်။

ပန်းလင်မှာလည်း စိတ်ရှုပ်နေဟန်ပင် ။

အဘိုးအိုက အပြုံးဖြင့် ပြောလာ၏။

" သခင်လေးတို့က ဒီနေရာကို ခုမှ တကယ်ရောက်ဖူးကြတာပဲ ၊ ကျုပ်ပဲ မိတ်ဆက်ပေးပါ့မယ်ဗျာ ။ ဒီကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ဆိုတာ ကျုပ်တို့ ယွမ်ရှောက်မြို့မှာ နာမည်အကြီးဆုံးနေရာပဲဗျ ။ ယွဲ့လွင်တစ်နိုင်ငံလုံးမှာ .. မဟုတ်သေးဘူး ၊ ကျုံ့ကျိုး ဒေသ တစ်ခွင်လုံးမှာတောင် ထိပ်တန်းအဆင့်ရှိတဲ့ တိုက်ခိုက်ရေးကွင်းပြင် တစ်ခုပဲ "

" တိုက်ခိုက်ရေး ကွင်းပြင် ဟုတ်လား .. "

ထိုစကားကို ကြားသည်နှင့် ပန်းလင်၏ မျက်လုံးထဲတွင် အထင်သေး ရွံရှာနေသော အရိပ်အယောင်များ ဖျတ်ခနဲ လက်လာသည်။

အဘိုးအိုကမူ သူမ၏ ခံစားချက်များကို ရိပ်မိဟန်မတူဘဲ ဆက်ရှင်းပြ၏။

" ဟုတ်တယ်ဗျ ၊ အဲ့ တိုက်ခိုက်ရေးကွင်းထဲက သားရဲတွေ အကုန်လုံးက အဆင့်ဆင့် သေချာစီစစ်ပြီးမှ ရွေးချယ်ထားတဲ့ သားရဲတွေ "

" အထူးသဖြင့် ဒီလ ပေါ့ဗျာ .. ၊ သခင်လေးတို့ ရောက်လာတာ တကယ့်ကို အချိိန်ကိုက်ပဲ ။ ဒီလက ကောင်းကင်ဘုံ တိုက်ပွဲ​ကွင်းပြင်မှာ အသက်အဝင်ဆုံး ကာလပဲဗျ "

လောထျန်းက သူ့ကို ကြည့်ကာ မေးလိုက်သည်။

" ဘာလို့ အသက်အဝင်ဆုံး လို့ ပြောတာလဲ "

အဘိုးအိုက လျှို့ဝှက်ပြုံးဖြင့် ပြော၏။

" ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရဲ့ ပိုင်ရှင်က လျှို့ဝှက်ဒေသ တစ်ခုထဲမှာ ဒဏ္ဍာရီကျော် နဂါး ရတနာတစ်ခုကို ရှာတွေ့ခဲ့တာ ။ ကျုပ် ကြားတာတော့ ဒီ ရတနာ ထွက်လာတဲ့အချိန်ကဆို ကောင်းကင်ဘုံ ပျက်စီးခြင်းတိမ်တိုက်တွေ ၃ ရက်တိတိ ပေါ်နေခဲ့တာလို့ ပြောတယ် ။ အစွမ်းထက်တဲ့ မသေမျိုးတစ်ယောက်က အဲ့ ရတနာရဲ့ အရောင်အဝါကို ဖုံးကွယ်ထားလိုက်မှသာ  ကောင်းကင်ဘုံ ပျက်စီးခြင်းက ပျောက်ကွယ်သွားတာတဲ့ "

ထိုစကားကို ကြားသောအခါ လောထျန်း အနည်းငယ် အံ့အားသင့်သွားပြီး ပြန်မေးသည်။

" ဒီမှာ အဲ့လိုအရာမျိုး တကယ်ရှိနေတာလား "

" ဒါပေါ့ဗျ "

အဘိုးအိုက အပြုံးဖြင့် ပြန်ပြော၏။

" အဲ့နောက်တော့ရော ဘာဆက်ဖြစ်လဲ "

နဂါး ရတနာအကြောင်း ကြားသောအခါ ပန်းလင်က အထင်သေးရွံရှာနေဟန် မျက်နှာပေးကို ဖျောက်လိုက်ပြီး မေးလာသည်။

" အဲ့နောက်တော့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရဲ့ သခင်ကြီးက အဲ့ရတနာကို ဆုလဒ်အဖြစ် ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ကောင်းကင်ဘုံနဂါးပြိုင်ပွဲ တစ်ခု ကျင်းပဖို့ လုပ်ခဲ့တာပဲဗျ ။ ဒီ ပြိုင်ပွဲမှာ  ကမ္ဘာအရပ်ရပ်က သားရဲ သခင်ကြီးတွေကို ဖိတ်ခေါ်ထားတယ် ။ အဲ့ပွဲမှာ နောက်ဆုံး အနိုင်ရသူကတော့ နဂါးရတနာကို ယူနိုင်မှာပေါ့ဗျာ "

" ကောင်းကင်ဘုံနဂါး ပြိုင်ပွဲ .. ဟုတ်လား .. "

ထိုအမည်ကို ကြားသောအခါ လောထျန်း မနေနိုင်ဘဲ သူ့ပုခုံးပေါ်တွင် အိပ်နေသည့် နဂါးလေးအား ငုံ့ကြည့်မိသွား၏။

ထို ကောင်လေးက အိပ်နေသည့် အချိန်တွင် လူများက သူ့အမည်ဖြင့် ပြိုင်ပွဲပင် လုပ်နေ​ကြသေးပါသည်။

အဘိုးအိုက ဆက်ပြောသည်။

" အခု ဒီမှာ ရတနာကို မြင်ချင်ကြလို့ ပြိုင်ပွဲလာဝင်ကြတဲ့သူတွေ ကျုံ့ကျိုးဒေသကရော ၊ တောင်ပိုင်းဒေသကရော အများကြီးပဲ ။ ဒီ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ နတ်ဘုရားသားရဲတွေတောင် အများကြီး တွေ့ခဲ့ရတာဗျ "

" နတ်ဘုရားသားရဲတွေ .. ဟုတ်လား ၊ ဘယ်လို နတ်ဘုရား သားရဲတွေလဲ "

ပန်းလင် မေးလိုက်သည်။

" အင်း သူတို့ထဲက တစ်ယောက်ကတော့ ကျုံ့ကျိုးမှာရှိတဲ့ အဓိကအဖွဲ့ကြီး တစ်ခုရဲ့ အစောင့်အကြပ် သားရဲ တစ်ကောင်ဖြစ်တဲ့ မီး သမင်နဂါး ပဲဗျ ။ သူ ရောက်လာတုန်းကဆို ကျုပ်တို့ ယွမ်ရှောက်မြို့တစ်ဝက်လောက်တောင် ဖျက်ဆီးခံရတော့မလို ဖြစ်သွားခဲ့သေးတယ် ။ ဒါပေမယ့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က အချိန်မီ ဝင်တားလိုက်လို့ မြို့က မပျက်စီးသွားခဲ့တာ '

" ဒါပေမယ့်ဗျာ .. အဲ့ နတ်ဘုရားသားရဲရဲ့ အရောင်အဝါက ကျုပ်တစ်သက်လုံး တွေ့ဖူးသမျှထဲမှာ ကြောက်စရာ အကောင်းဆုံးပဲ "

" ပြီးတော့  အနောက်ပိုင်းဒေသက ဘီလူးတစ်ကောင်လို အစွမ်းထက်တဲ့ အမည်းရောင် ရေခဲငှက်တစ်ကောင်လဲ ရောက်နေသေးတယ်ဗျ ။ သူက မီးသမင်နဂါး နဲ့ တစ်ရက်တည်း ရောက်လာတော့ သူတို့ချင်းတောင် ရန်ဖြစ်လိုက်ကြသေးတယ်။ မသေမျိုးတစ်ယောက်ရဲ့ ကျေးဇူးကြောင့်သာ သူတို့ လူစုပြန်ကွဲသွားတာ "

" ဒါတင်မကသေးဘူး ၊ တောင်ပိုင်းဒေသဘက်က လူတစ်စုကလဲ ထူးဆန်းတဲ့ မှော်သာရဲတွေ ခေါ်လာကြ​သေးတယ် ။ ဒီကောင်တွေက အမြဲလိုလို ခိုးကြောင်ခိုးဝှက်နဲ့ဆိုတော့ အဲ့သားရဲတွေက ဘာတွေမှန်း ကျုပ် အတိအကျတော့ မသိပါဘူးဗျာ။ ဒါပေမယ့် သူတို့တွေကလဲ အစောက ပြောသွားခဲ့တဲ့ နှစ်ကောင်ထက် လုံးဝ အစွမ်းမနိမ့်တာ သေချာတယ် "

" ဒီထက်ပိုပြီး  အရေးကြီးတဲ့ သတင်းကတော့ အခု ဒီကို နဂါးမျိုးနွယ်က အစွမ်းထက်တဲ့ နဂါးတချို့ပါ ရောက်နေတယ်တဲ့ ။ ကြည့်ရတာ သူတို့က ဒီအခွင့်ရေးကို အသုံးချပြီး သူတို့ နဂါးမျိးနွယ်ရဲ့ ရတနာကို ပြန်ယူမယ်နဲ့တူတယ် "

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားပြီး ပြန်မေး၏။

" အစွမ်းထက်တဲ့ နဂါး .. ဟုတ်လား ၊ ဒီကမ္ဘာကြီးမှာ အစွမ်းထက်တဲ့ နဂါးတွေ ရှိသေးတာလား "

အဘိုးအိုက ခေါင်းညိတ်ပြသည်။

" ဒါပေါ့ဗျ ၊ နဂါးမျိုးနွယ်က အကျဘက် ရောက်နေပြီ ဆိုပေမယ့် လုံးဝကြီး မျိုးတုန်းသွားတာ မဟုတ်သေးဘူးလေ ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကျုပ်တို့ သူတို့ကို ဘာလို့ မမြင်ခဲ့ရတာလဲ ဆိုတော့ သူတို့တွေက အပြင်လူတွေ နှောင့်ယှက်တာ မခံချင်လို့ သီးသန့်သွားပြီး ကျင့်ကြံနေကြလို့ပဲဗျ "

" ဒါပေမယ့် .. ဒီ တစ်ခေါက် နဂါးရတနာ ပေါ်လာတော့ သူတို့လဲ ဆက်ငြိမ်မနေနိုင်ကြတော့ဘူးနဲ့ တူပါတယ် ။ ဒီ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ သူတို့တွေ တိုက်ခိုက်တာကိုတောင် မြင်ရနိုင်တယ်ဗျ ။ ဒါပေမယ့်ဗျာ .. စော်ကားတာတော့ မဟုတ်ပေမယ့် ၊ နဂါးမျိုးနွယ်ရဲ့ ခေတ်က ကုန်နေခဲ့ပါပြီ "

" နဂါးတွေက ပါရမီ ထူးချွန်ကြပြီးသား ဆိုပေမယ့် ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေ မရှိကြဘူးဗျ ။ ကျုပ်ထင်တာတော့ တခြားနတ်ဘုရား သားရဲတွေနဲ့ ယှဥ်ရင် သူတို့ဘက်ကပဲ အရေးနိမ့်နိုင်တယ် ... "

အဘိုးအိုက ပြောနေရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူ တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားဟန်ဖြင့် ခပ်မြန်မြန် ဆက်ပြော၏။

" သခင်လေး .. ဒီလို အရေးကြီးတဲ့ ပွဲမျိုးနဲ့ လွဲလို့ မဖြစ်ဘူးနော် "

" ​ဒါပေမယ့် ဒီ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ထဲကို ဝင်ကြည့်ခွင့် လက်မှတ်တွေက ဟိုး လွန်ခဲ့တဲ့ လတွေထဲက ရောင်းကုန်သွားပြီမို့ အင်မတန် ရှားတယ် "

" ကျုပ်ကတော့ ကံကောင်းပြီး လက်မှတ် နှစ်စောင် ရထားခဲ့တယ်ဗျ ။ ဒါပေမယ့် ပြီးခဲ့တဲ့ တလောမှာပဲ ကျုပ်မိန်းမ နေမကောင်း ဖြစ်သွားလို့ သူ့ကို ဆေးကုပေးဖို့အတွက် ငွေလိုနေတာဗျာ ။ ဒါ့ကြောင့်မို့ ဒီ လက်မှတ်နှစ်စောင်ကို ရောင်းပြီး သူ့အတွက် ဆေးကုပေးချင်လို့ပါ "

ထိုသို့ ပြောနေရင်း သူ့မျက်လုံးထဲတွင်လည်း မျက်ရည်များ ဝဲတက်လာသည်။

" အဲ့လိုလား .. ဒါဆို ဒီလက်မှတ်တွေကို ဘယ်လောက်နဲ့ ရောင်းဖို့ စဥ်းစားထားတာလဲ "

သူ့စကားကို ကြားပြီးနောက် ပန်းလင်က စိတ်မကောင်းဖြစ်သွားဟန် မျက်နှာဖြင့် မေးလိုက်သည်။

အဘိုးအိုက သက်ပြင်းချ၍ ပြန်ပြော၏။

" အစကတော့ ကျုပ်က ဒီလက်မှတ်တစ်စောင်ကို အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်း ပေးပြီး ဝယ်ထားခဲ့ရတာဗျ။ ဒါပေမယ့် အခုက ငွေအရေးတကြီး လိုနေတာရယ် .. သခင်လေးတို့ နှစ်ယောက်နဲ့လဲ ရင်းနှီးသလို ခံစားရတာရယ်ကြောင့်မို့ ...  လက်မှတ်တစ်စောင်ကို စိတ်စွမ်းအင် ကျောက်တုံး ငါးသောင်းစီ နဲ့ပဲ ရောင်းပေးမယ်ဗျာ ။ ဘယ်လိုလဲ "

ထိုသို့ ပြောနေရင်း သူ့မျက်နှာပေါ်တွင် အနည်းငယ် တွန့်ဆုတ်နေသလို အရိပ်အယောင်လဲ ပေါ်လာသည်။

၎င်းကို ကြားသောအခါ ပန်းလင် မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

သူမ၏ မျက်နှာအမူအရာကို အကဲခတ်နေသော အဘိုးအိုက ချက်ချင်း ထပ်ပြောလာသည်။

" တကယ်လို့ စျေးကြီးတယ်လို့ ထင်ရင်လဲ ကျုပ် စျေးလျှော့ပေးတဲ့ အနေနဲ့ လက်မှတ်တစ်စောင်ကို လေးသောင်းနဲ့ပဲ ပေးပါ့မယ်ဗျာ ။ အဲ့ထက်တော့ ပိုလျှော့ပေးလို့ မရတော့လို့ပါ ။ ကျုပ်မိန်းမကို ဆေးကုဖို့ စိတ်စွမ်းအင်ကျောက်တုံး ရှစ်သောင်းလောက် လိုတာဗျ ၊ အဲ့လိုမှ မဟုတ်ရင် .... "

အဘိုးအိုက ထိုသို့ပြောကာ ငိုချလိုက်သည်။

ပန်းလင်က သူ့ကို ကြည့်ကာ မြန်မြန်ပြန်ပြော၏။

" အထင်လွဲနေပါပြီရှင် ။ ကျွန်မက စျေးဆစ်ဖို့ မရည်ရွယ်ပါဘူး ။ ဒီလိုလုပ် .. ရှင့်ဝယ်ထားတဲ့ မူရင်းစျေးအတိုင်း လက်မှတ်တစ်စောင်ကို တစ်သိန်း နဲ့ ပြန်ဝယ်ပေးမယ်လေ ။ သခင်လေး လောထျန်းရော ဘယ်လိုသဘောရလဲ "

လောထျန်းက တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် ..

" မျိုးမစစ် အဘိုးကြီး ၊ နောက်ဆုံးတော့ တွေ့ရပြီပေါ့ ။ မင်းရဲ့ အဒေါ်ဆီကနေ ယူသွားတဲ့ ပိုက်ဆံတွေ ပြန်ပေးစမ်း "

ခပ်လှမ်းလှမ်းမှ အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။

" ဟင် .. ဟိုတစ်ယောက်ပါလား ။ သွားတော့မယ်နော် သခင်လေးတို့ "

ထိုအသံကို ကြားသည်နှင့် အဘိုးအို၏ မျက်နှာထား ချက်ချင်း ပြောင်းသွားကာ ထွက်ပြေးသွား၏။ လောထျန်းတို့ နှစ်ယောက်မှာမူ နေရာတွင် ကြောင်တောင်တောင်ရပ်လျက် ကျန်နေခဲ့သည်။

ထိုအချိန်မှာပင် ..

" မျိုးမစစ် အဘိုးကြီး "

အသံပိုင်ရှင် အမျိုးသမီးက သူတို့အနားသို့ ရောက်လာသည်။ အမျိုးသမီးမှာ အဘိုးအို ထွက်ပြေးသွားသည်ကို ကြည့်ရင်း ဒေါသထွက်လွန်း၍ ဟောဟဲပင် ဆိုက်နေ၏။

သို့သော် သူမ ဘေးသို့ လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ လောထျန်းကို တွေ့ကာ အလွန်ဝမ်းသာပျော်ရွှင်သွားဟန် တူသည်။

" လောထျန်း .. ရှင်ရော ရောက်နေတာလား "

အံ့အားသင့်နေသော လောထျန်းမှာလည်း ထိုအချိန်မှသာ သူ့ဘေးမှ အမျိုးသမီးက မည်သူဆိုသည်ကို သတိထားမိသွား၏။

" ဟွမ်ယင် ပါလား ... မင်းကရော ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ "

သူ တအံ့တသြ မေးလိုက်သည်။

ယခု သူ့ရှေ့မှ ဧရာမစနေနှစ်ခိုင်ပိုင်ရှင်မိန်းမပျိုမှာ နော်ကို့ကြီးသော နတ်ဘုရားမြို့တော်မှ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်ပိုင်ရှင် ဟွမ်ယင် ပင် ။

သူမနှင့် နတ်ဘုရားမြို့တော်တွင် တွေ့ပြီး ခွဲခွာလာပြီးနောက် ယခုလို ထပ်တွေ့ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ ။

ဟွမ်ယင်က နဖူးမှ ချွေးများကို သုတ်ကာ ပြန်ပြောသည်။

" ကျွန်မလား .. ၊ ကျွန်မက မိသားစုတွေ အတင်း အမိန့်ပေးလို့ ​ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လာခဲ့တာရှင့် ။ ဒါပေမယ့် မြို့ထဲဝင်ဝင်ချင်းမှာပဲ အလိမ်ခံလိုက်ရပါရောလား .. "

သူမ ထိုသို့ပြောကာ စိတ်ဆိုးမာန်ဆိုး အံကြိတ်လိုက်သည်။

" အလိမ်ခံရတယ် ... ဘယ်လို အလိမ်ခံရတာလဲ "

လောထျန်း မေး၏။

All Chapters