← Chapters

ဟွမ်ယင်၏ အဖြစ်ဆိုး

Vol. 27 Ch. 377

ဟွမ်ယင်၏ အဖြစ်ဆိုး

Vol. 27 Ch. 377

ဟွမ်ယင်က စိတ်မကောင်းဟန် မျက်နှာလေး ဖြစ်သွားပြီး ပြောသည်။

" ကျွန်မ မြို့ထဲ ဝင်ဝင်လာချင်းမှာပဲ ဟို အဘိုးကြီးနဲ့ တွေ့ခဲ့တာ။ သူက ကောင်းကင်ဘုံ နဂါးပြိုင်ပွဲထဲ ဝင်ပြိုင်ဖို့ လက်မှတ်က ရောင်းကုန်သွာပြီလို့ ကျွန်မကို ပြောခဲ့တာ ။ ပြီးတော့ သူ့မိန်းမက နေမကောင်း ဖြစ်နေလို့ ဆေးကုဖို့ ငွေလိုတယ်ဆိုပြီး ကျွန်မကို သူဝယ်ထားတဲ့ လက်မှတ် ပြန်ရောင်းခဲ့တာပဲ "

လောထျန်းက ခေါင်းညိတ်ပြီး ပြန်ပြောသည်။

" သူက ကျုပ်တို့ကိုလဲ အဲ့လိုပဲ ပြောသွားခဲ့တာ "

ဟွမ်ယင်တစ်ယောက် အံ့အားသင့်သွားဟန်ဖြင့် ထပ်ပြော၏။

" ဒါဆို သူက ရှင်တို့ကိုရော လက်မှတ်တစ်စောင်ကို အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၃ သန်းနဲ့ ရောင်းခဲ့တာလား "

လောထျန်းနှင့် ပန်းလင်တို့ နှစ်ယောက်လုံး မျက်လုံးပြူးကုန်ကြသည်။

" လက်မှတ် တစ်စောင်ကို ဘယ်လောက် .. "

ဟွမ်ယင်ကလည်း သူတို့နှစ်ယောက်အား တအံ့​တသြ ကြည့်ကာ ပြန်ပြော၏။

" အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သုံး သန်းလေ ၊ ရှင်တို့ကို အဲ့လို ရောင်းခဲ့တာ မဟုတ်ဘူးလား "

လောထျန်းက နဖူးမှ ချွေးကို သုတ်ကာ ပြန်ဖြေသည်။

" သူက ကျုပ်တို့ကို အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၅ သောင်းပဲ တောင်းခဲ့တာ ။ ပြီးတော့ ၄ သောင်းအထိ စျေးလျှော့ပေးသေးတယ် "

သူ့ကားကို ကြားသည်နှင့် ဟွမ်ယင်၏ မျက်နှာမှာ မိုးကြိုးဖြင့် အပစ်ခံလိုက်ရသလိုပင် ။

" ဘာဖြစ်လို့ ရှင်တို့ကို ၅ သောင်းပဲ တောင်းပြီး ၊ ကျွန်မကိုကျမှ ၃ သန်းတောင် တောင်းခဲ့ရတာလဲ "

သူမ တစ်ကိုယ်တည်း ရေရွတ်၏။

လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ပြောသည်။

" မင်းပုံစံက ပိုချမ်းသာတဲ့ပုံ ပေါက်နေလို့များလား "

​ဘေးမှ ပန်းလင်က ဝင်မေး၏။

" ဒါဆို မိန်းကလေးက သူ့ကို စိတ်စွမ်းအင် ကျောက်တုံး ၃ သန်း တကယ်ကြီး ပေးလိုက်တာလား "

ဟွမ်ယင်က ခေါင်းယမ်းပြသည်။

ပန်းလင် သက်ပြင်းရှည်ကြီး ချလိုက်၏။

" တော်သေးတာပေါ့ "

သို့သော် ဟွမ်ယင်က ရှုံးပွဲချငိုပြီး ထပ်ပြောလာသည်။

" ကျွန်မက သူ့အတွက် စိတ်မကောင်း ဖြစ်ပြီးတော့ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၈ သန်းတောင် ပေးခဲ့တာ "

လောထျန်းရော ပန်းလင်ပါ အချိန်အတန်ငယ်ကြာ စကားမဆိုနိုင်ကြဘဲ ဖြစ်သွားတော့၏။

" ဒါဆို အလိမ်ခံလိုက်ရမှန်း ဘယ်လို သိသွားခဲ့လဲ "

လောထျန်း မေးလိုက်သည်။

ဟွမ်ယင်က မျက်ရည်များ သုတ်၍ ပြန်ဖြေ၏။

" ကျွန်မ ပြိုင်ပွဲကို ရောက်သွားတော့မှ ကျွန်မ ဝယ်ထားခဲ့တဲ့ လက်မှတ်က စျေးအပေါဆုံး ဖြစ်နေမှန်း သိခဲ့ရတာ ။ အဲ့လက်မှတ်က အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၁၀၀ ပဲ တန်တာရှင့် "

သူမ ထိုသို့ပြောကာ ဝမ်ပမ်းတနည်း ထပ်ငိုလိုက်ပြန်သည်။

လောထျန်းတို့ နှစ်ယောက် ဆွံ့အသွားကြရပြန်၏။

အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၁၀၀ သာ တန်သော လက်မှတ်ကို ၈ သန်းဖြင့် ရောင်းခဲ့သတဲ့လား ။

ထိုလူမှာ ရက်စက်ယုတ်မှာလှပေသည်။

" မင်းဆီမှာ စိတ်စွမ်းအင် ကျောက်တုံးတွေ ဘယ်လောက် ပါလာခဲ့တာလဲ "

လောထျန်း မေးလိုက်သည်။

" ၈ သန်းပဲ ပါလာခဲ့တာ "

ဟွမ်ယင်က ငိုရင်း ဖြေ၏။

လောထျန်းမှာ သူ့နဖူးသူ လက်ဖြင့် ပြန်ရိုက်လိုက်မိတော့သည်။

" မင်းဆီမှာ ပါလာသမျှ ၈ သန်းလုံးကို အကုန်ပေးလိုက်တာလား "

ဟွမ်ယင်က ဝမ်းပမ်းတနည်း ခေါင်းညိတ်ပြသည်။

လောထျန်းမှာ ထိုတခဏ၌ ဟွမ်ယင်အား မည်သို့ နှစ်သိမ့်ပေးရမည်ပင် မသိတော့ပါချေ ။

ထို့နောက် သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး အဘိုးအိုကို တွေ့လိုတွေ့ငြား ရှာလိုက်သေးသော်လည်း ထူးဆန်းစွာပင် အဘိုးအို၏ အရောင်အဝါက အစအနပင် မကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တဖက်မှ ဟွမ်ယင်က ငိုနေရင်း ဆက်ပြော၏။

" ကျွန်မက အစတုန်းကတော့ ပြိုင်ပွဲကနေ ပိုက်ဆံပြန်ရနိုင်တယ်လို့ပဲ တွက်ထားတာ။ ဒါပေမယ့် ကျွန်မ ခေါ်လာတဲ့ သားရဲက ပွဲအစမှာတင် ဆိုးဆိုးဝါးဝါး အရိုက်ခံလိုက်ရ ပါရောလား ။ အခုတော့ ကျွန်မမှာ ဘာပိုက်ဆံမှ မကျန်တော့ဘူး ၊ အိမ်ပြန်ဖို့တောင် မကျန်တော့ဘူးရှင့် "

ထိုစကားကို ကြားသောအခါ လောထျန်းက တအံ့တသြ ပြန်မေးသည်။

" ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ကနေ ပိုက်ဆံ ပြန်ရှာလို့ ရတယ်လား "

ဟွမ်ယင်က အငိုမတိတ်နိုင်သေးဘဲ ပြန်​ဖြေသည်။

" ဟုတ်တယ် ၊ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ ကိုယ်ခေါ်လာတဲ့ သားရဲနဲ့ ဝင်တိုက်လို့ ရတယ်ရှင့် ။ နိုင်ရင် ပိုက်ဆံရတယ် ။ ကျွန်မကတော့ အစတည်းက ရှုံးသွားခဲ့ရတာ ။ ဒါ​တင်မကသေးဘူး ၊ ကျွန်မနဲ့ တွေ့ရတဲ့ ပြိုင်ဘက်ကလဲ အင်မတန်မှကို ရက်စက်တယ် ။ သူက ကျွန်မရဲ့ သားရဲကို အသေ ရိုက်သတ်ခိုင်းခဲ့တာ "

" ဒါပေမယ့် ကျွန်မရဲ့ မိုးကြိုးသားရဲက မြန်တော့ ထွက်ပြေးနိုင်ခဲ့တယ်။ ဒဏ်ရာတော့ ဆိုးဆိုးရွားရွား ရသွားခဲ့ရတာပေါ့ရှင်။ အခု ကျွန်မမှာ သူ့အတွက် ဆေးဝယ်ပေးဖို့တောင် ပိုက်ဆံ မကျန်တော့ဘူး "

စကားဆုံးသည်နှင့် သူမ ရှိုက်ကြီးတငင် ထပ်ငိုလိုက်ပြန်သည်။

လောထျန်းမှာ သူမကို ကြည့်ရင်း မည်သို့ ပြန်ပြောရမည်ပင် မသိတော့ပေ။

ဤမိန်းကလေးကို တုံးအသည်ဟုပဲ အပြစ်တင်ရပါမည်လား ။

" ဘယ်တတ်နိုင်မလဲလေ .. မင်းရဲ့ မိုးကြိုးသားရဲက အခု ဘယ်မှာလဲ "

လောထျန်း မေးလိုက်သည်။

" ဟိုနောက်နားလေးက ကျွန်မ နေတဲ့နေရာမှာ "

ဟွမ်ယင်က ပြန်ဖြေ၏။

" ကဲ ဒါဆို လမ်းပြဗျာ "

လောထျန်း ပြောလိုက်သည်။

ဟွမ်ယင်က ခေါင်းညိတ်ပြီး လောထျန်းတို့ နှစ်ယောက်အား အလွန်စျေးပေါဟန်တူသည့် တဲစုတ်လေးတစ်လုံးဆီ ခေါ်လာ၏။

ထိုတဲအိမ်လေးမှာ တံခါးတစ်ချက် ပျက်နေကာ အပေါက်များလည်း များလှသဖြင့် အပြင်မှ လေများ ဒလဟောပင် ဝင်နေသည်။ နံရံတွင်လည်း ပင့်ကူအိမ်များ ပြည့်နေပြီး ကြမ်းပြင်တွင်လည်း ကြွက်ဖောက်ထားသော အပေါက်များဖြင့် ပြည့်နေပါသေး၏။

" ကျွန်မမှာ လောလောဆယ် ပိုက်ဆံမရှိတော့ ဒီလို အခန်းမျိုးမှာပဲ နေနိုင်တာ "

ဟွမ်ယင်က အနည်းငယ် ရှက်နေဟန်ဖြင့် ဆိုလာသည်။

လောထျန်း ကူကယ်ရာမဲ့စွာသာ ခေါင်ယမ်းလိုက်ရသည်။

ဤမိန်းကလေးမှာ အဖြစ်ဆိုးလှပါတကား ..

သို့သော် သူ ၎င်းကို ခေါင်းထဲမှ ခပ်မြန်မြန် ထုတ်လိုက်ပြီး ကြမ်းပြင်ရှိ ကောက်ရိုးဖျာ တစ်ခုပေါ်တွင် လဲလျောင်းနေသော မိုးကြိုးသားရဲကိုသာ ကြည့်လိုက်သည်။

ဟွမ်ယင်၏ မိုးကြိုးသားရဲမှာ နှင်းကဲ့သို့ ဖြူဖွေးသော ​တောကြောင်ကြီး တစ်ကောင်ဖြစ်ပြီး လက်ရှိတွင် ၎င်းက သေလုမျောပါး အခြေအနေ ရောက်နေပါ၏။

" သခင်မကြီး ပန်းလင် ၊ တစ်ချက် လာကြည့်ကြည့်ပါဦး "

လောထျန်းက ပြောလိုက်သည်။

ပန်းလင်က ခေါင်းညိတ်ပြပြီး ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ သားရဲ၏ ခန္ဓာကိုယ်အား စစ်ဆေးကြည့်၏။

" ဘယ်လို အခြေအနေ ရှိလဲဟင် "

ဟွမ်ယင်က စိုးရိမ်တကြီး မေးသည်။

ပန်းလင် သက်ပြင်းချ၏။

" သူ့တစ်ကိုယ်လုံးက အရိုးတွေ အကုန်နီးပါး ကျိုးနေပြီးတော့ သူ့ ကိုယ်တွင်းကလီစာ တွေလဲ ဒဏ်ရာရထားတယ် ။ ကြည့်ရတာတော့ သာမာန်စိတ်စွမ်းအင် ဆေးပင်မျိုးနဲ့ သူ့အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး "

ထိုစကားကို ကြားသောအခါ ဟွမ်ယင် ရှုံးပွဲချ ထပ်ငိုလိုက်ပြန်သည်။

" ရှောက်ရှန် ၊ ငါ တောင်းပန်ပါတယ် .. "

လောထျန်းက သူမကို လက်ပိုက်ကြည့်ရင်း မေး၏။

" ဘာလို့ ငိုနေတာလဲ "

" ခုနက သူပြောသွားတယ်လေ ၊ ကယ်လို့မရတော့ဘူးဆို .. "

ဟွမ်ဟင်က ငိုနေရင်း ပြန်ပြောသည်။

လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်း၏။

" သူက သာမာန် စိတ်စွမ်းအင်ဆေးပင်နဲ့ ကယ်လို့ မရဘူးလို့ပဲ ပြောသွားတာ "

" အင်းလေ ..ကျွန်မပြောတာနဲ့ ဘာကွာလို့လဲ "

ဟွမ်ယင်က နားမလည်နိုင်ဟန် မျက်နှာလေးဖြင့် ပြန်ပြောသည်။

ပန်းလင်က ဝင်ပြော၏။

" သာမာန် စိတ်စွမ်းအင်ဆေးပင် နဲ့ အလုပ်မဖြစ်ဘူး ဆိုပေမယ့် ထူးခြားတဲ့ စိတ်စွမ်းအင် ဆေးမျိုးနဲ့ တခြား ထူးခြားတဲ့ ပစ္စည်းတွေနဲ့ဆိုရင်တော့ အသက်ကယ်နိုင်သေးတယ် "

ဟွမ်ယင်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။

" တကယ်ကြီးလား .. ဒါဆို သူ့ကို ကယ်ဖို့ ဘာဆေးပင်မျိုး လိုလဲဟင် ။ ကျွန်မ အခုချက်ချင်း သွားရှာမယ် "

ပန်းလင်က ခေတ္တမျှ စဥ်းစားနေပြီးမှ ပြန်ဖြေသည်။

" သူ့အသက်ကို ကယ်နိုင်မယ့် ဆေးပင်တွေတော့ အများကြီး ရှိတယ်။ ဒါပေမယ့် သူ အရင်အတိုင်း ပြန်ကောင်းလာဖို့ ဆိုရင်တော့ သူ့သွေးကို ပိုအစွမ်းထက်လာစေမယ့် အရာတစ်ခုနဲ့ပဲ လုပ်လို့ရမှာ ။ ဥပမာ .. နဂါးသွေး  .. "

ထိုစကားကို ကြားသောအခါ ဟွမ်ယင်တစ်ယောက် ခေတ္တမျှ ကြက်သေ သေနေ၏။ ထို့နောက်မှသာ သူမ ရှိုက်ကြီးတငင် ငိုလိုက်ပြန်သည်။

" ရှောက်ရှန် လေး .. ငါ တောင်းပန်ပါတယ်ဟယ် "

လောထျန်းက သူမကို ကြည့်ရင်း မေးပြန်၏။

" ဘာလို့ ထပ်ငိုနေပြန်တာလဲ "

ဟွမ်ယင်က ငိုနေရင်း ပြန်ပြောသည်။

" သူ ပြောသွားတာ နဂါးသွေးကပဲ ရှောက်ရှန်လေးကို ကယ်နိုင်မှာဆို ။ ဒါပေမယ့် နဂါးသွေးကို ဘယ်မှာ သွားရှာရမှာလဲ ။ ဒီကမ္ဘာကြီးမှာ ထူးခြားတဲ့ ကောင်းကင်ဘုံ နဂါးတွေ မပြောနဲ့ ၊ သာမာန် နဂါးတွေတောင် နည်းနည်းပဲ ကျန်တော့တာလေ "

လောထျန်းမှာ သူမ ငိုသံကို ဆက်မကြားလိုတော့သဖြင့် နှာခေါင်းရှုံ့ပြီးသာ ပြောလိုက်သည်။

" ကဲ .. ဘေးဖယ် "

သူက ပြောပြောဆိုဆိုပင် လက်ယမ်း၍ သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ နဂါးသွေးတစ်စက်ကို ထုတ်လိုက်သည်။

ဝုန်း ..

နဂါးသွေး ပေါ်လာသည်နှင့် အစွမ်းထ​က်သော အရောင်အဝါတစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။

" သခင်မကြီး ပန်းလင် ၊ ဒီဟာနဲ့ဆို ရလောက်လား "

လောထျန်း မေးလိုက်သည်။

နဂါးသွေးကို မြင်သောအခါ ပန်းလင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွား၏။

" ရတော့ရတယ် .. ဒါပေမယ့် ဒီနဂါးသွေးက အရမ်းအစွမ်းထက်လွန်းတယ်။ မိုးကြိုးသားရဲက ဒီ သွေးတစ်စက်လုံးကို ခံနိုင်မှာ မဟုတ်ဘူး ။ သွေးရဲ့ ၁ % လောက်နဲ့ဆိုရင်ကို ရတယ် "

ပန်းလင် ပြန်ပြောလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြီး သွေးစက်ထဲမှ အမျှင်တန်းလေး အနည်းငယ်ကို ခွဲထုတ်ကာ ပန်းလင်ဆီသို့ ပေးလိုက်၏။

ပန်းလင်က ၎င်းကို ယူ၍ မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။

တခဏအတွင်းမှာပင် သေလုမျောပါး ဖြစ်နေခဲ့သော သားရဲက တုန်ခါလာ၏။

" ရှောက်ရှန် ... "

၎င်းကို မြင်သောအခါ ဟွမ်ယင် အလန့်တကြား အော်လိုက်သည်။

သို့သော် ပန်းလင်က အသက်ကယ်ပေးရန် ကြိုးစားနေမှန်း သိသဖြင့် သူမ ပြေးမသွားပါချေ ။

တဖက်မှ ပန်းလင်ကမူ ​နဂါးသွေးကို သေချာထိန်းချုပ်၍ သားရဲ၏ အသွေးအသားများ ပြန်ပြည့်လာအောင် ကုသပေးနေ၏။

ဤသို့ဖြင့် မကြာခင်မှာပင် သတိမေ့နေခဲ့သော မိုးကြိုးသားရဲ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပြန်ပွင့်လာသည်။

ဝုန်း ..

၎င်း၏ မျက်လုံးများ ပွင့်လာသည်နှင့် သူ့ကိုယ်ပေါ်တွင် နဂါးအစွမ်းအချို့ လွှမ်းခြုံလာ၏။

" ဟင် ... ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်သွားတာလဲ ... "

ဟွမ်ယင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ပင် အံ့အားသင့်နေရှာသည်။

သူမ၏ မိုးကြိုးသားရဲက ဒဏ်ရာများ သက်သာပျောက်ကင်းသွားသည့်အပြင် အစွမ်းကလည်း ယခင်ကထက် အဆပေါင်းများစွာ တိုးလာခဲ့ပါသည်။

" ငါ့ရဲ့ ရှောက်ရှန်လေး .... ပြိုင်ဘက်ကင်း ဖြစ်သွားပြီ "

မိုးကြိုးသားရဲ၏ ကိုယ်မှ အရောင်အဝါကို မြင်သည်နှင့် ဟွမ်ယင်၏ ခေါင်းထဲသို့ ထိုအတွေးသာ ပထမဆုံး ဝင်လာ၏။

လက်ရှိတွင် သူမ၏ မိုးကြိုးသားရဲထံမှ ထွက်နေသော အရောင်အဝါက အလွန်အစွမ်းထက်နေသည် မဟုတ်ပါလား ။

ထိုအချိန်မှာပင် လောထျန်း ပုခုံးပေါ်တွင် အိပ်နေခဲ့သည့် နဂါးလေး ရှောက်ထျန်းလုံက မိုးကြိုးသားရဲ၏ အော်သံကြောင့် နိုးလာသည်။

နဂါးငယ်လေးက စိတ်မရှည်ဟန်ဖြင့် မျက်လုံးတစ်ဖက်ကိုသာ ဖွင့်ပြီး မိုးကြိုးသားရဲအား ကြည့်လိုက်သည်။ ထို့နောက် သူ မျက်လုံးများ ပြန်မှိတ်လိုက်၏။

ထို အကြည့်တစ်ချက်ဖြင့်ပင် မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်က အေးစက်တောင့်တင်းသွားတော့သည်။

All Chapters