အခန်း (၁၁၁၄-၁၁၁၆)
Vol. 75 Ch. 1114-1116
အခန်း(၁၁၁၄)
"ဒီကောင်လေးရဲ့ ခွန်အားက အရမ်းအစွမ်းထက်တယ်.. ငါတို့တွေက သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. အားလုံးပဲ လူစုခွဲပြီး ထွက်ပြေးကြတော့"
အဆုံးမဲ့ နက်ရှိုင်းသည့် ကျန်းချန်၏ ခွန်အားနှင့် ရင်ဆိုင်ရသောအခါတွင် ရွှယ်ဝူယင်းသည် ကျန်းချန်ကို တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။
သူက အလောတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလို သွေးရောင်အလင်းအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသွားခဲ့သည်။
ကျန်းချန်တစ်ယောက်တည်းကပင် ဤမျှလောက် ကြောက်စရာကောင်းနေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်၏ နောက်ကွယ်တွင်ရှိသည့် နတ်ဝိညာဥ်ဘုရင် အဆင့်ကျင့်ကြံသူ ရှောင်တုလီဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ရှောင်တုလီသာ ထိုက်ရှဂိုဏ်းတွင် ပုန်းအောင်းနေသည်ဆိုလျှင် သူတို့ သွေးနတ်ဆိုးနန်းတော်၏ မြောက်ပိုင်းတောရိုင်းဒေသကို လွှမ်းမိုးရန် အစီအစဥ်ကို သေချာပေါက် ထိခိုက်စေလိမ့်မည် မဟုတ်ပါလား။
သူက ဤကိစ္စကို ခန်းမသခင်ဆီ အမြန်ဆုံး သတင်းပို့ရပေမည်။
"ထွက်ပြေးချင်တာလား.. စိတ်မကောင်းပါဘူး မင်းတို့ ဘယ်လိုမှ ထွက်ပြေးလို့လွတ်မှာ မဟုတ်ဘူး.. မင်းတို့ထဲက ဘယ်သူမှ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားလို့ မရစေရဘူး"
လူစုခွဲ၍ ထွက်ပြေးနေကြသော သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို ကြည့်ကာ ကျန်းချန်က ခနဲ့တဲ့တဲ့ ပြုံး၍ လှောင်ပြောင်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဥ် စွမ်းအားတစ်ခုသည် လေထုထဲကနေ ချက်ချင်းပျံ့နှံ့လာခဲ့ပြီး ထိုက်ရှဂိုဏ်း၏ ပင်မတောင်ထွတ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုစိတ်ဝိညာဥ်စွမ်းအား၏ ဖိအားအောက်တွင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ရှိသည့် သွေးအရိပ်အရှင်သခင်သည်ပင် လေထုထဲကို ထွက်ပြေးနေရင်း ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူ၏ စိတ်ဝိညာဥ်ပါ တုန်လှုပ်နေသလို ခံစားလိုက်ရသည်။
သူ ဘာမှ တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် နှိုင်းယှဥ်၍ မရသည့် စိတ်ဝိညာဥ် စွမ်းအားသည် သူ၏ စိတ်ထဲကို ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ စိတ်ဝိညာဥ်ကို လေးလံသောတူဖြင့် ရိုက်နှက်နေသကဲ့သို့ ထိမှန်သွားခဲ့သည်။
"ဖူး"
ရွှယ်ဝူယင်း၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်ပွက် အန်ထွက်လာခဲ့သည်။
သူ့ပတ်ဝန်းကျင်ရှိ သွေးနတ်ဆိုး နန်းတော်မှ ကျင့်ကြံသူများလည်း သူ့နည်းတူပင် ခံစားခဲ့ရ၏။
သူတို့၏ ဝိညာဥ်အားလုံးနီးပါးသည် ထိုကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဥ်ဆန္ဒ၏ ဖိအားအောက်တွင် လုံးဝ ပြိုကွဲသွားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များသည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ လေထဲကနေ ဦးတည်ချက်မဲ့ ပြုတ်ကျလာခဲ့သည်။
ဤသို့ဖြင့်ပင် သွေးနတ်ဆိုးနန်းတော်၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် သွေးအရိပ်အရှင်သခင်မှ လွဲ၍ ကျန်းချန်၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည်။
သွေးအရိပ်အရှင်သခင်သည် ဒယိမ်းဒယိုင် ဖြစ်နေသော သူ၏ ခန္ဓာကိုယ်ကို လေထဲတွင် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
ထိုအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်နှာထက်၌ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
"ဘုရင့်.. ဘုရင့်စိတ်ဆန္ဒ.. မင်း..မင်းက နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရွှယ်ဝူယင်း၏ ထိတ်လန့်တကြား အော်ဟစ်သံကိုကြားလျှင် ရှယွင်ထျန်းတို့ လူစုသည် အသက်ရှုရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
သူတို့သည် ကျန်းချန်၏ ပါရမီက အလွန် နတ်ဆိုးဆန်ကြောင်း သိရှိထားသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
တစ်နှစ်ကျော်ကျော် အချိန်လေး အတွင်းမှာပင် ကျန်းချန်သည် မူလဘူတနယ်ပယ် အဆင့်ကနေ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ဖြစ်လာခဲ့သည်။
နတ်ဝိညာဥ်ဘုရင်အဆင့် ဆိုသည်မှာ မြောက်ပိုင်းတောရိုင်းဒေသတွင် နှစ်ပေါင်းများစွာ ပေါ်ထွက်ခဲ့ခြင်း မရှိသည့် အထွတ်အထိပ် အဆင့်အတန်းတစ်ခု ဖြစ်သည်။
"ကျန်း.. ကျန်းချန် ငါ့ကို လွှတ်ပေးပါ.. ငါတို့ သွေးနတ်ဆိုးနန်းတော်က ဘယ်တော့မှ မြောက်ပိုင်းတောရိုင်း ဒေသမှာ ခြေမရှုပ်တော့ပါဘူး.. ထိုက်ရှဂိုဏ်းကိုလည်း ဘယ်တော့မှ ရန်မရှာတော့ဘူးလို့ ငါကတိပေးပါတယ်"
ရွှယ်ဝူယင်းက သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို အတင်းအကျပ်ထိန်းချုပ်ရင်း ကျန်းချန်ကို ခခယယ တောင်းပန်လိုက်သည်။
သိုင်းသခင်နယ်ပယ် အဆင့်နှင့် နတ်ဝိညာဥ်ဘုရင် အဆင့်သည် ကြီးမားသော ကွာဟချက်များ ရှိကြသည်။
ကျန်းချန်သာ သိုင်းသခင်နယ်ပယ် နဝမအဆင့်တွင်သာ ရှိခဲ့လျှင် သူသည် ကျန်းချန်ထံကနေ ထွက်ပြေးရန် အခွင့်အရေး ရှိနိုင်သေး၏။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့ချေပြီ။
နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်နှင့် ရင်ဆိုင်ရလျှင် သူ့အနေဖြင့် လုံးဝပင် ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
"မင်းကို လွှတ်ပေးရမယ်.. ဟုတ်လား"
ကျန်းချန်၏ မျက်လုံးများက ဓားကဲ့သို့ အေးစက်နေခဲ့သည်။
"မင်းတို့ သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ ထာဝရကပ်ဆိုးပဲ.. ဒီနေ့ ငါမင်းကို အရင်ဆုံး သတ်ပစ်မယ် ပြီးရင် သွေးနတ်ဆိုးနန်းတော်ကို မြောက်ပိုင်းတောရိုင်း ဒေသကနေ လုံးဝ အမြစ်ဖြတ် သုတ်သင်ပစ်မယ်"
"ကျန်းချန်.. မင်းနတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ရောက်ရှိသွားပြီ ဆိုတာနဲ့ မင်းစိတ်ကြိုက်လုပ်လို့ရမယ် မထင်နဲ့"
ရွှယ်ဝူယင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါတို့ ခန်းမသခင်က နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ခွန်အားကို ပြန်လည် ရရှိသွားခဲ့ပြီ.. မင်းငါ့ကို သတ်ရဲရင် ငါတို့ခန်းမသခင်က မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး"
အခန်း(၁၁၁၄)ပြီး၏။
အခန်း(၁၁၁၅)
"အပိုစကားတွေပြောမနေနဲ့ သွားသေလိုက်တော့"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး မဟာအဆင့် ဓားစိတ်ဆန္ဒကို ထုတ်ဖော်လိုက်ရာ ကောင်းကင်တစ်ခွင်တွင် ဓားရိပ်များဖြင့် ပြည့်နှက်သွားခဲ့ပြီး သွေးအရိပ် အရှင်သခင်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။
ကျန်းချန်၏ ဘုရင့်စိတ်ဆန္ဒနှင့် မဟာအဆင့်ဓားဆန္ဒ၏ ဖိအားကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသောအခါတွင် သွေးအရိပ် အရှင်သခင်သည် သူ၏ အသက်စွမ်းအင်များ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။
သူက လေထဲတွင် လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ ဓားရိပ်များက သူ့ဆီသို့ ချဥ်းကပ်လာသည်ကို ဒီအတိုင်း ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
"မသတ်ပါနဲ့"
သွေးအရိပ်အရှင်သခင်က စိတ်ပျက်အားငယ်စွာဖြင့် ကြောက်လန့်တကြား ရေရွတ်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ဓားရိပ်များသည် သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့ချေပြီ။
ရွှယ်ဝူယင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားရိပ်များ၏ ဖိအားအောက်တွင် လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်က မြောက်ပိုင်းတောရိုင်း ဒေသတွင် အင်အားကြီးမားသော သွေးနတ်ဆိုးနန်းတော်၏ အုပ်ထိန်းသူ သုံးပါးထဲမှ တစ်ဦးဖြစ်သည့် သွေးအရိပ် အရှင်သခင်သည် ကျန်းချန်၏ ဓားချက်အောက်တွင် ပျက်စီးသွားခဲ့ပြီး ထပ်မံ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ကျန်းချန်က ရွှယ်ဝူယင်း အပါအဝင် သွေးနတ်ဆိုး နန်းတော်မှ အင်အားကြီးမားသော ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို တစ်ကိုယ်တော် စွမ်းအားဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ရှယွင်ထျန်းတို့ လူစုသည် အံ့သြတုန်လှုပ်သွားကြပြီး သက်ပြင်းများကို တိတ်တဆိတ် ချလိုက်ကြသည်။
"ကျန်းချန်.. မင်းမြောက်ပိုင်းတောရိုင်း ဒေသကို ပြန်လာမယ်လို့ ငါတို့ မထင်ထားခဲ့ဘူး.. ဒီနေ့ကိစ္စ အတွက် ငါတို့တွေ မင်းကို ကျေးဇူးတင်ပါတယ်"
ရှယွင်ထျန်းက စိတ်ရင်းထဲကနေ ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
ယနေ့တွင် သွေးနတ်ဆိုးနန်းတော်သည် သူတို့ ထိုက်ရှဂိုဏ်းကို ချေမှုန်းရန် အတွက် အသေးစိတ် ပြင်ဆင်လာခဲ့သည်။
ကျန်းချန်သာ ရောက်မလာခဲ့လျှင် ထိုက်ရှဂိုဏ်းသည် အမှန်တကယ် အန္တရာယ်ထဲသို့ ကျရောက်သွားလိမ့်မည် ဖြစ်၏။
"အားနာစရာမလိုပါဘူး ဂိုဏ်းချုပ်.. ကျွန်တော် တစ်ချိန်က ထိုက်ရှဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ.. ထိုက်ရှဂိုဏ်းက အခက်အခဲတွေ ကြုံလာရပြီ ဆိုမှတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်မှာလဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"ငါတို့ ထိုက်ရှဂိုဏ်းက မင်းလို တပည့်တစ်ယောက် ရထားတာ ကံတော်တော်ကောင်းတာပဲ"
ရှယွင်ထျန်းက စိတ်ရင်းဖြင့် ရယ်မောကာ ပြောလိုက်သည်။
"ကျန်းချန်.. ဂိုဏ်းထဲကိုကြွပါ မင်းကို ငါကိုယ်တိုင် ဧည့်ခံပါ့မယ်"
ကျန်းချန်က ကျုံးကျိုးကုန်းမြေရှိ အင်အားကြီးမားသော ကျင့်ကြံသူထံတွင် တပည့်ခံပြီးပြီ ဖြစ်သော်လည်း ယခုအခါတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့ပြီး မြောက်ပိုင်းတောရိုင်းဒေသ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်က သူ၏ ထိုက်ရှဂိုဏ်းကို အသိအမှတ်ပြုရန် ဆန္ဒရှိနေသေးသည်ဖြစ်ရာ ထိုက်ရှဂိုဏ်းအတွက် ကြီးမားသော ကောင်းကျိုးတစ်ခုပင် မဟုတ်ပါလား။
"ဂိုဏ်းချုပ် အားနာစရာမလိုပါဘူး.. ကျွန်တော် အခု မဟာရှားနိုင်ငံကို အရင်ပြန်သွားချင်တယ်.. နောက်မှပဲ ထိုက်ရှဂိုဏ်းကို လာပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ဂိုဏ်းချုပ်နဲ့ ပြောကြတာပေါ့"
ကျန်းချန်က ရှယွင်ထျန်းကို လက်သီးဆုပ် ဂါဝရပြုကာ ဦးညွှတ်၍ ပြောလိုက်သည်။
နတ်ဆိုးနန်းတော်သည် မြောက်ပိုင်းတောရိုင်း ဒေသတွင် ခြေရှုပ်နေခဲ့ပြီး ထိုက်ရှဂိုဏ်းကိုပင် လာရောက် တိုက်ခိုက်ခဲ့သည်။
သို့ဖြစ်ရာ ထိုက်ရှဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသော နိုင်ငံသုံးနိုင်ငံ၏ အခြေအနေသည် ထိုက်ရှဂိုဏ်းထက်ပင် အခြေအနေ ပိုမို ဆိုးရွားနိုင်ပေသည်။
ယခု သူက ထိုက်ရှဂိုဏ်း၏ အကျပ်အတည်းကို ဖြေရှင်းပြီးပြီ ဖြစ်သည့်အတွက် အချိန်မဖြုန်းလိုတော့ဘဲ မဟာရှားနိုင်ငံကို ချက်ချင်း ပြန်သွားရန် ဆုံးဖြတ်ထားခဲ့သည်။
"မဟာရှားနိုင်ငံရဲ့ အခြေအနေအတွက် မင်းစိတ်ပူစရာ မလိုပါဘူး"
ရှယွင်ထျန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ငါက လင်းထျန်းကျုံးကို ဂိုဏ်းက ထိပ်သီးတပည့်တွေနဲ့ အတူ မဟာရှားနိုင်ငံကို စေလွှတ်ထားပါတယ်.. လင်းထျန်းကျုံးက သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာပြီ ဆိုတော့ ပြဿနာ သိပ်မရှိလောက်ပါဘူး"
သိုင်းသခင်နယ်ပယ်အဆင့်သည် မြောက်ပိုင်းတောရိုင်းဒေသတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်သော အဆင့်အတန်း ဖြစ်သည်။
သွေးနတ်ဆိုးနန်းတော်တွင် သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူ အရေအတွက်သည် အကန့်အသတ်သာ ရှိ၍ ထိုက်ရှဂိုဏ်း၏ ပိုက်နက်အောက်ရှိ နိုင်ငံသုံးနိုင်ငံသို့ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများကို စေလွှတ်ရန်မှာ မဖြစ်နိုင်ဟု ယူဆရသည်။
သို့ဖြစ်၍ လင်းထျန်းကျုံးက မဟာရှားနိုင်ငံတွင် ရှိနေခြင်းသည် မဟာရှားနိုင်ငံကို ကာကွယ်ရန် လုံလောက်သည်ထက်ပင် ပိုနေသည် မဟုတ်ပါလော။
"ဂိုဏ်း.. ဂိုဏ်းချုပ် မကောင်းတော့ဘူး"
ထိုအခိုက်အတန့်မှာပင် ထိုက်ရှဂိုဏ်းဆီသို့ ပုံရိပ်အချို့သည် ရောက်ရှိလာခဲ့သည်။
ဦးဆောင်လာသူမှာ ကျန်းချန် အစောပိုင်းက ကယ်ဆယ်ခဲ့သည့် အောင်းထျန်းခွေ့ ဖြစ်သည်။
အောင်းထျန်းခွေ့သည် သွေးအလိမ်းလိမ်းဖြင့် သတိမေ့မြောနေသော အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို ပွေ့ချီကာ အပြေးအလွှား ရောက်လာခဲ့၏။
ထိုအဖြူရောင် ဝတ်စုံဝတ်လူငယ်မှာ တခြားသူ မဟုတ်ပေ။
ထိုက်ရှဂိုဏ်း၏ အစစ်အမှန်တပည့် ငါးယောက်ထဲမှ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သည့် လင်းထျန်းကျုံးပင် ဖြစ်သည်။
"အောင်းထျန်းခွေ့.. မင်းကို ထျန်းယွဲ့ဂိုဏ်းဆီ စစ်ကူသွားတောင်းခိုင်းထားတာ မဟုတ်လား.. မင်းက ဘယ်လိုလုပ်ပြီး လင်းထျန်းကျုံးနဲ့ အတူ ရှိနေရတာလဲ"
ရှယွင်ထျန်းသည် အခြေအနေ ဆိုးရွားနေသည့် လင်းထျန်းကျုံး၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ကာ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
လင်းထျန်းကျုံးကို သူက မဟာရှားနိုင်ငံကို ကာကွယ်ရန်တာဝန်ပေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ပြင်းထန်သော ဒဏ်ရာများဖြင့် ပြန်လည် ရောက်ရှိလာခဲ့၏။
ကြည့်ရသည်မှာ မဟာရှားနိုင်ငံတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပုံ ရသည်။
အခန်း(၁၁၁၅)ပြီး၏။
အခန်း(၁၁၁၆)
အောင်းထျန်းခွေ့က တုံ့ဆိုင်းမနေဘဲ အရာအာလုံးကို အလျင်အမြန် ပြောပြလိုက်သည်။
အစောပိုင်းက ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်၏ ခန်းမအကြီးအကဲကို ရှင်းပစ်လိုက်ပြီး အောင်းထျန်းခွေ့တို့ လူစုကို ကယ်တင်ပြီးနောက်တွင် ထိုက်ရှဂိုဏ်းသို့ အရင် ပြန်လာခဲ့သည်။
အောင်းထျန်းခွေ့တို့က ထိုက်ရှဂိုဏ်းကို ပြန်လာသည့်လမ်းတွင် ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်နေသည့် လင်းထျန်းကျုံးနှင့် မတော်တဆ ဆုံတွေ့ခဲ့ကြ၏။
လင်းထျန်းကျုံး ထံမှ သူတို့ သိခဲ့ရသည်မှာ သွေးနတ်ဆိုးနန်းတော်သည် ၎င်းတို့၏ အင်အားကြီး ကျင့်ကြံသူ အများအပြားကို မဟာရှားနိုင်ငံကို တိုက်ခိုက်ရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
လင်းထျန်းကျုံးသည် မဟာရှားနိုင်ငံမှ ကျင့်ကြံသူများနှင့်ပူးပေါင်း၍ တိုက်ပွဲဝင်ခဲ့သော်လည်း အဆုံးသတ်တွင် သွေးနတ်ဆိုးနန်းတော်ကို ရှုံးနိမ့်ခဲ့သောကြောင့် ဝိုင်းရံထားမှုကနေ ထိုးဖောက်ကာ ထိုက်ရှဂိုဏ်း ဆီသို့ ပြန်လာခဲ့သည်။
"မဟာရှားနိုင်ငံက အခုအခြေအနေ ဘယ်လိုလဲ.. ငါ့ရဲ့ ကျန်းမိသားစုရော အခြေအနေကောင်းရဲ့လား.."
အောင်းထျန်းခွေ့၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာသည် ရုတ်တရက် သုန်မှုန်သွားခဲ့သည်။
အောင်ထျန်းခွေ့က ကျန်းချန်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"မဟာရှားနိုင်ငံရဲ့ အင်ပါယာမြို့တော်ကို သွေးနတ်ဆိုးနန်းတော်က သိမ်းပိုက်သွားခဲ့ပြီ.. အခြားကိစ္စတွေကိုတော့ ကျွန်တော်လည်းမသိဘူး.. ညီနောင်လင်းက ကျွန်တော်တို့ကို စကားပြောနေရင်းနဲ့ တစ်ဝက်တစ်ပျက်မှာတင် မေ့လဲသွားခဲ့တာမို့ပါ"
"ဂိုဏ်းချုပ် ကျွန်တော် မဟာရှားနိုင်ငံကို အရင်ပြန်နှင့်တော့မယ်"
စကားဆုံးသည်နှင့် ကျန်းချန်သည် ရှယွင်ထျန်းနှင့် အခြားသူများ သူ၏စကားကို မတုံ့ပြန်နိုင်မီမှာပင် လူတိုင်း၏ မျက်စိရှေ့ကနေ တစ္ဆေကဲ့သို့ ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ခွင်းယွင်တောင်တန်း။
မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော် တောင်ဘက်မှ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော မတ်စောက်သည့် တောင်တန်းတစ်ခု ဖြစ်ပြီး မိုးကြိုးတိမ်တောင်တန်းနှင့် အတူ မဟာရှားနိုင်ငံ၏ အဓိက တောင်ထွတ်ကြီးနှစ်ခု အဖြစ် သတ်မှတ်ခံထားရသော တောင်တစ်တောင် ဖြစ်သည်။
ထိုတောင်တန်း၏ အထက် ကောင်းကင်ယံကနေ အနက်ရောင်အရိပ် တစ်ခုသည် မည်းနက်သော အလင်းစီးကြောင်း ကဲ့သို့ ကောင်းကင်ကနေ ဖြတ်သန်းသွားခဲ့ပြီး မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ဘက် ဆီသို့ အလျင်အမြန် ခရီးနှင်လာခဲ့သည်။
ထိုအနက်ရောင်အရိပ်သည် တခြားသူ မဟုတ်ဘဲ ထိုက်ရှဂိုဏ်းကနေ ထွက်လာခဲ့သော ကျန်းချန် ဖြစ်သည်။
"သွေးနတ်ဆိုးနန်းတော်.. မုန့်ချင်းရွှယ်နဲ့ ကျန်းမိသားစုရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်ရဲတာနဲ့ မင်းတို့ သွေးနတ်ဆိုးနန်းတော် တစ်ခုလုံးကို ငါမြေလှန်ပစ်မယ်"
ကျန်းချန်က မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ဘက် ဆီသို့ စူးရှစွာ ကြည့်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့၏။
"ဝှစ်.. ဝှစ်.. ဝှစ်.. "
ထိုအချိန်မှာပင် လေတိုးသံများနှင့်အတူ အောက်ဘက်ရှိ တောအုပ်ထဲကနေ ရုတ်တရက် ပုံရိပ်ခုနစ်ခု၊ ရှစ်ခုလောက်က ခုန်ထွက်လာခဲ့ပြီး ကျန်းချန်ကို လေထဲတွင် ဝိုင်းရံထားလိုက်သည်။
ထိုလူစုထဲတွင် အဆင့်အနိမ့်ဆုံး ကျင့်ကြံသူသည် စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်ကို ရောက်ရှိနေခဲ့ပြီး ခေါင်းဆောင်ဖြစ်သည့်သူသည် စွမ်းအင်သိပ်သည်းခြင်း နဝမ အဆင့်ကိုပင် ရောက်ရှိနေခဲ့ချေပြီ။
မဟာရှားနိုင်ငံလို နိုင်ငံငယ်လေးတွင် ဤလူများသည် အင်အားကြီးမားသော ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားနေ၏။
"သွေးနတ်ဆိုးနန်းတော်က လူယုတ်မာ.. အသက်ကိုထားခဲ့စမ်း"
ကျန်းချန်ကို ဝိုင်းရံထားသောလူများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေကြပြီး ကျန်းချန်ကို စားမတတ် ဝါးမတတ် ကြည့်နေခဲ့ကြ၏။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ့ကိုဝိုင်းရံထားသည့် လူများကို အကဲခတ် ကြည့်လိုက်၏။
ထိုလူများသည် ခန္ဓာကိုယ်တွင် သွေးများ စွန်းထင်းနေကြ၍ မကြာသေးခင်ကမှ တိုက်ပွဲဝင်ခဲ့ကြသည်မှာ ထင်ရှားနေ၏။
"အားလုံးပဲ သတိထားကြ.. ဒီကောင်လေးက ငယ်ရွယ်ပေမဲ့ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တယ်"
အညိုရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို အကဲခတ်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
သူက ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ခဲ့၍ ဤလူငယ်သည် သူ့ထက်ပို၍ အားကောင်းမည်ကို သေချာပေါက်သိနှင့် နေခဲ့သည်။
သူတို့လူစုသည် တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ရသဖြင့် သူတို့အထွတ်အထိပ် ရောက်ရှိစဥ်က ခွန်အား၏ ငါးဆယ်ရာခိုင်နှုန်းပင် မရှိတော့ပေ။
ထို့အပြင် သူတို့အားလုံး အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ပြိုင်ဘက်များ ဖြစ်လာနိုင်မည်မဟုတ်ပေ။
"သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် ငါတို့ကို နှိမ်နင်းဖို့ စေလွှတ်လိုက်တယ် ဆိုတော့ သွေးနတ်ဆိုးနန်းတော်က ငါတို့ကို အထင်ကြီးတဲ့ပုံပဲ"
ကျန်းချန်ကို ဝိုင်းရံထားသော လူများသည် သူတို့၏ စိတ်ထဲတွင် ရုတ်တရက် ခါးသီးစွာ ခံစားလိုက်ရသည်။
"ရှားရှုံး.. ဒီကောင်လေးကို ငါပိတ်ဆို့ထားမယ်.. မင်းတို့တွေက အရှင်မင်းကြီးကိုခေါ်ပြီး ထွက်ပြေးကြတော့.."
အညိုရောင်ဝတ်ရုံဝတ် အဘိုးအိုက အလျင်အမြန် ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်၏ အရှိန်အဝါသည် အစွမ်းကုန် ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအင်များဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"အကြီးအကဲ ဒီလောက်ထိ စိတ်မလှုပ်ရှားပါနဲ့.. ကျွန်တော်က သွေးနတ်ဆိုးနန်းတော်က မဟုတ်သလို အကြီးအကဲ တို့ကို လိုက်လံနှိမ်နင်းနေတာလဲ မဟုတ်ပါဘူး.."
ကျန်းချန်က သူ၏ လက်ဖဝါးကို အသာအယာ လှုပ်ရှားလိုက်ပြီး အညိုရောင်ဝတ်ရုံဝတ် အဘိုးအို၏ တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါးပင် ချေဖျက်လိုက်သည်။
ထို့နောက် သူက အညိုရောင်ဝတ် အဘိုးအိုကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
"အကြီးအကဲက မဟာရှားနိုင်ငံရဲ့ တော်ဝင်မိသားစုကလား.. ရှားရွှယ် ဘယ်မှာလဲ ကျွန်တော့်ကို သူ့ဆီ ချက်ချင်း ခေါ်သွားပေးပါ"
အခန်း(၁၁၁၆)ပြီး၏။