← Chapters

အခန်း (၁၁၁၇-၁၁၁၉)

Vol. 75 Ch. 1117-1119

အခန်း (၁၁၁၇-၁၁၁၉)

Vol. 75 Ch. 1117-1119

အခန်း(၁၁၁၇)

"မင်းက ဘယ်သူလဲ"

အညိုရောင်ဝတ် အဘိုးအို၏ မျက်လုံးများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။

ဤလူငယ်သည် အသက်ငယ်ရွယ်သော်လည်း ခွန်အားကမူ အလွန်ပင် နက်ရှိုင်းလှ၏။

ထိုက်ရှဂိုဏ်းမှ သူတို့ကို ကူညီရန်စေလွှတ်လိုက်သည့် ပါရမီရှင်လင်းထျန်းကျုံးထက်ပင် ထိုလူငယ်က ပို၍ အစွမ်းထက်သည်ဟု သူ ထင်မြင်ခဲ့သည်။

"ကျွန်တော်က ကျန်းချန်ပါ ရှားရွှယ်ဆီကို အမြန်ဆုံးကျွန်တော့်ကို ခေါ်သွားပေးပါ"

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ကျန်းချန် ဟုတ်လား.. ဒါ ဒါဆို မင်းက ငါတို့ မဟာရှားနိုင်ငံရဲ့ နိုင်ငံ ကာကွယ်သူ စစ်နတ်ဘုရားကျန်းချန်လား"

ထိုအချိန်တွင် ရှားရှုံးဟု အမည်ရသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တစ်စုံတစ်ခုကို သတိရသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

"ကျန်းချန်.. စစ်နတ်ဘုရားကျန်းချန်"

ရှားရှုံး၏ စိတ်လှုပ်ရှားစွာ ရေရွတ်သံသည် အညိုရောင်ဝတ်ရုံဝတ် အဘိုးအိုကိုပါ အံ့အားသင့်စေခဲ့သည်။

သူက ချက်ချင်းပင် ကျန်းချန်ကို စေ့စေ့ကြည့်ကာ အကဲခတ်လိုက်ရာ သူ၏ ရှေ့မှပုံရိပ်သည် လွန်ခဲ့သည့် ၂နှစ်ခန့်က မဟာရှားနိုင်ငံက ထွက်ခွာသွားသော ပုံရိပ်နှင့် လုံးဝနီးပါး တစ်ထပ်တည်း ကျနေသည်ကို တွေ့လိုက်ရသည်။

"တကယ်ကို မဟာရှားနိုင်ငံရဲ့ နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားကျန်းချန်ပဲ"

အညိုရောင်ဝတ်အဘိုးအို၏ အိုမင်းသော မျက်လုံးထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"ငါက မဟာရှားနိုင်ငံရဲ့ တော်ဝင်မိသားစုဝင် ရှားယွမ်ပါ.. စစ်နတ်ဘုရား ကျန်းချန်ကို ဦးညွှတ်ပါတယ်"

အညိုရောင်ဝတ်အဘိုးအို နှင့် သူ၏နောက်မှ ပုံရိပ်တချို့သည် ကျန်းချန်ကို တလေးတစား ဒူးထောက်၍ ဂါရဝ ပြုလိုက်ကြသည်။

"နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားဟုတ်လား"

ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့ပြီး သူ၏ မျက်နှာထက်တွင် ဝေခွဲမရသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"လွန်ခဲ့တဲ့ ၂နှစ်လောက်က သွေးနတ်ဆိုးနန်းတော်ရဲ့ ကျင့်ကြံသူကို သတ်ဖြတ်ပြီး မဟာရှားနိုင်ငံကို အန္တရာယ်တွင်းကနေ ကယ်တင်ခဲ့တယ်.. အဲဒီနောက်ပိုင်းမှာ မဟာရှားနိုင်ငံကနေ ထွက်သွားခဲ့ပေမဲ့ အရှင်မင်းကြီးက မင်းကို အမြင့်ဆုံးရာထူးဖြစ်တဲ့ နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့တယ်"

အညိုရောင်ဝတ်ရုံဝတ် အဘိုးအိုက ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်၏။

သူစကားပြန်ပြောတော့မည့် အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး အောက်ဘက်ရှိ သစ်တောထဲမှ နေရာတစ်ခုကို ကြည့်လိုက်သည်။

သူ၏ အေးစက်စက် ရေရွတ်သံသည် လေထဲတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့၏။

"ဟမ့်.. သွေးနတ်ဆိုးနန်းတော်က အမှိုက်တွေ.. ရောက်လာပြီ ဆိုမှတော့ ဘာလို့ ခိုးကြောင်ခိုးဝှက် အမှောင်ထဲမှာ ပုန်းနေဦးမှာလဲ.. ထွက်လာခဲ့စမ်း"

ကျန်းချန်၏ စကားကိုကြားလျှင် အညိုရောင်ဝတ်ရုံဝတ် အဘိုးအိုနှင့် တခြားသူများသည် အံ့အားသင့်သွားကြသည်။

"သွေးနတ်ဆိုးနန်းတော်က လူတွေ ဒီကို ရောက်လာပြီလား"

"ဟားဟား ငါ့ရဲ့ တည်ရှိမှုကိုတောင် အာရုံခံနိုင်တယ်ဆိုတော့ မင်းရဲ့ အာရုံခံနိုင်စွမ်းက ကောင်းလှချည်လား"

အောက်ဘက်ရှိ သစ်တောထဲကနေ ရယ်သံတစ်သံက လေထုကို ဖြတ်သန်း၍ ထွက်ပေါ်လာခဲ့သည်။

နောက်ထပ်တစ်ခဏမှာပင် သွေးရောင်ပုံရိပ် တစ်ခုသည် သူတို့၏ ရှေ့တွင် ရောက်ရှိလာခဲ့သည်။

"ဘယ်သူများလဲ မှတ်တယ် ရွှယ်ထုံ မင်းကိုး"

လေထဲကနေ ရုတ်တရက်ထွက်ပေါ်လာသည့် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူကိုမြင်လျှင် အညိုရောင်ဝတ်ရုံဝတ် အဘိုးအိုရှားယွမ်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ရှားယွမ်.. မင်းဘယ်လိုနည်းနဲ့မှ ငါ့ရဲ့လက်ထဲကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး.. အခြေအနေကို နားလည်တယ်ဆိုရင် ရှားရွှယ်နဲ့ အပေါင်းအပါတွေကို ငါတို့လက်ထဲ လွှဲပြောင်းပေးပါ.. ဒါဆို မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ငါစဥ်းစားပေးမယ်"

ရွှယ်ထုံက ရှားယွမ်နှင့် တခြားသူများကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"ရွှယ်ထုံ.. ဒါက မဟာရှားနိုင်ငံပဲ.. မင်းဒီလောက်ထိ မောက်မာမနေနဲ့"

ရှားယွမ်က ဒေါသတကြီး တုံ့ပြန် ပြောဆိုလိုက်သည်။

"လင်းထျန်းကျုံးက ထိုက်ရှဂိုဏ်းကို စစ်ကူတောင်းဖို့ပြန်သွားခဲ့ပြီ သူက သေချာပေါက် ထိုက်ရှဂိုဏ်းရဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေကို စစ်ကူအဖြစ်ခေါ်ပြီး ပြန်ရောက်လာလိမ့်မယ်.."

"ဟားဟား.. ထိုက်ရှဂိုဏ်းရဲ့အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေ ဟုတ်လား..ထိုက်ရှဂိုဏ်းက မင်းတို့ကို စစ်ကူလွှတ်ဖို့ နေနေသာသာ သူတို့ကိုယ် သူတို့တောင် ကယ်နိုင်မှ မဟုတ်လောက်ဘူး"

ရွှယ်ထုံက နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး စိတ်မရှည်သော အရိပ်အယောင် တစ်ခုသည် သူ၏ မျက်ဝန်းထက်တွင် ပေါ်လာခဲ့သည်။

"ငါစကားများများ မပြောချင်ဘူး မင်းရှားရွှယ်နဲ့ အ‌ပေါင်းအပါတွေကို ငါ့လက်ထဲ မလွှဲပေးဘူးဆိုရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ရွှယ်ထုံက အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် ကြောက်မက်ဖွယ် သွေးအရှိန်အဝါ တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့ပြီး ရှားယွမ်တို့ လူစုကို ပြင်းထန်စွာ ဖိအားပေးလိုက်သည်။

"ချေဖျက်စမ်း"

လေထဲတွင် ရေရွတ်သံတစ်သံ ခပ်တိုးတိုး ထွက်ပေါ်လာခဲ့ပြီး ရွှယ်ထုံ၏ သွေးအရှိန်အဝါ ဖိအားကို ချက်ချင်းဆိုသလို ပျောက်ကွယ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် အေးစက်စက် ရေရွတ်လိုက်သော အသံ တစ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"သွေးနတ်ဆိုးနန်းတော်ရဲ့ အမှိုက်ကများ ငါ့ရှေ့မှာသောင်းကျန်းရဲတယ်.. ငါကျန်းချန်ရဲ့ အကာအကွယ်အောက်မှာ ရှိတဲ့သူတွေကို မင်းတို့ ဆံချည်တစ်မျှင်တောင် ထိဖို့ မစဥ်းစားနဲ့"

အခန်း(၁၁၁၇)ပြီး၏။

အခန်း(၁၁၁၈)

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ အရှိန်အဝါကို ပေါ့ပါးစွာ ချေဖျက်လိုက်သည်ကို မြင်လျှင် ရွှယ်ထုံ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက ကျန်းချန်ကို ခပ်ထွေထွေ စိုက်ကြည့်၍ မေးလိုက်သည်။

"မင်းက ဘယ်သူလဲ.. ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ ကိစ္စကို ဘာလို့ ဝင်ရောက်စွက်ဖက်ရတာလဲ"

"သူတို့ ငါ့ကို နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားလို့ ခေါ်တာ မင်းမကြားလိုက်ဘူးလား.. မဟာရှားနိုင်ငံက ငါ့ရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိတယ်.. မင်းမဟာရှားနိုင်ငံက လူတွေကို တိုက်ခိုက်ချင်ရင် ငါသဘောတူမတူ အရင်မေးရမယ်"

"နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားဟုတ်လား.. ကောင်လေး မင်းရဲ့ခွန်အားက မဆိုးပါဘူး.. ဒါပေမဲ့ မင်းတစ်ယောက်တည်းနဲ့ မဟာရှားနိုင်ငံကို ကာကွယ်ချင်နေတာကတော့ စိတ်ကူးယဥ်နေတာပဲ.."

ရွှယ်ထုံက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

"မင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. ချက်ချင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး အညံ့ခံလိုက် အဲဒါဆိုရင် မင်းအသက်ကို ငါချမ်းသာပေးဖို့ စဥ်းစားပေးမယ်.."

"မင်းကိုလည်း ငါ အသက်ဆယ်ရှိုက်စာ အချိန်ပြန်ပေးမယ်.. မင်းကိုယ့်ကိုယ်ကိုယ် သတ်သေလိုက် အဲဒါဆိုရင် မင်းရဲ့ခန္ဓာကိုယ် တစ်ခုလုံးကို ငါအကောင်းအတိုင်း ထားပေးမယ်"

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။

"ကောင်လေး မင်းသေချင်နေပြီလား"

ရွှယ်ထုံက ဒေါသတကြီး ရေရွတ်လိုက်သည်။

ချက်ချင်းဆိုသလို သူ၏ပုံရိပ်က သွေးအရိပ် အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ဆီသို့ လျှပ်တပြက် ရောက်ရှိသွားခဲ့သည်။

"သတိထားပါ စစ်နတ်ဘုရား.. ဒီရွှယ်ထုံက သွေးနတ်ဆိုးနန်းတော်ရဲ့ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ.. ထိုက်ရှဂိုဏ်းက လင်းထျန်းကျုံးတောင် သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"

ရွှယ်ထုံ၏ တိုက်ခိုက်မှုကို မြင်လျှင် ရှားယွမ်၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန် သတိပေးလိုက်သည်။

"ဟမ့်.. သိုင်းသခင်နယ်ပယ် တတိယအဆင့် ကျင့်ကြံသူလေးကများ ငါ့ကို ဆန့်ကျင်ရဲတယ် သွားသေလိုက်"

ကျန်းချန်က မဲ့ပြုံးပြုံးကာ အေးစက်စက်‌ ရေရွတ်လိုက်သည်။

သူက လက်ဝါးရိုက်ချက်ကို ခပ်ဖွဖွ ရိုက်ထုတ်လိုက်ရာ ချက်ချင်းဆိုသလို နေရာလွတ်ကို အကန့်အသတ်မရှိ ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားတစ်ခုသည် ရွှယ်ထုံကို ထိမှန်သွားခဲ့သည်။

ရွှယ်ထုံက အော်ဟစ်ဖို့ပင် အချိန်မရလိုက်ပေ။

သူ၏ ခန္ဓာကိုယ်သည် ကျန်းချန်၏ လက်ဝါးရိုက်ချက်အောက်တွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့ပြီး သွေးမြူများ အဖြစ် ပြောင်းလဲသွားခဲ့၏။

ဤမြင်ကွင်းကို မြင်လျှင် ရှားယွမ်တို့ လူစုသည် မှင်တက်၍ ငေးကြည့်နေခဲ့ကြပြီး အသက်ရှုရပ်မတတ် ဖြစ်သွားခဲ့သည်။

ရွှယ်ထုံ ဆိုသည်မှာ သွေးနတ်ဆိုးနန်းတော်၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူတို့ အားလုံးကို တစ်ဦးတည်းဖြင့် ရှုံးနိမ့်စေခဲ့သူ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ထိုလူကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့်ပင် ဖျက်ဆီးပစ်လိုက်၏။

ကျန်းချန်က သိုင်းသခင်နယ်ပယ်အဆင့် ခွန်အား ရှိနိုင်သည်ဟု ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း ရှားယွမ်သည် အံ့သြတုန်လှုပ်မှုကနေ ပြန်လည် သက်သာလာရန် အချိန်အတော် ယူခဲ့ရသည်။

သူတို့ မဟာရှားနိုင်ငံ၏ နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားသည် တကယ်ကို သာမန် မဟုတ်သည့် ထူးဆန်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။

"နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားရဲ့ စွမ်းရည်က တကယ်ကိုကြောက်ဖို့ ကောင်းတာပဲ.. စစ်နတ်ဘုရားသာ ကျွန်တော်တို့ကို ကူညီမယ်ဆိုရင် သွေးနတ်ဆိုးနန်းတော်က လူတွေကို မဟာရှားနိုင်ငံကနေ သေချာပေါက် မောင်းထုတ်နိုင်ပြီး နိုင်ငံကိုပြန်လည် ထူထောင်နိုင်မှာအမှန်ပဲ"

ရှားယွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

ကျန်းချန်က သူ၏ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။

"ကျွန်တော့်ကို အရင်ဆုံး ရှားရွှယ်ဆီ ခေါ်သွားပေးပါ.."

"စစ်နတ်ဘုရားကျန်းချန် ကျွန်တော် လမ်းပြပေးပါ့မယ်"

ရှားယွမ်က ထိုစကားကို ပြောလိုက်ရင်း ခွင်းယွင်တောင်တန်း၏ နက်ရှိုင်းသော နေရာဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

မကြာမီမှာပင် သူတို့လူစုသည် လျှို့ဝှက်၍ ချောင်ကျသော ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာခဲ့၏။

ထိုချိုင့်ဝှမ်းထဲတွင် ရွှေရောင်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော အစောင့် ဆယ်ယောက်ကျော်သည် ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက်ကို စောင့်ရှောက်နေခဲ့သည်။

ထိုရွှေရောင်ဝတ်ရုံဝတ် လူငယ်မှာ တခြားသူ မဟုတ်ဘဲ ကျန်းချန် တစ်ချိန်က ကူညီပေးခဲ့ဖူးသည့် မဟာရှားနိုင်ငံ၏ ဘုရင်ရှားရွှယ် ဖြစ်သည်။

ရှားရွှယ်က ချိုင့်ဝှမ်းကို ပြန်‌ရောက်လာသည့် ရှားယွမ်တို့ လူစုကို ကြည့်ကာ ရုတ်တရက် ထရပ်၍ ပြောလိုက်သည်။

"အကြီးအကဲယွမ်တို့ အဆင်ပြေခဲ့ရဲ့လား"

"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော်မျိုးတို့ အားလုံး အဆင်ပြေပါတယ်"

ရှားယွမ်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုး ဘယ်သူ့ကို ခေါ်လာခဲ့တယ်လို့ထင်လဲ"

ထိုစကားကိုကြားလျှင် ရှားရွှယ်သည် အနည်းငယ် မှင်တက်သွားသည်။

သူက ခေါင်းမော့၍ ကြည့်လိုက်ရာ သူ၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

"ကျန်း.. ကျန်းချန်လား"

သူ၏ရှေ့မှ ရင်းနှီးသော ပုံရိပ်ကိုမြင်လျှင် ရှားရွှယ်၏ မျက်နှာထက်တွင် ဝမ်းမြောက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က မတွေ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည့် သူ၏ရှေ့မှ ရွှေရောင်ဝတ်ရုံဝတ် လူငယ်ကို ကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် အပြုံးရိပ် တစ်ခုပင် ရှားရှားပါးပါး ဖြစ်ပေါ်လာခဲ့၏။

"ရှားရွှယ် ငါတို့ မတွေ့ရတာကြာပြီ.. ဘာမှ မထိခိုက်ထားဘူး မဟုတ်လား"

အခန်း(၁၁၁၈)ပြီး၏။

အခန်း(၁၁၁၉)

"ကျန်းချန် မင်းပြန်လာပြီလား.. အရမ်းကောင်းတာပဲ"

ရှားရွှယ်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် သွေးနတ်ဆိုးနန်းတော်သည် မဟာရှားနိုင်ငံကို ကြောက်မက်ဖွယ် အင်အားဖြင့် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အင်ပါယာမြို့တော်ကိုပင် သိမ်းပိုက်သွားခဲ့သည်။

ထို့ကြောင့် ရှားရွှယ်သည် အင်ပါယာမြို့တော်ကနေ ခွင်းယွင်တောင်၏ နက်ရှိုင်းသော နေရာ ဆီသို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရ၏။

ဤရက်ပိုင်းတွင် ရှားရွှယ်သည် အရာရာကို သတိထား၍ ပုန်းအောင်းနေခဲ့ရသည်။

တစ်ချိန်တည်းမှာပင် သူသည် လင်းထျန်းကျုံးက စစ်ကူများကို ခေါ်ဆောင်ကာ ပြန်လည် ရောက်ရှိမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပြီး အင်ပါယာမြို့တော်သို့ ပြန်လည် ဝင်ရောက်နိုင်မည့် အခွင့်အရေးကို မျှော်လင့်နေခဲ့သည်။

သို့သော် ထိုက်ရှဂိုဏ်းမှ စစ်ကူများ ရောက်မလာသေးခင် လွန်ခဲ့သော၂နှစ်ခန့်က ထွက်သွားခဲ့သည့် ကျန်းချန်က ပြန်ရောက်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

သူ့ကို မဟာရှားနိုင်ငံ၏ ရာဇပုလ္လင် ပေါ်သို့ တစ်ကိုယ်တော် စွမ်းဆောင်ရည်ဖြင့် ပို့ဆောင်ပေးခဲ့သည့် ဤလူငယ်ကို ရှားရွှယ်သည် အလွန်အမင်း ယုံကြည်မှုရှိခဲ့သည်။

ဆိုရလျှင် ကျန်းချန်သည် မဟာရှားနိုင်ငံ၌ မယုံကြည်နိုင်စရာ ဒဏ္ဍာရီတစ်ခုကို ချန်ရစ်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ကျန်းချန် ထွက်သွားပြီး နောက်ပိုင်းမှာပင် ရှားရွှယ်သည် ကျန်းချန်ကို မဟာရှားနိုင်ငံ၏ အမြင့်ဆုံးရာထူး ဖြစ်သည့် နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့သည်။

ထိုရာထူးသည် မဟာရှားနိုင်ငံ၏ ဘုရင်မင်းမြတ်နှင့် အဆင့်အတန်း တူညီသော ရာထူးလည်း ဖြစ်၏။

ယခု နိုင်ငံကာကွယ်သူ စစ်နတ်ဘုရား ပြန်ရောက်လာပြီ ဖြစ်ရာ မဟာရှားနိုင်ငံသည် ကယ်တင်ခြင်း ခံရပေတော့မည် မဟုတ်ပါလား။

"ငါအရင်က မဟာရှားနိုင်ငံကို နှစ်တစ်ရာ ကာကွယ်ပေးမယ်လို့ ပြောခဲ့ဖူးတယ်.. အခု မဟာရှားနိုင်ငံအခက်အခဲ ကြုံနေမှတော့ ငါဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်မှာလဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"မဟာရှားနိုင်ငံရဲ့ လက်ရှိအခြေအနေကို ပြောပြပါဦး"

"ကောင်းပြီ"

ရှားရွှယ်က ခေါင်းညိတ်လိုက်ပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို ကျန်းချန်အား အလျင်အမြန် ပြောပြလိုက်သည်။

လွန်ခဲ့သော သုံးရက်ခန့်တွင် သွေးနတ်ဆိုးနန်းတော်မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ယောက်သည် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူသုံးဦးနှင့်အတူ မဟာရှားနိုင်ငံ၏ အင်ပါယာ မြို့တော်ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ရှားရွှယ်သည် သွေးနတ်ဆိုးနန်းတော်၏ ကျင့်ကြံသူများကို အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် အင်ပါယာ မြို့တော်ကနေ ဆုတ်ခွာခဲ့ရသည်။

ယခုအခါတွင် မဟာရှားနိုင်ငံ၏ မြို့တော်ဖြစ်သည့် အင်ပါယာမြို့တော်ကို သွေးနတ်ဆိုးနန်းတော်က ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။

ယန်ဟွမ်ကျောင်းတော်ပင် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ရှားရွှယ်ကို သစ္စာခံသော အင်အားကြီး မိသားစုလေးစုမှ လူတချို့သည် သွေးနတ်ဆိုးနန်းတော်၏ သုတ်သင် ရှင်းလင်းမှုကို ခံခဲ့ရသည်။

ထို့အပြင် မဟာရှားနိုင်ငံ၏ ထောက်တိုင် ဖြစ်သော လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမနှင့် ကျန်းမိသားစု တို့သည် သွေးနတ်ဆိုး နန်းတော်၏ လက်ချက်ကြောင့် ပြင်းထန်သော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။

"ကျန်းမိသားစုက ဘယ်လိုလုပ်ပြီး ဒီစစ်ပွဲထဲမှာ ပါဝင်လာရတာလဲ"

ရှားရွှယ်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူ၏ တည်ရှိမှုကြောင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် ရှားရွှယ်ကို အမြဲတစေ အခိုင်အမာ ထောက်ခံခဲ့သူ ဖြစ်၍ သွေးနတ်ဆိုးနန်းတော်ကို အပြင်းအထန် ဆန့်ကျင် တိုက်ခိုက်ခဲ့သည်မှာ သဘာဝကျပေသည်။

သို့သော် အင်ပါယာမြို့တော်ကနေ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့် ကျန်းမိသားစုသည် သွေးနတ်ဆိုး နန်းတော်၏ တိုက်ခိုက်မှုများကို မည်ကဲ့သို့ ရင်ဆိုင်ခဲ့ရပါသနည်း။

သို့ဆိုလျှင် သွေးနတ်ဆိုးနန်းတော်သည် မဟာရှားနိုင်ငံ တစ်ခုလုံးကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။

"ဒီ၂နှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှတွေကို နိုင်ငံကာကွယ်သူစစ်နတ်ဘုရား မသိသေးဘူးကိုး.. လွန်ခဲ့တဲ့၂နှစ်က နိုင်ငံကာကွယ်သူ စစ်နတ်ဘုရား ဂုဏ်ပုဒ်ကို သတ်မှတ်ခဲ့ပြီးတဲ့နောက်မှာ ကျန်းမိသားစုက အင်ပါယာမြို့တော်ကို ပြောင်းရွှေ့လာခဲ့တယ်.. အခုဆိုရင် ကျန်းမိသားစုက အင်ပါယာမြို့တော်ရဲ့ ထိပ်တန်းမိသားစုဝင်ထဲက တစ်ခုတောင် ဖြစ်နေခဲ့ပြီ"

နံဘေးရှိ ရှားယွမ်က ဝင်ရောက် ရှင်းပြလိုက်သည်။

"ငါ နားလည်ပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒါနဲ့ သူတို့ဆီက သတင်းရော ရသေးလား"

"ကျွန်တော်တို့က အင်ပါယာမြို့တော်ကနေ လမ်းနှစ်လမ်းခွဲပြီး ထွက်ပြေးခဲ့ကြတယ်.. လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမနဲ့ ကျန်းမိသားစုက တခြားလမ်းကနေ ထွက်ပြေးခဲ့တာ ဆိုတော့ အသေးစိတ် အခြေအနေကို ကျွန်တော် မသိသေးဘူး"

ရှားရွှယ်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းထားပါတယ်.. သိပ်မကြာခင် သတင်း ပြန်ရောက်လာတော့မယ် ထင်တယ်"

ထိုအချိန်မှာပင် အပြာရောင်အလင်းစီးကြောင်း တစ်ခုသည် ကောင်းကင်ကနေ ဖြတ်သန်းလာခဲ့ပြီး အဆုံးသတ်၌ ရှားရွှယ်၏ စိတ်ထဲကို တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ရှားရွှယ်၏ မျက်နှာအမူအရာသည် အကျည်းတန်သွားခဲ့၏။

"သွေးနတ်ဆိုးနန်းတော်က တော်ဝင်မိသားစု အများအပြားနဲ့ ကျန်းမိသားစုဝင်တွေကို ဖမ်းဆီးသွားခဲ့ပြီ.. ဒီနေ့အတွင်း အင်ပါယာမြို့တော်ဆီ ငါ့ကို ပြန်လာဖို့ အမိန့်ထုတ်ထားတယ်.. ဒီလိုမှမဟုတ်ရင် သူတို့တွေအားလုံးကို လူအများရှေ့မှာ ခေါင်းဖြတ်သတ်မယ်လို့ ခြိမ်းခြောက်ထားတယ်"

"ဟမ့်.. သွေးနတ်ဆိုးနန်းတော်ရဲ့ အမှိုက်တွေကများ မဟာရှားနိုင်ငံမှာ ရမ်းကားရဲတယ်"

ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"သွားစို့.. ငါနဲ့အတူ အင်ပါယာမြို့တော်ကို ပြန်သွားကြရအောင်.. သူတို့သာ ကျန်းမိသားစုရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိခိုက်အောင်လုပ်ရဲရင် သူတို့ သွေးနတ်ဆိုးနန်းတော်က လူတွေကို အမှုန့်ကြိတ်ပစ်မယ်"

အခန်း(၁၁၁၉)ပြီး၏။

All Chapters