အခန်း (၁၁၂၀-၁၁၂၂)
Vol. 75 Ch. 1120-1122
အခန်း(၁၁၂၀)
သွေးနတ်ဆိုးနန်းတော် ဝင်ရောက် ကျူးကျော်ပြီး သုံးရက်မြောက်နေ့ကစ၍ မဟာရှားနိုင်ငံ၏ ခမ်းနားထည်ဝါပြီး အစည်ကားဆုံးမြို့ ဖြစ်သည့် အင်ပါယာမြို့တော်သည် ရုတ်တရက် ငရဲကျသကဲ့သို့ ပွက်လောရိုက်သွားခဲ့သည်။
ထိုနေ့က သွေးနတ်ဆိုးနန်းတော်၏ တိုက်ခိုက်မှုအောက်တွင် မဟာရှားနိုင်ငံ၏ အင်အားကြီးမားသော ကျင့်ကြံသူများသည် ပြန်လည် တိုက်ခိုက်ရန် အင်အားပင် မရှိခဲ့ပေ။
မဟာရှားနိုင်ငံဘက်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုတိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီး ဧကရာဇ်ရှားရွှယ်ပင် သေသည်ရှင်သည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။
သွေးနတ်ဆိုး နန်းတော်သည် အင်ပါယာမြို့တော်ကို သိမ်းပိုက်ပြီးနောက်တွင် ရက်စက်စွာပြုမူခဲ့ပြီး ပြည်သူလူထု၏ သွေးဖြင့် သွေးလမ်းစဥ်ကို ကျင့်ကြံခဲ့ကြသည်။
အင်ပါယာမြို့တော်ရှိ အဓိကမိသားစုကြီး လေးစုထဲမှ မုန့်မိသားစု ဦးဆောင်သော အင်အားစုများသည် သွေးနတ်ဆိုးနန်းတော်ထံ ခိုလှုံခဲ့ကြပြီး သွေးနတ်ဆိုးနန်းတော်၏ လက်ပါးစေများ ဖြစ်လာခဲ့ကာ အင်ပါယာမြို့တော်မှ ရှားရွှယ်၏ အင်အားစုများကို ရှင်းလင်းရေး လုပ်ရာတွင် သွေးနတ်ဆိုး နန်းတော်ကို ကူညီခဲ့ကြသည်။
ထိုနေ့က အင်ပါယာမြို့တော်သည် သွေးနံ့များဖြင့် ပြည့်နှက်သွားခဲ့၏။
သုံးရက် ကုန်လွန်သွားသည့်တိုင် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်တွင် ပြင်းထန်သော သွေးနံ့များသည် လေထုတွင် ဖုံးလွှမ်းနေဆဲ ဖြစ်၏။
မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော် တောင်ဘက် ဂိတ်တံခါးတွင် မုန့်မိသားစုခေါင်းဆောင် မုန့်ကျန်းရှန် ဦးဆောင်သော သွေးနတ်ဆိုးနန်းတော်၏ လက်ပါးစေအားလုံးသည် စုဝေးနေကြသည်။
သူတို့၏ နောက်တွင် သွေးများစွန်းပေနေသော လူတစ်စုသည် မြေပြင်ပေါ်တွင် မှိုင်တွေစွာဖြင့် ထိုင်နေခဲ့ကြသည်။
ကျန်းချန်သည် ဤနေရာတွင် ရှိနေလျှင် ထိုလူများကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်မည်မှာ သေချာ၏။
၎င်းတို့မှာ အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်၊ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ ယွဲ့ယန်ကျိုး၊ ကျန်းမိသားစု၏ အကြီးအကဲ ကျန်းခိုင်နှင့် သွေးမိစ္ဆာတို့ ဖြစ်ကြသည်။
ဤလူများသည် မဟာရှားနိုင်ငံတွင် တစ်ချိန်က နာမည်ကြီးခဲ့သောလူများ ဖြစ်သော်လည်း ယခုအခါတွင် ၎င်းတို့အားလုံးသည် သွေးနတ်ဆိုးနန်းတော်၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
"မုန့်ကျန်းရှန်.. မင်းက မုန့်မိသားစု ခေါင်းဆောင် ဖြစ်ပြီး မဟာရှားနိုင်ငံကို သစ္စာဖောက်ခဲ့တယ်.. မဟာရှားနိုင်ငံရဲ့ နံပါတ်တစ် သိုင်းမိသားစုရဲ့ ခေါင်းဆောင်က သွေးနတ်ဆိုးနန်းတော်ရဲ့ လက်ပါးစေခွေး ဖြစ်လာဖို့ ဆန္ဒရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ယွဲ့ယန်ကျိုးက မုန့်ကျန်းရှန်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ရေရွတ်လိုက်သည်။
သူက ယခုအခါတွင် အကျဥ်းသား ဖြစ်နေသော်လည်း မုန့်ကျန်းရှန်ကို ကြည့်နေသည့် သူ၏ အကြည့်သည် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ယွဲ့ယန်ကျိုး.. လူထုနဲ့ အမတ်တွေက ဘုရင်ကို ရွေးသလို ငှက်တွေကလည်း သစ်ပင်ကောင်းမှာ နေဖို့ ရွေးချယ်ကြတယ်.. ဒီနေ့ခေတ်မှာ သွေးနတ်ဆိုးနန်းတော်က အရမ်းကို အင်အားကြီးမားနေခဲ့ပြီ.. သွေးနတ်ဆိုးနန်းတော်မှာ ခိုလှုံတာက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ.. မင်းက လက်ရှိအခြေအနေကို ဘာလို့ နားမလည်ရတာလဲ"
မုန့်ကျန်းရှန်က ခေါင်းခါလိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
"မုန့်ကျန်းရှန် အပျော်မစောနဲ့ဦး.. လင်းထျန်းကျုံးက ထိုက်ရှဂိုဏ်းကို ပြန်သွားခဲ့ပြီ.. သိပ်မကြာခင် ထိုက်ရှဂိုဏ်းက ကျင့်ကြံသူတွေနဲ့ အတူ သေချာပေါက်ပြန်ရောက်လာလိမ့်မယ်.. အဲဒီအချိန်ကျရင် မင်းရဲ့ မုန့်မိသားစုက အဆုံးသတ်ကောင်းနိုင်မှာ မဟုတ်ဘူး"
ကျန်းခိုင်က တည်ကြည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ထိုက်ရှဂိုဏ်း ဟုတ်လား"
မုန့်ကျန်းရှန်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။
"ထိုက်ရှဂိုဏ်းက ကျင့်ကြံသူတွေ ကယ်တင်မှာကို စောင့်နေတယ် ဆိုရင်တော့ မင်းတို့တွေ စိတ်ပျက်ရလိမ့်မယ်.. သွေးနတ်ဆိုးနန်းတော်က မဟာရှားနိုင်ငံကို ကျူးကျော်ရဲတယ် ဆိုမှတော့ ဘယ်လိုလုပ်ပြီး ကြိုတင် မပြင်ဆင်ထားဘဲ ရှိပါ့မလဲ"
သူက သွေးနတ်ဆိုးနန်းတော်၏ အကြီးအကဲများဆီကနေ သတင်းရထားခဲ့သည်။
သွေးနတ်ဆိုးနန်းတော်၏ မဟာအုပ်ထိန်းသူသုံးဦးထဲမှ တစ်ဦးဖြစ်သည့် သွေးအရိပ်အရှင်သခင်သည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်ကို ဦးဆောင်၍ ထိုက်ရှဂိုဏ်းကို ရှင်းလင်းရန် သွားရောက်နေပြီ ဖြစ်၏။
ယခုအခါတွင် ထိုက်ရှဂိုဏ်းသည် သူ့ကိုယ်သူပင် မကာကွယ်နိုင်သည် ဖြစ်ရာ မဟာရှားနိုင်ငံမှ ကိစ္စများကို မည်ကဲ့သို့ဂရုစိုက်နိုင်ပါအံ့နည်း။
လက်ရှိအခြေအနေတွင် သွေးနတ်ဆိုးနန်းတော်၏ မြောက်ပိုင်းတောရိုင်းဒေသတွင် ပြန်လည်ပေါ်ထွက်လာခြင်းကို မည်သည့်အင်အားစုကမှ တားဆီးနိုင်မည် မဟုတ်တော့ပေ။
ထို့ကြောင့် သူတို့ မုန့်မိသားစု အနေဖြင့် သွေးနတ်ဆိုး နန်းတော်တွင် ခိုလှုံရန် ရွေးချယ်ခြင်းသည် သံသယဖြစ်ဖွယ်ရာ မရှိ အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်။
ဤသည်က မုန့်မိသားစုကို အကာအကွယ် ဖြစ်ရုံသာမက သွေးနတ်ဆိုးနန်းတော်၏ မဟာရှားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်လာစေခဲ့ပြီး မဟာရှားနိုင်ငံ တစ်ခုလုံးကို မုန့်မိသားစု၏ ထိန်းချုပ်မှုအောက်တွင် ရှိလာစေမည် ဖြစ်၏။
ထိုအချိန်သို့ ရောက်လျှင် မုန့်မိသားစုသည် မဟာရှားနိုင်ငံတွင် ဧကရာဇ် ကဲ့သို့သြဇာရှိပြီး လူတစ်ဦး၏အောက် လူတစ်သောင်း၏ အထက်တွင် တည်ရှိလိမ့်မည် မဟုတ်ပါလား။
"အချိန်က ကပ်လာပြီ.. နောက်ထပ် နာရီဝက်လောက် ထပ်စောင့်မယ်.. ရှားရွှယ်နဲ့ အပေါင်းအပါတွေ မပေါ်လာဘူးဆိုရင်တော့ ဒီလူတွေ အကုန်လုံးကို သတ်ပစ်မယ်"
မုန့်ကျန်းရှန်က ယွဲ့ယန်ကျိုးနှင့် တခြားသူများ၏ အပြစ်တင်မှုကို လျစ်လျူရှုလိုက်ပြီး သူ၏နောက်မှ မုန့်မိသားစု၏ ကျင့်ကြံသူများကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
သူက သွေးနတ်ဆိုးနန်းတော်၏ လက်ပါးစေဖြစ်ရန် ရွေးချယ်ခဲ့ပြီဖြစ်ရာ အရည်အချင်း ပြည့်မီသော လက်ပါးစေ ဖြစ်ရန် ဆုံးဖြတ်ထားခဲ့သည်။
ယနေ့တွင် သူက သွေးနတ်ဆိုးနန်းတော် အတွက် အတားအဆီးအားလုံးကို ဖယ်ရှားပြီး မဟာရှားနိုင်ငံကို လုံးဝ ထိန်းချုပ်ပစ်မည် ဖြစ်၏။
အခန်း(၁၁၂၀)ပြီး၏။
အခန်း(၁၁၂၁)
"မုန့်ကျန်းရှန် မင်းက ငါတို့ကို ဧကရာဇ်ရှားကို မျှားဖို့အတွက် ငါးစာအဖြစ် အသုံးပြုချင်တာလား.. မင်းရဲ့စိတ်ကူးကို ရပ်တန့်လိုက်ဖို့ ငါအကြံပေးချင်တယ်.. ဧကရာဇ်ရှားက ပေါ်လာမှာ မဟုတ်ဘူး.. မင်းမှာ အစွမ်းရှိရင် ငါတို့ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်"
"သိပ်မကြာခင်မှာ ဧကရာဇ်ရှားက စစ်ကူတွေခေါ်လာပြီး မဟာရှားနိုင်ငံကို ပြန်လည် ထူထောင်လိမ့်မယ်"
မုန့်ကျန်းရှန်၏ စကားကို ကြားပြီးနောက်တွင် ကျန်းခိုင်နှင့်တခြားသူများ၏ မျက်နှာအမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး မုန့်ကျန်းရှန်ကို ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ရှားရွှယ်က မဟာရှားနိုင်ငံကို ပြန်လည် ထူထောင်နိုင်မယ်လို့ မင်းတို့တွေက ထင်နေတာလား"
မုန့်ကျန်းရှန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"သူက ကလေးပဲ ရှိပါသေးတယ်.. အဲဒီအချိန်တုန်းက ကံတရားသာ မကောင်းခဲ့ရင် ထီးနန်းက သူ့ရဲ့ အလှည့်တောင် ရောက်လိုက်မှာ မဟုတ်ဘူး.."
"ဟားဟား.. မုန့်ကျန်းရှန် မင်းပြောတာအမှန်ပဲ.. ဧကရာဇ်ရှားက တကယ်ပဲ ကံကောင်းခဲ့တယ်.. သူက ငါတို့ ကျန်းမိသားစုခေါင်းဆောင်နဲ့ တွေ့ပြီး မဟာရှားနိုင်ငံရဲ့ ရာဇပုလ္လင်ပေါ်ကို တက်နိုင်ခဲ့တယ်"
"ငါတို့ ကျန်းမိသားစုခေါင်းဆောင်က မဟာရှားနိုင်ငံရဲ့ နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားပဲ.. ဧကရာဇ်ရှားက ငါတို့ခေါင်းဆောင်ကို ရှာတွေ့နိုင်သရွေ့ သူက အင်ပါယာမြို့တော်ကို သေချာပေါက်ပြန်လာပြီး မင်းတို့ သွေးနတ်ဆိုးနန်းတော်ကို နှင်ထုတ်လိမ့်မယ်"
ကျန်းခိုင်က ယုံကြည်မှုအပြည့်ဖြင့် ရယ်မောကာ ပြောလိုက်သည်။
နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားကျန်းချန်။
ကျန်းခိုင်၏ စကားထဲမှ နာမည်ကိုကြားလျှင် မုန့်ကျန်းရှန်၏ မျက်လုံးများသည် အနည်းငယ် ရီဝေသွားခဲ့သည်။
ဤနာမည်နှင့် ပတ်သက်၍ မှတ်ဥာဏ်ထဲတွင် ယခုအချိန်ထိ လတ်ဆတ်နေဆဲပင်။
ထိုအချိန်က ကျန်းချန်သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသော်လည်း သူတစ်ဦးတည်းဖြင့် မုန့်မိသားစုမှ လူများကို ဦးညွှတ်အောင် ဖိအားပေးနိုင်ခဲ့သည်။
ကျန်းချန်သည် တစ်ကိုယ်တော်အင်အားဖြင့် ရှားရွှယ်ကို မဟာရှားနိုင်ငံ၏ ရာဇပုလ္လင်ကို တက်ရန် ကူညီပေးခဲ့ပြီး မဟာရှားနိုင်ငံတွင် ကျော်ကြားခဲ့သူဖြစ်သည်။
နောက်ပိုင်းတွင် ကျန်းချန်သည် ထိုက်ရှဂိုဏ်းကို ဝင်ရောက်သွားခဲ့ပြီး ပြန်ရောက်လာသော အခါတွင်လည်း သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် အင်အားကြီးမားသော ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။
သူက ဧကရာဇ်ရှားရွှယ်ကို ပုန်ကန်ခဲ့သည့် ရှားလင်းအား နှိမ်နင်းပေးခဲ့၍ ဧကရာဇ်ရှားရွှယ်သည် ကျန်းချန်ကို နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့သည်။
ထိုနောက်ပိုင်းတွင် ကျန်းချန်သည် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းတွင် နာမည်ကျော်ကြားခဲ့သည်။
၎င်းက မြောက်ပိုင်းတောရိုင်း ဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ပါရမီရှင် များစွာကို ကျော်ဖြတ်နိုင်ခဲ့ပြီး လူငယ်မျိုးဆက်၏ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ထို့အပြင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် ကျန်းချန်ကို တပည့်အဖြစ် လက်ခံခဲ့သည်။
ယခုအခါတွင် ကျန်းချန် ထွက်သွားခဲ့သည်မှာ ၂ နှစ်နီးပါး ရှိလာခဲ့ချေပြီ။
နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ၏ လမ်းညွှန်မှုအောက်တွင် ဤကောင်လေး မည်မျှ ကြောက်စရာကောင်းသည်အထိ ကြီးထွားလာနိုင်မလဲ ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
ကျန်းခိုင်ပြောသလို ရှားရွှယ်က ကျန်းချန်ကို တကယ်ပဲ ဆက်သွယ်နိုင်ခဲ့လျှင် အနည်းငယ် ပြဿနာ ရှိလိမ့်မည်မှာ သေချာ၏။
"ကျန်းခိုင်.. ငါ့ရှေ့မှာလာပြီး ကျန်းချန်နဲ့ လာခြိမ်းခြောက် မနေနဲ့.. မင်းတို့ကျန်းမိသားစုရဲ့ခေါင်းဆောင် ကျန်းချန်က လွန်ခဲ့တဲ့တစ်နှစ်ကျော်ကျော်လောက်ကတည်းက မြောက်ပိုင်းတောရိုင်းဒေသကနေ ပျောက်ကွယ်သွားခဲ့တယ်.. အဲဒီကတည်းကစပြီး သူရဲ့သတင်းကို ဘယ်သူမှမရတော့ဘူး.. ရှားရွှယ်သာ သူ့ကို ဆက်သွယ်နိုင်ခဲ့ရင် ဘာလို့အခုထိ မလှုပ်ရှားဘဲနေမှာလဲ.. ကြည့်ရတာ မင်းတို့ ကျန်းမိသားစုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မဟာရှားနိုင်ငံရဲ့ နိုင်ငံကာကွယ်သူ စစ်နတ်ဘုရားကလည်း ငါတို့ကို ကြောက်လို့ အမှောင်ထဲမှာ လိပ်လိုပုန်းအောင်းနေပြီလား မသိဘူး"
မုန့်ကျန်းရှန်က လှောင်ပြောင်သရော်၍ ပြောလိုက်သည်။
ယခုအခါတွင် မုန့်မိသားစုသည် သွေးနတ်ဆိုးနန်းတော် ထံတွင် ခိုလှုံဖို့ ရွေးချယ်ခဲ့ပြီ ဖြစ်ရာ သူအနေဖြင့် နောက်ဆုတ်၍ မရတော့ပေ။
ကျန်းချန်သည် မြောက်ပိုင်းတောရိုင်း ဒေသကနေ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်ရာ ကျန်းခိုင်နှင့် တခြားသူများ ပြောသလို ရှားရွှယ်က ကျန်းချန်ကို ဆက်သွယ်နိုင်လိမ့်မည်ဟု သူအမှန်တကယ် မယုံကြည်ပေ။
"မုန့်ကျန်းရှန်.. အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့လိပ် ဆိုတာ ဘယ်သူ့ကို ပြောတာလဲ"
မုန့်ကျန်းရှန်၏ စကားသံ အဆုံးသတ်သည်နှင့် ကောင်းကင်ကနေ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မုန့်ကျန်းရှန်က တအံ့တသြဖြင့် မော့ကြည့်လိုက်ရာ လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်သော ဟန်ပန်ဖြင့် လေထဲတွင် ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို တွေ့မြင်လိုက်ရသည်။
ထိုလူငယ်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် မုန့်ကျန်းရှန်တို့ လူစုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ထိုလူငယ်၏ အေးစက်သောအသံသည် ပတ်ဝန်းကျင်တွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။
"မုန့်ကျန်းရှန်.. မင်းတို့မုန့်မိသားစုက အတင့်ရဲလှချည်လား.. မဟာရှားနိုင်ငံကို သစ္စာဖောက်ပြီး သွေးနတ်ဆိုးနန်းတော်နဲ့တောင် ပူးပေါင်းရဲတယ်.. မဟာရှားနိုင်ငံက ငါကျန်းချန်ရဲ့အကာအကွယ်အောက်မှာ ရှိတယ်ဆိုတာ မင်းမသိဘူးလား မဟာရှားနိုင်ငံမှာ သောင်းကျန်းရဲတဲ့လူတွေ အကုန်လုံး ဒီနေ့သေရမယ်.."
"ခေါင်းဆောင်.."
"ညီလေးကျန်းချန်.."
"ညီနောင်ကျန်းချန်.."
လေထုထဲမှ ရင်းနီးသောပုံရိပ်ကို မြင်လျှင် ကျန်းခိုင်၊ ယန်ချင်းရွှယ်၊ ယွဲ့ယန်ကျိုးနှင့် တခြားသူများ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အခန်း(၁၁၂၁)ပြီး၏။
အခန်း(၁၁၂၂)
"ဟားဟား.. မုန့်ကျန်းရှန်.. မင်းက သွေးနတ်ဆိုးနန်းတော် ထံမှာ ခိုလှုံပြီး သူတို့ရဲ့ လက်ပါးစေခွေး ဖြစ်လာတာနဲ့ အရာအားလုံးကို ပိုင်ဆိုင်ပြီလို့ ထင်နေတယ် မဟုတ်လား.. မင်းလို လူယုတ်မာရဲ့ အကြံအစည်က ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးဆိုတာ ငါကြိုသိသားပဲ"
လေထုထဲရှိ ကျန်းချန်ကိုမြင်လျှင် ကျန်းခိုင်သည် အလွန်ပင် စိတ်လှုပ်ရှားကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ယခု သူတို့ ကျန်းမိသားစု၏ ခေါင်းဆောင် ပြန်ရောက်လာပြီ ဖြစ်သည်။
မဟာရှားနိုင်ငံနှင့် မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးတွင် ဒဏ္ဍာရီများ တစ်ခုပြီးတစ်ခု ဖန်တီးခဲ့သည့် ပြိုင်ဘက်ကင်းပါရမီရှင်သည် အဆုံးသတ်တွင် ပြန်ရောက်လာချေပြီ။
ဤအခိုက်အတန့်တွင် ကျန်းခိုင်၏ တင်းမာနေသော စိတ်နှလုံးသည် လုံးဝ ပြေလျော့သွားခဲ့သည်။
ကျန်းချန်၏ ကောင်းကင်ကိုပင် ဆန့်ကျင်ပြီး တိုးတက်လာမှုများကို မြင်တွေ့ခဲရပြီး ကတည်းကပင် ကျန်းချန် လုပ်ဆောင်သမျှ အရာအားလုံးသည် ကျန်းခိုင်ကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ပေ။
ကျန်းခိုင်၏ မျက်လုံးထဲတွင် လေထုထဲရှိ ပိန်ပါးပါး ပုံရိပ်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ထိန်းထားနိုင်သည့် ထောက်တိုင် တစ်တိုင်ကဲ့သို့ပင်။
ကျန်းချန်ရှိနေသရွေ့ သူအရာအားလုံးကို စိတ်မပူတော့ပေ။
ကျန်းမိသားစုနှင့် မဟာရှားနိုင်ငံသည် သေချာပေါက် ကယ်တင်ခံရလိမ့်မည် ဖြစ်၏။
"ကျန်းချန်လား"
လေထုထဲမှ ကျန်းချန်ကို ကြည့်ရင်း မုန့်ကျန်းရှန်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
မြောက်ပိုင်းတောရိုင်း ဒေသတွင် တစ်နှစ်ကျော်ကျော် ပျောက်ကွယ်သွားခဲ့သည့် ဤကောင်လေးသည် ဤအချိန်တွင် မဟာရှားနိုင်ငံကို ပြန်ရောက်လာလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။
မုန့်ကျန်းရှန်က အံ့အားသင့်သွားသော်လည်း အလွန်အမင်း မကြောက်ရွံ့ခဲ့ပေ။
ကျန်းချန်က မည်မျှပင် ပါရမီရှိသည်ဖြစ်စေ၊ တစ်နှစ်ကျော်ကျော် အချိန်အတွင်း သိုင်းသခင်နယ်ပယ်အဆင့် ခွန်အားကိုသာ ပိုင်ဆိုင်နိုင်လိမ့်မည်သာ ဖြစ်၏။
မုန့်ကျန်းရှန်သည် လွန်ခဲ့သော သုံးလခန့် ကတည်းကပင် သွေးနတ်ဆိုးနန်းတော်ထံ လျှို့ဝှက်စွာခိုလှုံခဲ့၍ သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်က နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့မှန်း သိထားခဲ့သည်။
ထို့အပြင် သွေးနတ်ဆိုးနန်းတော်၏ အင်အားကြီးမားသော ပုဂ္ဂိုလ်များသည် အင်ပါယာမြို့တော်တွင် ရှိနေခဲ့ကြသည်။
ထိုအထဲတွင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ပါဝင်၏။
ကျန်းချန်က သိုင်းသခင် နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင်ပင် ဘာမှတတ်နိုင်မည် မဟုတ်ဟု သူထင်ခဲ့သည်။
"မုန့်ကျန်းရှန်.. မင်းကို သွေးနတ်ဆိုးနန်းတော်ရဲ့ လူတွေက ဒီဧကရာဇ်ကို မျှားခေါ်ခိုင်းခဲ့တယ် မဟုတ်လား.. အခု ဒီဧကရာဇ် ပြန်ရောက်လာခဲ့ပြီ.. မင်းဘာဆက်လုပ်မှာလဲ"
ထိုအချိန်တွင် ရှားရွှယ်သည် ရှားယွမ်နှင့် တခြားသူများ၏ စောင့်ရှောက်မှုဖြင့် အင်ပါယာမြို့တော်ဆီသို့ ရောက်ရှိလာခဲ့သည်။
"ရှားရွှယ်.. ကျန်းချန်ရဲ့ အကူအညီလေး ရတာနဲ့ပဲ အင်ပါယာမြို့တော်ကို ပြန်ရနိုင်မယ်လို့ မင်းထင်နေလား"
မုန့်ကျန်းရှန်က ရှားရွှယ်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
"သွေးနတ်ဆိုးနန်းတော်ရဲ့ အထက်က လူတွေက ငါ့ကို အမိန့်ပေးထားတယ်.. မင်းသာ သူတို့ကို အညံ့ခံဖို့ ဆန္ဒရှိမယ်ဆိုရင် မင်းက မဟာရှားနိုင်ငံရဲ့ ဧကရာဇ် အဖြစ် ဆက်လက်ရှိနေနိုင်သေးတယ်"
သွေးနတ်ဆိုးနန်းတော်သည် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ကို ထိန်းချုပ်ခဲ့သော်လည်း မဟာရှားနိုင်ငံ တစ်ခုလုံးကို ထိန်းချုပ်ရန် မလွယ်ကူပေ။
သို့ဖြစ်၍ သူတို့သည် ရှားရွှယ်ကို ရုပ်သေးအဖြစ် အသုံးချရန် စိတ်ကူးခဲ့ကြသည်။
ရှားရွှယ်ကို ထိန်းချုပ်ပြီး မဟာရှားနိုင်ငံကို အုပ်ချုပ်ခြင်းသည် သူတို့အတွက် ပို၍ လွယ်ကူလိမ့်မည် မဟုတ်ပါလား။
ရှားရွှယ်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
"ဒီဧကရာဇ်ကို သွေးနတ်ဆိုးနန်းတော်ရဲ့ ရုပ်သေး ဖြစ်စေချင်တာလား.. အိပ်မက်သာမက်နေလိုက်"
ထိုစကားကိုကြားလျှင် မုန့်ကျန်းရှန်၏ အမူအရာသည် အေးစက်သွားခဲ့သည်။
"ရှားရွှယ်.. မင်းကို သွေးနတ်ဆိုးနန်းတော်က ဧကရာဇ် ရှားရွှယ်အဖြစ် ဆက်လက် တည်ရှိနေခွင့်နဲ့ ကမ်းလှမ်းတာက မင်းအတွက် ဂုဏ်ယူစရာပဲ.. မင်းက အခြေအနေကို နားမလည်ဘဲ ဝိုင်ကောင်းကို မသောက်ချင်ဘူးကိုး"
"မုန့်ကျန်းရှန်.. မင်းတို့ မုန့်မိသားစုက မဟာရှားနိုင်ငံကို သစ္စာဖောက်ပြီး သွေးနတ်ဆိုး နန်းတော်နဲ့ ပူးပေါင်းခဲ့တယ်.. မင်းရဲ့ အပြစ်တွေက လုံးဝ ခွင့်မလွှတ်နိုင်စရာပဲ.. ချင်းရွှယ်ရဲ့မျက်နှာကို ထောက်ထားပြီး မင်းကိုငါ သတိပေးလိုက်မယ်.. အခုအချိန်ကစပြီး မဟာရှားနိုင်ငံကနေ မင်းတို့ မုန့်မိသားစုက ချက်ချင်း ထွက်သွားမယ်ဆိုရင် မင်းတို့ မုန့်မိသားစုရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါစဥ်းစားပေးမယ်.. မင်းအခုချိန်ထိ မိုက်လုံးဆက်ကြီးနေမယ် ဆိုရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့"
ကျန်းချန်က မုန့်ကျန်းရှန်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
"ကျန်းချန်.. မင်းငါ့ရှေ့မှာ မာန်တက်မနေနဲ့.. မဟာရှားနိုင်ငံကို မင်းအပိုင်များ ထင်နေလား.. အခုအချိန်မှာ သွေးနတ်ဆိုးနန်းတော်က မဟာရှားနိုင်ငံကို အုပ်ချုပ်ထားတယ် ဆိုတာ မင်းနားလည်ရဲ့လား.. ငါမထွက်သွားတော့ရော မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"
မုန့်ကျန်းရှန်က ခနဲ့၍ ပြောလိုက်သည်။
ကျန်းချန်က လေထဲတွင် လက်ပိုက်၍ ရပ်နေခဲ့သည်။
သူ၏အမူအရာက အလွန်အမင်း တည်ငြိမ်မှုရှိနေခဲ့၏။
"ကောင်းပြီလေ.. မင်းက သွေးနတ်ဆိုးနန်းတော်ရဲ့ လက်ပါးစေခွေး ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ ဒီနေ့ကစပြီး မင်းတို့ မုန့်မိသားစုကို မဟာရှားနိုင်ငံကနေ အပြီးအတိုင် ဖယ်ရှားပစ်မယ်"
အခန်း(၁၁၂၂)ပြီး၏။