အခန်း (၁၁၂၃-၁၁၂၅)
Vol. 75 Ch. 1123-1125
အခန်း(၁၁၂၃)
"ဒီနေ့ကစပြီး မင်းတို့ မုန့်မိသားစုကို မဟာရှားနိုင်ငံကနေ အပြီးအတိုင် ဖယ်ရှားပစ်မယ်"
ကျန်းချန်၏စကားကိုကြားလျှင် မုန့်ကျန်းရှန်း အပါအဝင် မုန့်မိသားစု၏ ကျင့်ကြံသူများသည် ချက်ချင်းဆိုသလို ဒေါသထွက်သွားခဲ့ကြသည်။
"ဟမ့်.. သေခြင်းတရားက အနားမှာ ရှိနေတာတောင် ဆက်ပြီးတော့ မာန်တက်နေရဲသေးတယ်"
မုန့်မိသားစုမှ ကျင့်ကြံသူ တစ်ဦးက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
"မင်းတို့တွေ အခြေအနေကို သဘောပေါက်ရင် ချက်ချင်း ဒူးထောက်ပြီး အညံ့ခံလိုက်ပါ ဒီလိုမှ မဟုတ်ရင်တော့.."
မုန့်မိသားစုမှ အကြီးအကဲ၏ စကားမဆုံးသေးခင်မှာပင် ကျန်းချန်သည် လက်ညိုးကို လှုပ်ရှားလိုက်သည်။
ထိုအခါ ထက်ရှသော ဓားစွမ်းအင်သည် လေထုကို ချက်ချင်းဆိုသလို ထွင်းဖောက်သွားခဲ့ပြီး မုန့်မိသားစု အကြီးအကဲ၏ ရှေ့တွင် ရိပ်ခနဲပေါ်လာခဲ့သည်။
မုန့်မိသားစု အကြီးအကဲ မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် ဓားစွမ်းအင်သည် သူ၏ နဖူးအလယ်တည့်တည့်ကို ထိုးဖောက်သွားခဲ့ပြီး နီးစွေးသော သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့ပြီး သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော ထိတ်လန့်သည့် အရိပ်အယောင်များ ထင်ဟပ်၍ ကျန်နေခဲ့သည်။
"မင်းတို့လို မလောက်လေး မလောက်စားတွေက ငါ့ကို ဒူးထောက် အညံ့ခံခိုင်းဖို့ ထိုက်တန်မှု ရှိတယ်များ ထင်နေလား"
မုန့်မိသားစုမှ အကြီးအကဲကို လက်ညိုးတစ်ချောင်း အသာအယာ လှုပ်ရှားရုံဖြင့် အလွယ်တကူ သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် အောက်ဘက်ရှိ လူများကို ငုံ့ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရား ဆီမှ အရှိန်အဝါကို ရင်ဆိုင်ရသကဲ့သို့ ကြောက်မက်ဖွယ် ဖိအားများသည် မုန့်မိသားစုမှ လူများကို လွှမ်းခြုံသွားခဲ့သည်။
"ဒီကောင်လေး"
မုန့်ကျန်းရှန်နှင့် တခြားသူများသည် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးများ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုကောင်လေးသည် လက်ညိုးတစ်ချောင်းကို အသာအယာလှုပ်ရှားရုံဖြင့်ပင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူကို အလွယ်တကူပင် သတ်ပစ်လိုက်၏။
မြောက်ပိုင်းတောရိုင်း ဒေသကနေ တစ်နှစ်ကျော်ကျော် ပျောက်ကွယ်သွားခဲ့သော ဤကောင်လေးသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုအထိ ကြီးထွားလာခဲ့ချေပြီ။
"ကျန်းချန် မင်းတကယ် အတင့်ရဲတာပဲ.. ငါ့ရဲ့ရှေ့မှာတောင် ငါတို့ မုန့်မိသားစု အကြီးအကဲကို သတ်ဖြတ်ရဲတယ်.. မင်းမှာဘယ်လောက်ပဲ အစွမ်းရှိရှိ ဒီနေ့ မဟာရှားနိုင်ငံရဲ့ အင်ပါယာမြို့တော်က မင်းရဲ့သင်္ချိုင်းမြေ ဖြစ်စေရမယ်"
မုန့်ကျန်းရှန်က ဒေါသတကြီး ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးထက်တွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"ဒီကောင်လေးကို သတ်ကြ"
မုန့်မိသားစုသည် သွေးနတ်ဆိုးနန်းတော်ကို ခိုလှုံဖို့ ရွေးချယ်ခဲ့သည့် အချိန်ကစပြီး နောက်ဆုတ်စရာလမ်း မရှိတော့ပေ။
မုန့်မိသားစုသည် မဟာရှားနိုင်ငံတွင် အခြေချချင်လျှင် ကျန်းချန်ကို ကျိန်းသေ သတ်ပစ်ရမည် မဟုတ်ပါလော။
"ကျန်းချန် သွားသေလိုက်တော့.."
မုန့်ကျန်းရှန်၏ အမိန့်ကိုရသည်နှင့် သူ၏နောက်မှ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် အကြီးအကဲလေးဦး၏ အရှိန်အဝါသည် အစွမ်းကုန် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ၎င်းတို့ထံမှ ကြမ်းတမ်းပြီး ရုန့်ရင်းသော အရှိန်အဝါများ ပါဝင်သည့် စွမ်းအင်များသည် ကျန်းချန်ဆီသို့ ပြင်းထန်စွာ ရောက်ရှိလာခဲ့သည်။
လွန်ခဲ့သောသုံးလခန့်က သွေးနတ်ဆိုးနန်းတော်နှင့် ပူးပေါင်းပြီးနောက်တွင် မုန့်မိသားစု၏ ခွန်အားသည် သွေးနတ်ဆိုးနန်းတော်၏ အကူအညီဖြင့် များစွာ တိုးတက်လာခဲ့သည်။
ခေါင်းဆောင်ဖြစ်သည့် မုန့်ကျန်းရှန်သည် သိုင်းသခင်နယ်ပယ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ရုံသာမက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ အရေအတွက်သည်လည်း ဆယ်ဂဏန်းကျော်သည် အထိ ရောက်ရှိလာခဲ့သည်။
အထူးသဖြင့် ဤအုပ်စုကို ဦးဆောင်သည့် အကြီးအကဲ လေးဦးစလုံးသည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သွေးနတ်ဆိုးနန်းတော်က မုန့်မိသားစုကို ဤကဲ့သို့ကြီးမားလှသည့် အကျိုးကျေးဇူးများကို ပေးစွမ်းခဲ့သောကြောင့် မုန့်ကျန်းရှန်သည် မုန့်မိသားစုကို သွေးနတ်ဆိုးနန်းတော်သို့ ခေါ်ဆောင်ရန် တွန့်ဆုတ်မနေခဲ့ပေ။
"ဟားဟား.. သွေးလမ်းစဥ်ရဲ့ လျှို့ဝှက်နည်းလမ်းတွေ အပေါ် အားကိုးပြီး စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ကို ရောက်ရှိလာတဲ့ အမှိုက်လေးတွေကများ ငါ့ကို သတ်ချင်နေသေးတယ်"
သူ့ကို သတ်ပစ်ရန် ကြိုးစားနေသည့် မုန့်မိသားစု၏ အကြီးအကဲ လေးဦးကို ကြည့်ရင်း ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ထို့နောက်တွင် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ထက်ရှသော ဓားအလင်းသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး အရှေ့ဆုံးရှိ အကြီးအကဲ၏ နဖူးကို ချက်ချင်းဆိုသလို ဝင်ရောက်သွားခဲ့သည်။
ထိုအကြီးအကဲက တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ဘဲ မျက်လုံးများ မှောင်အတိ ကျသွားခဲ့ပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်ရှိနေသည့် အကြီးအကဲသုံးယောက်သည် ထိတ်လန့်သွားခဲ့ကြသည်။
သို့သော်လည်း သူတို့ ထိတ်လန့်မှုက ပြန်လည် မသက်သာခင်မှာပင် ကျန်းချန်သည် သူ၏ လက်ချောင်းများကို ထပ်မံ လှုပ်ရှားလိုက်သည်။
"ဝှစ် ဝှစ် ဝှစ်"
ဓားအလင်းသုံးခုသည် လေထုကို ထွင်းဖောက်၍ ရောက်ရှိလာခဲ့ပြီး ကျန်အကြီးအကဲ သုံးဦး၏ နဖူးများကို အလွယ်တကူ ထိုးဖောက်သွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန်သည် မုန့်မိသားစု၏ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် နဝမအဆင့်မှအကြီးအကဲ လေးဦးကို ပေ့ါပေါ့ပါးပါးပင် အနိုင်ယူပြခဲ့သည်။
အခန်း(၁၁၂၃)ပြီး၏။
အခန်း(၁၁၂၄)
"မုန့်မိသားစုရဲ့ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် နဝမအဆင့် အကြီးအကဲ လေးဦးက ဒီလိုပဲ အလွယ်တကူ သေဆုံးသွားတယ်လား"
ကျန်းခိုင်နှင့် တခြားသူများသည် သူတို့ရှေ့မှ မယုံကြည်နိုင်စရာမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဤအကြီးအကဲများသည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်နဝမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ရှားပါးသည့် မဟာရှားနိုင်ငံတွင် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ဆိုသည်မှာ ထိပ်ဆုံး အဆင့်အတန်းတွင် ရှိ၏။
သို့သော်လည်း ထိုကဲ့သို့သော လူမျိုးကိုပင် ကျန်းချန်သည် ဟင်းသီးဟင်းရွက်များကို ခုတ်ထစ်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် သတ်ပစ်လိုက်သည်။
ဤကဲ့သို့သော စွမ်းဆောင်ရည်ကို သာမန်သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူပင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ကျန်းချန်က နတ်ဆိုးဆန်သည်အထိ ပါရမီရှိမှန်း သိသော်လည်း ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။
"ဒါ.. ဒါ မဖြစ်နိုင်ဘူး"
မုန့်ကျန်းရှန်က လုံးဝကို အံ့အားသင့်နေခဲ့သည်။
သူက သွေးနတ်ဆိုးနန်းတော်၏ အထောက်အပံ့ဖြင့် ဤအကြီးအကဲ လေးဦးကို လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။
သိထားရမည်မှာ ဤအကြီးအကဲများသည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး သူ့အနေဖြင့် အစွမ်းကုန် လုပ်ဆောင်လျှင်ပင် ကျန်းချန်ကဲ့သို့ ပေါ့ပေါ့ပါးပါး သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
သူ့ရှေ့မှကောင်လေးသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မည်ကဲ့သို့ ပိုင်ဆိုင်နေရပါသနည်း။
"ကျန်းချန်.. မင်းက မြောက်ပိုင်းတောရိုင်း ဒေသရဲ့ လူငယ်မျိုးဆက်ထဲမှာ နံပါတ်တစ်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ဒီလောက် ငယ်ရွယ်သေးတဲ့ အရွယ်မှာတောင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့ပြီ.. ဒါပေမဲ့ သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်တာနဲ့ပဲ ငါ့ရှေ့မှာ မောက်မာလို့ရမယ်များ မင်းထင်နေလား.. ဒီကမ္ဘာထဲမှာ မင်းတစ်ယောက်တည်းပဲ သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူဖြစ်နိုင်တာ မဟုတ်ဘူး"
မုန့်ကျန်းရှန်က သူ၏စိတ်နှလုံးမှ တုန်လှုပ်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
သူက အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး ကျန်းချန်ကို စူးရှစွာစိုက်ကြည့်လိုက်၏။
ထိုခဏတွင် သူ၏ ခန္ဓာကိုယ်မှ သိုင်းသခင်နယ်ပယ် အဆင့် အရှိန်အဝါသည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
"မုန့်ကျန်းရှန်က သိုင်းသခင်နယ်ပယ် အဆင့်ကို ရောက်သွားပြီဟ"
ယွဲ့ယန်ကျိုးတို့ လူစုသည် ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြနေခဲ့ကြသည်။
"မင်းက သွေးနတ်ဆိုးနန်းတော်ရဲ့ ဖြတ်လမ်း နည်းစနစ်တွေကို အားကိုးပြီး သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့တဲ့အတွက် တကယ့် သိုင်းသခင် နယ်ပယ်အဆင့်နဲ့ ယှဥ်ရင် အများကြီး လိုပါသေးတယ်.. ဒါ့အပြင် မင်းမှာ တကယ့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ အင်အားရှိနေရင်တောင် မင်းက ငါ့အတွက် ပုရွက်ဆိတ်လို တည်ရှိမှုပဲ"
ကျန်းချန်က မုန့်ကျန်းရှန်ကို ထီမထီဟန်ဖြင့် ကြည့်လိုက်သည်။
သူက မုန့်ကျန်းရှန်ကို လုံးဝ ဂရုမစိုက်သည်မှာ ထင်ရှားနေ၏။
"ကောင်းပြီလေ.. ငါ့ကို ပုရွက်ဆိတ်လို့ သဘောထားလောက်တဲ့အထိ မင်းမှာ ဘယ်လိုစွမ်းရည်တွေ ရှိနေလဲဆိုတာ ငါကြည့်ရသေးတာပေါ့"
မုန့်ကျန်းရှန်က ဒေါသတကြီးဖြင့် ရေရွတ်လိုက်သည်။
သူ၏ပုံရိပ်သည် တစ်ခဏအတွင်းမှာပင် လေထုကို ထိုးဖောက်သွားခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် ဖျတ်ခနဲပေါ်လာခဲ့သည်။
ထို့နောက်တွင် မုန့်ကျန်းရှန်သည် ကြောက်မက်ဖွယ်ခွန်အားများ ပါဝင်နေသော လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်၏ ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
"အမှိုက်ကောင်ကများ"
ကျန်းချန်၏ မျက်လုံးက အေးစက်သွားခဲ့ပြီး လက်သီး တစ်ချက်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ဖော်လိုက်သည်။
သူ၏ လက်သီးချက်က ရိုးရှင်းပြီး အသက်စွမ်းအင်များ မပါဝင်သော်လည်း တောင်တန်းတစ်ခု ကဲ့သို့ လေးလံသောအင်အားကို သယ်ဆောင်ကာ လူတကာအား စိုးထိတ်သောခံစားချက်ကို ပေးစွမ်းနေခဲ့၏။
"မကောင်းတော့ဘူး"
ဤအခိုက်အတန့်တွင် မုန့်ကျန်းရှန်၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
သူ၏ရင်ထဲတွင် အန္တရာယ် အချက်ပေးသံသည် အဆုံးစွန်ထိမြင့်တက်လာခဲ့၏။
သူက နောက်ဆုတ်ရန် စဥ်းစားလိုက်သော အချိန်မှာပင် ကျန်းချန်၏ လက်သီးချက်သည် ကောင်းကင်ကနေ ဥက္ကာခဲကျဆင်းလာသကဲ့သို့ သူ၏ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
"အားး"
မုန့်ကျန်းရှန်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး လေထဲကနေ ပြုတ်ကျသွားခဲ့သည်။
မကြာခင်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံကို ကြားလိုက်ရပြီး မုန့်ကျန်းရှန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းကာ ဖုန်မှုန့်များသည် ကောင်းကင်သို့ပင် ရိုက်ခတ်လာခဲ့သည်။
ဖုန်မှုန့်များအားလုံး ပျောက်ကွယ်သွားသောအခါတွင် မြင်လိုက်ရသော မြင်ကွင်းသည် လူတိုင်းကို အသက်ရှူ ရပ်မတတ် ဖြစ်သွားစေခဲ့သည်။
မုန့်ကျန်းရှန်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် သုံးပေခန့်အနက်ရှိသည့် ဧရာမ တွင်းတစ်တွင်းကိုပင် ဖြစ်ပေါ်စေခဲ့၏။
ဤအခြေအနေတွင် မုန့်ကျန်းရှန်သည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေခဲ့ပြီး အထဲမှ အရိုးဖြူများကိုပင် ထင်ရှားစွာ မြင်တွေ့နေရ၏။
"မင်း.. မင်း"
မုန့်ကျန်းရှန်သည် မြေပြင်ကနေ ကုန်းရုန်း၍ ဒယိမ်းဒယိုင် ထရပ်လိုက်သည်။
သူက လေထဲရှိ ကျန်းချန်ကို မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များသည် အဆုံးသတ်၌ ထွက်ပေါ်လာခဲ့သည်။
သူ၏ သိုင်းသခင်နယ်ပယ်အဆင့် ခွန်အားဖြင့်ပင် ကျန်းချန်၏ လက်သီးချက်တစ်ချက်ကို သူ မတားဆီးနိုင်ခဲ့ပေ။
ထိုကောင်လေးသည် သူ မထင်ထားလောက်သည် အထိ အစွမ်းထက်နေခဲ့သည်။
ဤအခိုက်အတန့်တွင် မုန့်ကျန်းရှန်သည် ကျန်းချန် ယခင်ကပြောဆိုခဲ့သည့် ပုရွက်ဆိတ်ကဲ့သို့ တည်ရှိမှု ဟူသောစကားသည် အလိမ်အညာ မဟုတ်ကြောင်း နားလည်သွားခဲ့သည်။
ထိုကောင်လေးက သိုင်းသခင်နယ်ပယ် အဆင့်ကိုပင် ပုရွက်ဆိတ်ကဲ့သို့ သတ်မှတ်နိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားသည်မဟုတ်ပါလား။
အခန်း(၁၁၂၄)ပြီး၏။
အခန်း(၁၁၂၅)
"ငါထွက်ပြေးမှဖြစ်တော့မယ်"
ထိုအခိုက်အတန့်တွင် မုန့်ကျန်းရှန်၏ စိတ်ထဲတွင် ထွက်ပြေးရန် အတွေးတစ်ခုတည်းသာ ရှိတော့သည်။
သူက ထိုကောင်လေးနှင့် တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်ပြေးရမည် ဖြစ်၏။
ထိုကောင်လေး၏ ခွန်အားက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သွေးနတ်ဆိုး နန်းတော်၏ မဟာအုပ်ထိန်းသူများသာ ရင်ဆိုင်နိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။
သူ၏ ခွန်အားဖြင့်ဆိုလျှင် ကျန်းချန်၏ လက်သီးတစ်ချက်စာဖြင့်ပင် အစအနပင် မကျန်အောင် အပိုင်းပိုင်း ပြတ်ထွက်သွားနိုင်လောက်၏။
သူက အနည်းငယ်မျှပင် တွေဝေခြင်းမရှိဘဲ လက်ဟန်များကို လှုပ်ရှားလိုက်ကာ မုန့်မိသားစု၏ လျှို့ဝှက်နည်းစနစ်ကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်သည်။
ထို့နောက်တွင် သူက ခဲဖြင့် အပေါက်ခံရသော ခွေးလေခွေးလွင့် တစ်ကောင် ကဲ့သို့ ထိတ်လန့်တကြား အစွမ်းကုန် ထွက်ပြေးတော့သည်။
"ထွက်ပြေးချင်တယ်လား.. စိတ်မကောင်းစရာပဲ.. မင်းမှာထွက်ပြေးခွင့် လုံးဝမရှိဘူး"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်ကို အသာအယာ လှုပ်ရှားလိုက်သည်။
ခဏအတွင်းမှာပင် မုန့်ကျန်းရှန် ရှိနေသည့် မီတာတစ်ရာပတ်လည်ရှိ နေရာလွတ်သည် အေးခဲသွားခဲ့သည်။
ထို့ကြောင့် ထိတ်လန့်တကြား ထွက်ပြေးနေသည့် မုန့်ကျန်းရှန်သည် တိုက်ရိုက်ပင် ချုပ်နှောင်ခံရသလို ဖြစ်သွားခဲ့၏။
"မုန့်ကျန်းရှန်.. မင်းရဲ့မုန့်မိသားစုက မဟာရှားနိုင်ငံကိုသစ္စာဖောက်ပြီး သွေးနတ်ဆိုးနန်းတော်ထံမှာ လျှို့ဝှက်ခိုလှုံခဲ့တယ် ငါဒီနေ့ မင်းရဲ့ ခွေးခေါင်းကိုဖြတ်ပစ်ပြီး မင်းတို့ မုန့်မိသားစုကို ဖျက်ဆီးပစ်မယ်"
မုန့်ကျန်းရှန်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက်အသံသည် ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"အကြီးအကဲတို့.. ငါ့အသက်ကို ကယ်တင်ပေးပါ"
မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်သောအရိပ်အယောင်များ ပြည့်နှက်နေသော မုန့်ကျန်းရှန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏အော်သံ အဆုံးသတ်သည်နှင့် အင်ပါယာမြို့တော်၏ တစ်နေရာကနေ အေးစက်စက် ရေရွတ်သံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး ရပ်လိုက်စမ်း"
သို့သော်လည်း ကျန်းချန်၏ မျက်နှာသည် တည်ငြိမ်မှုရှိနေခဲ့သည်။
သူက လုံးဝ ရပ်တန့်ရန် စိတ်ကူးမရှိခဲ့ပေ။
သူက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
သူ၏လက်သီးချက်တွင် အသက်စွမ်းအားများ မပါဝင်သော်လည်း မီတာတစ်ရာအကွာတွင် ရှိနေသည့် မုန့်ကျန်းရှန်သည် ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားခဲ့သည်။
"ဝုန်း"
မကြာမီမှာပင် ပေါက်ကွဲသံနှင့်အတူ မုန့်ကျန်းရှန်၏ ခန္ဓာကိုယ်သည် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားခဲ့ပြီး လေထဲတွင် သွေးမြူများအဖြစ် ပြောင်းလဲကာ ပြန့်ကျဲသွားခဲ့သည်။
ဤအခိုက်အတန့်တွင် အင်ပါယာမြို့တော်၏ တောင်ဘက် ဂိတ်တံခါး၌ တစပြင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
အားလုံးက ကောင်းကင်ထက်တွင် ဝင့်ကြွားစွာ ရပ်နေသည့်ကျန်းချန်ကို မှင်တက်ကာ စူးစိုက်ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် မုန့်ကျန်းရှန်သည် ကျန်းချန်၏ လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ကျန်းချန်က မည်မျှ နတ်ဆိုးဆန်မှန်း သိထားကြသည့် ကျန်းခိုင်တို့ လူစုပင် ကျန်းချန်၏ ခွန်အားက ဤမျှလောက် ကြောက်စရာ ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
"ကောင်လေး မင်းသေချင်နေပြီလား"
လူတိုင်းက ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ကို အံ့အားသင့်နေစဥ်မှာပင် ဒေါသတကြီးကြုံးဝါးသံ တစ်သံသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သွေးရောင်ပုံရိပ် နှစ်ခုသည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ကျန်းချန် ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုပုံရိပ်နှစ်ခု အနက် ခေါင်းဆောင်မှာ ဆံပင်နီရှည်ရှည် ရှိသော လူငယ်တစ်ဦး ဖြစ်၏။
၎င်းက သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူဖြစ်သည်။
ထိုလူငယ်၏ နံဘေးမှလူသည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
လူငယ်က ကျန်းချန်ကို သူ၏ သွေးရောင် တစ်လက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် အေးစက်စက် စိုက်ကြည့်ကာ သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်သည်။
"ငါမင်းကို ရပ်ခိုင်းခဲ့တယ် မင်းနားမကြားဘူးလား"
"ကြားပါတယ် ဒါပေမဲ့ မင်းမှာ ငါ့ကို ရပ်ခိုင်းဖို့ ဘာအခွင့်အရေးရှိလို့လဲ"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်.
"ကောင်လေး ငါက သွေးနတ်ဆိုး နန်းတော်မှာ တတိယမြောက် သြဇာအရှိဆုံးပုဂ္ဂိုလ်ပဲ.. ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတာ မင်းက ပထမဆုံးပဲ"
ကျန်းချန်၏ စကားကိုကြားလျှင် သွေးနတ်ဆိုး နန်းတော်မှ လူငယ်၏မျက်လုံးသည် ပို၍ပင် အေးစက်လာခဲ့သည်။
ခွေးကိုရိုက်ချင်လျှင် သခင်၏ မျက်နှာကို ကြည့်ရသည်ဟူသော စကားပုံကဲ့သို့ပင်၊ မုန့်ကျန်းရှန်သည် မည်မျှပင်ဆိုးရွားပါစေ၊ သူတို့ သွေးနတ်ဆိုးနန်းတော်က မွေးထားသည့် လက်ပါးစေခွေးသာ ဖြစ်သည်။
သူ၏မျက်စိအောက်တွင် ဤကောင်လေးသည် မုန့်ကျန်းရှန်ကိုသတ်ဖြတ်ရဲသည် အထိ အတင့်ရဲနေပါသလော။
အခန်း(၁၁၂၅)ပြီး၏။