← Chapters

အိမ် (၃)

Vol. 3 Ch. 140

အိမ် (၃)

Vol. 3 Ch. 140

နောက်နေ့မနက် ဧည့်ခန်းထဲကို ကျွန်မဝင်လာတော့ နက်ဆန်က တွဲလျက် မီးဖိုချောင်ထဲမှာ အလုပ်များနေပါပြီ။ မိုနီကာကတော့ အိပ်ရေးမဝတဲ့ပုံစံနဲ့ ပါးစပ်ကြီးကိုဟပြီး သန်းလို့နေလေရဲ့။ သူက ကျွန်မကိုတောင် မျက်စောင်းထိုးလိုက်သေးတယ်။

“မိန်းကလေးဖြစ်ပြီး အအိပ်ကြမ်းလိုက်တာ။”

ကျွန်မလည်း နဖူးကသွေးကြောတွေ ထောင်ထလာတဲ့အထိ စိတ်အချဥ် ပေါက်လာပါလေရော။ ပြောရရင် သူလည်းပဲ အအိပ်ကြမ်းတယ်လေ။ အရင်တစ်ခါကဆိုရင် ကျွန်မကိုတောင် အိပ်ရာပေါ်ကနေ ကန်ချထားသေးတာ။

ခဏနေတော့ သွားတိုက်ဆေးတွေ အင်္ကျီပေါ်မှာပေကျံနေသေးတဲ့ ခြောက်နှစ်အရွယ် အိုလီရာနာက ရေချိုးခန်းထဲကနေထွက်လာပြီး ကျွန်မတို့နဲ့အတူ ပြန်လာထိုင်ပါတယ်။

“မင်္ဂလာနံနက်ခင်းပါ။” သူက နှုတ်ဆက်လိုက်တယ်။ သူ့ပုံစံကို ကြည့်ရတာ အိပ်ရေးဝဝအိပ်ထားရပုံပေါ်ပြီး ပြုံးရွှင်လို့ရယ်။ ကျွန်မလည်း အိုလီရာနာကို သံသယနဲ့ ကြည့်လိုက်တာပေါ့။

“နင့်ကြည့်ရတာ တော်တော်ပျော်နေသလိုပဲ။ တစ်ခုခု ကောင်းတာ ဖြစ်ထားလို့လား။ နည်းနည်းလည်း ပြန်ကြီးလာသလိုပဲ။”

အိုလီရာနာရဲ့မူရင်းအရွယ်က သာမန်ကလေးတွေရဲ့ဆယ့်နှစ်နှစ် အရွယ်နဲ့အတူတူပဲ။ အသက်နှစ်ရာကျော်ပြီဆိုပေမဲ့ပေါ့။ အခုက ခြောက်နှစ်အရွယ်ဆိုပေမဲ့ မနေ့ကထက် တစ်နှစ်ကြီးတောင်ပိုပြီး ကြီးလာတာ။

“သခင်က မနက်အစောကြီး မော်လီနဲ့အတူတူဟင်းချက်နေပြီး ငါ့ကိုအမျိုးမျိုးမြည်းကြည့်ခိုင်းနေတာလေ။ မကောင်းဘူးလို့ သူထင်တဲ့ဟာတွေကိုလည်း ငါအကုန်စားလိုက်ရတယ်။ ဒါပေမဲ့ အကုန်လုံးက အရသာရှိနေရော။”

“.....” မနေ့က ကျွန်မချေးများမိလို့ သူတစ်ခုခုထူးခြားတာလုပ်ဖို့ ကြိုးစားနေတာများလား။ နက်ဆန်က ကျွန်မတို့နဲ့မတူဘဲ နေ့ဘက် အိပ်တာမလို့ အခုလိုမျိုးမနက်ခင်းပိုင်း ခုနစ်နာရီရှစ်နာရီအထိ မအိပ်သေးဘဲ ဟင်းချက်နေတာက အိပ်ရာဝင်နောက်ကျတယ်လို့ ပြောလို့ရတယ်။

ခဏနေတော့ နက်ဆန်က ဟင်းပွဲအမျိုးမျိုးယူပြီး ထွက်လာရော။ နီရဲနေတဲ့ အသားလုံးကြော် တချို့တလေလည်းပါသလို မော်လီရဲ့ အထူးဟင်းလျာဖြစ်တဲ့ ကြက်သွန်နီဟင်းရည်လည်းပါတယ်။ ဒါပေမဲ့ အရောင်သိပ်မမှန်ဘဲ နက်ဆန်ကိုယ်တိုင်ကြိုးစားထားတာနဲ့ ပိုတူနေတယ်။

မိုနီကာက ဟင်းပွဲတွေကိုမြင်တာနဲ့ “ဒါလင်၊ ဒါလင်က အိမ်ရှင်ထီးကောင်းဖြစ်ဖို့ အများကြီးကြိုးစားနေတာပဲ။ ကျွန်မတို့ ကလေးတွေကတော့ နေ့တိုင်းအာဟာရရှိတာတွေစားပြီး ကြီးပြင်း လာတော့မှာပဲ။” စာဖွဲ့လောက်အောင်ရှည်လျားတဲ့ ဘုန်းတော်ဘွဲ့ကို ရေရွတ်တော့တာပဲ။

ဒါပေမဲ့ သူကိုယ်တိုင်က စကားများတဲ့အတွက်ကြောင့် အရေးကြီးတာ တစ်ခုကိုမေ့သွားတယ်။ အဲဒါကတော့ ကျွန်မက ထိုင်ခုံကနေထလိုက်ပြီး နက်ဆန်ရဲ့လက်ထဲက လင်ပန်းကို အပိုင်စီးလိုက်တာပါပဲ။ နောက်တော့ ထိုင်ခုံမှာဟန်မပျက် ထိုင်ချလိုက်ပြီး ကျွန်မက သူ့ကိုလျှာထုတ်ပြလိုက်တယ်။

“နင့်ဖို့မပါဘူး။ အကုန်လုံး ငါ့အတွက်ပဲ...”

မိုနီကာကတော့ ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်ကြောင့် ဒေါသထွက်နေတော့တာပေါ့။ ကျွန်မက နက်ဆန့်လက်ထဲကနေပြီး လုယူထားလိုက်တဲ့ ဟင်းပွဲတွေကိုကြည့်လိုက်တယ်။ အစောပိုင်းက ပြောထားသလိုပဲ ကြက်သားလုံးကြော်တွေအများကြီးပါတဲ့ ပန်းကန်ကြီးတစ်ပန်းကန်နဲ့ ကြက်သွန်ဟင်းရည်က အဓိကပဲ။

စားလို့ကောင်းမယ့်ပုံစံလေးဆိုတော့ ကြည့်နေရင်းကနေ ကျွန်မ မျက်လုံးတွေ ဝင်းလဲ့တောက်ပလာတော့တာပဲ။ ဒါပေမဲ့ နက်ဆန်က နောက်ထပ်ပြောလိုက်တဲ့စကားကြောင့် ကျွန်မဝမ်းသာနေတာ တောင်ပျောက်သွားတယ်။

“ကောင်းပြီလေ၊ ဒီဟင်းပွဲတွေကြိုက်တယ်ဆိုရင်လည်း မင်းပဲ စားလိုက်တော့။ တခြားဟာတွေကိုတော့ တခြားသူတွေဖို့ ပေးလိုက်မယ်။”

နောက်တော့ နက်ဆန်က မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီးတော့ နောက်ထပ်ဟင်းပွဲ ငါးမျိုးလောက်ယူပြီး ပြန်ထွက်လာပါလေရော။ အရင်တစ်ခါ သူချက်ကြည့်ဖို့ကြိုးစားပြီး မအောင်မြင်ခဲ့တဲ့ အမဲသားပါစတာ၊ ဆီဇာဆလပ်ရွက်သုပ်နဲ့ အီတလီစတိုင် အစာသွတ် ဆန်မုန့်ကြော်တောင်ပါသေးတယ်။ နက်ဆန်က စားပွဲနားရောက်တာနဲ့ ဟင်းပွဲတွေကို စတိုင်ကျကျစားပွဲပေါ် ဖြန့်ခင်းလိုက်တယ်။

မိုနီကာကတော့ အံ့ဩလွန်းလို့ ပါးစပ်တောင် မပိတ်နိုင်တော့ဘူး။ “ဒါ... ဒါလင် ဒါတွေအားလုံးက ကိုယ်တိုင်ချက်ထားတာတွေလား။”

“မော်လီက အရိပ်ထဲ ပြန်မဝင်ရသေးခင် သင်ပေးသွားတာ။”

နက်ဆန်က အေးအေးဆေးဆေးနဲ့ ပြန်ဖြေလိုက်တယ်။ အရင်က ဆရာမရှိဘဲနဲ့တောင်နက်ဆန်က ရိုးရှင်းတဲ့ဟင်းပွဲအတော်များများ ချက်နိုင်တယ်။ အခုတော့ တကယ့်ဒဏ္ဍာရီလာစားဖိုမှူးကြီးမော်လီ ရှိနေပြီဆိုတော့ မချက်တတ်တာ မရှိသလောက်ဖြစ်သွားတော့မှာပဲ။

“နက်ဆန်၊ ကျွန်မရော မြည်းကြည့်လို့ရမလား။” ကျွန်မက ရွှေအိုရောင် သန်းနေအောင်ကြော်ထားတဲ့ အစာသွပ်မုန့်လုံး​ကြော်ကို လက်လှမ်းလိုက်တယ်။ ဗီဒီယိုတွေထဲမှာ ကြည့်ဖူးတဲ့ အတိုင်းဆိုရင် ချေ့စ်တို့၊ အသားတို့ကို ကျပန်းထည့်လုံးထားပြီး ကံစမ်းသလိုမျိုး စားကြည့်ရတာတဲ့။ သွပ်ထားတဲ့အစာအပေါ် မူတည်ပြီး အရသာကွဲတာမလို့ ထီထိုးနေရသလိုပဲတဲ့။ တွေးနေရင်း သွားရည်တွေကျလာမိတယ်။ နောက်တော့ လက်ကအလိုလိုနေရင်း အစာသွပ်မုန့်ကြော်ပေါ် လှမ်းမိသွားရော။

“မရဘူး....” ဒါပေမဲ့ အိုလီရာနာက ခက်ရင်းကိုကောက်ကိုင်ပြီး ကျွန်မလက်ခုံကို လှမ်းထိုးလိုက်တဲ့အတွက် လက်ကိုပြန်ရုပ် လိုက်ရတော့တာပေါ့။

“ဆယ်ဗီ၊ နင်က ငါတို့အကုန်လုံးစားဖို့အတွက် ချက်ထားတဲ့ ဟင်းပွဲနှစ်ပွဲကိုတောင် အပိုင်စီးထားပြီးပြီလေ။ နောက်ထပ် ဟင်းပွဲတွေကို ထပ်ထိဖို့လုပ်ရင် အသက်ချင်းလဲပစ်မယ်။”

မိုနီကာကလည်း အိုလီရာနာဘက်ကပါပြီး ထောက်ခံတဲ့အနေနဲ့ လက်မထောင်ပြတယ်။ ကျွန်မတော်တော်စိတ်ညစ်သွားတော့တာ။ နက်ဆန်ကို မော့ကြည့်လိုက်တော့လည်း သူကကျွန်မကို မမြင်ချင်ယောင်ဆောင်နေတော့တာပဲ။

ဒီလိုနဲ့ကျွန်မလည်း ဘယ်လိုမှမတတ်နိုင်တော့ဘဲ အပိုင်စီးထားတဲ့ ဟင်းပွဲနှစ်ပွဲကိုပဲစားဖို့ ဖြစ်လာရော။

ခဏနေတော့ အိမ်ရှင်ကြီးလူကာ အိမ်ပေါ်ထပ်ကနေဆင်းလာ ခဲ့ပါတယ်။ သူ့ကြည့်ရတာ အတော်လေးစိတ်ကောင်းဝင်နေတဲ့ ပုံပေါ်တယ်။ ကျွန်မတို့ဟင်းပွဲတွေကိုမြင်တော့ အတော်လေး အံ့ဩသွားတဲ့ပုံပဲ။

“ဟင်းတွေစုံလှချေလား၊ အလှလေးနှစ်ယောက်က ဒီလောက် ဟင်းချက်ကောင်းမယ်မထင်ထားဘူး။ ကောင်လေး၊ မင်းတော့ တော်တော်ကံကောင်းတာပဲ။

ဦးလေးလူကာက နက်ဆန့်ပခုံးကိုရိုက်ပြီး ဂုဏ်ပြုလိုက်တယ်။ ဒါကြောင့် စိတ်ညစ်နေတဲ့ကျွန်မတောင်မှ နည်းနည်းရယ်ချင် သလိုလိုဖြစ်လာတယ်။ နောက်တော့ လူကာက နက်ဆန်ခါးဖုံးစည်း ဝတ်ထားတာမြင်သွားပြီး နည်းနည်းကြောင်သွားတယ်။

အစာသွပ်မုန့်ကြော်ကို အားရပါးရစားနေတဲ့ အိုလီရာနာကတော့ အာငတ်ပြေ ရေတစ်ခွက်သောက်ချလိုက်ပြီး ဦးလေးကြီးကို ပြောလိုက်လေရဲ့။

“ဦးလေးကြီး၊ ဒီအဒေါ်ကြီးနှစ်ယောက်က ဟင်းချက်တတ်တာ မဟုတ်ဘူး။ အကုန်လုံးကို သခင်က ချက်ကျွေးနေရတာ။”

ဦးလေးလူကာက အခုမှ လူပိုဖြစ်နေတဲ့ အိုလီရာနာကို သတိထား မိသွားတယ်။ နောက်တော့ နက်ဆန်ကိုကြည့်လိုက်တယ်။ ပြီးတော့ ကျွန်မတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး...

“ကောင်လေး၊ ဒီကလေးမလေးက ဘယ်ကနေဘယ်လို ထပ်တိုးပြီး ရောက်လာရတာလဲ။ ပြီးတော့ သူက မင်းကို သခင်တဲ့။”

ဦးလေးကြီးမျက်နှာပေါ်မှာ စိုးရိမ်မှုတွေနဲ့ပြည့်နေတဲ့ အမူအရာမျိုး ပေါ်လာတယ်။ မနေ့က ကျွန်မတို့ရောက်လာတော့ သုံးယောက်တည်းလေ။ အခုကျ အိုလီရာနာတစ်ယောက် တိုးနေပြီ။ ပြီးတော့ ဒီပုံမှန်မဟုတ်တဲ့ကောင်မလေးက သခင်လို့လည်း ပြောလိုက်သေးတယ်။ အခုလိုတလွဲတွေဖြစ်နေတဲ့ခေတ်ကြီးမှာ ကလေးမလေးတစ်ယောက်က ‘သခင်'လို့ ယောက်ျားလေး တစ်ယောက်ကိုခေါ်လိုက်တာ သိပ်ကိုအန္တရာယ်များတယ်။ မတော်ရင် ရုံးရောက်ဂတ်ရောက်ပါ ဖြစ်သွားနိုင်တဲ့ကိစ္စမျိုးပဲ။

“အားဟားဟား... အိုလီရာနာက အီတလီမှာနေတဲ့ ကျွန်မတို့အမျိုး တစ်ယောက်ရဲ့သူငယ်ချင်းလေ။ သူအလုပ်မအားတာနဲ့ ခဏလောက် ခေါ်ထိန်းပေးဖို့ဆုံးဖြတ်ခဲ့တာ။ ပြီးတော့ ဒီကလေးမလေးက သမိုင်းရုပ်ရှင်တွေကြည့်ပြီးတော့ နည်းနည်းကြောင်နေတာ။”

ဒီတော့ ကျွန်မကပဲ ကယ်တင်ရှင်မကြီးလုပ်ပြီး ဦးလေးလူကာကို အကြောင်ရိုက်ရတော့တာပေါ့။

“သမိုင်းရုပ်ရှင်တွေကြည့်တာ ဟုတ်လား... ဝါသနာတူတွေပဲ။”

ဦးလေးကြီးက ပြုံးလိုက်တယ်။ ကျွန်မကတော့ သူနဲ့ဆန့်ကျင်စွာပဲ အပြုံးကရပ်သွားတယ်။ ဒီဦးလေးကြီးက တကယ့်သမိုင်းရုပ်ရှင် ဆရာကြီးဖြစ်နေပြီးတော့ အိုလီရာနာကို ရုပ်ရှင်တွေနဲ့ပတ်သက်တာ တစ်ခုခုမေးလိုက်ရင် ပြဿနာတက်ပြီမဟုတ်ဘူးလား။

“ဒါဖြင့် သမီးအကြိုက်ဆုံး အလယ်ခေတ်သူရဲကောင်းက ဘယ်သူဖြစ်မလဲ။”

“အလယ်ခေတ်....” အိုလီရာနာက စဥ်းစားလိုက်တယ်။ သေပြီ၊ သေပြီ။ အလယ်ခေတ်ဆိုတာက အခုခေတ်လူတွေပေးထားတဲ့ နာမည်လေ။ ဟိုးတုန်းက အဲဒီခေတ်ကို အဲဒီနာမည်နဲ့မှမခေါ်တာ။

“ဘာကိုသေချာပြောတာလဲမသိပေမဲ့လို့ သမီးအကြိုက်ဆုံး သူရဲကောင်းက သခင်ကြီးရိုလန်ပဲ။”

ဘုန်း....

နောက်တော့ အိုလီရာနာက ထိုင်ခုံမှာထိုင်နေရာကနေ ထိုင်ခုံပေါ် ထရပ်လိုက်တယ်။ အဲဒီနောက် လက်ထဲမှာဓားကိုင်ထားတဲ့ပုံစံနဲ့ မားမားမတ်မတ်ရပ်လိုက်ပြီး

“သခင်ကြီးရိုလန်က သူသစ္စာရှိလေးစားရတဲ့ ဘုရင်ကြီး ရှားလမိန်းကို အလစ်ဝင်တိုက်တဲ့ ဆရကန်တပ်တွေကို မဆုတ်တန်းခုခံရင်းနဲ့ ကျဆုံးသွားတဲ့သူပေါ့။”

ဦးလေးကြီးရဲ့မျက်လုံးတွေလည်း တောက်ပလာတယ်။ “ဟားဟား၊ ရိုလန်လား။ ဒူရန်ဒဲလ်ဓားကိုကိုင်ဆောင်ခဲ့တဲ့ နာမည်ကြီး အလယ်ခေတ်သူရဲကောင်းပဲ။”

နောက်တော့ ဦးလေးလူကာက စကားစကိုဖြတ်လိုက်ပြီးတော့ ဟင်းပွဲတွေဆီ အကြည့်ပြန်ရောက်သွားတယ်။ “စိတ်မရှိပါနဲ့၊ ငါ့ကို ကုမ္ပဏီက အစည်းအဝေးခေါ်ထားလို့။ မနက်စာမှာထားတာလဲ မရောက်သေးဘူး။ အခုသွားရတော့မှာဆိုတော့ နည်းနည်းစားလို့ ရမလား။”

“ကိစ္စမရှိဘူး...” နက်ဆန်က တုံးတိပြောလိုက်ပြီး ပန်းကန်တစ်ချပ် ပြင်လိုက်တယ်။ စားပွဲပေါ်မှာရှိနေတဲ့ ဟင်းပွဲတွေထဲကနေ တစ်ခုနည်းနည်းစီ လိုက်ယူပြီးဦးလေးကြီးပန်းကန်ထဲ ထည့်ပေးတယ်ဆိုပေမဲ့ ကျွန်မအပိုင်စီးထားတဲ့ အသားလုံးနဲ့ ဟင်းရည်ဆီ နက်ဆန်လက်လှမ်းတော့ ကျွန်မက ပန်းကန်ကိုနောက်ဆုတ်လိုက်ပြီး...

“ဒီဟင်းပွဲတွေက ကျွန်မအပိုင်းစားရထားတဲ့ စားစရာတွေပဲ။ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး။” ဟုတ်တယ်လေ၊ အခုကျွန်မက ဒီဟင်းပွဲတွေကလွဲလို့ တခြားဘာမှစားခွင့်မရှိဘူးဆိုတော့ ကိုယ်ပိုင်တာလေးကိုယ် ကာကွယ်မှ စားရမယ့်အထဲကနေ လျော့မသွားမှာ။

နောက်တော့ နက််ဆန်လည်းလက်လျှော့လိုက်ပြီး တခြားဟင်းတွေပဲထည့်ပေးကာ ဦးလေးကြီးကို ပေးလိုက်တယ်။ ဦးလေးကြီးက အစားကောင်းအသောက်ကောင်းစားနေရလို့ စိတ်ကောင်းဝင်နေပြီး အခုလိုတောင်ပြောလိုက်သေးတယ်။

“ငါအိမ်ချက်ဟင်းလျာတွေမစားရတာ နှစ်နှစ်ဆယ်လောက် ရှိပြီကွ။ အခုလိုပြန်စားရတော့ သိပ်ဝမ်းသာမိတာပဲ။”

“ဟင်.... ဦးလေးကြီးက အိမ်ထောင်မရှိဘူးလား။”

“ငါပြောခဲ့သား၊ တစ်​ယောက်တည်းနေတာလို့။ ဘယ်တုန်းကမှ အိမ်ထောင်မရှိခဲ့ဖူးဘူး။ ဒီအိမ်မှာ အမေဆုံးသွားကတည်းက ငါ့မှာမိသားစုဝင်ရယ်လို့ မရှိတော့တာ။”

ဦးလေးကြီးရဲ့မျက်နှာက နည်းနည်းစိတ်မကောင်းတဲ့ပုံစံဘက် ရောက်သွားတယ်။ စပ်စုမိပြီလို့တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားမိလိုက်ပေမဲ့ ဦးလေးက ကျွန်မကိုရိပ်မိဟန်နဲ့ ခေါင်းခါပြတယ်။

“ကလေးမ၊ စိုးရိမ်စရာမလိုဘူး။ ဒီအဖိုးကြီးက ထင်သလောက် အထီးမကျန်ပါဘူး။ မင်းတို့လိုနိုင်ငံတကာလှည့်ပြီး ခရီးသွားနေတဲ့ လူငယ်တွေရဲ့အိမ်ရှင်အဖြစ် နှစ်အကြာကြီးနေခဲ့ပြီးပြီ။ တချို့က သဘောထားကောင်းပြီးဖြူစင်တယ်၊ တချို့ကတော့ စိတ်ထား မသန့်ကြဘူးကွ။ ဒါပေမဲ့ လူအမျိုးမျိုးကြုံရပြီး မင်းတို့တွေနဲ့ စကားပြောသလိုမျိုး ပြောခွင့်ရပြီးနောက်တော့ ငါသိလာတာ တစ်ခုရှိတယ်။”

“မိသားစုဆိုတာ သွေးသားတော်စပ်မှ မိသားစုဖြစ်တာ မဟုတ်ဘူးဆိုတာပဲ။”

နောက်တော့ ဦးလေးကြီးက ကျွန်မတို့ပေးတဲ့စားစရာတွေကို ကုန်စင်အောင်စားပြီးနောက် သူ့ဘာသာထပန်းကန်ဆေးပြီး အိမ်ကနေ ထွက်သွားတယ်။

...

မနက်စာစားပြီးတဲ့နောက်တော့ နက်ဆန်က ပြန်အိပ်ဖို့အတွက် အိပ်ခန်းဆီပြန်သွားတယ်။ မိုနီကာကလည်း ထရပ်လိုက်ပြီး အကြောဆန့်တယ်။

“ငါစျေးသွားပြီး အဝတ်အစားအသစ်ဝယ်မလို့။ နင်ရောလိုက်မှာလား။”

ကျွန်မကတော့ ခေါင်းခါပြလိုက်ပါတယ်။ ခရီးပန်းလာတာမလို့ တစ်ခဏလောက်တော့ နားချင်ပါသေးတယ်။ မိုနီကာက ကျွန်မကို ခေါ်မရတဲ့နောက်တော့ သူ့ဘာသာသူပဲ အပြင်ထွက်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ သူထွက်သွားပြီးနောက်မှာတော့ ကျွန်မနဲ့ အိုလီရာနာနှစ်ယောက်ပဲ ကျန်တော့တယ်။ အိုလီရာနာကတော့ ကျွန်မဖုန်းကိုယူ၊ ဧည့်ခန်းထဲက တီဗီနဲ့ချိတ်ပြီး ယူကျု့က ထွေရာလေးပါးတွေစကြည့်နေပြီ။

ကျွန်မကတော့ ဦးလေးကြီး​ပြောခဲ့တဲ့စကားတွေကို သေချာပြန် နားထောင်ရင်း စဥ်းစားနေခဲ့မိတယ်။ “မိသားစုဆိုတာ သွေးသားတော်စပ်မှ မိသားစုဖြစ်တာ မဟုတ်ဘူးဆိုတာပဲ။”

ကျွန်မတွေးကြည့်တော့ မိဘမဲ့အနေနဲ့ကြီးပြင်းခဲ့ရတဲ့ကျွန်မမှာ မိသားစုဆိုတာ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့အခုတော့ ကျွန်မမှာ သာမန် မိသားစုဝင်တွေထက်တောင် ရင်းနှီးပြီးတန်ဖိုးထားရတဲ့ သူတွေ အများကြီးရှိနေပြီ။

မော်လီက ကျွန်မအတွက်အစ်မကြီးတစ်ယောက်လိုပဲ၊ နာတာရှာက ကျွန်မကို နောက်တတ်ပေမဲ့ တကယ်အားကိုးရတဲ့ မိတ်ဆွေပဲ၊ အိုလီရာနာက အမြဲအနိုင်ကျင့်တတ်တဲ့ ကလေးဆိုးလေးနဲ့တူပေမဲ့ တစ်ခုခုဆိုရင် သူ့ကိုယ်သူထိခိုက်သွားမှာတောင်မစိုးရိမ်ဘဲနဲ့ ကျွန်မကိုကာကွယ်ပေးဖို့ အသင့်ရှိနေတယ်။ နက်ဆန်ကတော့... နက်ဆန်က...

ကျွန်မနဲ့သူ့ရဲ့ဆက်ဆံရေးကို အခုထိခေါင်းစဥ်တစ်ခုအောက်မှာ ထားဖို့အတွက် ကျွန်မမှာသတ္တိရှိမနေသေးဘူး။ ကျွန်မရဲ့ခံစားချက် တွေကိုကျွန်မ သတိထားမိနေပြီဆိုပေမဲ့ပေါ့။

အဲဒီလိုတွေးရင်းတွေးရင်းနဲ့ပဲ ကျွန်မအိပ်ငိုက်လာတယ်။ အိုလီရာနာ အနားမှာရှိနေသေးတာကို သတိထားမိပေမဲ့ ရထားအကြာကြီး စီးခဲ့ရတဲ့အတွက် ပင်ပန်းနွမ်းနယ်တဲ့ဒဏ်က ရှိနေတုန်းပါပဲ။ ဒါကြောင့် ကျွန်မက မေးကိုလက်နဲ့ထောက်လိုက်ရင်း ဆိုဖာပေါ်မှာပဲအိပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

All Chapters