ဦးထုပ်နီ၊ ဦးထုပ်စိမ်းတွေပါ။ ငါတို့က ဦးထုပ်သေးသေးလေးတွေပါ
Vol. 6 Ch. 541
ချိန်ကျွဲ က ကျိုးရီရှင်းနှင့် သူ၏ ကိုးရောင်ခြယ် မီးတောက်တို့ကို မြင်လိုက်ရသောအခါ သူ့မျက်နှာထက်တွင် အလွန်အမင်းလေးစားသွားသည့် အမူအရာပေါ်လာတော့သည်။
" ကိုးရောင်ခြယ်မီးတောက်ပါလား။ အောက်လမ်းဆရာသခင် အဆင့်ပဲ "
ကျိုးရီရှင်းကမူ ဝိညာဥ်ကျင့်ကြံသူများကို ကြည့်ရန်ပင် မထိုက်တန်ဟု သတ်မှတ်ပြီး ချိန်ကျွဲ ကို လျစ်လျူရှုလိုက်သည်။ သူ ဂရုစိုက်နေသည်မှာ ပိုင်ရှောင်ချန်းနှင့် အထူးသဖြင့် သူ၏လက်ထဲက ထာဝရထီးဖြစ်သည်။ သို့သော် သူက ထိုထီးကို တစ်ခဏမျှ လေ့လာပြီးသွားသောအခါ ပိုင်ရှောင်ချန်းကို မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။
သူ၏အကြည့်ကို ထီးကနေခွာ၍ ပိုင်ရှောင်ချန်းထံသို့ ပြောင်းလိုက်ပြီး မေးလိုက်သည်။
" မင်းက ဝိညာဥ်ကျင့်ကြံသူလား။ အောက်လမ်းဆရာလား။ "
" ကိုးရောင်ခြယ်မီးတောက်ပါလား "
ပိုင်ရှောင်ချန်းမှာ ကျိုးရီရှင်း၏ လက်ထဲရှိ မီးတောက်ကိုကြည့်ရင်း အတွေးများ ယောက်ယတ်ခတ်နေရတော့သည်။ သူအာရုံခံနိုင်သည့် အစွမ်းအရဆိုလျှင် ကျိုးရီရှင်းမှာ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်ပဲ အမြုတေအဆင့်မဟာ စက်ဝန်းတွင် ရှိနေကြောင်းကို သိလိုက်ရသည်။
သို့သော်လည်း ထို ကိုးရောင်ခြယ် မီးတောက်ထဲတွင်ပါသည့် စွမ်းအင်များကိုထုတ်လွှတ်လိုက်ပါက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေမည်ဖြစ်သည်။
ကျိုးရီရှင်းက ပိုင်ရှောင်ချန်းကို ခေါင်းအစ ခြေအဆုံး ကြည့်နေပြီး ပိုင်ရှောင်ချန်းကလည်း တစ်ပုံစံထဲ ပြန်လုပ်နေသည်။ အစထဲက ခြောက်လှန့်ရန်အဖြစ်သာသုံးရန် သူ ထုတ်ခဲ့သော ထာဝရထီးကို ထိုလူငယ်က မျက်စိကျနေသည်ဖြစ်ကြောင်းကို သူကသိသည်။ ဤလူငယ်၏ ကျင့်ကြံခြင်းအခြေခံအဆင့် နှင့် သူ၏ ကိုးရောင်ခြယ် မီးတောက်တို့အပြင် ချိန်ကျွဲ ဆိုလိုက်သော စကားများကို ပေါင်းစပ်လိုက်သောအခါ ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိသွားတော့သည်။
" မြေရိုင်းဒေသရဲ့ အောက်လမ်းပညာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပညာရပ်ပဲ "
အောက်လမ်းဆရာများနှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်များစွာက သိရှိထားသော အချက်အလက်များနှင့် မြေရိုင်းဒေသတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းခံထားရသည့် မှော်ပစ္စည်း အမြောက်အမြားကို သူတွေ့ရှိခဲ့သည့်အချက်တို့ကြောင့် သူသည် ထိုအကြောင်းအရာနှစ်ခု၏ ဆက်စပ်မှုနှင့်ပတ်သတ်၍ ယူဆချက်အချို့ ထုတ်ထားနိုင်ပြီဖြစ်သည်။
သို့သော် ယခုမှာ ထိုသို့ တွေးတောငေးမောနေရမည့် အချိန်မဟုတ်ပေ။ ပိုင်ရှောင်ချန်းနှင့် ကျိုးရီရှင်းတို့မှာ အကြည့်ချင်းဆုံသွားသောအခါ တစ်ယောက်ထံမှ ပေါ်ထွက်နေသည့် စွမ်းအားကြီးအငွေ့အသက်များကို အခြားတစ်ယောက်က ခံစားနေနိုင်တော့သည်။
ကျိုးရီရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ တောက်ပနေသော မျက်ဝန်းများဖြင့် ဆိုလိုက်သည်။
" ငါကိုယ်တိုင် အကဲမခတ်နိုင်တဲ့လူကို တွေ့ဖို့ဆိုတာ ခပ်ရှားရှားပဲ။ ငါမင်းကို ထပ်မေးမယ်။ မင်းက ဝိညာဥ်ကျင့်ကြံသူလား။ အောက်လမ်းဆရာလား။ "
သူက ထိုသို့မေးလိုက်သောအခါ သူနှင့်ပါလာသည့် ဝိညာဥ်ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းကို အေးစက်စက်အကြည့်များဖြင့် ဝိုင်းကြည့်နေကြတော့သည်။
" အောက်လမ်းဆရာကွ။ "
ပိုင်ရှောင်ချန်းမှာ မျက်လုံးများကို မှေးလိုက်ပြီးပြန်ဖြေလိုက်သည်။ သို့သော် သူ၏အတွေးထဲတွင် စကားလုံးများနှင့် ပြောရုံဖြင့် ယုံကြည်စရာကောင်းနိုင်မည်မဟုတ်ဟု ယူဆလိုက်သည်။ ထို့ကြောင့် ကျိုးရီရှင်း၏ ဝိညာဥ်စွမ်းအင် အငွေ့အသက်များကို လျင်မြန်စွာ သုံးသပ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံထဲမှ စွမ်းအင်အချို့ကို ထုတ်လွှတ်လိုက်သည်။
ထို့အပြင် သူက သူ့မျက်နှာဖုံး၏ ဆန်းကြယ်လှသော အစွမ်းများကို အသုံးပြုကာ အငွေ့အသက်များကို ပြောင်းလဲလိုက်သဖြင့် ၎င်းတို့မှာ စိတ်စွမ်းအင်နှင့် မတူတော့ပဲ ဝိညာဥ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ၎င်းမှာ ဝိညာဥ်ကျင့်ကြံသူ တစ်ယောက်ထံမှ ထွက်မလာနိုင်သည့် ပြင်းထန်သော စွမ်းအင်ကြီးတစ်ခုကဲ့သို့ဖြစ်နေပြီး အောက်လမ်းဆရာများသာ ပိုင်ဆိုင်ထားနိုင်သည့် ထူးခြားသော ဖိအားတစ်ခု ပါဝင်နေသည်။ ဘေးနားမှ ဝိညာဥ်ကျင့်ကြံသူများမှာ ချက်ချင်းပင် အမူအရာများ ပြောင်းလဲသွားရတော့သည်။
ကျိုးရီရှင်းကမူ ထို ဝိညာဥ်စွမ်းအင်ကို အလျင်အမြန်အကဲခတ်လိုက်ပြီး မျက်လုံးများ ကျဥ်းသွားရတော့သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်း၏ ထာဝရထီးကို ထပ်ကြည့်လိုက်ပြီး နောက်ထပ်တစ်ခေါက် မျက်မှောင်ထပ်ကြုတ်လိုက်တော့သည်
" စောစောက ငါပဲ အမြင်မှားတာလား။ "
သူက တွေးလိုက်သည်။
" သူငါ့နားကို ကပ်လာတဲ့အခါတုံးက ငါ့ရဲ့ ကိုးရောင်ခြယ် မီးတောက်က ငါ့လက်ထဲက ခုန်ထွက်ပြီး သူ့ဘက်ကို ပျံသွားချင်နေတဲ့ပုံစံနဲ့ သူ့ဆီကို ကွေးညွှတ်သွားတာ။ "
" တစ်ခဏလေးပဲ ဖြစ်လိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်ဆိုပေမဲ့ အဲဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အဲဒီထီးကြောင့်များလား.... မဟုတ်သေးပါဘူး။ ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ။ ထားပါ သူ့ကိုသတ်ပြီးမှပဲ အဖြေရှာရတာပေါ့။ "
ကျိုးရှီရှင်းက တွေဝေနေစဥ် ပိုင်ရှောင်ချန်းမှာလည်း မတ်တတ်ရပ်ကာ မည်သို့ဆက်လုပ်ရမည်ကို တွေးတောနေသည်။
သူမြင်နေရသည်မှာ ကိုးရောင်ခြယ် မီးတောက်တစ်ခုဖြစ်သဖြင့် ထိုလူငယ်ကိုကြိုးစား၍ သတ်ပြီး ထိုမီးတောက်ကို သိမ်းပိုက်ရန် တွေးတောနေသည်။ သူ၏စွမ်းအင်မည်မျှ ရှိနိုင်လောက်မည်ကို အကဲခတ်ကာ ကိုးရောင်ခြယ်မီးတောက်ကို ကြည့်လိုက်ပြီးနောက် သူက တွေဝေနေဆဲပင်။ သူတွေဝေနေရသည်မှာ သူ၏ပြိုင်ဘက်အရေအတွက်ကြောင့်မဟုတ်ပဲ ကိုးရောင်ခြယ်မီးတောက်များမှာ မည်မျှ စွမ်းအားကြီးမားသည်ကို သေချာမသိ၍ဖြစ်သည်။
သို့သော် ထိုမီးတောက်ကို ရလျှင် သူ၏ထာဝရထီးကို စိတ်စွမ်းအင်အဆင့်ကိုးအထိ မြှင့်တင်နိုင်ပြီး ပို၍စွမ်းအားကြီးမားလာအောင် လုပ်နိုင်မည့်အကြောင်းကို တွေးမိလိုက်ပြီး ထိုသို့လုပ်နိုင်ပါက ဝင်္ကပါထဲမှ ဘေးကင်းစွာထွက်ခွာနိုင်မည့် အခွင့်အရေးမှာ ပို၍များလာနိုင်မည် ဖြစ်ကြောင်းကိုလည်း တွေးမိလိုက်သည်။
" ဒီကောင်က ငါဘယ်လောက်မြန်လဲဆိုတာကို မသိလို့ ငါ့ဘက်ကသာ ရုတ်တရက်လှုပ်ရှားလိုက်မယ်ဆိုရင် သူက အဲဒီကိုးရောင်ခြယ်မီးတောက်ကိုသုံးပြီး ငါ့ကိုသေချာပေါက် တိုက်ခိုက်မှာပဲ။ "
သူတို့မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေစဥ် တစ်ယောက်၏မျက်ဝန်းထဲရှိ အေးစက်မှုများကို အခြားတစ်ယောက်က မြင်တွေ့နေရသည်။ ထို့နောက် တစ်ခဏကြာသောအခါ ကျိုးရီရှင်းက သူ၏ဘယ်လက်ဖြင့် ပိုင်ရှောင်ချန်းကို လက်ညှိုးထိုးလိုက်တော့သည်။
" သူ့ကို သတ်ကြ။ "
ထိုစကားသံများထွက်လာသော အခါ ပိုင်ရှောင်ချန်းမှာ ရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး သူတတ်နိုင်သမျှ အမြန်နှုန်းအားလုံးကို ထုတ်သုံးလိုက်တော့သည်။ သူ၏နောက်ဘက်တွင် ပုံရိပ်များ ကျန်ရစ်ခဲ့ပြီး သူက ရှေ့သို့လျင်မြန်စွာ ပြေးထွက်သွားလေရာ မည်သူမှ တုံ့ပြန်ချိန် မရလိုက်ပေ။
သူစတင်လှုပ်ရှားလိုက်သည့် အချိန်မှာပင် ကျိုးရီရှင်း၏ရှေ့တည့်တည့်သို့ ရောက်ရှိသွားပြီး သူ၏ညာလက်ကို လက်သီးချက်တစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ အရှိန်ဖြင့် ဆန့်ထုတ်လိုက်တော့သည်။
သူက ကိုးရောင်ခြယ်မီးတောင်ကို အလိုရှိပါသော်လည်း ပထမဆုံး လှုပ်ရှားမှုတွင် ထိုအချက်ကို မသိသာစေပဲ ကျိုးရီရှင်း၏ ရင်ဘတ်တည့်တည့်ကိုသာ ထိုးနှက်လိုက်တော့သည်။
ကျိုးရီရှင်းမှာ မျက်လုံးများပြူးသွားရသည်။ သူ၏ ပြိုင်ဘက်မှာ ဤမျှ မြန်ဆန်နေလိမ့်မည်ဟု သူ လုံးဝမတွေးမိပေ။ ထိုးနှက်ခံလိုက်ရပြီးနောက် ကျိုးရီရှင်းမှာ နောက်သို့ပျံသန်းသွားပြီး လေထဲတွင် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုကိုးရောင်ခြယ်မီးတောက်မှာ မီးပင်လယ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်း၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ဘေးနားရှိ ဝိညာဥ်ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသည်များကိုကြည့်ရင်း အံ့အားသင့်နေကြသော်လည်း ပိုင်ရှောင်ချန်းထံသို့ ပြေးဝင်သွားကြသည်။ ချိန်ကျွဲ မှာမူ ပိုင်ရှောင်ချန်းကို ကာကွယ်ရန် လှုပ်ရှားလိုက်သည်။ တစ်ခဏအတွင်းမှာပင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။
သူ့ထံသို့ ကိုးရောင်ခြယ်မီးပင်လယ်ကြီးတစ်စင်း ပြေးလာနေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ နှလုံးခုန်မြန်သွားရတော့သည်။ သူက ဤတိုက်ပွဲတွင် အားအကုန်သုံးရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ထိုကိုးရောင်ခြယ်မီးတောက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းပုံကို မြင်လိုက်ရသဖြင့် အကယ်၍ သူသာ ထိုမီးတောက်နှင့်သာထိသွားပါက အသက်ရှင်နိုင်ခြေရှိ၊ မရှိကို သေချာမသိပေ။ သို့သော် တိုက်ပွဲမှာစတင်နေပြီဖြစ်၍ သူက အံကိုသာကြိတ်လိုက်ပြီး သူ၏ အေးစိမ့်ချီများကိုသာ ထုတ်လွှတ်လိုက်တော့သည်။
အေးစိမ့်ကိုယ်တော် တစ်ယောက်၏ စွမ်းအင်များမှာ ချက်ချင်းပင် ထိုနေရာကို ဖုံးလွှမ်းသွားပြီး ဝိညာဥ်ကျင့်ကြံသူများမှာ မည်သို့မျှ မလုပ်နိုင်ပဲ အေးခဲသွားရတော့သည်။
မြေကြီးနှင့် လှိုဏ်ဂူကြီး၏ နံရံများမှာလည်း အေးခဲသွားပြီး ထိုနေရာကြီးတစ်ခုလုံးမှာ အေးစိမ့်မှုများနှင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတစ်ခုဖြစ်သွားတော့သည်။ ထိုအေးစိမ့်ချီများက ကိုးရောင်ခြယ်မီးတောက်နှင့် ထိတွေ့လိုက်သောအခါ ၎င်းတို့မှာ ပါးစပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ထိုမီးတောက်ကို ဝါးမျိုလိုက်တော့သည်။
ဝင်္ကပါထဲရှိ အရပ်မျက်နှာတိုင်းသို့ ပြင်းထန်သော ထစ်ချုန်းသံများ ပျံ့နှံ့သွားတော့သည်။
" ချုပ်နှောင်စေ။ "
ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။ ချက်ချင်းပင် အေးစိမ့်ချီများက ထိုကိုးရောင်ခြယ်မီးတောက်ကို ချုပ်နှောင်တော့မည့်အလား ဝန်းရံသွားတော့သည်။ သို့သော် အံ့သြဖွယ်ကောင်းလှသည့် ကိုးရောင်ခြယ်မီးတောက်မှာ အေးစိမ့်ချီများကို အရည်ပျော်သွားအောင် လုပ်နေတော့သည်။
သို့သော်လည်း ထိုကိုးရောင်ခြယ်မီးတောက်မှာ လောင်ကျွမ်းစရာ မီးစာမရှိသဖြင့် အချိန်မရွေး ငြိမ်းသွားနိုင်သည့်အလား ချက်ချင်းပင် မှေးမှိန်သွားရတော့သည်။ ထိုအခါ ကျိုးရီရှင်း၏ အမူအရာပြောင်းလဲသွားပြီး လျင်မြန်စွာပင် ထိုမီးတောက်ကို သူ၏လက်ထဲသို့ ပြန်၍ဆွဲယူရန် ပြင်လိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ အဘယ်ကြောင့် ထိုသို့အဖြစ်ခံပါ့မည်နည်း။ အေးစိမ့်ချီနှင့် ကိုးရောင်ခြယ် မီးတောက်တို့ ထိတွေ့လိုက်သည့်အချိန်တွင်ပင် သူက သူ၏ထာဝရထီးကို ထုတ်ယူလိုက်သည်။
ထူးဆန်းသော မျက်နှာကြီးမှာ ထပ်မံပေါ်ထွက်လာပြီး ကျိုးရှီရှင်းကိုကြည့်ကာ စုပ်ယူရန်ပြင်လိုက်တော့သည် ကျိုးရီရှင်းကမူ သူ၏ သက်စောင့်အားကို တစ်စုံတစ်ခုက ချုပ်တည်ထားသည့်အလား ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။ သူ၏ပြိုင်ဘက်တွင် ဤသို့ကြောက်စရာကောင်းသည့် တိုက်ပွဲစွမ်းရည်မျိုးနှင့် အေးစိမ့်နယ်မြေတစ်ခု ရှိနေရခြင်းတို့ကြောင့် သူ ဆွံ့အနေရတော့သည်။
ထာဝရထီးပေါ်တွင် ပေါ်လာသည့် သရဲမျက်နှာကြီးကြောင့် သူက လက်မြှောက်ကာ သူ၏နဖူးပေါ်ရှိ ကြယ်ပုံစံတံဆိပ်လေးကို ဖိနှိပ်လိုက်သောအခါ ကြယ်အလင်းတန်းတစ်ခုမှာ ထာဝရထီးကို တိုက်ခိုက်ရန် ထွက်ပေါ်လာသည်။
ထိုအခါ ထာဝရထီးမှာ တုန်ရီသွားရပါသော်လည်း ကျိုးရီရှင်း၏ ကြယ်အလင်းတန်းကို တိုက်ခိုက်ရန် စွမ်းအင်အလုံအလောက်ရှိသေးသည် ဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ လက်ကိုဆန့်ထုတ်ကာ ကိုးရောင်ခြယ်မီးတောက်ကို ဆုပ်ယူရန် အချိန်ရလိုက်တော့သည်။
လျင်မြန်ဖျတ်လတ်လွန်းလှသည့် လှုပ်ရှားမှုတစ်ခုထဲဖြင့် သူက မီးတောက်နှင့် ထိုမီးတောက်ပါဝင်သည့် အေးစိမ့်ချီ အချုပ်အနှောင်ကို သူ၏ထည့်စရာအိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ အေးစိမ့်ချီကို အသုံးပြုလိုက်ရသည့်အတွက် သူ၏သရုပ်မှန်နှင့်ရင်း၍ စွန့်စားလိုက်ရသည် မဟုတ်ပါလော။ ထို့အပြင် ကျိုးရှီရှင်းသုံးလိုက်သည့် ကြယ်အလင်းတန်း မှော်သိုင်းမှာ အလွန်ထူးဆန်းလွန်းနေပြီး ပိုင်ရှောင်ချန်းမှာလည်း ကိုးရောင်ခြယ်မီးတောက်ကို ရရှိပြီးသွားပြီဖြစ်၍ ဆက်၍ မတိုက်ခိုက်လိုတော့ပေ။ ထို့ကြောင့် သူက တွေဝေတုံ့ဆိုင်းမနေတော့ပဲ ဆန့်ကျင်ဘက်သို့ ထွက်ပြေးရန်ပြင်လိုက်သည်။
" မင်းသေချင်နေတာလား။ "
ကျိုးရီရှင်းက ဒေါသမီးများလောင်ကျွမ်းနေသည့် မျက်ဝန်းကြီးများဖြင့် အော်ဟစ်လိုက်ပြီး သူ၏ဆံထုံးမှာလည်း ပြေလျော့စပြုလာတော့သည်။ ယခုအထိ သူသည်ပိုင်ရှောင်ချန်း၏ သရုပ်အမှန်ကို မဖော်ထုတ်နိုင်သေးပေ။ သို့သော်လည်း ဤပြိုင်ဘက်မှာ သူ၏လမ်းကိုပိတ်၊ သူ၏ကိုးရောင်ခြယ်မီးတောက်ကိုလည်း ခိုးယူပြီး သူ့ကိုလည်း မှော်သိုင်းတစ်ခုတစ်လေပင် မထုတ်နိုင်အောင် လုပ်သွားခဲ့သည်။ ထို့ကြောင့် သူ၏ဒေါသမီးများမှာ တဟုန်းဟုန်း တောက်လောင်နေရတော့သည်။
သူ၏ထည့်စရာအိတ်ကို ညာလက်ဖြင့်ပုတ်လိုက်ပြီး သူ၏နောက်ကျောပေါ်တွင် အမြဲလိုလို သယ်ဆောင်လေ့ရှိသည့် အနက်ရောင် လေးကြီးတစ်ခုကို ထုတ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းနောက်သို့ ပြေးလိုက်ရင်း သူက လေးကြိုးကိုနောက်သို့ဆွဲကာ ပုံရိပ်ယောင်မြားတစ်ချောင်းကို ဝှီးခနဲ ပစ်လွှတ်လိုက်တော့သည်။
၎င်းမှာ ဝိညာဥ်စွမ်းအင်မှ ဖြစ်ပေါ်လာသည့် ဝိညာဥ်မြားတစ်ချောင်းဖြစ်ပြီး လေးမှထွက်သွားသည်နှင့် တပြိုင်နက်၎င်းမှာ လေကိုခွင်း၍ ပိုင်ရှောင်ချန်း၏ရှေ့တွင် ပေါ်ပေါက်လာတော့သည်။
သူ၏ လေးမှာ စိတ်စွမ်းအင်အဆင့်ကိုးအထိ မြှင့်တင်ခြင်းခံထားရသည့် တန်ဖိုးကြီးရတနာတစ်ခု ဖြစ်သည်။ မျက်လုံးနှင့်မြင်လိုက်ရသည့် စွမ်းအားပမာဏကြောင့်ပင် ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားရပြီး သူ၏ ထာဝရထီးကိုထုတ်ကာ ထပ်၍ကာကွယ်လိုက်သည်။
ထာဝရထီး၏ စွမ်းအင်များပေါ်ထွက်လာသောအခါ ကျယ်လောင်သော ထစ်ချုန်းသံများပေါ်ထွက်လာသည်။ ထီးက မြားချက်၏စွမ်းအားကိုစုပ်ယူလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး နောက်သို့လွင့်စင်သွားတော့သည်။ တစ်ခဏအကြာတွင် သူက ကြိုးစား၍ ရပ်တန့်လိုက်ပြီး ထို လေးကြီးကိုလှမ်းကြည့်လိုက်သည်။
" မင်းမှာ တခြားတန်ဖိုးကြီးရတနာတွေ ရှိသေးတာကို ဘာလို့မပြောတာတုံးကွ။ "
သူက စုတ်သပ်ကာ ဆိုလိုက်သည်။ ထို့နောက် ထွက်မပြေးတော့ပဲ ကျိုးရီရှင်းဆီသို့ ဦးတည်သွားတော့သည်။
ကျိုးရီရှင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ဤမျှ မျက်နှာပြောင်တိုက်သည့်လူမျိုးကို သူတစ်ခါမှ မတွေ့ဖူးပေ။ ထိုလူက သူ၏ ကိုးရောင်ခြယ်မီးတောက်ကို ခိုးယူရုံသာမက သူ၏ လေးကိုမြင်လိုက်စဥ် ထွက်ပြေးနေရာမှာရပ်တန့်ပြီး သူ့ထံမှ လုယူရန် ပြန်လာနေသည်ကို မြင်လိုက်ရသည်။
" မင်းသေချင်နေတာလား "
ကျိုးရီရှင်းက နောက်တစ်ကြိမ်အော်ဟစ်လိုက်သည်။ ထို့နောက် သူက လေးကြိုးကိုနောက်သို့ဆွဲကာ ဝိညာဥ်မြားသုံးချောင်းကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် ချိန်ကျွဲ မှာ ကြောက်လန့်လွန်းသဖြင့် တုန်ရီနေပြီဖြစ်သည်။ ကျိုးရီရှင်းက ပိုင်ရှောင်ချန်းကို မမှတ်မိသေးပါသော်လည်း အေးစိမ့်ချီပေါ်လာသည့်အချိန်ကတည်းက ချိန်ကျွဲမှာ မှတ်မိခဲ့လေရာ သူ၏အတွေးများ ယောက်ယတ်ခတ်နေရတော့သည်။ သူ၏ခေါင်းထဲတွင် ပထမဆုံးပေါ်လာသည့်အတွေးမှာ သူသေရတော့မည် ဟူ၍ပင်ဖြစ်သည်။ စိတ်ထဲတွင် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေရင်း ထွက်ပြေးသင့်၊ မထွက်ပြေးသင့်ကို စဥ်းစားနေတော့သည်။
ထို့နောက် ပိုင်ရှောင်ချန်းနှင့် ကျိုးရီရှင်းတို့အကြား တိုက်ပွဲမှာ နောက်တစ်ခါထပ်၍ စတင်နေပြီဖြစ်သည်။ ထိုအချိန်တွင် မည်သူမှ မထင်မှတ်ထားသည့် အရာတစ်ခုဖြစ်သွားတော့သည်။
" ဦးထုပ်နီ၊ ဦးထုပ်စိမ်းတွေပါ။ ငါတို့က ဦးထုပ်သေးသေးလေးတွေပါ "
" ဦးထုပ်နီ၊ ဦးထုပ်စိမ်းတွေပါ။ ငါတို့အကြိုက်ဆုံးကတော့ အဖြူရောင်ခေါင်းတွေပါ..."
သားချော့တေးနှင့်ဆင်တူသည့် ထူးဆန်းသော သံပြိုင်တေးတစ်ပုဒ်မှာ ရုတ်တရက် လေထုထဲတွင် ပြည့်နှက်သွားတော့သည်။