← Chapters

အခန်း (၁၁၂၆-၁၁၂၈)

Vol. 76 Ch. 1126-1128

အခန်း (၁၁၂၆-၁၁၂၈)

Vol. 76 Ch. 1126-1128

အခန်း(၁၁၂၆)

"သွေးနတ်ဆိုးနန်းတော်ရဲ့ တတိယမြောက် သြဇာအရှိဆုံးပုဂ္ဂိုလ်က ဘာမို့လို့လဲ.. ဒီမဟာရှားနိုင်ငံက ငါကျန်းချန်ရဲ့ ကာကွယ်မှုအောက်မှာရှိတဲ့ နိုင်ငံဆိုတာ မင်းမသိဘူးလား"

ကျန်းချန်၏ မျက်လုံးများက ဓားကဲ့သို့ အေးစက်နေခဲ့သည်။

"ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့နယ်မြေမှာ ရမ်းကားရဲရင် ကြီးလေးတဲ့အဖိုးအခကို ပေးဆပ်ရလိမ့်မယ်"

မြောက်ပိုင်းတောရိုင်း ဒေသရှ်ိ သွေးနတ်ဆိုးနန်းတော်သည် သွေးနတ်ဆိုးနန်းတော် ပင်မဌာန၏ ဌာနခွဲ တစ်ခုမျှသာ ဖြစ်သည်။

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ထိုဌာနခွဲ၏ ခေါင်းဆောင် ဖြစ်သည့် ခန်းမသခင် ကိုယ်တိုင် ရောက်လာလျှင်ပင် လုံး၀ ကြောက်ရွံ့နေမည် မဟုတ်ပေ။

သို့ဖြစ်ရာ တတိယ သြဇာအရှိဆုံး ပုဂ္ဂိုလ်ကို ကျန်းချန်က အဘယ်ကဲ့သို့ ကြောက်ရွံ့ပါမည်နည်း။

"မင်းက ငါ့ကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ် ဟုတ်လား"

သွေးနတ်ဆိုးလူငယ်က ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်၍ ပြောလိုက်သည်။

မုန့်ကျန်းရှန်သည် သိုင်းသခင်နယ်ပယ် အဆင့်ကို သူတို့ သွေးနတ်ဆိုးနန်းတော်က အတင်းအကျပ် မြှင့်တင်ပေးထားသည့် လက်ပါးစေ ခွေးတစ်ကောင်မျှသာ ဖြစ်သည်။

တကယ့် သိုင်းသခင်နယ်ပယ် ကျင့်ကြံသူနှင့် ယှဥ်လျှင် များစွာနိမ့်ကျ၏။

ဤကောင်လေးက အားနည်းသည့် သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်ရုံဖြင့် သူ၏ အရှေ့တွင် မောက်မာရန် အရည်အချင်း ပြည့်မီသည်ဟု ထင်နေပါသလော။

သွေးနတ်ဆိုးနန်းတော်တွင် တတိယအမြင့်ဆုံး သြဇာအာဏာရှိသူသည် မည်သူနည်း။

သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း လူငယ်ပါရမီရှင် ဖြစ်ပြီး သွေးနတ်ဆိုးနန်းတော် တစ်ခုလုံးသည် သူ့ကို တတိယမြောက်သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရိုသေကြသည်။

သူက သွေးနတ်ဆိုးနန်းတော်၏ အနာဂတ် အမွေခံများထဲမှ တစ်ဦးလည်း ဖြစ်ပြီး တိုက်ပွဲဝင်စွမ်းရည်လည်း ထူးခြားသည်။

သူက သိပ်မကြာမီကပင် သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့သော်လည်း သာမန် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူသည် သူ၏ပြိုင်ဘက် မဟုတ်ပေ။

သွေးနတ်ဆိုး နန်းတော်တစ်ခုလုံးမှာပင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်နှင့် ထိုအထက်မှ အကြီးအကဲများ ဖြစ်သည့် ခန်းမ အကြီးအကဲရှစ်ဦးနှင့် မဟာအုပ်ထိန်းသူ သုံးဦးကလွဲလျှင် သူ့ကို မည်သူမှ မယှဥ်နိုင်ပေ။

ထို့အပြင် သူ၏ နံဘေးတွင် သွေးနတ်ဆိုး နန်းတော်၏ ခန်းမအကြိိီးအကဲ ရှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် သွေးကန်လန့်ကာ လည်း ရှိနေခဲ့သည်။

ထို့ကြောင့် မြောက်ပိုင်းတောရိုင်းဒေသ၏ အထွတ်အထိပ်သုံးဦးကလွဲလျှင် သူ့ကို မည်သူက အန္တရာယ်ပြုနိုင်ပါမည်နည်း။

"မင်းတို့ သွေးနတ်ဆိုးနန်းတော်က သဘောတူညီချက်ကို ချိုးဖောက်ပြိီး မြောက်ပိုင်းတောရိုင်းဒေသကို ကျုးကျော်ရဲတယ်.. အခုတော့ ငါ့ရဲ့ အကာအကွယ်အောက်မှာရှိတဲ့ မဟာရှားနိုင်ငံကိုတောင် ရောက်လာခဲ့ပြီ.. ဒီအထိ ရောက်လာခဲ့ပြီ ဆိုမှတော့ မင်းတို့ရဲ့ အသက်ကို ထားခဲ့ရလိမ့်မယ်"

ကျန်းချန်က သွေးနတ်ဆိုးလူငယ်ကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။

ထိုခဏတွင် သူ၏ ခန္ဓာကိုယ်မှ လူသတ်ငွေ့များ ပြင်းပြစွာ ထွက်ပေါ်လာခဲ့၏။

သွေးနတ်ဆိုးနန်းတော်၏ မဟာရှားနိုင်ငံကို တိုက်ခိုက်မှုသည် ကျန်းချန်ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ကျုံးကျိုးကုန်းမြေမှ မြောက်ပိုင်းတောရိုင်းဒေသသို့သာ အချိန်မီ ပြန်မလာမိခဲ့လျှင် ကျန်းမိသားစုနှင့် မဟာရှားနိုင်ငံ၏ အခြေအနေသည် မည်မျှအထိ ဆိုးရွားနေမည်ကို စိတ်ကူး၍ပင် မကြည့်နိုင်ပေ။

"ဟားဟား မင်းက ငါ့ရဲ့အသက်ကို လိုချင်ရအောင် ထိုက်တန်မှုရှိလို့လား.. အကြီးအကဲ သွေးကန့်လန့်ကာ.. သူ့ကို သတ်ပစ်လိုက်"

သွေးနတ်ဆိုးလူငယ်က မထီမဲ့မြင် ပြုံးလိုက်သည်။

သူ၏ အမိန့်ပေးသံသည် လေထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

သွေးနတ်ဆိုးလူငယ်ထံမှ အမိန့်ကို ရသည်နှင့် သူ၏နံဘေးရှိ သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားထံမှ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်၏ အရှိန်အဝါသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို အထင်သေးစွာ ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်၏။

"ကောင်လေး မင်းကိုယ်တိုင် သတ်သေမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို အဆုံးသတ်ပေးရမလား"

ဤအခိုက်အတန့်တွင် ကျန်းချန်သည် သူ၏ ရှေ့ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကို စေ့စေ့ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်က လေးကိုင်းသဏ္ဌာန် ကွေးညွတ်သွားခဲ့၏။

"သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဆိုတော့ မင်းက သွေးနတ်ဆိုး နန်းတော်ရဲ့ ခန်းမအကြီးအကဲ ဖြစ်မယ်ထင်တယ်"

"သိပ်ဟုတ်တာပေါ့.. ငါက သွေးနတ်ဆိုးနန်းတော်ရဲ့ အကြီးအကဲရှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ သွေးကန့်လန့်ကာပဲ"

သွေးရောင်ဝတ်စုံကို ၀တ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဝင့်ကြွားစွာပြောလိုက်သည်။

"ကောင်လေး မင်းက ငါဘယ်သူလဲဆိုတာ သိပြီးတော့ ဘာလို့ အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် သတ်မသေသေးတာလဲ"

"ဟားဟား မင်းက သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမ အကြီးအကဲလေး ဖြစ်ရုံပါပဲ.. ငါ့ကို သတ်သေခိုင်းရအောင် မင်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိနေလို့လဲ"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"ထပ်ပြောရရင် သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမ အကြီးအကဲတွေကို ငါမသတ်ဖူးတာလဲ မဟုတ်ဘူး"

"မင်း မင်း ဘာပြောလိုက်တာလဲ"

သွေးကန့်လန့်ကာက ရုတ်တရက် မှင်တက်သွားခဲ့ပြီး ကျန်းချန်ကို စေ့စေ့စိုက်ကြည့်လိုက်၏။

သူ၏ မျက်လုံးများက ရုတ်ခြည်း ဆိုသလို ကျဥ်းမြောင်းသွားခဲ့သည်။

ကျန်းချန်က သွေးကန့်လန့်ကာကို မဲ့ပြုံး ပြုံးပြလိုက်သည်။

သူ၏ မောက်မာသောအသံသည် ပတ်၀န်းကျင်တွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။

"မြောက်ပိုင်းတောရိုင်းဒေသကို ငါပြန်ရောက်ပြီး နာရီဝက် မကြာသေးတဲ့ အချိန်မှာပဲ မင်းတို့ သွေးနတ်ဆိုး နန်းတော်ရဲ့ ခန်းမအကြိီးအကဲ နှစ်ယောက်ကို ငါသတ်ပစ်ပြီးပြီ.. မင်းက ငါ ကျန်းချန် နောက်ထပ် သတ်ပစ်မယ့် သွေးနတ်ဆိုးနန်းတော်ရဲ့ တတိယမြောက် ခန်းမအကြီးအကဲ ဖြစ်လာတာကို ဂုဏ်ယူလိုက်စမ်းပါ"

အခန်း(၁၁၂၆)ပြီး၏။

အခန်း(၁၁၂၇)

"ဒီကောင်လေးက ခန်းမအကြိိီးအကဲ နှစ်ယောက်ကို သတ်ပစ်လိုက်တယ်လို့ ပြောလိုက်တာလား"

ကျန်းချန်၏ စကားကိုကြားလျှင် သွေးကန့်လန့်ကာသည် ကမ္ဘာပေါ်ရှိ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။

သွေးနတ်ဆိုးနန်းတော်၏ ခန်းမအကြီးအကဲ ရှစ်ဦးတွင် တစ်ဦးချင်းစီသည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ဆိုရလျှင် သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းချုပ်သုံးဦးနှင့်ပင် ယှဥ်နိုင်၏။

မြောက်ပိုင်းတောရိုင်းဒေသမှ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ သုံးဦးက လွဲလျှင် သူတို့ကိုခြိမ်းခြောက်နိုင်သူ မရှိသလောက်ပင်။

သူ့ရှေ့မှ ကောင်လေးသည် နတ်ဆိုးဆန်သည့် ပါရမီရှိပြီး အသက်နှစ်ဆယ် အရွယ်မှာပင် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

သို့သော်လည်း ဤကဲ့သို့ ဖြစ်နေလျှင်ပင် သူကဲ့သို့ သွေးနတ်ဆိုးနန်းတော်၏ ခန်းမအကြိီးအကဲကို သတ်ပစ်ရန် လုံလောက်သော ခွန်အားရှိမည် မဟုတ်ပေ။

"ကောင်လေး မင်းငါ့ကို လှည့်စားပြီး တမင်တကာ ကြောက်အောင် လုပ်နေတာမလား.. မင်းရဲ့စကားကို ယုံရအောင် ငါ့ကိုအရူးလို့ ထင်နေတာလား.. ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမ အကြီးအကဲတိုင်းက သာမန် ကျင့်ကြံသူတွေ မဟုတ်ကြဘူး.. မင်းလို နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးက ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ.. ကောင်းပြီလေ မင်းက ကိုယ့်ကိုယ်ကိုယ် သတ်မသေချင်မှတော့ ငါကိုယ်တိုင်ပဲ မင်းကို အဆုံးသတ် ပေးရတော့မှာပေါ့ "

သွေးကန့်လန့်ကာက အေးစက်စက် ရေရွတ်လိုက်သည်။

မကြာမီမှာပင် သူက လက်ကို ဆန့်ထုတ်ပြီး လှုပ်ရှားလိုက်ရာ လေထုထဲကနေ သွေးရောင်အလင်း ကန့်လန့်ကာများ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ဆီသို့ ဧရာမ ပိုက်ကွန်သဖွယ် ကျရောက်လာခဲ့သည်။

"ပုရွက်ဆိတ်လေးကများ ငါ့ကိုအံတုရဲတယ်"

ကျန်းချန်က ခေါင်းခါရမ်း၍ ရေရွတ်လိုက်ပြီး သူ၏လက် တစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် သွေးရောင် ကန့်လန့်ကာသည် လေထုထဲတွင် တုန်ခါသွားခဲ့ပြီး အစအန မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

သွေးကန့်လန့်ကာ၏ တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခြေထောက်ကို လေဟာနယ်တွင် ဆောင့်နင်းကာ မီတာတစ်ရာ အကွာအဝေးကို ရိပ်ကနဲ ဖြတ်ကျော်လာခဲ့ပြီး သွေးကန့်လန့်ကာ၏ ဦးခေါင်း အထက်ကို ရောက်ရှိလာခဲ့သည်။

သွေးကန့်လန့်ကာက တုန့်ပြန်ရန် အနည်းငယ်မျှ အချိန်မရခင်မှာပင် သူ၏ လက်ဝါးရိုက်ချက်သည် သွေးကန့်လန့်ကာ၏ ခေါင်းပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဝုန်း"

ကျယ်လောင်သော အသံတစ်သံက ကြည်လင်စွာ ထွက်ပေါ်လာခဲ့သည်။

သွေးကန့်လန့်ကာ၏ ဦးခေါင်းတစ်ခုလုံးသည် ကျန်းချန်၏ လက်ဝါးရိုက်ချက်ဖြင့် ခန္ဓာကိုယ်ထဲသို့ ကျွံဝင်သွားခဲ့ပြီး လေထဲကနေ ပြုတ်ကျသွားခဲ့သည်။

၎င်းက မြေပြင်ထက်ကို ပြုတ်ကျလာပြီးနောက်တွင် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော် တောင်ဘက်ဂိတ်တံခါးရှိ ကျောက်လမ်းမကြီးကို ဆယ်မီတာ အနက်ရှိသော ဧရာမတွင်းပေါက်ကြီးတစ်ခုပင် ဖြစ်ပေါ်စေခဲ့သည်။

ဤမြင်ကွင်းသည် ပရိတ်သတ်အားလုံးကို နောက်တစ်ဖန် တိတ်ဆိတ်စေခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

သွေးကန့်လန့်ကာသည် သွေးနတ်ဆိုးနန်းတော်၏ ခန်းမ အကြိိီးအကဲ ရှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

သို့သော်လည်း ကျန်းချန်၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် အမှန်တကယ် သေဆုံးသွားခဲ့ရ၏။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဤအချိန်တွင် သွေးနတ်ဆိုး လူငယ်သည် သူ၏မျက်လုံးကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

သွေးကန့်လန့်ကာသည် ခန်းမအကြီးအကဲ ရှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး မြောက်ပိုင်းတောရိုင်း ဒေသတွင် ထိပ်ဆုံး၌ ရပ်တည်နေသော အင်အားကြီးမားသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သော သွေးကန့်လန့်ကာသည် ကျန်းချန်၏ လက်ဝါးရိုက်ချက်အောက်တွင် ခြင်တစ်ကောင်ကဲ့သို့ ရိုက်သတ်ခံလိုက်ရ၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်သည် သူတို့သွေးနတ်ဆိုးနန်းတော် တစ်ခုလုံးမှာပင် မဟာအုပ်ထိန်းသူ သုံးဦးနှင့် ခန်းမသခင် တို့တွင်သာ ရှိမည်ဟု သူထင်ခဲ့သည်။

ထိုကဲ့သို့ စဥ်းစားမိလျှင် သွေးနတ်ဆိုးလူငယ်၏ မျက်လုံးများ၌ ကြောက်ရွံ့သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။

"ဒီတစ်ခေါက်တော့ မင်းအလှည့်ပဲ"

သွေးကန့်လန့်ကာကို ရိုက်သတ်ပစ်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ အကြည့်ကို သွေးနတ်ဆိုးလူငယ်ဘက်သို့ လှည့်လိုက်ပြီး သူ၏ သွားဖြူဖြူများ ပေါ်လာသည်အထ်ိ ပြုံးရယ်ပြလိုက်သည်။

"မင်း.. မင်း.. ငါ့ကို သတ်လို့မဖြစ်ဘူး ငါက သွေးနတ်ဆိုးနန်းတော်ရဲ့ တတိယမြောက် သြဇာအရှိဆုံးပုဂ္ဂိုလ်ပဲ.. မင်းငါ့ကိုသတ်ရင် ခန်းမသခင်က မင်းကို လုံး၀ အလွတ်ပေးမှာမဟုတ်ဘူး"

သွေးနတ်ဆိုးလူငယ်သည် ကျန်းချန်၏ အကြည့်ကို ရင်ဆိုင်မိလျှင် စိတ်နှလုံးထဲကနေ အေးစိမ့်သွားခဲ့ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် သွေးနတ်ဆိုးနန်းတော်က မင်းရဲ့ရန်သူ မဖြစ်စေရတော့ဘူးလို့ ငါကတိပေးတယ်...အနာဂတ်မှာလည်း မဟာရှားနိုင်ငံကို လုံးဝ ခြေမချတော့ဘူး"

"မင်းက ခြိမ်းခြောက်နေတာလား.. စိတ်မကောင်းပါဘူး မင်းသိထားဖို့က ငါ့ကို ခြိမ်းခြောက်တဲ့သူတိုင်းက တမလွန်ကို ရောက်သွားကြပြီ.. ဒါကြောင့် မင်းလဲ သူတို့ နောက်ကို လိုက်ဖို့သာ ပြင်ထားလိုက်တော့"

စကားဆုံးသည်နှင့် ကျန်းချန်က သူ့လက်ကို အသာအယာ မြှောက်လိုက်ရာ ဓားစွမ်းအင် တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး သွေးနတ်ဆိုးလူငယ် ဆီသို့ ဦးတည်သွားခဲ့သည်။

အခန်း(၁၁၂၇)ပြီး၏။

အခန်း(၁၁၂၈)

"ကောင်လေး မင်းက ငါ့ကို အတင်းအကြပ် ဖိအားပေးနေတာပဲ မင်းငါ့ကို ဒီလောက်တောင် သတ်ချင်နေမှတော့ ငါက မင်းကို ကြိိီးလေးတဲ့ အဖိုးအခ ပြန်လည် ပေးဆပ်စေမယ်"

သွေးနတ်ဆိုးလူငယ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ နဖူးထက်၌ သွေးများ ထွက်လာခဲ့ပြီး တစ်ခဏအကြာမှာပင် သွေးများ စွန်းပေနေသော မျက်လုံးတစ်လုံးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ထိုသွေးမျက်လုံးကနေ သွေးရောင်အလင်းတန်း တစ်ခုသည် ရုတ်ခြည်း ဆိုသလ်ို ထွက်ပေါ်လာခဲ့ပြီး ထိုသွေးရောင် အလင်းတန်းမှ စွမ်းအင်များသည် ကျန်းချန် တစ်ကိုယ်လုံးကို ချက်ချင်းပင် ၀န်းရံသွားခဲ့သည်။

ဤသည်မှာ တားမြစ်ထားသော လျှို့ဝှက်နည်းစနစ်များထဲမှ တစ်ခု ဖြစ်သည့် သွေးနတ်ဆိုးနန်းတော်၏ စိတ်၀ိညာဥ် ဖျက်ဆီးခြင်း သွေးမျက်လုံး နည်းစနစ် ဖြစ်သည်။

ဤနည်းစနစ်သည် သွေးနတ်ဆိုးလူငယ်၏ အားအကိုးရဆုံး ဝှက်ဖဲလည်း ဖြစ်၏။

သူက ဤစိတ်ဝိညာဥ်ဖျက်ဆီးခြင်း နည်းစနစ်ဖြင့် တစ်ချိန်ကသွေးနတ်ဆိုးနန်းတော်၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူကို စွမ်းအင်သိပ်သည်းခြင်း န၀မအဆင့်ဖြင့် အန်ိုင်ရခဲ့သည်။

ထိုတိုက်ပွဲပြီးနောက်တွင် သူသည် သွေးနတ်ဆိုးနန်းတော်၏ အနာဂတ်သခင် အဖြစ် လျာထားခံခဲ့ရပြီး သွေးနတ်ဆိုးနန်းတော်တွင် တတိယအမြင့်ဆုံး သြဇာအာဏာရှိသူ ဖြစ်လာခဲ့သည်။

စိတ်၀ိညာဥ်ဖျက်ဆီးခြင်း သွေးမျက်လုံး နည်းစနစ်သည် စိတ်ဝိညာဥ်ကို တိုက်ရိုက် ဖျက်ဆီးနိုင်သည့် နည်းစနစ် ဖြစ်သည်။

ထိုနည်းစနစ်သည် မိမိထက် ဆယ်ဆပို၍ သန်မာသူကိုပင် အပြင်းအထန် ထိခိုက်အောင် လုပ်ဆောင်နိုင်၏။

"စိတ်ဝိညာဥ်ဖျက်ဆီးခြင်း မျက်လုံးနည်းစနစ်လား"

ထိုမြင်ကွင်းကိုကြည့်ရင်း ကျန်းချန်သည် မဲ့ပြုံးပြုံးလိုက်သည်။

စိတ်ဝိညာဥ်ဖျက်ဆီးခြင်း မျက်လုံးနည်းစနစ်သည် ကောင်းမွန်သော်လည်း နှမြောစရာကောင်းသည်မှာ ဤနည်းစနစ်ကို အသုံးပြုသောသူသည် အရည်အချင်း ညံ့ဖျင်းနေခဲ့သည်။

လင်ရှီမြို့၏ နံပါတ်တစ် ပါရမီရှင် မုန့်ရွှယ်ရွှယ်ကသာ ဤစိတ်ဝိညာဥ်ဖျက်ဆီးခြင်း သွေးမျက်လုံး နည်းစနစ်ကို အသုံးပြုခဲ့လျှင် သူ့အတွက် ပြဿနာတစ်ချို့ ပေးနိုင်လိမ့်မည် ဖြစ်၏။

သို့သော်လည်း သူ့ရှေ့က ကောင်လေးကမူ သိုင်းသခင် နယ်ပယ် ပထမအဆင့် ခွန်အားထက် မပိုခဲ့ပေ။

သူကမူ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်၏။

အထူးသဖြင့် အင်ပါယာအမွေအနှစ် နယ်မြေထဲရှိ ရွှယ်လင် သိဒ္ဓိစမ်းရေကို သောက်သုံးပြီးနောက်တွင် သူ၏ ၀ိညာဥ်စွမ်းအားသည် သာမန်လူများထက် ပိုမိုသန်မာသွားခဲ့ပြီ ဖြစ်သည်။

ဤစိတ်ဝိညာဥ် ဖျက်ဆီးခြင်း သွေးမျက်လုံး နည်းစနစ်သည် မည်မျှပင် အစွမ်းထက်ပါစေ၊ သူ၏ စိတ်ဝိညာဥ်ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါအံ့နည်း။

"ပြိုကွဲစမ်း"

ကျန်းချန်က သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ရာ သူ၏ မျက်လုံးထဲကနေ ဝိညာဥ်မီးလျှံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုဝိညာဥ်မီးလျှံသည် စိတ်ဝိညာဥ် ဖျက်ဆီးခြင်း သွေးမျက်လုံး နည်းစနစ်ထက် အဆပေါင်းများစွာ ပို၍ အားကောင်း၏။

ကျန်းချန်က ထိုဝိညာဥ်မီးလျှံကို သူ၏ ဘုရင့်စိတ်ဆန္ဒဖြင့် ပေါင်းစပ်ထားသည် ဖြစ်ရာ ဝိညာဥ်မီးလျှံသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

"ဝုန်း"

ဤသို့ဖြင့် ဝိညာဥ်မီးလျှံသည် သွေးနတ်ဆိုးလူငယ်၏ သွေးရောင် အလင်းတန်းဖြင့် ထိပ်တိုက် ဆုံမိသွားသည်။

သွေးရောင် အလင်းတန်းသည် လုံး၀ပင် ခုခံနိုင်စွမ်း မရှိဘဲ ဝိညာဥ်မီးလျှံ၏ စွမ်းအားအောက်တွင် တစ်လက်မချင်းစိီ ပေါက်ကွဲထွက်သွားခဲ့သည်။

"အား"

သွေးနတ်ဆိုးလူငယ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ကြောက်မက်ဖွယ်အော်ဟစ်ကာ လေထဲဲကနေ ပြုတ်ကျလာခဲ့သည်။

နီစွေးသော သွေးများသည် စမ်းရေကဲ့သို့ သူ၏ တတိယမျက်လုံးကနေ ပန်းထွက်လာခဲ့၏။

"မင်း.. မင်းရဲ့ဝိညာဥ်က ဒီလောက်တောင် အစွမ်းထက်နေတာလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဤအချိန်တွင် သွေးနတ်ဆိုးလူငယ်၏ ခန္ဓာကိုယ်သည် တုန်ယင်နေခဲ့သည်။

အစောပိုင်းတွင် သွေးနတ်ဆိုးလူငယ်သည် ကျန်းချန် ထံမှ ကြောက်မက်ဖွယ် ၀ိညာဥ်စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ကျန်းချန်၏ ဝိညာဥ်စွမ်းအား ရှေ့တွင် သူ၏ စိတ်ဝိညာဥ်ဖျက်ဆီးခြင်း သွေးမျက်လုံး နည်းစနစ်သည် အလွန်ပင်အားနည်းနေပြီး သမုဒ္ဒရာထဲမှ လှေငယ်လေး တစ်စင်းလို ဖြစ်နေခဲ့၏။

ထိုကဲ့သို့ နက်နဲလွန်းသော ၀ိညာဥ်စွမ်းအားကို သွေးနတ်ဆိုးလူငယ်သည် ခန်းမသခင် ဆီကနေသာ ခံစားဖူးခဲ့၏။

သိထားရမည်မှာ သူတို့ သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် နတ်၀ိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

သို့ဆိုလျှင် ဤကောင်လေး၏ ၀ိညာဥ်စွမ်းအားသည် အဘယ့်ကြောင့် ဤမျှအထိ အစွမ်းထက်နေရပါသနည်း။

"မင်းက အရမ်းအားနည်းလွန်းတယ်"

ကျန်းချန်က သွေးနတ်ဆိုးလူငယ်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး စကားဆက်ပြောရန် ညီးငွေ့စွာဖြင့် သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။

"ခေါင်းဆောင် သူ့ကို မသတ်နဲ့ဦး.. သခင်မလေး ချင်းရွှယ်ကို သွေးနတ်ဆိုးနန်းတော်ရဲ့ လူတွေက ဖမ်းသွားခဲ့တယ်.. သူကသခင်မလေး ချင်းရွှယ်ရှိတဲ့ နေရာကို သိလောက်တယ်"

ဤအခိုက်အတန့်တွင် ကျန်းခိုင်၏ စိုးရိမ်တကြီး ရေရွတ်လိုက်သော အသံသည် ကျန်းချန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"ဘာ.. ချင်းရွှယ်ကို သွေးနတ်ဆိုးနန်းတော်က လူတွေ ဖမ်းသွားတယ် ဟုတ်လား"

ကျန်းခိုင်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာသည် ခက်ထန်သွားခဲ့၏။

သူက လျှပ်စီးကဲ့သို့ ရိပ်ခနဲ ရောက်လာခဲ့ပြီး သွေးနတ်ဆိုးလူငယ်၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဆောင့်နင်းထားလိုက်သည်။

ထို့နောက်တွင် သူ၏ ဒေါသတကြီး မေးခွန်းထုတ်လိုက်သော အသံသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

"မုန့်ချင်းရွှယ် ဘယ်နေရာမှာလဲဆိုတာ ငါ့ကို ပြောပြစမ်း.. မဟုတ်ရင် သေတာထက် ဆိုးတဲ့ အရသာကို မင်းခံစားစေရမယ်"

အခန်း(၁၁၂၈)ပြီး၏။

All Chapters