← Chapters

အခန်း (၁၁၃၂-၁၁၃၄)

Vol. 76 Ch. 1132-1134

အခန်း (၁၁၃၂-၁၁၃၄)

Vol. 76 Ch. 1132-1134

အခန်း(၁၁၃၂)

အနက်ရောင် ဝတ်စုံဝတ် ပုံရိပ် နှင့် ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်သည် တစ်ပြိုင်နက်ထဲ ရောက်ရှိလာခဲ့ပြီး ကျီရှ၏ ဘေးတွင် နေရာယူလိုက်သည်။

အနက်ရောင်ဝတ်စုံကို ဝတ်ထားသော ပိန်ပါးပါး အဘိုးကြီးက ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ကျီရှ.. ဒီက မိတ်ဆွေလေးက နတ်ဝိညာဉ်ဘုရင် ရှောင်တုလီရဲ့ တပည့်လား"

"ဟုတ်တယ်. မိတ်ဆွေလေး ကျန်းချန်က ငါတို့ ထိုက်ရှဂိုဏ်းရဲ့တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်.. သူက လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က နတ်ဝိညာဉ်ဘုရင် ရှောင်တုလီရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်"

ကျီရှက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို မိတ်ဆက်ပေးလိုက်သည်။

"မိတ်ဆွေလေး ကျန်းချန်.. ဒီအနက်ရောင်ဝတ်စုံက်ို ၀တ်ဆင်ထားတဲ့ အကြီးအကဲက ထျန်းယွဲ့ဂိုဏ်းရဲ့ အထွတ်အထိပ် အကြီးအကဲ ရှချိုးယာပဲ"

"မိတ်ဆွေလေးက နတ်ဝိညာဉ်ဘုရင်ရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်ပါတယ်.. ဒီနေ့တွေ့လိုက်ရတော့ တကယ်ကို ခန့်ညားချောမောတာပဲ"

ကျန်းချန်ကို ကြည့်နေသည့် ရှချိုးယာ၏ မျက်လုံးများတွင် သိမ်မွေ့သော အလင်းတစ်ခု လင်းလက်နေခဲ့သည်။

သူ့ရှေ့မှလူငယ်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ နှစ်သက်သည့် တပည့်တစ်ဦး ဖြစ်ရန် ထိုက်တန်သည်။

ဤမျှ ငယ်ရွယ်သောအချိန်မှာပင် ကျင့်ကြံခြင်း အဆင့်သည် နက်ရှိုင်းလွန်းနေခဲ့၏။

သူ၏ မျက်စိဖြင့်ပင် ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ခဲ့ပေ။

ထို့ပြင် ရှချိုးယာသည် သူလေ့ကျင့်ထားသော လျှို့ဝှက်နည်းလမ်းမှတစ်ဆင့် ကျန်းချန်ထံမှ အန္တရာယ် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။

သူက သွေးနတ်ဆိုးနန်းတော်၏ မဟာအုပ်ထိန်းသူ သုံးဦးထဲမှတစ်ဦးဖြစ်သော သွေးအရိပ် အရှင်သခင်ကို ကျန်းချန် သတ်ခဲ့သည် ဟူသောကိစ္စနှင့် ပတ်သက်၍ သံသယများ ရှိခဲ့သည်။

ယခုအခါတွင် ကျန်းချန်ကို ကိုယ်တိုင် မျက်မြင် တွေ့လိုက်ရသောအခါ ရှချိုးယာသည် ထိုကိစ္စကို အနည်းငယ် ယုံကြည်သွားခဲ့၏။

ဤလူငယ်သည် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်ထားပုံရသည်။

"အကြီးအကဲရှရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ရှချိုးယာကို ပြန်လည် နှုတ်ဆက်လိုက်သည်။

ဤလူသုံးဦးသည် မြောက်ပိုင်းတောရိုင်းဒေသတွင် ကြီးမားသော ခွန်အားနှင့် မြင့်မြတ်သော ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားကြသော်လည်း ကျန်းချန်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

သူ၏ခွန်အားသည် သာမန် နတ်၀ိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ အန်ိုင်ယူနိုင်၏။

ထို့ကြောင့် သိုင်းသခင်နယ်ပယ် အဆင့်မှ ကျင့်ကြံသူများသည် သူ့အတွက် ပုရွက်ဆိတ်များနှင့် မည်သို့မျှ မခြားနားပေ။

"ကျန်းချန်.. မင်းရဲ့ဆရာ ရှောင်တုလီ အခုဘယ်မှာရှိနေလဲ"

ဤအခိုက်အတန့်တွင် မာနကြီးပုံရသော ရွှေရောင်ဝတ်စုံဝတ် အဘိုးအို၏ အသံသည် ကျန်းချန်၏ နားထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က နတ်ဓားဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲဖြစ်သော ရှန်းပိုင်ကျန့်ကို စေ့စေ့ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်၏။

"ငါ့ဆရာ ဘယ်နေရာမှာပဲရှိရှိ မင်းနဲ့ဘာဆိုင်လို့လဲ"

"ကျန်းချန်.. အခုချိန်မှာ သွေးနတ်ဆိုးနန်းတော်က ပြန်ပေါ်လာခဲ့ပြီ.. မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂုဏ်းအနေနဲ့ မကြုံစဖူး ကပ်ဘေးတွေနဲ့ ရင်ဆိုင်ရတော့မယ်.. ငါတ်ို့သုံးယောက် မင်းဆီ ရောက်လာတာက မင်းရဲ့ဆရာ နတ်ဝိညာဉ်ဘုရင် ရှောင်တုလီနဲ့ ပူးပေါင်းမလို့ပဲ"

"ရှောင်တုလီ ကိုယ်တိုင် ငါတို့ သုံးယောက်ကို ထွက်တွေ့ဖို့ မျှော်လင့်ပါတယ်"

ရှန်းပိုင်ကျန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် အမူအရာဖြင့် ပြောလိုက်သည်။

သူက နတ်ဓားဂိုဏ်ရဲ့ အထွတ်အထိပ် အကြီးအကဲ ဖြစ်သည်။

သူ၏ ခွန်အားသည် သိုင်းသခင်နယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေခဲ့ပြီး မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှ အထွတ်အထိပ် အကြီးအကဲ ၃ဦး ထဲတွင် အသန်မာဆုံးလူလည်း ဖြစ်သည်။

ဤကောင်လေး၏ နောက်တွင် ကြောက်မက်ဖွယ်ကောင်း သော နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူရှိနေ၍သာ သူ့အနေဖြင့် စိတ်လျော့ထားရခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သူ့ကို ဤမျှအထိ မလေးမစား လုပ်ရဲသောကောင်လေးကို လက်ဝါးဖြင့် ရိုက်သတ်ပြီးလောက်ပေပြီ။

ကျီရှ၏ သုံးသပ်ချက်အရ ဤကောင်လေးသည် အနည်းဆုံး သိုင်းသခင်နယ်ပယ် သတ္တမအဆင့်နှင့် အထက် ခွန်အားရှိသည်။

ထိုလူငယ်က သွေးနတ်ဆိုးနန်းတော်၏ မဟာအုပ်ထိန်းသူ သုံးဦးထဲမှ တစ်ဦးဖြစ်သော သွေးအရိပ် အရှင်သခင်ကို သတ်ဖြတ်ခဲ့သည်။

ဤကောင်လေး၏ ခွန်အားက သူတို့နှင့် တန်းတူလောက် ရှိသည်ဟု ကျီရှက ပြောခဲ့သော်လည်း ရှန်းပိုင်ကျန့်သည် လုံး၀ မယုံကြည်ခဲ့ပေ။

အကြောင်းရင်းမှာ မြောက်ပိုင်းတောရိုင်း ဒေသ၏ ဂိုဏ်းကြီး သုံးဂိုဏ်း သိုင်းပြိုင်ပွဲ အပြီးတွင် ကျန်းချန်သည် လူငယ်မျိုးဆက်ထဲ၌ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့သော်လည်း ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်ကိုပင် မထိုးဖောက်ရသေးသောကြောင့် ဖြစ်သည်။

ထိုအချိန်ကနေ စတင်၍ ရေတွက်လျှင် တစ်နှစ်ခွဲလောက်သာ အချိန်ရှိသေးသည်။

ကျန်းချန်က အလွန်ပါရမီရှိပြီး နတ်ဆိုးဆန်လျှင်ပင် အလွန်ဆုံး သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ရုံး ဖြစ်လောက်၏။

ထိုမျှဖြင့် သွေးနတ်ဆိုးနန်းတော်၏ မဟာအုပ်ထိန်းသူ ဖြစ်သည့် သွေးအရိပ် အရှင်သခင်ကို မည်ကဲ့သို့ သတ်နိုင်ပါအံ့နည်း။

သိထားရမည်မှာ သွေးအရိပ် အရှင်သခင်သည် ရာစုနှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့သည့် ကျင့်ကြံသူ ဖြစ်ပြီး သွေးလမ်းစဉ်ကို ကျင့်ကြံသူ ဖြစ်သည့်အလျောက် အသက်ကယ် နည်းလမ်း များစွာ မရေမတွက်နိုင်အောင် ရှိသည်။

သူ့အနေဖြင့် ကြိုးစားအားထုတ်၍ တိုက်ခိုက်လျှင် သွေးအရိပ် အရှင်သခင်ကို အန်ိုင်ယူဖို့ မခက်ခဲသော်လည်း သတ်ဖြတ်ရန်မှာမူ လွယ်ကူမည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်က သွေးအရိပ် အရှင်သခင်ကို သတ်ဖြတ်ရာတွင် ရှောင်တုလီက လျှို့ဝှက်ကူညီခဲ့သည်ဟု ရှန်းပိုင်ကျန့် သံသယရှိခဲ့သည်။

အကြောင်းရင်းမှာ သွေးအရိပ်ရှင်သခင်ကို အလွယ်တကူသတ်ဖြတ်ရန်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူသာ လုပ်ဆောင်နိုင်သောကြောင့်ပင်။

အခန်း(၁၁၃၂)ပြီး၏။

အခန်း(၁၁၃၃)

"ဒါဆို မင်းတို့က ငါ့ဆရာဆီကနေ အကူအညီတောင်းဖို့ လာကြတာပေါ့"

ကျန်းချန်က ရှန်းပိုင်ကျန့်ကို ခနဲ့တဲ့တဲ့ ကြည့်လိုက်၏။

သူ၏နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

"ငါတို့က မင်းရဲ့ ဆရာကို ရှာပြီး သွေးနတ်ဆိုးနန်းတော်ကို တိုက်ဖို့အတူ လာရောက် ပူးပေါင်းတာပဲ"

ရှန်းပိုင်ကျန့်က ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။

သူသိထားသလောက် သွေးနတ်ဆိုးနန်းတော်၏ လက်ရှိခွန်အားသည် တိုင်းတာ၍ မရလောက်အောင် နက်နဲသည်။

အထူးသဖြင့် သွေးနတ်ဆိုးနန်းတော်၏ လျှို့ဝှက်ဆန်းကြယ်သော ခန်းမသခင်သည် နတ်ဝိညာဥ်ဘုရင်အဆင့် ခွန်အားကို ပြန်လည် ရရှိထားပြီဟု ဆိုကြသည်။

ထို့ကြောင့် မြောက်ပိုင်းတောရိုင်းဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်းသည် သွေးနတ်ဆိုးနန်းတော်နှင့် ယှဥ်ပြိုင်လိုလျှင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ရှောင်တုလီကို ဖိတ်ခေါ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

မြောက်ပိုင်းတောရိုင်း‌ ဒေသမှ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည့် ရှန်းပိုင်ကျန့်သည် အလွန်ပင် မာနကြီးသူ တစ်ဦး ဖြစ်သည်။

သူက အကူအညီ လာရောက် တောင်းဆိုနေသော်လည်း လေသံက တစ်ပြားသားမှ အောက်မကျို့ပေ။

"ဟားဟား ရယ်စရာပဲ.. ငါ့ဆရာက အခု မြောက်ပိုင်းတောရိုင်းဒေသမှာ ရှိမနေဘူး.. အကယ်၍ သူဒီမှာ ရှိနေရင်တောင် မင်းတို့နဲ့ ပူးပေါင်းပြီး သွေးနတ်ဆိုးနန်းတော်ကို ငါ့ဆရာက ဘာကိစ္စ သွားတိုက်ပေးရမှာလဲ"

ကျန်းချန်က မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူက ရှန်းပိုင်ကျန့်ကို စိတ်မရှည်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"မင်းမှာ တခြားကိစ္စမရှိရင် ထွက်သွားလို့ရပြီ.. ငါဒီမှာ မင်းနဲ့ အချိန်ဖြုန်းချင်စိတ် မရှိဘူး"

ကျန်းချန်၏ မလေးမခန့် စကားကိုကြားလျှင် ရှန်းပိုင်ကျန့်၏ မျက်နှာသည် သုန်မှုန်သွားခဲ့သည်။

သူက ဒေါသတကြီးဖြင့် ကျန်းချန်ကို အော်ငေါက်လိုက်၏။

"ကျန်းချန်.. ငါက ရှောင်တုလီရဲ့ မျက်နှာနဲ့ မင်းကို မျက်နှာသာပေးနေတာပဲ.. မင်းကမ်းတက်မလာနဲ့"

"မင်းက ငါ့ကို မျက်နှာသာ‌ပေးရတဲ့အထိ အဆင့်ရှိလို့လား"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

"အဘိုးကြီး.. အကူအညီတောင်းချင်တယ်ဆိုရင် အကူအညီလိုအပ်တဲ့သူလို ပြုမူရမယ်.. ငါ့ရှေ့မှာ သောက်ချိုးမပြေတဲ့ ပုံစံတွေ လာမလုပ်နဲ့"

"မင်းဘာစကား ပြောလိုက်တာလဲ"

ရှန်းပိုင်ကျန့်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

"ကျန်းချန်.. မင်းက ရှောင်တုလီရဲ့တပည့် ဖြစ်နေတာနဲ့ပဲ မင်းကို ငါဘာမှမလုပ်ရဲဘူးလို့ မထင်နဲ့"

"ဒါဆိုလည်း အချိန်မရွေး စမ်းကြည့်လိုက်လို့ရတယ်"

ကျန်းချန်၏ မျက်နှာထားက အေးစက်နေခဲ့သည်။

"မိတ်ဆွေလေး ကျန်းချန်.. မင်း ငါ့ကို မျက်နှာသာပေးတဲ့ အနေနဲ့ ဗွေမယူဘဲ အလျှော့ပေးလိုက်လို့ မရဘူးလား"

ကျန်းချန်နှင့် ရှန်းပိုင်ကျန့်တို့ အကြီးအကျယ် သဘောထားကွဲလွဲ၍ တိုက်ခိုက်ကြတော့မည့် အချိန်တွင် ကျီရှက ဖျန်ဖြေမှု လုပ်လိုက်သည်။

ရှန်းပိုင်ကျန့်သည် ဂိုဏ်းကြီး သုံးဂိုဏ်းထဲတွင် အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်၍ နဂိုကတည်းကပင် မာနကြီးသူ တစ်ဦးဖြစ်၏။

မူလက ထိုက်ရှဂိုဏ်းနှင့် ကျန်းချန်၏ ပတ်သက်ဆက်နွှယ်မှုအရ ကောင်းမွန်စွာ မေးမြန်းသ၍ ကျန်းချန်သည် ဘေးကနေ ထိုင်ကြည့်နေမည် မဟုတ်‌ပေ။

သို့သော်လည်း ရှန်းပိုင်ကျန့် ဟူသည့် ငတုံးက ကျန်းချန်နှင့်ပြဿနာတက်လိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။

"မင်းက ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ နံပါတ်တစ် အစွမ်းထက်သူ မဟုတ်လား.. မင်းဒီလောက်တောင် အစွမ်းထက်နေတယ် ဆိုရင် သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမသခင်ကို မင်းကိုယ်တိုင်ရင်ဆိုင်လိုက်ပါလား.. ဘာလို့ အကူအညီ လာတောင်းနေတာလဲ"

ကျန်းချန်၏ ရှန်းပိုင်ကျန့်ကို ခနဲ့လိုက်သည့် စကားများကို ကြားလျှင် ကျီရှသည် စကားမပြောနိုင်အောင် ဖြစ်သွားခဲ့သည်။

ခဏအကြာမှသာ သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ပြောလိုက်၏။

"မိတ်ဆွေလေး ကျန်းချန်.. နတ်ဝိညာဥ်ဘုရင် ရှောင်တုလီက မြောက်ပိုင်းတောရိုင်း ဒေသမှာ ရှိရှိ မရှိရှိ ထိုက်ရှဂိုဏ်း အတွက် မိတ်ဆွေလေးက ကူညီပေးဖို့ မျှော်လင့်ပါတယ်"

"အကြီးအကဲ စိတ်ချပါ.. သွေးနတ်ဆိုးနန်းတော်က မဟာရှားနိုင်ငံမှာ ရှိတဲ့ ကျွန်တော်ရဲ့ မိတ်ဆွေတွေကို ဖမ်းဆီးသွားခဲ့တယ်.. ဒါကြောင့် ကျွန်တော် သူတို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ပေါ့ပါးစွာ ပြောလိုက်သည်။

"ကျွန်တော် အခုပဲ သွေးနတ်ဆိုးနန်းတော်ကို အကြွေးရှင်းဖို့သွားတော့မယ်.. အကြီးအကဲတို့ သွေးနတ်ဆိုးနန်းတော်ကို ဖျက်ဆီးချင်တယ် ဆိုရင် ကျွန်တော်နဲ့အတူ တစ်ခါတည်းလိုက်ခဲ့လို့ရတယ်"

"ဘာ.. မင်းက သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ်ကို သွားမလို့လား"

ကျီရှ၏ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

"မိတ်ဆွေလေး ကျန်းချန်.. စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့.. သွေးနတ်ဆိုးနန်းတော်ရဲ့ ခွန်အားက မှန်းဆလို့မရအောင် နက်နဲလွန်းတယ်.. မိုက်ရူးရဲ မဆန်ချင်စမ်းပါနဲ့"

"ဟုတ်တယ် မိတ်ဆွေလေး ကျန်းချန်.. ဒီကိစ္စက ရေရှည်အစီအစဥ် ဆွဲရမဲ့ကိစ္စမျိုးလို့ ငါထင်တယ်"

ထျန်းယွဲ့ဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ရှချိုးယာကလည်း ကျန်းချန်ကို အလျင်အမြန်ပင် ဖျောင်းဖြလိုက်သည်။

သွေးနတ်ဆိုးနန်းတော်၏ ခွန်အားသည် လက်ရှိအချိန်တွင် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။

ကျန်းချန်၏ နောက်ကွယ်မှ နတ်ဝိညာဥ်ဘုရင် ရှောင်တုလီ ရောက်လာခဲ့လျှင်ပင် သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သွေးနတ်ဆိုးနန်းတော်၏ ဌာနချုပ်ကို သွားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မခြားနားပေ။

အခန်း(၁၁၃၃)ပြီး၏။

အခန်း(၁၁၃၄)

"ဟားဟား..ကျန်းချန် မင်းက တကယ်ကို ကိုယ့်အဆင့်ကိုယ် မသိဘူးပဲ.. မင်းဘာသာမင်း သေချင်နေရင်လည်း သွေးနတ်ဆိုးနန်းတော်ကို တစ်ယောက်တည်းသွားပြီး သေလိုက်လေ.. ငါတို့ကိုတော့ လာပြီးအဖော်မစပ်နဲ့"

ရှန်းပိုင်ကျန့်က မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။

သွေးနတ်ဆိုးနန်းတော်တွင် သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့် မဟာအုပ်ထိန်းသူ သုံးဦး ရှိသည့်အပြင် သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ခွန်အားကို ပြန်လည်ရရှိထားခဲ့သည်။

ဤကောင်လေး၏ ဆရာဖြစ်သည့် ရှောင်တုလီပင် သွေးနတ်ဆိုးနန်းတော်၏ ဌာနချုပ်ကို တစ်ယောက်တည်း သွားတိုက်လျှင် အနိုင်ရရှိရန် မလွယ်လောက်ပေ။

သို့တိုင် သူ့ရှေ့မှ ကောင်လေးသည် လေလုံးထွားနေခဲ့၏။

"မင်းတို့ကို ငါအတင်းအကျပ် မခေါ်ပါဘူး.. မင်းတို့ လိုက်ချင်ရင်လည်းလိုက် မလိုက်ချင်ရင်လည်း နေခဲ့လို့ရတယ်"

ကျန်းချန်ကို နှုတ်ခမ်းကို ကွေးညွတ်၍ ပြောလိုက်ပြီး ချာခနဲလှည့်ထွက်သွားခဲ့သည်။

သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲတစ်ခုသည် ကျုံးကျိုးကုန်းမြေ၏ ကြယ်နှစ်ပွင့် အင်အားစု အဆင့်သာ ရှိသည်။

သူက သူ့ဘာသာသူ တစ်ယောက်တည်း အလွယ်တကူ နှိမ်နင်းနိုင်သည်ဖြစ်ရာ ဤအဘိုးကြီး သုံးယောက်၏ အမြင်များကို အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။

ကျန်းချန်အတွက် လက်ရှိအချိန်တွင် အရေးကြီးဆုံးမှာ သွေးမြူတောင်တန်းရှိ သွေးနတ်ဆိုးနန်းတော်၏ ဌာနချုပ်တွင် မုန့်ချင်းရွှယ်ကို ကယ်ဆယ်ရန်သာဖြစ်သည်။

ထို့ကြောင့် ဤအဘိုးကြီး သုံးယောက်နှင့် အချိန်ဖြုန်းရန် စိတ်ကူးမရှိပေ။

"မိတ်ဆွေလေး ကျန်းချန်.. မင်း..မင်း သွေးနတ်ဆိုးနန်းတော်ရဲ့ဌာနချုပ်ကို တကယ်ပဲ သွားမလို့လား"

ကျီရှက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်၍ မေးခွန်းထုတ်လိုက်သည်။

သူ၏မျက်နှာက တည်ကြည် လေးနက်နေခဲ့၏။

ထွက်သွားခါနီး ကျန်းချန်က ခြေလှမ်းကို တုံ့ခနဲရပ်ကာ ခပ်ယဲ့ယဲ့ ပြုံး၍ လှည့်ကြည့်လိုက်သည်။

"ဘာလဲ ..ကျွန်တော်က ရယ်စရာ ပြောနေတယ် ထင်နေတာလား"

"ကောင်းပြီလေ..မိတ်ဆွေလေးမှာ သွေးနတ်ဆိုးနန်းတော်ကို သွားရဲတဲ့သတ္တိ ရှိနေမှတော့ ဒီအဘိုးကြီးကလည်း မိတ်ဆွေလေးနဲ့အတူလိုက်ခဲ့ပါ့မယ်"

ကျီရှက သူ၏ သွားများကို အံကြိတ်၍ ပြောလိုက်သည်။

သူ၏ အိုမင်းသော မျက်လုံးထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ရှောင်တုလီ၏ တပည့် တစ်ယောက် ဖြစ်သည်။

သို့ဖြစ်ရာ ရှောင်တုလီသည် ကျန်းချန် သေတွင်းထဲ သွားမည်ကို ထိုင်ကြည့်နေစရာ အကြောင်းမရှိဟု ယူဆရ၏။

ကျန်းချန်တို့ ဆရာတပည့်၏ ခွန်အားကို အားကိုးမှသာလျှင် သူတို့သည် သွေးနတ်ဆိုး နန်းတော်ကို အနိုင်ယူနိုင်လိမ့်မည်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ခန်းမသခင်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူတို့သည် သွေးနတ်ဆိုးနန်းတော်၏ ပြိုင်ဘက် မည်သို့မှ ဖြစ်နိုင်မည်မဟုတ်ပေ။

"ကောင်းပြီလေ.. မင်းတောင် သတ္တိရှိမှတော့ ငါ ရှချိုးယာက ဘာလို့ မလိုက်ဘဲ နေရမှာလဲ.. ဒီ‌နေ့ ငါတို့တွေ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ်ကို အတူတူသွားပြီး ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းက မြောက်ပိုင်းတောရိုင်း ဒေသရဲ့ အရှင်သခင်တွေ ဆိုတာ သိအောင် ပြသလိုက်ကြစို့"

ရှချိုးယာက ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ရှန်းပိုင်ကျန့်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အကျည်းတန်သွားခဲ့၏။

"ရှချိုးယာနဲ့ ကျီရှ.. ဒီကလေး ရူးတာကတော့ ထားပါတော့.. မင်းတို့ပါ သူနဲ့အတူ လိုက်ရူးမလို့လား"

"ရှန်းပိုင်ကျန့်.. တစ်ခါတလေ ရူးသွပ်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လည်း ဖြစ်ချင် ဖြစ်သွားနိုင်တယ်.. လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကသာ ရူးရူးသွပ်သွပ် ချေမှုန်းခဲ့မယ်ဆိုရင် သွေးနတ်ဆိုးနန်းတော်က ဒီလိုမျိုး ခေါင်းထောင်လာစရာ အကြောင်းမရှိဘူး..ဒီတစ်ခေါက်တော့ ငါ့ရဲ့အသက်ကို ရင်းရရင်တောင် သွေးနတ်ဆိုးနန်းတော်ကို အစွမ်းကုန် တိုက်ခိုက်တော့မယ်"

ကျီရှ၏ အိုမင်းသော မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင် တစ်ခု ထွက်ပေါ်လာခဲ့သည်။

"သူ့ကို ဂရုမစိုက်နဲ့.. ကျွန်တော်တို့သွားကြစို့"

ကျန်းချန်က နတ်ဓားဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ရှန်းပိုင်ကျန့်ကို လျစ်လျူရှုလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

"ကောင်လေး ရပ်လိုက်စမ်း"

ရှန်းပိုင်ကျန့်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို လှုပ်ရှားကာ ကျန်းချန်၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။

ကျန်းချန်၏မျက်လုံးများက အေးစက်နေခဲ့၏။

"ရှန်းပိုင်ကျန့် မင်း ဒါဘာလုပ်တာလဲ"

"ကျန်းချန်..မင်းက ရှောင်တုလီရဲ့တပည့်ဆိုတာနဲ့ ငါ့ရှေ့မှာ ဘာမဆို လုပ်လို့ရတယ်လို့မထင်နဲ့"

ရှန်းပိုင်ကျန့်က အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

"မင်းကို သွေးနတ်ဆိုးနန်းတော်ဆီ ငါလုံးဝသွားခွင့်မပြုနိုင်ဘူး"

သွေးနတ်ဆိုးနန်းတော်၏ ခွန်အားသည် တိုင်းတာ၍ မရလောက်အောင် နက်ရှိုင်းပြီး သူတို့သုံးယောက် ပူးပေါင်းလျှင်ပင် မနည်း ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ကျန်းချန်က သူနှင့်အတူ အသေခံရန် ကျီရှနှင့် ရှချိုးယာကို ခေါ်သွားခဲ့လျှင် မြောက်ပိုင်းတောရိုင်း ဒေသသည် မည်သို့မှ ပြန်လည် မထူထောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

"မင်းခွင့်မပြုဘူးလို့ ပြောတာနဲ့ ငါက မသွားရတော့ဘူးလား"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

ထိုအခိုက်တွင် သူ၏ မောက်မာသောအသံသည် ကောင်းကင် တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။

"မင်းသိထားရမှာက ငါကျန်းချန် ဘာကိုပဲလုပ်လုပ် မင်းအနေနဲ့ ဝင်ရောက်စွက်ဖက်စရာ ဘာသောက်ကြောင်းမှ မရှိဘူး "

အခန်း(၁၁၃၄)ပြီး၏။

All Chapters