အခန်း (၁၁၃၅-၁၁၃၇)
Vol. 76 Ch. 1135-1137
အခန်း(၁၁၃၅)
"ကောင်းပြီ.. ဒီနေ့ ငါက ရှောင်တုလီရဲ့ကိုယ်စား မင်းလို ကောင်းကင်ရဲ့အမြင့်ကို နားမလည်တဲ့ ကောင်လေးကို သင်ခန်းစာပေးမယ်"
ရှန်းပိုင်ကျန့်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့်ရွှေရောင်ဓားစွမ်းအင်သည် လေထဲတွင် ပေါ်ပေါက်လာခဲ့ပြီး ကျန်းချန်ကို ခုတ်ချလိုက်သည်။
"မင်းက ငါ့ဆရာကိုယ်စား ငါ့ကို သင်ခန်းစာပေးရအောင် မင်းမှာဘာအရည်အချင်းရှိလို့လဲ ထွက်သွားစမ်း"
ကျန်းချန်က ရှန်းပိုင်ကျန့်ကို အော်ငေါက်လိုက်သည်။
ထိုခဏတွင် သူ၏ ဝိညာဥ်စွမ်းအားသည် ကောင်းကင်သို့ ထိုးတက်သွားပြီး နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲကာ ရွှေရောင်ဓားစွမ်းအင်ကို တိုက်ခိုက်လိုက်သည်။
ဘုရင့်စိတ်ဆန္ဒ၏ တိုက်ခိုက်မှုအောက်တွင် ရွှေရောင်ဓားစွမ်းအင်သည် အက်ကွဲသံနှင့်အတူ ပြိုကွဲသွားခဲ့သည်။
ရှန်းပိုင်ကျန့် ဘာမှမတုံ့ပြန်နိုင်မီမှာပင် သူ၏ဝိညာဥ်ကို အဆုံးအစမဲ့ တုန်ခါစေသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုသည် တောင်တစ်တောင် ပြိုကျလာသကဲ့သို့ သူ့ကို ဖိနှိပ်လိုက်သည်။
"ဖူး"
ရှန်းပိုင်ကျန့်၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့ပြီး လေထုထဲတွင် ဆယ်ပေကျော်အထိ နောက်ပြန် လွင့်စင်သွားကာ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
"ဘုရင့်စိတ်ဆန္ဒပါလား ဒါ..ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှန်းပိုင်ကျန့်၏ မျက်နှာအမူအရာသည် အလွန်တရာ ဖြူဖျော့နေခဲ့၏။
ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရှန်းပိုင်ကျန့်၏ မယုံကြည်နိုင်စရာ ရေရွတ်လိုက်သံသည် ရှချိုးယာနှင့် ကျီရှတို့ကို အသက်ရှူမှားမတတ် ဖြစ်စေခဲ့သည်။
"ဘုရင့်စိတ်ဆန္ဒလား"
ဤသည်က နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်သာ ထုတ်သုံးနိုင်သည့် စွမ်းအားမျိုး ဖြစ်၏။
ထိုက်ရှဂိုဏ်း၏ အကြီးအကဲဖြစ်သူ ကျီရှသည် ကျန်းချန်က သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ဖြစ်သည့် သွေးအရိပ်အရှင်သခင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု သိထားသော်လည်း ကျန်းချန်က ဤမျှ အစွမ်းထက်သည့် အဆင့်ကို ရောက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤကောင်လေးက သွေးနတ်ဆိုးနန်းတော်၏ ဌာနချုပ်ကို တစ်ယောက်တည်း သွားတိုက်ရဲသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤကောင်လေးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေသောကြောင့်ပင်။
ဤကောင်လေး၏ နောက်ကွယ်ရှိ ရှောင်တုလီပါ ပူးပေါင်းလိုက်လျှင် သူတို့ဘက်၌ နတ်ဝိညာဥ်ဘုရင် နယ်ပယ် ကျင့်ကြံသူ နှစ်ယောက် ရှိနေခဲ့ပြီ ဖြစ်၏။
နတ်ဝိညာဥ်ဘုရင်နှစ်ပါး၏ ခွန်အားဖြင့်ဆိုလျှင် သွေးနတ်ဆိုးနန်းတော်က မည်မျှပင် အားကောင်းပါစေ၊ သူတို့အနေဖြင့် အနည်းငယ်မျှပင် ကြောက်စရာမလိုတော့ချေ။
ကျီရှ နှင့် ရှချိုးယာတို့၏ ထိတ်လန့်နေသာ အမူအရာ အပြင် သူတို့၏ မျက်လုံးတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များလည်း ရှိနေခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့ဘက်၌ ကျန်းချန် ရှိနေသောကြောင့် သွေးနတ်ဆိုးနန်းတော်ကို မြောက်ပိုင်းတောရိုင်း ဒေသကနေ အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်တော့မည် ဖြစ်၏။
"ရှန်းပိုင်ကျန့်.. ငါအခု သွေးနတ်ဆိုးနန်းတော်ကို သွားတော့မယ်.. မင်းနဲ့အချိန်ဖြုန်းဖို့ ငါ့မှာ အချိန်မရှိဘူး.. မင်းငါ့ကို ထပ်ပြီး တားရဲရင် ရက်စက်တယ် ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့"
ကျန်းချန်က လေထုထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ဟန်ပါပါပြောလိုက်သည်။
သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့၏။
"မိတ်ဆွေလေး ကျန်းချန်က နတ်ဝိညာဥ်ဘုရင် ရှောင်တုလီရဲ့တပည့်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. နတ်ဆိုးဆန်တဲ့ ပါရမီကိုပိုင်ဆိုင်ထားပြီး ဒီလို အသက်အရွယ်လေးမှာတင် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့တယ်.. အစောပိုင်းက အပြုအမူက ဒီအဘိုးကြီးဘက်က မှားခဲ့တာပါ.. မိတ်ဆွေလေး ကျန်းချန်ရဲ့ ခွန်အားနဲ့ဆိုရင် သွေးနတ်ဆိုးနန်းတော်ကို အနိုင်ယူဖို့အတွက် ငါတို့ကို ဦးဆောင်နိုင်ပါတယ်"
ရှန်းပိုင်ကျန့်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့သည်။
သူက ပြုံးရွှင်စွာဖြင့် ကျန်းချန်ကို ပြောလိုက်၏။
သူက မာနကြီးသူ တစ်ယောက် ဖြစ်သော်လည်း လက်ရှိအခြေအနေကို ကောင်းစွာနားလည်သည်။
နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်၏ အောက်တွင် သူတို့သည် ပုရွက်ဆိတ်များလို တည်ရှိမှုသာ ဖြစ်၏။
သူက သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ကျန်းချန်သည် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
ထို့အပြင် ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေသည့်အတွက် သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်ကို အမှန်တကယ် အနိုင်ယူနိုင်လိမ့်မည် ဖြစ်၏။
ဤတိုက်ပွဲတွင် သူ့အနေဖြင့် ပါဝင်ပတ်သက်ခြင်း မရှိခဲ့လျှင် သူတို့ နတ်ဓားဂိုဏ်း၏ အရှိန်အဝါသည် မြောက်ပိုင်းတောရိုင်းဒေသတွင် ကျဆင်းသွားလိမ့်မည် ဖြစ်သည်။
ကျန်းချန်က ရှန်းပိုင်ကျန့် ဘက်သို့ လှည့်ပင်မကြည့်ဘဲ သွေးမြူတောင်တန်း ဆီသို့သာ တိုက်ရိုက်ဦးတည်လိုက်သည်။
သွေးနတ်ဆိုးနန်းတော်၏ ဌာနချုပ်သည် သွေးမြူတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိသည်။
ထိုတောင်တွင် ထောင်ထိပ်ကိုသွားမည့် ကျဥ်းမြောင်းသောလမ်းကျဥ်း တစ်ခုသာ ရှိသည်။
တောင်ထိပ်သည် တစ်နှစ်ပတ်လုံး သွေးမြုူများ သိပ်သည်းစွာ ဖုံးလွှမ်းနေ၍ အတွင်းထဲတွင် မည်သည့်အရာများ ရှိသည်ကို မြင်နိုင်ရန် ခက်ခဲသည်။
တစ်ချိန်က မြောက်ပိုင်းတောရိုင်းဒေသ၏ ကျင့်ကြံသူ အများအပြားသည် သွေးမြူတောင်တန်းထဲကို ဝင်ရောက်ရန်ကြိုးစားခဲ့ကြသည်။
သို့သော်လည်း သွေးမြူတောင်တန်းထဲကို ဝင်ရောက်သွားသော ကျင့်ကြံသူတိုင်းသည် ပြန်မလာနိုင်ခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ သွေးမြူတောင်တန်းသည် မြောက်ပိုင်းတောရိုင်း ဒေသ၏ နာမည်ကျော် တားမြစ်နယ်မြေများထဲမှ တစ်ခု ဖြစ်လာခဲ့တော့သည်။
အခန်း(၁၁၃၅)ပြီး၏။
အခန်း(၁၁၃၆)
သွေးမြူတောင်တန်းသည် မြောက်ပိုင်းတောရိုင်းဒေသတွင် နာမည်ကျော် တားမြစ်နယ်မြေတစ်ခု ဖြစ်ပြီး နှစ်ပေါင်းများစွာ မည်သူမှ မလာရဲပေ။
သို့သော်လည်း ယနေ့တွင် မည်သူမှ မဝင်ရောက်ရဲသော သွေးမြူတောင်တန်း၏ အထက်ရှိ လေထုထဲတွင် လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။
အလင်းရိပ်လေးခုသည် အဝေးကနေ ပျံသန်းကာ ရောက်ရှိလာခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးမြူတောင်နှင့် မီတာတစ်ရာအကွာရှိ လေထု၌ ပေါ်လာခဲ့သည်။
ဤလူလေးဦးမှာ အခြားသူများမဟုတ်ဘဲ ကျန်းချန်နှင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ အထွတ်အထိပ် အကြီးအကဲ သုံးယောက် ဖြစ်ကြသည်။
"ဒါက သွေးမြူတောင်တန်းလား.. သွေးမြူတောင်တန်းက သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ်လို့ ကောလဟာလတွေ ထွက်နေတာ ဒီအတိုင်းဆို ကောလဟာလတွေက မှန်နေတဲ့ပုံပဲ"
ထိုက်ရှဂိုဏ်း၏ အထွတ်အထိပ်အကြီးအကဲ ကျီရှက သွေးမြူများဖြင့် ထူထပ်စွာ ဖုံးအုပ်ထားသည့် ဆန်းကြယ်သောတောင်တန်းကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏အမူအရာက အလွန်ပင် လေးနက်နေခဲ့၏။
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"အမှန်ပဲ.. ဒီနေရာက သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ် တည်ရှိတဲ့နေရာပဲ.. တော်ဝင်မျိုးနွယ်စုဝင် ဖြစ်တဲ့ ရှားယွမ်က ဝိညာဥ်ရှာဖွေခြင်း နည်းစနစ်နဲ့ သွေးနတ်ဆိုးလူငယ်ရဲ့ မှတ်ဥာဏ်ကို ဖတ်ရှုပြီးမှ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ် တည်နေရာကို သိခဲ့ရတာပဲ.. အမှားအယွင်း မရှိလောက်ဘူးထင်ပါတယ်"
"သွေးမြူတောင်တန်းက မြောက်ပိုင်းတောရိုင်းဒေသမှာ တားမြစ်နယ်မြေ ဖြစ်လာတာ အံ့သြစရာ မဟုတ်တော့ဘူး သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတွေ ဝင်သွားရင်တောင် ပြန်ထွက်မလာနိုင်ခဲ့ဘူး.. လတ်စသတ်တော့ သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးလမ်းစဥ် ကျင့်ကြံသူတွေ လက်ချက်ကိုး"
ရှချိုးယာက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
ဤနှစ်များအတွင်း ထျန်းယွဲ့ဂိုဏ်း၏ ပါရမီရှင် တပည့် တော်တော်များများသည် သွေးမြူတောင်တန်းတွင် မြုပ်နှံခံခဲ့ရသည်။
ဆိုရလျှင် ၎င်းတို့ အားလုံးသည် သွေးနတ်ဆိုးနန်းတော်မှ သွေးလမ်းစဥ် ကျင့်ကြံသူများ၏ လက်ထဲတွင် ကျရောက်ခဲ့ခြင်းပင်။
သူက ကျန်းချန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန် ငါတို့အခု တစ်ခါထဲဝင်ကြမလား"
ကျန်းချန်က သူ၏စကားကို ပြန်မဖြေဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အော်ဟစ်လိုက်သည်။
"သွေးနတ်ဆိုးနန်းတော်ရဲ့ခန်းမသခင်.. သတ္တိရှိရင်ထွက်လာပြီး အသေလာခံစမ်း.."
ကျန်းချန်၏ မိုးခြိမ်းသံကဲ့သို့ အသံက ကျယ်လောင်နေခဲ့ပြီး မိုင်ရာပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့သည်။
သူ၏အသံကို တောင်နံရံများက ပဲ့တင်သံအဖြစ် ပေါင်းစပ်ပစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံအဖြစ်ပြောင်းလဲပစ်လိုက်သည်။
ထိုအသံက လူတကာကို မူးမိုက်စေရန် လုံလောက်၏။
တစ်ချိန်တည်းမှာပင် သွေးမြူတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ၌ သွေးရောင်များဖြင့် တောက်ပနေသော နန်းတော်တစ်ခု တည်ရှိနေခဲ့သည်။
ထိုသွေးရောင်အလင်းဖြင့် ဖုံးအုပ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် နန်းတော်၏ ခန်းမဆောင်ထဲတွင် သွေးပုံရိပ်တစ်ခုသည် ပုလ္လင်ပေါ်၌ ထိုင်နေခဲ့သည်။
ထိုပုံရိပ်ထံကနေ ထူးဆန်းပြီး ခန့်မှန်းရခက်သော အရှိန်အဝါများ ထုတ်လွှတ်နေ၏။
ပုလ္လင်၏ အောက်ဘက်တွင်မူ သွေးနီရောင် ဝတ်ဆင်ထားသော လူတစ်ဒါဇင်ကျော်သည် ရိုသေစွာ ရပ်နေခဲ့ကြသည်။
၎င်းတို့၏ အရှိန်အဝါများသည် အလွန်ပင် ထူးခြားပြီး အနည်းဆုံး သိုင်းသခင်နယ်ပယ်အဆင့်ကို ရောက်ရှိနေပြီဟု ထင်ရ၏။
အထူးသဖြင့် ၎င်းတို့၏ ရှေ့ဆုံးတွင် ရှိသည့် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူနှစ်ဦး၏ အရှိန်အဝါသည် အလွန်တရာပင် အားကောင်းသည်။
"ရွှယ်မင်နဲ့ ဟန်လီ.. သွေးအရိပ်အရှင်သခင်နဲ့ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံးရဲ့ ဝိညာဥ်တံဆိပ်ပြားတွေက ကျိုးပဲ့သွားခဲ့ပြီ.. မင်းတို့ဒီကိစ္စကို ဘယ်လိုမြင်ကြလဲ.."
ဤအချိန်တွင် သွေးနီရောင် ပုလ္လင်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော သွေးပုံရိပ်သည် ခန်းမ၏ တိတ်ဆိတ်မှုကို အဆုံးသတ်၌ ဖြိုခွင်းပစ်လိုက်သည်။
သူ၏ လေးနက်သောအသံသည် ခန်းမထဲတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။
"ခန်းမသခင်.. သွေးအရိပ် အရှင်သခင်ရဲ့ ခွန်အားနဲ့ ဆိုရင် ထိုက်ရှဂိုဏ်းကို စီးနင်းတာ မအောင်မြင်ခဲ့ရင်တောင် အသတ်ခံရမှာတော့ မဟုတ်ဘူး.. ထိုက်ရှဂိုဏ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ တစ်ယောက်က နောက်ကွယ်ကနေ ကူညီပေးခဲ့တယ်လို့ ကျွန်တော်တို့ သံသယရှိတယ်.. ဒါ့အပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူက လုံရှီတောင်မှာ ပေါ်ထွက်လာခဲ့တဲ့ ရှောင်တုလီ ဖြစ်ဖို့များတယ်"
သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးကြီးက တွေးတွေးဆဆ ပြောလိုက်သည်။
ထိုသွေးနီရောင် ဝတ်ရုံဝတ် အဘိုးကြီးသည် သွေးနတ်ဆိုးနန်းတော်၏ မဟာအုပ်ထိန်းသူ သုံးဦးထဲမှ ခေါင်းဆောင် ဖြစ်သည့် သွေးအမှောင် ဖြစ်သည်။
မဟာအုပ်ထိန်းသူဖြစ်သည့် သွေးအမှောင်၏နာမည်မှာ ရွှယ်မင်ဖြစ်၏။
"ခန်းမသခင် ဒီငယ်သားကလည်း မဟာအုပ်ထိန်းသူရွှယ်မင်ရဲ့စကားကို သဘောတူတယ်.. ရှောင်တုလီ ဆိုတဲ့လူက ထိုက်ရှဂိုဏ်းမှာ ပုန်းအောင်းနေတာ ဖြစ်နိုင်တယ်"
နောက်ထပ် မဟာအုပ်ထိန်းသူ တစ်ယောက်ဖြစ်သည့် ဟန်လီကလည်း တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"ဒီတစ်ကြိမ် မဟာအုပ်ထိန်းသူ သွေးအရိပ်အရှင်သခင်ရဲ့ စစ်ဆေးရေး ကျဆုံးတဲ့ဖြစ်ရပ်က ဂိုဏ်းကြီးသုံးဂိုဏ်းကို ဒေါသထွက်စေမှာ သေချာတယ်.. ဒါကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းက မကြာမီ အချိန်အတွင်း လှုပ်ရှားတော့မယ်လို့ ထင်တယ်.. ဒီအတွက် ကျွန်တော်တို့တွေ ကြိုတင်ပြီး ပြင်ဆင်ထားမှ တော်ကာကြမယ်"
"ဟန်လီ.. မင်းက အရမ်း အစိုးရိမ်လွန်နေပြီ.. ဂိုဏ်းကြီး သုံးဂိုဏ်းက ငါတို့ သွေးနတ်ဆိုးနန်းတော်ကို လာတိုက်ရဲမယ်လို့မင်းထင်လား"
ထိုအချိန်တွင် ဟန်လီ၏ နံဘေးရှိ သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အေးစက်ပြီး မာနကြီးပုံရသော လူငယ်တစ်ဦးသည် မထီမဲ့မြင်ပြုံးကာ ရေရွတ်လိုက်သည်။
သို့သော် ထိုသွေးရောင်ဝတ်ရုံဝတ် လူငယ်၏ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံသည် အပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
"သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမသခင်..သတ္တိရှိရင် အပြင်ထွက်လာပြီး အသေလာခံစမ်း"
အခန်း(၁၁၃၆)ပြီး၏။
အခန်း(၁၁၃၇)
"သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမသခင် သတ္တိရှိရင် အပြင်ထွက်လာပြီး အသေလာခံစမ်း.."
အပြင်ဘက်ရှိ ကြုံးဝါးသံများကို ကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် ရုတ်တရက် ပါးစပ်အဟောင်းသားများ ဖြစ်သွားခဲ့ကြသည်။
အထူးသဖြင့် အစောပိုင်းကမှ ပြောလိုက်သည့် သွေးရောင်ဝတ်ရုံဝတ် လူငယ်၏ မျက်နှာထက်တွင် ရှက်ရွံ့သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူက သွေးနတ်ဆိုးနန်းတော်ကို မည်သူမှ လာမတိုက်ရဲဟု ကြုံးဝါးနေသော အချိန်မှာပင် အပြင်ဘက်တွင် စိန်ခေါ်သံများက ထွက်ပေါ်လာခဲ့သည် မဟုတ်ပါလော။
"ငါ ဂိုဏ်းကြီးသုံးဂိုဏ်းက လူတွေကို အထင်သေးမိသွားပြီ ထင်တယ်.. သူတို့တကယ်ပဲ ဒီအထိ လာတိုက်လိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့မိဘူး"
သွေးရောင်ဝတ်ရုံဝတ် လူငယ်က အေးစက်စက် ပြောလိုက်သည်။
သူက သွေးနီရောင်ပုလ္လင်ပေါ်ရှိ ပုံရိပ်ကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်၏။
"ခန်းမသခင် အမိန့်သာ ချမှတ်ပေးလိုက်ပါ.. အခုချက်ချင်းအပြင်ထွက်ပြီး ရန်သူတွေကို ရှင်းပစ်လိုက်ပါ့မယ်"
"ဂိုဏ်းကြီးသုံးဂိုဏ်းက လူတွေ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ်အထိ လိုက်လာရဲတယ် ဆိုမှတော့ သူတို့မှာ အားကိုးလောက်တဲ့ ဝှက်ဖဲတစ်ခု ရှိကိုရှိရမယ်.. မင်းနဲ့ မဟာအုပ်ထိန်းသူ နှစ်ယောက်က သွေးနတ်ဆိုးနန်းတော်ရဲ့ထိပ်တန်းကျင့်ကြံသူတွေကို ဦးဆောင်ပြီး သွားတိုက်ကြ.. ရန်သူကို လုံးဝအထင်မသေးမိစေနဲ့ အကယ်၍ ရှောင်တုလီ ပေါ်လာခဲ့ရင်တော့ ငါကိုယ်တိုင် ကိုင်တွယ်မယ်.."
သွေးရောင်ပုလ္လင်ပေါ်ရှိ ခန်းမသခင်၏ အသံသည် ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။
"အမိန့်အတိုင်းပါ.."
ခန်းမသခင်၏ အမိန့်ကိုရသည်နှင့် ခန်းမအတွင်းရှိ ထိပ်တန်းကျင့်ကြံသူများသည် ရွှယ်လီတို့ သုံးဦး၏ ဦးဆောင်မှုအောက်တွင် ခန်းမထဲမှ အလျင်အမြန် ထွက်ခွာသွားကြသည်။
ရွှယ်လီသည် သွေးနတ်ဆိုးနန်းတော်၏ လူငယ်မျိုးဆက်ထဲမှ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်သည်။
မကြာမီမှာပင် ရွှယ်လီတို့သုံးဦး ဦးဆောင်လာသော သွေးနတ်ဆိုးနန်းတော်၏ ကျင့်ကြံသူများသည် တောင်ထွတ်ရှိသိပ်သည်းသော မြူခိုးထဲကနေ လျှပ်တပြက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ရွှယ်လီ၏ အေးစက်စက် ကြုံးဝါးလိုက်သောအသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
"ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ်မှာ ဘယ်သူလာရမ်းကားနေတာလဲ"
ထိုအချိန်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဟန်ပါပါ ရပ်နေခဲ့သည်။
သူက သိပ်သည်းသော မြူခိုးများကြားထဲကနေ ထွက်ပေါ်လာသည့် ရွှယ်လီတို့ လူစုကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါ့နာမည်က ကျန်းချန်.. မင်းတို့ သွေးနတ်ဆိုးနန်းတော်ကို အကြွေးရှင်းဖို့ ရောက်လာတာပဲ"
"မင်းက ကျန်းချန် ဆိုတော့ ရှောင်တုလီရဲ့ တပည့်လား"
ရွှယ်လီက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျန်းချန် ဟူသောနာမည်ကို သွေးနတ်ဆိုးနန်းတော်မှထိပ်တန်း ကျင့်ကြံသူများသည် မစိမ်းကြပေ။
လွန်ခဲ့သည့်တစ်နှစ်ကျော်လောက်က ဤကျန်းချန်ဟု ခေါ်သည့် ကောင်လေးကြောင့်ပင် လျှို့ဝှက်ဆန်းကြယ်သောကျင့်ကြံသူတစ်ယောက် ဖြစ်သည့် ရှောင်တုလီ ထွက်ပေါ်လာခဲ့ပြီး သူတို့ သွေးနတ်ဆိုးနန်းတော်ကို မြောက်ပိုင်းတောရိုင်းဒေသတွင် ခြေမရှုပ်ရန် အမိန့်ပေးခဲ့သည်။
"ငါက ရှောင်တုလီရဲ့တပည့် ကျန်းချန်ပဲ.. မင်းတို့ရဲ့ ခန်းမသခင်ကို ထွက်လာပြီး ငါနဲ့ လာတွေ့ခိုင်းလိုက်ပါ"
ကျန်းချန်က မထီတရီဟန်ဖြင့် ပြောလိုက်သည်။
သူ၏ ပုံစံသည် နတ်ဓားကို ဆွဲထုတ်လိုက်သည့် ပြိုင်ဘက်ကင်းဓားသမားတစ်ယောက် ကဲ့သို့ ကြည့်၍ ကောင်းနေခဲ့၏။
"ဟမ့်.. ငါတို့ ခန်းမသခင်ကို မင်းတွေ့ချင်တိုင်း တွေ့လို့ရမယ်များ ထင်နေလား"
ရွှယ်လီက အေးစက်စက် ပြုံးလိုက်သည်။
"မင်းရဲ့ဆရာရှောင်တုလီ ကိုယ်တိုင်လာရင်တောင် ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနချုပ်မှာ လာရောက် ရမ်းကားဖို့ အရည်အချင်း ံမရှိဘူးထင်တယ်..မင်းက ငါတို့ရဲ့ဌာနချုပ်မှာ လာရမ်းကားရဲရအောင် မင်းကိုယ်မင်းဘာထင်နေတာလဲ.."
"မင်းက မင်းတို့ သွေးနတ်ဆိုး နန်းတော်ကို အထင်ကြီးလွန်းနေပြီ.. မင်းတို့လို အစေအပါးတွေက ငါ့ကို တိုက်ခိုက်ဖို့ ထိုက်တန်မှုရှိတယ်များ ထင်နေတာလား"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့က မြောက်ပိုင်းတောရိုင်း ဒေသမှာ ပြန့်ကျဲနေတဲ့ ပင်မသွေးနတ်ဆိုးနန်းတော်ရဲ့ဌာနခွဲတစ်ခုပဲ .. ငါတစ်ယောက်တည်းနဲ့တင် မင်းတို့ သွေးနတ်ဆိုးနန်းတော်ကို နင်းချေပစ်လိုက်လို့ရတယ်.."
"ကျန်းချန် မင်းတကယ်ပဲ ဦးနှောက်ပျက်နေတာလား.. ဘာလဲ.. ဒီဂိုဏ်းကြီး သုံးဂိုဏ်းက အထွတ်အထိပ် အကြီးအကဲသုံးယောက်ကို အားကိုးပြီး သွေးနတ်ဆိုးနန်းတော်ကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား.. ကောင်းပြီလေ ငါဒီနေ့မင်းကို အရင်ဆုံး သတ်ပစ်ပြီးမှ ဂိုဏ်းကြီးသုံးဂိုဏ်းကို တိုက်ခိုက်မယ်.. ဒီလိုမှပဲ ဂိုဏ်းကြီး သုံးဂိုဏ်းက မြောက်ပိုင်းတောရိုင်းဒေသကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်."
ရွှယ်လီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သူ၏ လက်ထဲတွင် သွေးရောင်များဖြင့် တောက်ပနေသော သွေးအလင်း မီးလျှံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုသွေးအလင်း မီးလျှံသည် ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ်ပင် ဦးတည်သွားခဲ့သည်။
သွေးနတ်ဆိုးနန်းတော်၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သည့် ရွှယ်လီသည် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်၏။
သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် သွေးနတ်ဆိုးနန်းတော်၏ အကြီးအကဲရှစ်ဦးထက် မနိမ့်ကျပေ။
ဆိုရလျှင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့်ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်မည်ဟု ယုံကြည်မှု အပြည့်အဝ ရှိသည်။
ထို့ကြောင့် သူ့ရှေ့မှ ဤကောင်လေးနှင့် ပတ်သက်၍မူ ပြောနေစရာပင် မလိုတော့ပေ။
"သိုင်းသခင်နယ်ပယ်အဆင့်က ပုရွက်ဆိတ်လေးတွေကများ ငါ့ကို တိုက်ခိုက်ရဲတယ်.. သေခြင်းတရားနဲ့ပတ်သက်ပြီး ကောင်းကောင်း နားမလည်သေးဘူးထင်ရဲ့"
မကြာခင်မှာပင် ကျန်းချန်သည် သူ၏ လက်ညှိုးကို အသာအယာ လှုပ်ရှားလိုက်ရာ ဓားအလင်းတစ်ခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ရွှယ်လီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
အခန်း(၁၁၃၇)ပြီး၏။