အခန်း (၁၁၃၈-၁၁၄၀)
Vol. 76 Ch. 1138-1140
အခန်း(၁၁၃၈)
"ရွှယ်လီ သတိထား"
ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ခံစားမိပြီးနောက်တွင် ရွှယ်မင်၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
သို့ရာတွင် သူ၏ သတိပေးချက်က နောက်ကျသွားခဲ့ချေပြီ။
ကျန်းချန်၏ ဓားအလင်းသည် အဆုံးစွန်အဆင့်ထိ ရောက်နေရုံသာမက ပြင်းထန်သော လေထုဖိအားကိုပါ သယ်ဆောင်လာခဲ့သည်။
ထိုဖိအား၏ အောက်တွင် ရွှယ်လီ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားခဲ့ပြီး လှုပ်ရှား၍ မရတော့ပေ။
သူက ဓားစွမ်းအင် သူ့ဆီသို့ အလျင်အမြန် ရောက်ရှိလာသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
"မသတ်ပါနဲ့"
ရွှယ်လီက မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ထိတ်လန့်တကြားကြည့်နေခဲ့သည်။
သူ အကူအညီတောင်းရန် ပြင်နေစဥ်မှာပင် ဓားစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး တိုက်ရိုက်ပင် နှစ်ပိုင်း ဖြတ်ပစ်လိုက်သည်။
ကျန်းချန်က ရွှယ်လီကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် မဟာအုပ်ထိန်းသူ တစ်ဦး ဖြစ်သည့် ရွှယ်မင်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထို့နောက်တွင် သူ၏ နှုတ်မှ အေးစက်စက် ကြုံးဝါးလိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
"ကောင်လေး.. မင်းက ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ အနာဂတ် ခေါင်းဆောင်လောင်းကို သတ်ပစ်ရဲတယ်.. ဒီနေ့ငါမင်းကို သေချာပေါက် သတ်ပစ်မယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံး၍ တုံ့ပြန်ပြောဆိုလိုက်သည်။
"မင်းက ငါ့ကိုသတ်ဖြတ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး မင်းရဲ့ ခန်းမသခင်ကို ထွက်လာပြီး ငါနဲ့လာတွေ့ခိုင်းလိုက်"
"မင်းကများ ငါ့ကို အထင်သေးရဲတယ်.. ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ.. ခန်းမအကြီးအကဲ ငါးဦး.. သွေးနတ်ဆိုးနန်းတော်က ထိပ်တန်း ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ဒီကလေးကို ဝိုင်းရံတိုက်ခိုက်ပါ"
ရွှယ်မင်၏ ဒေါသတကြီး အမိန့်ပေးသံကိုကြားလျှင် သွေးနတ်ဆိုး နန်းတော်တွင် ကျန်ရှိနေသော ခန်းမအကြီးအကဲ ငါးဦးသည် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း ကျင့်ကြံသူများကို ဦးဆောင်ကာ ကျန်းချန်ကို အလျင်အမြန်ပင် ဝိုင်းရံလိုက်ကြသည်။
ဤမြင်ကွင်းကို မြင်လျှင် ကျီရှတို့ လူစုသည် ကျန်းချန်ကို အကူအညီပေးရန် အတွက် ရှေ့တိုးလာခဲ့ကြသည်။
"အဘိုးကြီးသုံးယောက်.. မင်းတို့ရဲ့ ပြိုင်ဘက်က ငါတို့ပဲ."
ရွှယ်မင်က အေးစက်စက်ပြုံး၍ ပြောလိုက်ပြီး ဟန်လီနှင့် အတူ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အထွတ်အထိပ်အဆင့်အကြီးအကဲ သုံးဦးကို ပြေးဝင်၍ တိုက်ခိုက်လိုက်သည်။
မဟာအုပ်ထိန်းသူနှစ်ဦးက ဂိုဏ်းကြီးသုံးဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲသုံးဦးကို တိုက်ခိုက်နေချိန်တွင် ခန်းမ အကြီးအကဲငါးဦး ဦးဆောင်သော သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် ကျန်းချန်ကို တိုက်ခိုက်နေခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်ထက်၌ လေ၊မီး၊မိုးကြိုး၊လျှပ်စီး၊ဓားစသည့် အရိပ်များဖြင့် ပြည့်နှက်သွားခဲ့သည်။
သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကမ္ဘာကို ပျက်သုဥ်းစေမည့် မုန်တိုင်းကဲ့သို့ပင် အမှန်တကယ်ပင် ပတ်ဝန်းကျင်ကို တုန်လှုပ်စေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ၎င်းတို့၏ ပူးပေါင်းစွမ်းအင်သည် ကျန်းချန်၏ပတ်ဝန်းကျင်ရှိ မီတာတစ်ရာပတ်လည်ကို ချက်ချင်းဆိုသလို ဖုံးအုပ်သွားခဲ့၏။
ထိုမြင်ကွင်းကို ကြည့်ကာ သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူတစ်ဦးသည် အေးစက်စွာပြုံး၍ ရေရွတ်လိုက်သည်။
"နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးကများ ငါတို့သွေးနတ်ဆိုးနန်းတော်ကို ရန်စရဲတယ်.. အခုတော့ ငါတို့သွေးနတ်ဆိုး နန်းတော်ရဲ့ အစွမ်းအစကို..."
သို့ရာတွင် သူ၏စကားမဆုံးခင်မှာပင် ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းများ တောက်ပနေသော အကာအရံတစ်ခုသည် သူတို့အားလုံး၏ပူးပေါင်းတိုက်ခိုက်မှု စွမ်းရည်များကို တားဆီးထားလိုက်သည်။
"ဒါ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူ အများအပြားသည် မျက်လုံးများ ပြူးကျယ်ကာ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
သွေးနတ်ဆိုးနန်းတော်၏ ခန်းမအကြီးအကဲ ငါးဦးနှင့် သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ ပူးပေါင်း တိုက်ခိုက်မှုသည် အလွန်တရာပင် အစွမ်းထက်သည်။
သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင် ရှောင်တိမ်းနိုင်ရန် မဖြစ်နိုင်ဟုထင်ရ၏။
သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးသည် လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့အားလုံး ပူးပေါင်းထားသောစွမ်းအင်ကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
"ပုရွက်ဆိတ်လို တည်ရှိမှုလေးတွေက ငါ့ကို သတ်ချင်နေကြတာလား.. ရယ်စရာပဲ.. ဒီနေ့ ငါမင်းတို့အရင်သတ်မယ်.. ပြီးမှပဲ မင်းတို့ရဲ့သွေးနတ်ဆိုးနန်းတော်ကို မြေလှန်ပစ်တော့မယ်"
ကျန်းချန်က သူ၏လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ဓားအလင်းများသည် လက်ချောင်းကနေ ထိုးထွက်သွားခဲ့ပြီး သွေးနတ်ဆိုးနန်းတော်မှ အစွမ်းထက် ကျင့်ကြံသူအများအပြား၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
သွေးနတ်ဆိုးနန်းတော်မှကျင့်ကြံသူများသည် ခုခံရန်ပင် မတတ်နိုင်ခဲ့ဘဲ ရွှေရောင်ဓားအလင်းဖြင့် ခန္ဓာကိုယ်ထက်ခြမ်း ခွဲခံလိုက်ရသည်။
"ကောင်လေး မင်းက ကိုယ့်သေလမ်းကို ရှာနေတာပဲ.."
ဤအချိန်တွင် ခန်းမအကြီးအကဲငါးဦးသည် ဒေါသအိုးများပေါက်ကွဲနေကြသည်။
ဤသိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံးကို သူတို့သွေးနတ်ဆိုးနန်းတော်က အရင်းအမြစ်များစွာဖြင့် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။
လူတစ်ယောက် ဆုံးရှုံးသွားလျှင်ပင် သူတို့၏ နှလုံးသားကို နာကျင်စေရန်လုံလောက်၏။
ယခုအခါတွင် ကျန်းချန်က ဟင်းသီးဟင်းရွက်များကို ခုတ်ဖြတ်သကဲ့သို့ ဓားတစ်ချက်တည်းဖြင့် လူအများအပြားကို သတ်ဖြတ်လိုက်ရာ သူတို့အနေဖြင့် အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
သူတို့ငါးဦးစလုံးက သူတို့၏ စွမ်းရည်များကို အမြင့်ဆုံးအဖြစ် မြှင့်တင်လိုက်ကြရာ သွေးရောင်စွမ်းအင်များသည် ကောင်းကင်ကိုပင် ပြည့်နှက်သွေးခဲ့ပြီး ကောင်းကင်တစ်ခွင်လုံးကို သွေးရောင်များ ဆေးဆိုးထားသကဲ့သို့ ဖြစ်သွားစေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်သော်လည်း ကျန်းချန်သည် ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် တည်ငြိမ်စွာရှိနေခဲ့သည်။
သူက သွေးနဂါးဓားကို ယူထုတ်လိုက်ပြီး ရိုးရှင်းသောဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
အခန်း(၁၁၃၈)ပြီး၏။
အခန်း(၁၁၃၉)
သူ၏လေထုကို ထိုးဖောက်သွားသည့် ဓားစွမ်းအင်သည် ကမ္ဘာကြီးကိုပင် နှစ်ပိုင်း ကွဲစေသယောင် ထင်ရသည်။
ရှေ့သို့ အလျင်အမြန် ပြေးတက်လာသော ခန်းမအကြီးအကဲငါးဦးမှ တစ်ဦးသည် ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် ကျန်းချန်၏ ဓားစွမ်းအင်က သူ၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ခန်းမအကြီးအကဲ၏ ခန္ဓာကိုယ်သည် တိုက်ရိုက်ပင် နှစ်ပိုင်းပြတ်ထွက်သွားပြီး အောက်ဘက်ရှိသစ်တောထဲသို့ ကျဆင်းသွားခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်သွားခဲ့ကြသည်။
သွေးနတ်ဆိုးနန်းတော်၏ ခန်းမအကြီးအကဲ ရှစ်ဦးထဲမှ တစ်ဦး ဖြစ်သည့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် အထက်ရှိ ကျင့်ကြံသူ တစ်ဦးကို ကျန်းချန်သည် ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။
မူလက ကျန်းချန်ကို တိုက်ခိုက်ရန်ကြံရွယ်နေသော သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ခန္ဓာကိုယ်ပင် တုန်ယင်လာကြသည်။
သူတို့က ရှေ့ဆက်တိုးဝံ့ခြင်းမရှိတော့ပေ။
ကျန်းချန်သည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် အထက်ရှိ ခန်းမ အကြီးအကဲကိုပင် ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်မဟုတ်ပါလော။
"သိပ်ကို ကြောက်ဖို့ကောင်းလိုက်တဲ့ ဓားစွမ်းအင်ပါလား"
"ကျန်းချန် မင်းသေချင်နေပြီလား.."
တစ်ဖက်တွင်လည်း ရွှယ်မင်နှင့်ဟန်လီတို့သည် ဒေါသတကြီးအော်ငေါက်လိုက်သည်။
ဤအချိန်တွင် သူတို့သည် ဂိုဏ်းကြီးသုံးဂိုဏ်းမှအထွတ်အထိပ် အကြီးအကဲများနှင့် ရင်ဆိုင်နေရသဖြင့် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများအား ကျန်းချန်က စိတ်ကြိုက်သတ်ဖြတ်နေသည်ကို ဤအတိုင်း ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
"သေချင်နေပြီလား"
ကျန်းချန်က ရွှယ်မင်တို့နှစ်ယောက်၏ ကြုံးဝါးသံကို လျစ်လျူရှုလိုက်ပြီး မဟာအဆင့်ဓားဆန္ဒကို ထုတ်ဖော်ကာ နောက်ထပ် အကြီးအကဲတစ်ဦးကို ခုတ်ချလိုက်သည်။
"ခန်းမသခင် ကူညီပါဦး"
သွေးနတ်ဆိုးနန်းတော်၏ အကြီးအကဲသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဟွန့်.. အတော်ရမ်းကားတဲ့ ကောင်လေးပါလား"
သွေးနတ်ဆိုးနန်းတော်၏ အကြီးအကဲ အော်ဟစ်လိုက်သည့်အချိန်မှာပင် အေးစက်စက် ရေရွတ်လိုက်သော အသံတစ်သံသည် နက်ရှိုင်းသောဝိညာဥ်စွမ်းအားနှင့်အတူ သွေးမြူတောင်တန်းထဲကနေ ပျံ့နှံ့လာခဲ့သည်။
သွေးမြူတောင်တန်းထဲမှ ထွက်ပေါ်လာသော နတ်ဝိညာဥ်စွမ်းအား (ဝါ) ဘုရင့်စိတ်ဆန္ဒသည် ကျန်းချန်၏ ဓားစွမ်းအင်ကို ချက်ချင်းပင် ချေဖျက်ပစ်လိုက်ပြီး ကျန်းချန်ကို ပြင်းထန်စွာဖိနှိပ်လိုက်သည်။
ထိုခဏတွင် ကျန်းချန်၏ မျက်လုံးများသည် လေးနက်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလို ဘုရင့်စိတ်ဆန္ဒကို ထုတ်ဖော်ကာ သွေးမြူတောင်တန်းမှ ပျံ့လွင့်လာသည့် ဘုရင့်စိတ်ဆန္ဒကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"ဝုန်း"
လေထုထဲတွင် မမြင်နိုင်သော စွမ်းအင်နှစ်ခုသည် ထိပ်တိုက်ဆုံမိကာ ပေါက်ကွဲသွားခဲ့သည်။
ကျန်းချန်က လေထဲကနေ အနည်းငယ် နောက်ဆုတ်လိုက်ရ၏။
သူက သွေးမြူတောင်တန်းကို ကြည့်ကာ နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
"သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမသခင် မင်းနောက်ဆုံးတော့ထွက်လာရပြီပေါ့"
"ကျန်းချန် ငါမင်းနဲ့ရန်သူမဖြစ်ချင်ဘူး... မင်းအခု ဒီကနေ ထွက်သွားရင် ဘာကိစ္စမှမဖြစ်ခဲ့သလို ငါသဘောထားပေးမယ်.."
ထိုအချိန်တွင် သွေးမြူတောင်တန်းထဲကနေ လေးနက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"စိတ်မကောင်းပါဘူး ငါဒီနေ့ဒီကိုရောက်လာတာ သွေးနတ်ဆိုးနန်းတော်ကို ဖျက်ဆီးဖို့ပဲ.. မင်းငါ့ကို ရန်သူအဖြစ် သဘောထားသည်ဖြစ်စေ မထားသည်ဖြစ်စေ ငါက သွေးနတ်ဆိုးနန်းတော်ကို ဖျက်ဆီးပစ်မှာပဲ.."
ကျန်းချန်က မထီတရီဟန်ဖြင့် ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။
သွေးနတ်ဆိုးနန်းတော်သည် မဟာရှားနိုင်ငံကို စတင်ကျူးကျော်ခဲ့ပြီး မုန့်ချင်းရွှယ်ကို ဖမ်းဆီးလိုက်သည့်အချိန်ကစ၍ သူနှင့်သွေးနတ်ဆိုးနန်းတော်သည် လုံးဝကို ရန်ဘက်ဖြစ်သွားခဲ့ပြီဖြစ်၏။
ကျန်းချန်က သွေးနတ်ဆိုးနန်းတော်ကို မြောက်ပိုင်းတောရိုင်းဒေသကနေ လုံးဝ ဖယ်ရှားပစ်မည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆိုထားခဲ့သည်။
"ကောင်လေး ကိုယ့်ကိုယ်ကိုယ်သိပ်ပြီး အထင်ကြီးမနေနဲ့..မင်းလိုချာတိတ်တစ်ယောက်ကို ငါကကြောက်မယ်များထင်နေလား.."
အေးစက်စက်ရေရွတ်သံနှင့်အတူ လေထုကို ထွင်းဖောက်၍ ထွက်လာသည့် သွေးရောင်အလင်းတစ်ခုသည် သွေးမြူတောင်ကနေ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်၏မျက်နှာသည် အေးစက်နေခဲ့ပြီး တောက်ပသော ရွှေရောင်အလင်းများသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
မကြာမီမှာပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲက စတင်တော့မည်ဖြစ်သည်။
"ဒီကောင်လေးက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး"
တစ်ဖက်တွင်လည်း သွေးနတ်ဆိုးနန်းတော်၏ မဟာအုပ်ထိန်းသူ နှစ်ဦးသည် အကြီးအကဲသုံးဦးနှင့် တိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းလိုက်သည်။
သူတို့က သူတို့ခန်းမသခင်၏ ဆန့်ကျင်ဘက်တွင် ရပ်နေသောကျန်းချန်ကို ကြည့်လိုက်ကြသည်။
သူတို့၏အမူအရာသည် အလွန်ပင် အကျည်းတန်နေခဲ့သည်။
လုံရှီတောင်တွင် ရှောင်တုလီ ထွက်ပေါ်လာပြီး နတ်ဝိညာဥ်ဘုရင်အဆင့် စွမ်းအားဖြင့် သူတို့ကို တားမြစ်လိုက်ချိန်တွင် သူတို့သည် ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရသည်။
ယခုအခါတွင် ရှောင်တုလီ၏ တပည့်သည်လည်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့ချေပြီ။
အကယ်၍ ဆရာနှင့်တပည့်သာ ပူးပေါင်းလိုက်ရင် သူတို့သွေးနတ်ဆိုးနန်းတော်သည် ဤအချိန်တွင် တကယ်ကို အန္တရာယ်ရှိနေခဲ့ပြီ မဟုတ်ပါလော။
အခန်း(၁၁၃၉)ပြီး၏။
အခန်း(၁၁၄၀)
"ကျန်းချန်..မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ ဒီလောက် ငယ်ရွယ်သေးတဲ့ အချိန်မှာတောင် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့တယ်.. ဒါပေမဲ့ မင်းရဲ့နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခါစ ခွန်အားနဲ့ဆိုရင် ငါ့ရဲ့ပြိုင်ဘက် ဘယ်လိုမှမဖြစ်နိုင်သေးဘူး.. မင်းရဲ့ဆရာရှောင်တုလီကိုသာ ထွက်လာခိုင်းလိုက်ပါ"
သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ရေရွတ်လိုက်သည်။
"ငါ့ဆရာက မြောက်ပိုင်းတောရိုင်းဒေသမှာမရှိဘူး ဒါပေမဲ့ မင်းကို ကိုင်တွယ်ဖို့အတွက် ငါ့ဆရာမလိုအပ်ပါဘူး ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်"
ကျန်းချန်က လေထုထဲတွင် ဝင့်ကြွားစွာရပ်နေရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ကောင်းပြီလေ.. ဒီနေ့ ငါ့ရှေ့မှာ မင်း ထပ်ပြီး မောက်မာရဲဦးမလားဆိုတာ ကြည့်ရသေးတာပေါ့"
သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
စကားဆုံးသည်နှင့် သူက လက်တစ်ဖက်ကို အသာအယာဆန့်ထုတ်လိုက်ရာ မီးလျှံများပါဝင်နေသည့် ဧရာမသွေးလက်ဝါးကြီး တစ်ဖက်သည် ဘုံကိုးပါးကနေ ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ် သွေးအရှိန်အဝါများကို သယ်ဆောင်ကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
ထိုဧရာမသွေးလက်ဝါးကြီး၏ လွှမ်းမိုးနိုင်သော အရှိန်အဝါသည် ကြည့်ရှုနေသူများကို သွေးကြောများ ပေါက်ကွဲမတတ် ခံစားရစေခဲ့သည်။
"ကောင်းကင်အဆင့်ကျင့်စဥ် သွေးမိစ္ဆာလက်ဝါးသိုင်း"
သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် ကျန်းချန်ကို အချိန်ဆွဲ၍ တိုက်ခိုက်ရန်ဆန္ဒမရှိမှန်း ထင်ရှားနေသည်။
အကြောင်းအရင်းမှာ သူက ကောင်းကင်အဆင့်သွေးမိစ္ဆာလက်ဝါးသိုင်းကို ထုတ်ဖော်လိုက်သောကြောင့်ပင်။
"ကောင်းကင်ခုတ်ပိုင်းဓားသိုင်း"
ကျန်းချန်က သွေးနဂါးဓားကို ကိုင်ဆောင်ကာ ပေါ့ပါးစွာဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ထက်ကနေ ဧရာမဓားကြီးတစ်လက်သည် တိုက်ရိုက်ပင် ကျဆင်းလာခဲ့ပြီး သွေးနတ်ဆိုးနန်းတော်မှ ခန်းမသခင်၏ ဧရာမလက်ဝါးနှင့် ထိပ်တိုက်ဆုံမိသွားကြသည်။
"ဝုန်း..ဝုန်း.."
လေဟာနယ်ထဲတွင် မတူညီသော အရောင်အသွေးရှိသည့် အသက်စွမ်းအင်မုန်တိုင်း နှစ်ခုသည် တောင်များနှင့်ပင်လယ်များလို ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် လေထုထဲတွင် ခြေသုံးလှမ်းခန့် နောက်ဆုတ်လိုက်ရသည်။
သူက နေရာမရွေဘဲ ဝင့်ကြွားစွာရပ်နေသည့် ကျန်းချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"ကောင်လေး ငါမင်းကို အထင်သေးမိသွားပြီ"
ဤကောင်လေးက ယခုမှသာ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခါစ ဖြစ်သော်လည်း တိုက်ပွဲဝင်စွမ်းရည်သည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
သူသာ အနည်းငယ် ပေါ့ဆမိလျှင် ဤကောင်လေး၏ လက်ထဲတွင် သေဆုံးသွားမည်ကိုပင် စိုးရိမ်ရ၏။
"မင်း ငါ့ကို အထင်မသေးရင်လည်း ဒီနေ့က မင်းရဲ့သေနေ့ပဲ"
ကျန်းချန်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်ပြီး သွေးနဂါးဓားဖြင့် လေထဲတွင် ဆန်းကြယ်သော ဓားကွက်များကို ထုတ်ဖော်လိုက်၏။
"မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း"
မရေမတွက်နိုင်သော မီးလျှံများသည် လေထဲတွင် ပေါင်းစည်းလာခဲ့ပြီး ပေရာပေါင်းများစွာ မြင့်မားသော ဧရာမမီးလျှံဓားအဖြစ်သို့ ပြောင်းလဲသွားကာ အရာအာလုံးကို ချေမှုန်းတော့မည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်ကို ခုတ်ချလိုက်သည်။
"ဒါက ဘုရင်အဆင့် အထက်က သိုင်းပညာလား"
သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် အထိတ်တလန့်ဖြစ်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလို သွေးအလင်းများကို ဖော်ထုတ်လိုက်ပြီး လေထဲတွင် သွေးအလင်းများဖြင့် ဖွဲ့စည်းထားသည့် တံတိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
အဝေးကနေ ကြည့်လျှင် ထိုသွေးတံတိုင်းသည် ဧရာမသွေးတိမ်တိုက်ကြီးတစ်ခုနှင့်ပင် ဆင်တူနေခဲ့၏။
"ဘန်း.."
ထိုခဏမှာပင် ကျန်းချန်၏ ဧရာမမီးလျှံဓားသည် ထိုသွေးတိမ်တိုက် ပေါ်သို့ သက်ဆင်းလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမသခင်၏ သွေးတိမ်တိုက်သည် အစအနပင် မကျန်တော့သည်အထိ ပျောက်ကွယ်သွားခဲ့၏။
ဧရာမမီးလျှံဓားကြီးက သွေးတိမ်တိုက်ကို ဖျက်ဆီးသွားပြီးနောက်တွင် အရှိန်အဟုန် လျော့မသွားဘဲ သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင် ဆီသို့ ကျရောက်သွားခဲ့သည်။
ဤအချိန်တွင် သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် သွားများကို အံကြိတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်များကို လှုံ့ဆော်ကာ သွေးအလင်း အကာအကွယ်တစ်ခုကို ဖော်ထုတ်၍ ဧရာမမီးလျှံဓားကြီး၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင် ယခုလေးတင် ဖွဲ့စည်းထားသော သွေးအလင်း အကာအကွယ်သည် ပေါက်ကွဲသွားခဲ့သည်။
မကြာခင်မှာပင် ခန်းမသခင်၏ ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့သည်။
ခန်းမသခင်က သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီး ကျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ အေးစက်စက် ကြုံးဝါးလိုက်သော အသံသည် ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
"ကျန်းချန်.. မင်းငါ့ကို ဒေါသထွက်စေခဲ့ပြီ.. ဒီနေ့ ငါမင်းကို မြှုပ်နှံစရာနေရာမရှိဘဲ သေစေမယ်"
အခန်း(၁၁၄၀)ပြီး၏။