မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်
Vol. 163 Ch. 2431
တိုက်ပွဲက ဆက်လက်ဖြစ်ပွား၍ ပြင်းထန်ကြမ်းတမ်းလာသည်။ မြို့တောင်အရှင်ငါးဦးသည် ခန်းမထဲရှိ တခြားသော သာမန်ပကတိအင်မော်တယ်များနှင့် မတူပေ။
သူတို့သည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်တွေ့ဆုံပွဲမှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ဖို့အဆင့်မီသော ထိပ်သီးပညာရှင်များဖြစ်ကြသည်။
လင်းလေ၏ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံကိုဖီဆန်နိုင်ပြီး သူ၏ ကိုယ်ကာယက တုန်လှုပ်စရာကောင်းလေသည်။
မြင့်မားသောစွမ်းအင်သုံးစွဲမှုနှင့်ပင် သူက မြို့တော်အရှင်လေးဦးနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်နေဆဲဖြစ်ပြီး ရှုံးနိမ့်ခြင်း မရှိသေးပေ။
နှစ်ဘက်စလုံးက အတန်ကြာသည်အထိ မျှခြေမှာ လွန်ဆွဲနေပြီး တိုတောင်းသောအချိန်တစ်ခုအတွင်း မည်သူကမှ အခြေအနေကို မချိုးဖျက်နိုင်ပေ။
ဆူဇီမိုက စဥ်းစားရခက်လာ၏။
လင်းလေ၏ ဝှက်ဖဲများက အဆုံးမရှိဘဲ သူ၏ ပါရမီအရည်အချင်းက တကယ်ပင် အခြားသူများထက်သာလွန်နေ၏။
သို့သော်လည်း အစကနေ ယခုအချိန်ထိ လင်းလေသည် ထိုလျှို့ဝှက်ဆန်းကြယ်သောခြေနင်းကွက်ကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။
အရင်တုန်းက ဆူဇီမိုသည် သေရေးရှင်ရေးအခြေအနေမှာ သူက ရုတ်တရက် စိတ်၏ လှုံ့ဆော်မှုဖြင့် အဲဒါကို တစ်ခါထုတ်ဖော်နိုင်ခဲ့၏။
ထိုလျှို့ဝှက်ဆန်းကြယ်သောခြေနင်းကွက်က ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲ သူကောင်းကောင်းသိလေသည်။
သူသည် ထိုခြေနင်းကွက်ကိုအသုံးပြုမည်ဆိုလျှင် လင်းလေသည် လက်ရှိမျှခြေကိုသေချာပေါက် ချိုးဖျက်နိုင်မည်ဖြစ်၏။
ဆူဇီမိုသည် ဘေးမှာရှိသောလင်းလောကို တစ်ချက်ကြည့်ပြီး အသံတစ်ခုပို့လွှတ်လိုက်ကာ သူ့စိတ်ထဲရှိမေးခွန်းကို မေးမြန်းလိုက်၏။
“ရှင်က နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းတွေကိုပြောတာလား”
လင်းလောက အံ့အားသင့်သွား၏။
“ရှင်အဲဒါကို တစ်ခါအသုံးပြုခဲ့တာ ကျွန်မမြင်တယ်... လက်စသတ်တော့ ရှင်က ဒီခြေနင်းကွက်ရဲ့ မူလဇာစ်မြစ်ကို တကယ် မသိဘူးပဲ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ထိုသို့ဆိုလျှင်တောင် လင်းလောက စိတ်ရှည်လက်ရှည်ရှင်းပြလိုက်လေသည်။
“နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းတွေက ရှေးဟောင်းအမွေအနှစ်တစ်ခုကို ဆက်ခံရရှိပြီးမှ ကျွန်မအမေတတ်မြောက်လာတဲ့ လျှို့ဝှက်အတတ်တစ်ခုပဲ”
“ဒီလျှို့ဝှက်အတတ်က ရှုပ်ထွေးပြီးတော့လျှို့ဝှက်ဆန်းကြယ်တယ်... အမေကအဲဒါကို အဖေ.. အစ်ကိုနဲ့ ကျွန်မတို့ကို သင်ပေးခဲ့ဖူးတယ်.. အဖေနဲ့ အစ်ကိုမှာ နှစ်ယောက်စလုံး တစ်မူထူးခြားတဲ့ပါရမီအရည်အချင်းနဲ့ ကောင်းကင်ဘုံကိုဖီဆန်နိုင်ဆဲ့ နားလည်ဆင်ခြင်နိုင်စွမ်းတွေရှိကြပေမယ့် သူတို့တွေက အဲဒါရဲ့သဘောတရားကို မဖမ်းဆုပ်နိုင်ခဲ့ဘူး”
“ဒီလိုမျိုးထူးဆန်းတဲ့အရာကလည်း ရှိသေးတာလား”
ဆူဇီမိုက အရမ်းကိုအံ့အားသင့်သွား၏။
လင်းလေပြောသည့်စကားကို သူအပြည့်အဝနားမလည်ပေ။ သို့သော်လည်း လူသားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဒီရေလှိုင်းများကို ဆန်တက်ပြီး ဂုဏ်ကျက်သရေထွန်းတောက်သော ခေတ်ကာလတစ်ခုကို ဖန်တီးဖို့အတွက် လူသားမျိုးနွယ်ကို ဦးဆောင်နိုင်ခဲ့စေရန် သူ၏ ပါရမီအရည်အချင်း၊ ကံကြမ္မာအခွင့်အလမ်းနှင့် နားလည်ဆင်ခြင်နိုင်စွမ်းတို့က လူသန်းတစ်ရာမှာတစ်ယောက်ဖြစ်လေသည်။
သို့သော်လည်း စီနီယာလူသားဧကရာဇ်ပင်လျှင် နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းမရှိပေ။ အဲဒါသည် နားလည်ဆင်ခြင်နိုင်စွမ်းနှင့် ပါမရီအလားအလာတို့နှင့် သက်ဆိုင်သော ကိစ္စမဟုတ်တော့ပေ။
လင်းလောက ဆက်ပြောလိုက်၏။
“နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းတွေက အရမ်းကိုကျယ်ပြန့်တဲ့ နည်းစနစ်တွေနဲ့ ပါဝင်ပတ်သက်နေတယ်.. နက္ခတ်တာရာ၊ ယင်နဲ့ယန်၊ ဒြပ်စင်ငါးမျိုး၊ မနောဗေဒင်တွက်ချက်ခြင်းနဲ့ တခြားဓမ္မတာအိုတွေအပါအဝင်ပဲ... တွက်ချက်မှုက အရမ်းကို တိကျပြီးတော့ အနုစိပ်လွန်းတယ်”
“ဒါပေမဲ့ အဲဒါက ထူးဆန်းတယ်... ကျွန်မက နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းတွေကို သိပ်ကြာကြာမကျင့်ကြံလိုက်ရဘဲ အဲဒါကိုတတ်မြောက်သွားတယ်”
ခဏမျှရပ်တန့်ပြီးနောက် လင်းလောက စူးစမ်းလိုစိတ်ဖြင့်မေးမြန်းလိုက်၏။
“ရှင်က နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းတွေကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်နိုင်ခဲ့တာလဲ... ကျွန်မအမေက ရှင့်ကိုအဲဒါသင်ပေးထားတာလို့ ကျွန်မထင်နေတာ”
“မဟုတ်ဘူး”
ဆူဇီမိုက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။
“အရင်တုန်းက ကြောက်စရာကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုနဲ့ ငါကအဲဒါကို ထုတ်ဖော်နိုင်ခဲ့တာ”
“အဲလိုမျိုး တိုက်ဆိုင်မှုဆိုတာ ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ”
လင်းလော၏ မျက်လုံးက ပြူးကျယ်သွား၏။
ခဏနေပြီးနောက် သူမက ဆက်ပြောလိုက်၏။
“ကျွန်မအစ်ကိုက ကျွန်မအဖေရဲ့ ဓမ္မတာအိုတွေကိုပိုပြီးတော့ ဆက်ခံရရှိထားသလို ကျွန်မက ကျွန်မအမေရဲ့ ဓမ္မတာအိုတွေကို ပိုပြီးတော့ ဆက်ခံရရှိထားတယ်”
ဆူဇီမိုက သူ့ဘာသာသူခေါင်းညိတ်လိုက်၏။
ဤတိုက်ပွဲကနေ လင်းလေ၏ လှုပ်ရှားမှုများက ကြမ်းကြုတ်ခက်ထန်ပြီး ကြီးမားကျယ်ပြန့်ကာ သိပ်သည်းပြင်းထန်နေသည်ကို သူက တွေ့မြင်နေရ၏။ အဲဒါသည် အတိတ်ကာလတုန်းက လူသားဧကရာဇ်နှင့် အတော်လေးဆင်တူလေသည်။
ဆူဇီမိုသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး ညွှန်ကြားလိုက်၏။
“နောက်ပိုင်းအခွင့်အရေးတစ်ခုပေါ်လာမယ်ဆိုရင် မင်းရဲ့အစ်ကိုနဲ့ တတ်နိုင်သမျှမြန်မြန်ထွက်သွား... ငါ့ကိုစိတ်ပူမနေနဲ့ ငါ့ရဲ့သိုလှောင်အိတ်ထဲမှာ ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားတစ်ခုရှိတယ်... ငါကဒီနေရာကနေ အချိန်မရွေးထွက်သွားနိုင်တယ်”
လင်းလောက စဥ်းစားရခက်သွား၏။ သူမက မေးမြန်းတော့မည်ရှိစဥ်မှာပင် စုန့်ရွှမ်၏ အမူအရာက ပြောင်းလဲသွား၏။
သူသည် ဆူဇီမိုနှင့်လင်းလော ပြောဆိုနေသည့်အကြောင်းအရာကို မကြားရသော်လည်း သူတို့နှစ်ယောက်ကြားမှာ သိပ်သည်းသောစိတ်ဝိညာဥ်အသိစိတ် အတက်အကျများစွာရှိနေသည်ကို သူကအာရုံခံမိနိုင်၏။
ဆိုင်းမဆင့်ဗုံမဆင့် စုန့်ရွှမ်က ရုတ်တရက်တစ်ဘက်သို့လှည့်ပြီး လင်းလောကို လည်ပင်းကနေဖမ်းဆွဲကာ မြေကြီးနှင့်လွတ်အောင် သူမကို မတင်လိုက်၏။
စုန့်ရွှမ်၏ စိတ်ဝိညာဥ်အသိစိတ်ဖိအားအောက်မှာ ဆူဇီမိုက လုံးဝမလှုပ်ရှားနိုင်တော့ပေ။
“အား..”
လင်းလောက အံ့အားတသင့်အော်လိုက်၏။
တိုက်ပွဲအလယ်မှာရှိနေသောလင်းလေက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ မျက်ဝန်းထောင့်ကနေ အဲဒါကို တွေ့မြင်သွား၏။ သူက ဒေါသထွက်လာပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာကာ အော်ပြောလိုက်၏။
“စုန့်ရွှမ်... သူ့ကို လွှတ်ပေးလိုက်”
ဤအဆင့်တိုက်ပွဲတစ်ပွဲမှာ နှစ်ဘက်စလုံးသည် ထိပ်သီးပညာရှင်များဖြစ်ကြပြီး စိတ်အာရုံပျက်ယွင်းဖို့ကို မတတ်နိုင်ကြပေ။
လင်းလေသည် သူ့ညီမ၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်နေ၏။ သူ၏ စိတ်အာရုံပျက်ယွင်းမှုမှာ သူသည် ဟာကွက်တစ်ခုကို ထုတ်ဖော်မိသွား၏။ မြို့တော်အရှင်လေးဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြပြီး မနှိုင်းယှဥ်သာအောင် ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို တရစပ်ထုတ်ဖော်လိုက်ကြသည်။
စုန့်ရွှမ်က လင်းလောကို လွှတ်ပေးပြီး ပြုံးလိုက်၏။
တကယ်တော့ သူသည် လင်းလောကို ထိခိုက်အောင်လုပ်ဖို့စိတ်ကူးမရှိပေ။ သူသည် လင်းလောကို အသုံးချပြီး လင်းလေကို စိတ်အာရုံပျက်ယွင်းစေချင်ရုံသာဖြစ်သည်။
ဖောက်... ဖောက်.. ဖောက်...
ခေါင်းသုံးလုံးလက်ခြောက်ဖက်ဖြင့်ဆင့်ခေါ်ထားသော ဦးခေါင်းနှင့်လက်တို့က မြို့တော်အရှင်လေးဦး၏ တိုက်ခိုက်မှုမှာ တစ်ခုပြီးတစ်ခုစုတ်ပြဲသွားပြီး အစစ်အမှန်အမြုတေများအဖြစ်ပြောင်းလဲကာ နေရာမှာပင်ပျက်ပြယ်သွား၏။
တိုက်ပွဲအလှည့်အပြောင်းက ချက်ချင်းပင်ပေါ်ထွက်လာ၏။ ထိုသို့ဆိုလျှင်တောင် လင်းလေသည် သူ၏ စွမ်းအားကြီးမားသော သွေးချီနှင့် ကောင်းကင်ဘုံကိုဖီဆန်သော တိုက်ခိုက်ရည်ခွန်အားနှင့်အတူ မြို့တော်အရှင်လေးဦး၏ ကြမ်းကြုတ်ခက်ထန်သောတိုက်ခိုက်မှုများကို ခုခံနိုင်နေဆဲဖြစ်သည်။
“ကျောက်စိမ်းခြေမွှခြင်းလက်ဝါး”
ထိုစဥ်မှာပင် ညင်သာသော အော်ငေါက်သံတစ်သံက တိုက်ပွဲနယ်မြေကနေ ထွက်ပေါ်လာ၏။
စုန့်ရွှမ်က နောက်ဆုံးမှာတိုက်ခိုက်လိုက်ပြီဖြစ်သည်။
သူ၏ အချိန်ကိုက်လှုပ်ရှားမှုက အလွန်တရာတိကျနေ၏။
သူတိုက်ခိုက်လိုက်သည့်အချိန်မှာ လင်းလေသည် မြို့တော်အရှင်လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံပြီးနောက် သူ၏ အားအနည်းဆုံး အချိန်မှာ ရှိနေ၏။
စုန့်ရွှမ်က သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး အစစ်အမှန်အမြုတေကို စုဖွဲ့လိုက်၏။
အကန့်အသတ်မဲ့ကျောက်စိမ်းချီက လျှံထွက်လာပြီး လင်းလေကို အဆက်မပြတ်အေးခဲတောင့်တင်းသွားစေ၏။
ချက်ချင်းပင် လင်းလေ၏ ခန္ဓာကိုယ်က ကျောက်စိမ်းရောင်တလက်လက်ဖြင့် ဖုံးအုပ်ခံလိုက်ရပြီး သူက လုံးဝမလှုပ်ရှားနိုင်သော ကျောက်စိမ်းရုပ်တုတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပုံရ၏။
ဖြောင်း...
စုန့်ရွှမ်၏ ရိုက်ချက်က ကျဆင်းလာ၏။ ကျောက်စိမ်းများက ကြေမွသွားလေသည်။
လင်းလေက မြေပြင်ပေါ်ကို ပြင်းထန်စွာလဲကျသွားပြီးနောက် ပြန်ကျုံးထလာ၏။ သူက မည်သည့်အရာမှမလုပ်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သွေးများစွာကို အန်ထုတ်လိုက်ရ၏။
သူထွေးထုတ်လိုက်သောသွေးများက မြေပြင်ပေါ်ကို ကျဆင်းသွားသောအခါ ကျောက်စိမ်းများကဲ့သို့ အစိုင်အခဲအဖြစ် ပြောင်းလဲသွား၏။
“အစ်ကို..”
လင်းလောက ဝမ်းနည်းစွာဖြင့် အော်ခေါ်လိုက်၏။
သို့သော်လည်း သူမကို ကျန့်ရွှမ်ယိုက နေရာမှာပင်ဖိနှိမ်ထားပြီး လုံးဝမလှုပ်ရှားနိုင်ပေ။ သူမက ဘာမှမတတ်နိုင်ဘဲ စောင့်ကြည့်နေရ၏။
လင်းလေ၏ မျက်နှာက ဖြူဖျော့၍ သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးနေ၏။
မဟူရာဆန်းကြယ် တိုက်ပွဲလှံပုဆိန်ကို သူ၏ လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားရင်း သူက ဒူးထောက်ကျမသွားစေရန် သူ့ခန္ဓာကိုယ်ကိုသူ အနိုင်နိုင်ထိန်းနေရ၏။
“ဟီးဟီး”
စုန့်ရွှမ်က ရယ်မောလိုက်၏။
“လင်းလေ... မင်းက ငါ့ရဲ့ကျောက်စိမ်းခြေမွှခြင်းလက်ဝါးကနေ ရှင်သန်နိုင်ခဲ့တယ်ဆိုတာ အထင်ကြီးစရာကောင်းနေပြီ... မင်းကဆက်ပြီးတိုက်ခိုက်ချင်သေးလို့လား”
သခင်လေးလန်ထျန်နှင့် အခြားသူများကလည်း လေထဲကနေဆင်းသက်လာပြီး သရော်တော်တော်အကြည့်များနှင့်အတူ လင်းလေကိုကြည့်နေကြ၏။
ထိုအခိုက်အတန့်မှာ လင်းလေ၏ မျိုးဆက်သွေးက အဆက်မပြတ်အသွင်ပြောင်းလဲပြီး စီးဆင်းမှုနှေးကွေးလာကာ ကျောက်စိမ်းကဲ့သို့ပြောင်းလဲလာ၏။
သူ၏ မျိုးဆက်သွေးတစ်ခုလုံးက အသွင်ပြောင်းလဲသွားမည်ဆိုလျှင် သူက ဤခန္ဓာကိုယ်ကို စွန့်လွှတ်ရပေလိမ့်မည်။
“ရွံစရာကောင်းတဲ့အောက်တန်းစားတွေ”
လင်းလေက ဒေါသတကြီးကျိန်ဆဲလိုက်၏။
“မြို့တော်အရှင်တစ်ဦးအနေနဲ့ မင်းက နောက်ကျောကနေ ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်... ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ”
“အနိုင်ရတဲ့သူတွေက ကြီးစိုးမှာပဲ... မင်းဘာပဲပြောပြော ဘာမှလုပ်မရဘူး”
စုန့်ရွှမ်က သူ၏ နှုတ်ခမ်းကိုမဲ့ပြီး လှောင်ရယ်လိုက်၏။
လင်းလေက အေးစက်စွာပြောလိုက်၏။
“ငါက... ရှုံးသွားတယ်ဆိုတော့ရောဘာဖြစ်လဲ... မင်းငါ့ကိုသတ်ရဲမယ်ဆိုရင် မင်းတို့တွေလည်း အသက်ရှင်ဖို့ကို စဥ်းစားမနေနဲ့”
“ညီကိုလင်း... မင်းကနောက်နေတာပဲဖြစ်ရမယ် ငါကမင်းအသက်ကို ဘာလို့ယူရမှာလဲ”
စုန့်ရွှမ်က ပြုံးပြလိုက်၏။
“မင်းတို့နှစ်ယောက်က ငါးစာသာသာပဲ”
“မင်း...”
လင်းလေ၏ အမူအရာက ပြောင်းလဲသွားပြီး သူက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားကာ သူ၏ ရင်ထဲမှာ စို့နင့်သွား၏။
ဤလူများ၏ ရည်ရွယ်ချက်က သူ့အမေကို ဤနေရာသို့ ရောက်ရှိလာဖို့ ဖြစ်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်ဘုရင်များက သတိထားမိလာမည်ဆိုလျှင် သူတို့မိသားစုဖျက်ဆီးခံရရုံသာမက တိုက်ပွဲနိုင်ငံကပင်လျှင် လုံးလုံးလျားလျားချေမှုန်းသုတ်သင်ခံရပေလိမ့်မည်။
“မင်းနောက်ဆုံးတော့ အဲဒါကို ခန့်မှန်းမိသွားပြီမလား”
စုန့်ရွှမ်၏ အပြုံးက ပိုမိုပေါ်လွင်လာ၏။
လင်းလောကလည်း အဲဒါကိုနားလည်သွားပြီး ရုတ်တရက်အော်ပြောလိုက်၏။
“အစ်ကို... မြန်မြန်ထွက်သွားတော့... အမေ့ကို ဒီကိုမလာခဲ့ဖို့နဲ့ အဖေနဲ့တိုက်ပွဲနိုင်ငံကို ကာကွယ်ဖို့သွားပြောပေး... ကျွန်မကို စိုးရိမ်မနေနဲ့”
လင်းလေက နာကျင်၍တွေဝေရှုပ်ထွေးနေသောအမူအရာဖြင့် လင်းလောကိုကြည့်နေ၏။
“နောက်ကျလွန်းသွားပြီ... မင်းတို့တွေထဲ ဘယ်သူကမှထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
စုန့်ရွှမ်က လင်းလော၏ သတိပေးခြင်းကို တားဆီးခြင်းမရှိဘဲ သရော်တော်တော်အမူအရာတစ်ခုဖြင့် သူ၏ ခေါင်းကိုသာ ခါယမ်းလိုက်၏။
သခင်လေးလန်ထျန်နှင့် အခြားသူများက သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ကာ လင်းလေကို မမှိတ်မသုန်စောင့်ကြည့်နေကြ၏။ ထိုသူက ထူးဆန်းသော လှုပ်ရှားမှုတစ်ခုခု ပြုလုပ်လိုက်သည်နှင့် သူတို့က ချက်ချင်းတိုက်ခိုက်ပေလိမ့်မည်။
သူတို့သည် လင်းလေကို သူ၏ ပို့ဆောင်ရေးကျောက်စိမ်းအဆောင်ကို ထုတ်ဖော်အသုံးပြုခွင့်ပေးလိမ့်မည် မဟုတ်ပေ။
စုန့်ရွှမ်က သူ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး လင်းလေကိုငုံ့ကြည့်ကာ ဝင့်ကြွားစွာဖြင့်ပြောလိုက်၏။
“လင်းလေ... မင်းဒီကိုရောက်လာတဲ့အချိန်ကစပြီး လင်းမိသားစုနဲ့ တိုက်ပွဲနိုင်ငံရဲ့ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီ ဘယ်သူကမှ အဲဒါကို မပြောင်းလဲနိုင်တော့ဘူး”
“မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်”
လင်းလေ၏ မျက်လုံးထဲတွင် တွေဝေရှုပ်ထွေးမှု၊ ကူကယ်ရာမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုအကြည့်တစ်ခုက ပေါ်ထွက်လာပြီး မဟူရာဆန်းကြယ် တိုက်ပွဲလှံပုဆိန်ကို ဆုပ်ကိုင်ထားသော သူ၏ လက်က တဖြည်းဖြည်းပြေလျော့လာ၏။
ထိုစဥ်မှာပင် ခရမ်းရောင်ဝတ်အမျိုးသားတစ်ယောက်က ခန်းမထဲသို့ ဝင်လာခဲ့လေသည်။