ငါက အထီးကျန်သိုင်းသခင်ပဲ
Vol. 163 Ch. 2432
ခန်းမထဲမှာ ပကတိအင်မော်တယ်များစွာသည် စားပွဲပေါ်မှာ ရှိသော သွေးမက်မွန်များကို အရသာခံရင်း မြို့တော်အရှင်ငါးဦးက လင်းလေနှင့် သူ၏ ညီမကို သင်ခန်းစာတစ်ခုပေးနေသည်ကို သူတို့က စောင့်ကြည့်နေကြ၏။ မကြာမကြာဆိုသလို သူတို့က ရယ်မောလိုက်၊ အလ္လာပသလ္လာပ ပြောဆိုလိုက် ရှိနေကြ၏။
ထိုစဉ်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ကျင့်ကြံသူများစွာသည် ဆတ်ခနဲ တုန်လှုပ်သွားကြ၏။
ပကတိအင်မော်တယ်နယ်ပယ်မှာ လေတိုက်သည်ကို မပြောနှင့်… အန္တိမ နတ်ဘုရားစွမ်းအားများကပင် သူတို့၏ ခန္ဓာကိုယ်ကို တုံ့ပြန်စေနိုင်လိမ့်မည် မဟုတ်ပေ။
“သောက်ခွေးတဲ့မှ… ဘာထဖြစ်တာလဲ”
ကျင့်ကြံသူတစ်ယောက်က မကျေမနပ် ပြောဆိုလိုက်၏။
ရုတ်တရက် သူ၏ ဘေးကနေ ဖြတ်သွားသော ခရမ်းရောင်ဝတ်ရုံစကို သူက တွေ့မြင်သွား၏။
သူက အလိုလိုခေါင်းမော့ကြည့်လိုက်ပြီး သူ့ဘေးကနေဖြတ်သွားသော ခရမ်းရောင်ဝတ် အမျိုးသားတစ်ယောက်ကို တွေ့မြင်လိုက်လေသည်။
ခရမ်းရောင်ဝတ်အမျိုးသားက အေးစက်စက်မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး နက်ရှိုင်းသော မျက်လုံးတစ်စုံကိုသာ ဖော်ထားကာ ထူးဆန်းသည့်ပုံပေါ်နေ၏။
“မင်း ဘယ်သူလဲ”
ပကတိအင်မော်တယ်က အလိုလိုအော်မေးလိုက်၏။
ရုတ်တရက် ခရမ်းရောင်ဝတ်အမျိုးသားက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး လှည့်ကြည့်လိုက်၏။ သူ၏ အေးစက်နေသော ငွေရောင်မျက်နှာဖုံးက ထိုလူကို မျက်နှာမူသွားပြီး မျက်နှာဖုံးနောက်မှာ ရှိသော မျက်လုံးများက ထိုလူ၏ ကျောက်စိမ်းပန်းကန်များပေါ်ရှိ စားလက်စ သွေးမက်မွန်ကို ကြည့်လိုက်၏။
“အဲဒီမက်မွန်က အရသာရှိလား”
ခရမ်းရောင်ဝတ်အမျိုးသားက ရုတ်တရက်မေးလိုက်၏။
ပကတိအင်မော်တယ်သည် ခရမ်းရောင်ဝတ်အမျိုးသား၏ အကြည့်မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ဟု ခံစားလိုက်ရ၏။ ဘာကြောင့်မှန်းမသိ သူက မလုံမလဲဖြစ်သွားပြီး အလိုလိုပြန်ဖြေလိုက်၏။
“အရ… အရသာရှိ…”
ဖြောင်း….
ရုတ်တရက် ခရမ်းရောင်ဝတ်အမျိုးသားက သူ၏ လက်ကို မြှောက်ပြီး ထိုသူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။
ပကတိအင်မော်တယ်က မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ဦးခေါင်းက ကြေမွ၍ ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး နေရာမှာပင် သေဆုံးသွားတော့သည်။
ဘေးတစ်ဖက်မှာ ရှိသော ပကတိအင်မော်တယ်တစ်ယောက်သည် သွေးမက်မွန်ကို အရသာခံနေစဉ် သူ၏ မျက်နှာကို ပူနွေးနေသော သွေးများ လာစင်သည်ကို သတိထားမိသွားပြီး အလိုလိုမော့ကြည့်လိုက်၏။
“မင်း...”
ထိုသူ၏ မျက်လုံးက အမျက်ဒေါသဖြင့် ပြူးကျယ်သွားပြီး ခရမ်းရောင်ဝတ်အမျိုးသားကို ခပ်စိမ်းစိမ်း စိုက်ကြည့်လိုက်၏။ သူက တင်းမာခက်ထန်စွာ မေးခွန်းထုတ်တော့မည့်ဆဲဆဲမှာပင် သူက စကားတစ်လုံးသာ အသံထွက်လိုက်နိုင်ပြီး ခရမ်းရောင်ဝတ်အမျိုးသား၏ လက်ဖဝါးက သူ့အပေါ်ကို ကျဆင်းလာ၏။
အဲဒါက အရမ်းကို မြန်ဆန်နေသည်။
ဖြောင်း…
ထိုသူသည် သူ၏ ဦးခေါင်းမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အမြင်အာရုံက မှောင်မည်းသွားကာ သူ၏ အသိစိတ်က ပျောက်ဆုံးသွား၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် ထိုပကတိအင်မော်တယ်၏ ဦးခေါင်းက ခရမ်းရောင်ဝတ်အမျိုးသား၏ ရိုက်ချက်ဖြင့် ကြေမွသွား၏။
တစ်ခဏချင်းမှာပင် ပကတိအင်မော်တယ်နှစ်ဦးက နေရာမှာတင် သေဆုံးသွားကြ၏။
ခရမ်းရောင်ဝတ်အမျိုးသားသည် ပကတိအင်မော်တယ်နှစ်ဦး ဆက်တိုက်သေဆုံးသွားသည်ကို သတိမထားမိသည့်ပုံဖြင့် ပုရွက်ဆိတ်နှစ်ကောင်ကို နင်းတက်လာသည့်အလား ရှေ့သို့ ဆက်လျှောက်လာ၏။
ထို့သိုဖြင့် ခန်းမထဲရှိ အခြားသော ပကတိအင်မော်တယ်များသာမက စုန့်ရွှမ်နှင့် အခြားသော မြို့တော်အရှင်လေးဦး၊ လင်းလေနှင့် လင်းလောတို့ပင် သူ့ကို လှမ်းကြည့်လာကြ၏။
“အဲဒါ ဘယ်သူလဲ… မင်းက မျက်နှာအစစ်ကိုတောင် ထုတ်မပြဘဲ လန့်ဖုန်းမြို့တော်မှာ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ရဲနေရတာလဲ”
ပကတိအင်မော်တယ်ပညာရှင်နှစ်ဦးက ရန်လိုခက်ထန်သော အော်ရာများနှင့်အတူ ခုန်ထွက်လာကြ၏။ သူတို့၏ တာအိုသစ်သီးများကို လှည့်ပတ်လိုက်စဉ် ရောင်လျှံစက်ဝန်းများက သူတို့၏ ဦးခေါင်းနောက်ဘက်မှာ တောက်ပလာပြီး သူတို့၏ အသိစိတ်ဓမ္မရတနာများကို ဆင့်ခေါ်လိုက်ကြ၏။ သူတို့က ခရမ်းရောင်ဝတ်အမျိုးသားထံသို့ ခုန်ဝင်လာကြ၏။
ခရမ်းရောင်ဝတ်အမျိုးသားက သူ၏ ခြေလှမ်းကို ရပ်တန့်ခြင်း မရှိဘဲ သူက ခြင်များကို မောင်းထုတ်နေသည့်အလား သူ၏ လက်ကိုသာ ညင်သာစွာ ဝေ့ယမ်းလိုက်၏။
ပကတိအင်မော်တယ်ပညာရှင်နှစ်ဦးသည် ရုတ်တရက် လေထဲမှာ မလှုပ်မယှက်ရပ်တန့်သွား၏။
ရွှစ်… ရွှစ်… ရွှစ်…
နောက်ခဏ၌ လူတိုင်း၏ ရှေ့မှောက်မှာပင် ပကတိအင်မော်တယ်နှစ်ဦး၏ ခန္ဓာကိုယ်များသည် မမြင်ရသော ဓားသွားတစ်ခုဖြင့် အလယ်ကနေ လှီးဖြတ်ခံလိုက်ရပုံ ရလေသည်။
လတ်ဆတ်သောသွေးများက ပန်းထွက်လာပြီး ညှီစို့စို့ ကိုယ်တွင်းအင်္ဂါများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။
ဟာ….
ပကတိအင်မော်တယ်များစွာက ပင့်သက်ကို ရှိုက်လိုက်ပြီး သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွား၏။
ဤအဆင့်ထိရောက်အောင် ကျင့်ကြံပြီး နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်လာဖို့အတွက် လူတိုင်းသည် မရေမတွက်နိုင်သော လောကဓံမုန်တိုင်းများကို တွေ့ကြုံဖြတ်ကျော်ခဲ့ရ၏။
သို့သော်လည်း ဤကဲ့သို့သော မြင်ကွင်းတစ်ခုက တကယ့်ကို မကြုံစဖူး အံ့မခန်းဖြစ်လေသည်။
သေဆုံးသွားသောသူများက ပုရွက်ဆိတ်များ မဟုတ်ဘဲ သူတို့လိုပင် ပကတိအင်မော်တယ်ပညာရှင်များ ဖြစ်လေသည်။
သို့သော်လည်း ပကတိအင်မော်တယ်ပညာရှင်များကို ခရမ်းရောင်ဝတ်အမျိုးသား သတ်ဖြတ်နေပုံက သက်သောင့်သက်သာ ရှိလွန်းနေသည်။
ခရမ်းရောင်ဝတ်အမျိုးသားသည် ပကတိအင်မော်တယ်နှစ်ဦး၏ အလောင်းများနှင့် သွေးအိုင်တစ်အိုင်ကို ဖြတ်ကျော်လာခဲ့၏။ သို့သော်လည်း သူက မည်သည့်သွေးနှင့်မှ စွန်းထင်းခြင်း မခံရဘဲ သူသည် ငရဲ၏ အနက်ပိုင်းထဲမှ လာသော တမန်တော်တစ်ဦး ဖြစ်သည့်အလား သူ့ကို တမလွန်အော်ရာတစ်ခုက လွှမ်းခြုံထား၏။
ခရမ်းရောင်ဝတ်အမျိုးသား ထုတ်ဖော်လိုက်သော စွမ်းအားသည် ပကတိဧကနယ်ပယ်ကို ကျော်လွန်ခြင်း မရှိသေးကြောင်း လူတိုင်းက အာရုံခံမိကြ၏။ တစ်နည်းအားဖြင့်ဆိုသော် ဤလူက အင်မော်တယ်ဘုရင်တစ်ဦး မဟုတ်ပေ။
ထို့ကြောင့်ပင်လျှင် ပကတိအင်မော်တယ်များစွာက ယခုအချိန်ထိ တည်ငြိမ်နေပြီး ထိတ်လန့်တကြားဖြစ်မနေကြသေးခြင်းပင်။
မည်သို့ပင်ဆိုစေ ခန်းမထဲမှ ထောင်နှင့်ချီသော ပကတိအင်မော်တယ်ပညာရှင်များ ရှိနေကြလေသည်။
ဒါ့အပြင် အင်မော်တယ်မြို့တော်ငါးမြို့၏ မြို့တော်အရှင်များကလည်း ဤနေရာကို ထိန်းသိမ်းစောင့်ရှောက်ပေးနေ၏။
မြို့တော်အရှင်ငါးဦးသည် ရင်တစ်ချက်ထိတ်သွားသော်လည်း သူတို့က အလျင်အမြန် ပြန်လည်တည်ငြိမ်လာကြ၏။
ပကတိဧကနယ်ပယ်ကို ပေါင်းစည်းခြင်း၊ အာကာသက်ရှိ၊ ဗလာနယ်ဝိညာဉ်နှင့် သုခဘုံလေဟာနယ်ဟူ၍ ခွဲခြားထား၏။
စောစောက သေဆုံးသွားသော ပကတိအင်မော်တယ်လေးဦးကြားမှာ အသန်မာဆုံးက အာကာသသက်ရှိနယ်ပယ်ထက် မပိုပေ။ သူတို့နှင့် အထွတ်အထိပ်ပကတိအင်မော်တယ်ပညာရှင်များကြားမှာ ကြီးမားသော ကွာဟချက်တစ်ခုရှိနေ၏။
သူတို့ငါးယောက်နှင့် ထိုပကတိအင်မော်တယ်ပညာရှင်များကြား ကွာဟချက်ကလည်း မိုးနှင့်မြေလိုပင်။
ဒါ့အပြင် ဤနေရာသည် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်မြို့တော်ငါးမြို့ထဲမှ တစ်မြို့ဖြစ်သော လန့်ဖုန်းမြို့တော် ဖြစ်လေသည်။ ဤလူက ဘာများလုပ်နိုင်မှာလဲ။
စုန့်ရွှမ်က သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။
“တာအိုရောင်းရင်း ခင်ဗျားကို ကျုပ် ဘယ်လိုခေါ်ရမလဲ… ခင်ဗျားက လင်းမောင်နှမအတွက် ဒီကိုရောက်လာတာလား”
လင်းလေက မျက်မှောင်ကြုတ်ပြီး ငေးငိုင်ပျောက်ဆုံးနေသော အမူအရာတစ်ခုနှင့်အတူ လင်းလောနှင့် အကြည့်ချင်းဖလှယ်လိုက်၏။
သူတို့သည် ဤခရမ်းရောင်ဝတ်လူကို လုံးဝမသိရှိကြပေ။
ခရမ်းရောင်ဝတ်အမျိုးသားက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းက ငါ့လက်အောက်က လူတစ်ယောက်ကို ဖမ်းဆီးထားတာတောင် ငါ့ကို မသိဘူးလား”
“မင်းက…”
စုန့်ရွှမ်သည် တစ်စုံတစ်ယောက်ကို အမှတ်ရသွားသည့်အလား ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားလေသည်။
“ငါက အထီးကျန်သိုင်းသခင်ပဲ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်လေသည်။
ထိုစကားလုံးများ ထွက်ပေါ်လာသည့် ခဏမှာပင် အဲဒါက ခန်းမထဲရှိ လူအုပ်ကြားထဲမှာ ပေါက်ကွဲထွက်သွား၏။ ပကတိအင်မော်တယ်ပညာရှင်များစွာက တုန်လှုပ်သွားပြီး အိုးတိုးအမ်းတမ်း ဖြစ်လာကြလေသည်။
“အမ်…”
လင်းလေကလည်း နေရာမှာပင် မှင်တက်သွား၏။ သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုက ထင်ဟပ်လာပြီး သူက တီးတိုးရေရွတ်လိုက်၏။
“သူက တကယ်… တကယ်ရောက်လာရဲတာလား”
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်…”
“လက်စသတ်တော့ သူက အထီးကျန်သိုင်းသခင်ပဲ… ငါက အဲဒီငွေရောင်မျက်နှာဖုံးကို တွေ့ကတည်းက အဲဒါကို တွေးမိသင့်တယ်”
“အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ… အထီးကျန်သိုင်းသခင်က ဘယ်လိုလုပ်ပြီး ရောက်လာရဲတာလဲ… သူက သေရမှာကို တကယ်ပဲ မကြောက်ဘူးလား”
ပကတိအင်မော်တယ်များ၏ အမူအရာများက တည်တံ့သွားပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့၏ သိုလှောင်အိတ်များအပေါ် သူတို့၏ လက်များကို တင်လိုက်ကြ၏။ သူတို့က ပေါ့ပေါ့ဆဆ မနေရဲဘဲ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ကာ ဘေးပတ်ဝန်းကျင်ကို စေ့စေ့အကဲခတ်ကြည့်နေကြသည်။
အထီးကျန်သိုင်းသခင်က ရောက်ရှိလာပြီဆိုမှတော့ သူနှင့်အတူ မိစ္ဆာကျင့်ကြံသူစစ်တပ်တစ်တပ်ကို သေချာပေါက် ခေါ်ဆောင်လာလိမ့်မည်ဟု လူတိုင်းက မှတ်ယူထားကြသည်။
စုန့်ရွှမ်နှင့် အခြားသော မြို့တော်အရှင်များကလည်း အဆက်မပြတ်ရှာဖွေနေကြ၏။ သို့သော်လည်း သူတို့သည် မိစ္ဆာကျင့်ကြံသူများ၏ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့ရပေ။
“ပြောပါဦး… မင်းက လူဘယ်လောက်များများ ခေါ်လာခဲ့တာလဲ”
သခင်လေးလန်ထျန်က သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာဝှေ့ယမ်းပြီး အေးစက်စွာ မေးလိုက်၏။
“မင်းတို့ အကုန်လုံးကိုသတ်ဖို့ ငါတစ်ယောက်တည်းက လုံလောက်တယ်”
သိုင်းတာအိုပင်မခန္ဓာသည် ငြင်းဆန်၍ မရနိုင်သော အချက်အလက်တစ်ခုကို ဖော်ပြနေသည့်အလား သူ၏ လေသံက မှင်သေသေဖြင့် ရှိနေ၏။
“ဟားဟားဟား”
ဟုန်ရှန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ ရုတ်တရက် သူ၏ ကြေးနီလှံကို မြှောက်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကို ထိုးဖောက်တော့မည်လား သူ့ကို ထိုးညွှန်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ကြေးနီလှံ၏ ခြိမ်းခြောက်မှုကို အာရုံမခံနိုင်သည့်အလား လုံးဝလှုပ်ရှားခြင်း မရှိပေ။
“အထီးကျန်သိုင်းသခင်… မင်းကိုယ်မင်း ဘယ်သူထင်နေလဲ”
ဟုန်ရှန်က ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။
“မိုးကောင်းကင်ကမ္ဘာ အင်မော်တယ်မဟာနယ်မြေက အန္တိမပကတိအင်မော်တယ်၊ သုခဘုံသန့်စင်ကုန်းမြေက အန္တိမသူတော်စင်နဲ့ မိစ္ဆာမဟာနယ်မြေက အန္တိမပကတိမိစ္ဆာတွေတောင်မှ ဒီလိုမျိုး မောက်မာဝင့်ကြွားရဲမှာ မဟုတ်ဘူး”
“ငါက ဒီကြေးနီလှံကို တစ်ချက်ယမ်းလိုက်တာနဲ့ မင်းရဲ့ဦးခေါင်းက ကြေမွသွားလိမ့်မယ်… မင်းမှာ အသက်ဘယ်လောက်များများ ပါလာလို့လဲ”
သိုင်းတာအိုပင်မခန္ဓာက ပြန်မဖြေဘဲ ငွေရောင်မျက်နှာဖုံး၏ နောက်ဘက် သူ၏ မျက်လုံးထဲကနေ ကျိန်းစပ်နေသော ဂမ္ဘီရအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
“မဟန်တော့ဘူး”
ဟုန်ရှန်က ထိတ်လန့်သွားပြီး သူ၏ ကြေးနီလှံကို အလိုလိုမြှောက်ကာ သိုင်းတာအိုပင်မခန္ဓာကို တားဆီးလို၏။
သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ပစ်ထိုးလိုက်၏။
ဘန်း…
ထိုထိုးချက်က ကြေးနီလှံ၏ အလယ်ကို ထိခတ်သွား၏။
ဟုန်ရှန်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားလေသည်။
ကြောက်စရာကောင်းသော အဖျက်စွမ်းအားတစ်ခုသည် ကြေးနီလှံကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာသည်ကို သူက ခံစားလိုက်ရ၏။
သူ၏ လက်ဖဝါးက စုတ်ပြဲသွားပြီး သွေးများက ပန်းထွက်လာ၏။ သူက ကြေးနီလှံကို လုံးဝဆုပ်ကိုင်မထားနိုင်တော့ဘဲ သူ၏ လက်တစ်ဖက်လုံးက မည်သည့်ခံစားချက်ကိုမှ မရရှိတော့ပေ။