သခင်လေးလား
Vol. 163 Ch. 2433
ကြေးနီလှံသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားပြီး ဟုန်ရှန်၏ ရင်ဘတ်ကို ပစ်ရိုက်ချလိုက်၏။
ဖြောင်း…
ဟုန်ရှန်၏ ရင်ဘတ်က ချိုင့်ဝင်သွားပြီး အရိုးကျိုးသံက ချက်ချင်းပင် ထွက်ပေါ်လာ၏။
ကျိုးသွားသော အရိုးများစွာက သူ၏ ကိုယ်တွင်းအင်္ဂါများ၊ နှလုံးနှင့် အဆုတ်တို့ကို ထိုးဖောက်သွား၏။ ဟုန်ရှန်က သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး သွေးများစွာက စီးကျလာ၏။
ထိုကြေးနီလှံသည် ကပ်ဘေးကိုးခုသန့်စင်ယန် ဝိညာဉ်ရတနာတစ်ခု ဖြစ်လေသည်။ ဟုန်ရှန်၏ ကိုယ်ကာယက သန်မာသော်လည်း သူက သန့်စင်ယန်ဝိညာဉ်ရတနာ၏ ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သူ့ကြေးနီလှံ ရိုက်ခတ်မှုဖြင့် ကျိုးကြေမွသွားလုနီးပါး ဖြစ်သွား၏။
ဟုန်ရှန်က အသက်မရှူနိုင်ခင်မှာပင် အရိပ်တစ်ခုက သူ့အပေါ် လွှမ်းခြုံလာသည်ကို ခံစားလိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာက အရိပ်တစ်ခုကဲ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
“ငါ့ကို ကယ်ကြပါဦး”
ဟုန်ရှန်က ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီကို ရူးသွပ်စွာ လှည့်ပတ်ကာ ဤနေရာကနေ ထွက်ပြေးဖို့အတွက် တည်နေရာခုန်ကူးခြင်းနည်းစနစ်ကို ထုတ်ဖော်လို၏။
အဲဒါက အရမ်းကို ကြောက်စရာကောင်းလွန်းနေသည်။
မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် ဤမျှအထိ ရက်စက်ပြတ်သားပြီး သူ လုံးဝမခုခံနိုင်သည့် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ထုတ်ဖော်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
စုန့်ရွှမ်နှင့် အခြားသူများကလည်း တုန်လှုပ်သွားကြ၏။
ဟုန်ရှန်က ဤမျှအထိ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့လေးယောက်က ထင်မှတ်မထားကြပေ။
အရင်တုန်းက လင်းလေကဲ့သို့ သန်မာသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာတောင် ဟုန်ရှန်သည် သက်ရောက်မှုများစွာ မရှိဘဲ နောက်သို့ ဆုတ်ခွာလာနိုင်ခဲ့၏။
သို့သော် ယခု အထီးကျန်သိုင်းသခင်သည် ထိုးချက်တစ်ချက်ဖြင့် ဟုန်ရှန်၏ အသက်ကို နုတ်ယူနိုင်လုနီးပါးပင်။
စုန့်ရွှမ်၊ နတ်မိမယ်နန်းယန်၊ ကူလျှိုနှင့် သခင်လေးလန်ထျန်တို့က သူတို့၏ စိတ်ဝိညာဉ်ရတနာများကို အလောတကြီး ဆင့်ခေါ်ပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို စုဖွဲ့ဖို့အတွက် သူတို့၏ တာအိုသစ်သီးများကို လှည့်ပတ်လိုက်ကြ၏။ သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို ဝိုင်းဝန်းတိုက်ခိုက်ပြီး ဟုန်ရှန်ကို ကယ်တင်ဖို့ ပြင်လိုက်ကြ၏။
ဤတစ်ခေါက်မှာ စုန့်ရွှမ်ပင်လျှင် ဘေးကနေ ရပ်ကြည့်မနေနိုင်တော့ဘဲ အခြားသော မြို့တော်အရှင် လေးဦးနှင့်အတူ ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် စုန့်ရွှမ်နှင့် အခြားသူများကို လုံးဝ လျစ်လျူရှုထား၏။ သူက နောက်သို့ ဆုတ်ခွာသွားသော ဟုန်ရှန်ကိုသာ စိုက်ကြည့်ပြီး သူ၏ ပါးစပ်ကို ရုတ်တရက် ဖွင့်ဟလိုက်၏။
ချက်ချင်းပင် စုန့်ရွှမ်နှင့် အခြားသူများက မအီမသာ ခံစားလာရ၏။
စုန့်ရွှမ်၊ ကူလျှိုနှင့် သခင်လေးလန်ထျန်တို့က အမြန်ဆုံး တုံ့ပြန်လိုက်ကြ၏။ သူတို့သည်လည်း သူတို့၏ ပါးစပ်များကို ဖွင့်ဟပြီး အသံပိုင်းလျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။
ဂါး...
မြို့တော်အရှင် သုံးဦး၏ အသံပိုင်းလျှို့ဝှက်အတတ် ထွက်ပေါ်လာသည့် ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ပါးစပ်ကနေ အဆုံးမဲ့စွမ်းပကားနှင့်အတူ ကျယ်လောင်သော ဟိန်းဟောက်သံက ပေါက်ကွဲထွက်ပေါ်လာ၏။
မြို့တော်အရှင် သုံးဦး၏ အသံပိုင်းလျှို့ဝှက်အတတ်က ထိုဟိန်းဟောက်သံမှာ ချက်ချင်းပင် နစ်မြုပ်သွားလေသည်။
လူတိုင်း၏ နားထဲတွင် ကျန်နေခဲ့သည့် တစ်ခုတည်းသော အရာမှာ သက်ရှိပေါင်းမြောက်များစွာ၏ ဟိန်းဟောက်သံများ ဖြစ်၏။
အသင်္ချေသက်ရှိများအသံ…
မမြင်နိုင်သော ဝဲဂယက်များက ခန်းမထဲမှာ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ဖြန့်ကြက်သွားပြီး စုန့်ရွှမ်ကို အရင်ဆုံး လွှမ်းခြုံကာ ဆက်လက်၍ ဖြန့်ကြက်သွား၏။
စုန့်ရွှမ်နှင့် အခြားလေးယောက်သည် သိုင်းတာအိုပင်မခန္ဓာနှင့် အနီးဆုံးဖြစ်ပြီး ရိုက်ခတ်မှု၏ အပြင်းဆုံးဒဏ်ကို အရင်ဆုံး ခံစားရလေသည်။
စုန့်ရွှမ်၊ ကူလျှိုနှင့် သခင်လေးလန်ထျန်တို့က အဆင်ပြေနေသေးလေသည်။ မည်သို့ပင်ဆိုစေ သူတို့သည် ခုခံဖို့အတွက် သူတို့၏ အသံပိုင်းလျှို့ဝှက်အတတ်များကို ကြိုတင်ထုတ်ဖော်ခဲ့ပြီး စွမ်းအားအများစုကို ချေဖျက်နိုင်ခဲ့ကြသည်။
နတ်မိမယ်နန်းယန်က အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘဲ အသင်္ချေသက်ရှိများအသံဖြင့် တည့်တည့်ထိမှန်ခံလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမ၏ အကြည့်က မှေးမှိန်ကာ သူမ၏ အသိစိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်က ကြေမွသွား၏။
ကျင့်ကျူးမြို့တော်၏ မြို့တော်အရှင်မက နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်တစ်ခုခုကို မထုတ်ဖော်နိုင်ခင်မှာပင် သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ ဟိန်းဟောက်သံကြောင့် သေဆုံးသွားရတော့သည်။
စုန့်ရွှမ်နှင့် အခြားနှစ်ယောက်က အသက်ရှင်နိုင်ခဲ့သော်လည်း သူတို့က မူးဝေထုံထိုင်းမှုကို ခံစားနေရ၏။ သူတို့၏ နားများက တဝီဝီအော်မြည်နေပြီး သူတို့၏ လက်ထဲရှိ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက ပျက်ပြယ်သွားလေသည်။
သူတို့ သုံးယောက်သည် တုန်လှုပ်သွားပြီး ဟုန်ရှန်ကို ကူညီဖို့ အရေးမလုပ်နိုင်တော့ပေ။ သူတို့က တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်ခွာသွားပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အကွာအဝေးတစ်ခု ခြားဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်ကြ၏။
ဟုန်ရှန်သည် အသင်္ချေသက်ရှိများ ဟိန်းသံ၏ ရိုက်ခတ်မှုကို ခုခံဖို့အတွက် သူ၏ စွမ်းအားကြီးမားသော ကိုယ်ကာယအပေါ် မှီခိုလိုက်၏။ သို့သော်လည်း သူ၏ ဒွါရ ၇ ပေါက်ကနေ သွေးများက စီးကျလာပြီး သူ၏ အမူအရာက အလွန်တရာ ပျက်ယွင်းနေ၏။
သူ၏ တည်နေရာခုန်ကူးခြင်းဖြစ်စဉ်သည် ဟန့်တားနှောင့်ယှက်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အေးခဲတောင့်တင်းသွား၏။ သူ၏ လှုပ်ရှားမှုနည်းစနစ်က တစ်ခဏမျှ ရပ်တန့်သွားခဲ့လေသည်။
ထိုတစ်ခဏ ရပ်တန့်မှုက သိုင်းတာအိုပင်မခန္ဓာအတွက် လုံလောက်လေသည်။
ဘန်း...
နောက်တစ်ခဏ၌ သိုင်းတာအိုပင်မခန္ဓာက ရောက်ရှိလာပြီး ဟုန်ရှန်၏ ဦးခေါင်းကို ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားစေ၏။
တစ်ခဏအတွင်းမှာပင် မြို့တော်အရှင် ၅ ဦးထဲမှ ၂ဦးက သေဆုံးသွားကြပြီ ဖြစ်လေသည်။
အသင်္ချေသက်ရှိများအသံ၏ ရိုက်ခတ်မှုက ယခုအချိန်ထိ မပြီးဆုံးသေးဘဲ နောက်ထပ် လွှမ်းမိုးနိုင်စွမ်းနှင့် စဉ်းစားကြည့်၍ မရနိုင်သော သေစေနိုင်စွမ်းကို ဆက်လက်၍ ထုတ်ဖော်နေ၏။
မြို့တော်အရှင် ၅ ဦးပင်လျှင် ဤအသံပိုင်းလျှို့ဝှက်အတတ်ကို မခုခံနိုင်ခဲ့ပေ။ အခြားသော ပကတိအင်မော်တယ်များက အနည်းငယ် ကွာဝေးသော်လည်း သူတို့သည်လည်းပဲ သက်ရောက်ခံလိုက်ကြရသည်။
သိုင်းတာအိုပင်မခန္ဓာနှင့် အနီးဆုံးမှာရှိသော ပကတိအင်မော်တယ်ပညာရှင် အယောက်သုံးလေးဆယ်က သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ပျက်စီးသွားလေသည်။
ပကတိအင်မော်တယ်ပညာရှင် နှစ်ရာကျော်က တဆတ်ဆတ်တုန်ယင်သွားပြီး သူတို့၏ အရေပြားနှင့် အသားတို့က ပေါက်ကွဲထွက်သွား၏။ သူတို့က မြေပြင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး သွေးများက စီးကျနေ၏။
ထိုပကတိအင်မော်တယ်များ၏ အသိစိတ်များထဲမှာ သူတို့၏ အမြုတေစိတ်ဝိညာဉ်များက သေသည့်တိုင်အောင် ကြေမွသွားခဲ့ပြီဖြစ်၏။
အခြားသော ပကတိအင်မော်တယ်များကလည်း မတူညီသော အတိုင်းအတာများဖြင့် ရိုက်ခတ်မှုကို တွေ့ကြုံခံစားလိုက်ရ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် ရှင်သန်နိုင်ခဲ့ကာ ခုခံဖို့အတွက် သူတို့၏ တာအိုသစ်သီးများကို လှည့်ပတ်၍ လျှို့ဝှက်အတတ်များကို စုဖွဲ့လိုက်ကြ၏။
အစက ဆူဇီမိုနှင့် လင်းလောအပေါ် သက်ရောက်နေသည့် စိတ်ဝိညာဉ်အသိစိတ်ဖိအားကလည်း ပျက်ပြယ်သွား၏။
အရင်ဆုံး ဤကဲ့သို့သော ရိုက်ခတ်မှုတစ်ခုကနေ လင်းလောက သေချာပေါက် သေရတော့မည်ကို တွေးပြီး လင်းလေက စိုးရိမ်ထိတ်လန့်သွား၏။
လင်းလောက အထီးကျန်သိုင်းသခင်နှင့် မလှမ်းမကမ်းမှာ ရှိနေပြီး သူမက အဆင့် ၆ ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်သာ ဖြစ်၏။
ပကတိအင်မော်တယ်တစ်ဦးပင်လျှင် အဲဒါကို ခံနိုင်ရည်မရှိဘူးဆိုပါက လင်းလောက ဘယ်လိုလုပ် ချမ်းသာရာ ရနိုင်ပါ့မလဲ။
သို့သော်လည်း အံ့အားသင့်ဖို့ကောင်းစွာပင် အသင်္ချေသက်ရှိများအသံကနေ ထွက်ပေါ်လာသည့် ဝဲဂယက်များက သူနှင့် လင်းလောဘေးကနေ ဖြတ်သွားသော်လည်း သူတို့ကို မည်သည့် ပျက်စီးထိခိုက်မှုမှ မဖြစ်စေပေ။
အသင်္ချေသက်ရှိများအသံသည် သူတို့နှစ်ယောက်ကို တမင်ရှောင်ကွင်းသွားပုံရလေသည်။
အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
လင်းလေသည် အထီးကျန်သိုင်းသခင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်တချို့ကို အမှတ်ရသွားပြီး သူက သူ့ဘာသာသူ တွေးကာ ရင်တစ်ချက်ထိတ်သွား၏။
“ဒီလူက ထျန်ဟွမ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်လို့ ငါကြားတယ်… သူကလည်း အောက်ဘုံ ထျန်ဟွမ်ကုန်းမြေတိုက်ကနေ လာတဲ့သူတစ်ယောက် ဖြစ်နေမလား”
လင်းလောကလည်း တွေဝေရှုပ်ထွေးသွားပြီး နေရာမှာပင် ငေးမောမှင်တက်နေ၏။
“အခုပဲ.. အချိန်ကျပြီ”
ရုတ်တရက် လင်းလောက ညင်သာသော အော်သံတစ်သံကို ကြားလိုက်ရ၏။
ဆူဇီမိုက သူမကို လင်းလေထံသို့ တွန်းပို့ပြီး ပြောလိုက်၏။
“ငါပြောခဲ့တာကို သတိရတယ်မလား… ဒီနေရာကနေ မြန်မြန်ထွက်သွားတော့”
လင်းလောသည် နိုးထခဲ့လာပြီး… အခွင့်အရေးတစ်ခုပေါ်လာလျှင် သူမသည် လင်းလေနှင့်အတူ ဤနေရာကနေ ထွက်သွားဖို့ ဆူဇီမိုက ယခင်က ညွှန်ကြားခဲ့သည်ကို ပြန်လည်အမှတ်ရသွား၏။
အဲဒါက တကယ်ပင် အကောင်းဆုံးအခွင့်အလမ်းဖြစ်၏။ ကျန်ရှိနေသော မြို့တော်အရှင်သုံးဦး၏ စိတ်အာရုံက မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်အပေါ် လုံးလုံးလျားလျား ကျရောက်နေ၏။
သူတို့သည် ဤနေရာကနေ ထွက်သွားပြီး အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ပြန်သွားဖို့ အခွင့်အရေးတစ်ခုရလာခဲ့ပြီဖြစ်၏။
လင်းလောက တစ်စုံတစ်ရာပြောတော့မည် ရှိစဉ်မှာပင် ဆူဇီမိုက ခန်းမ၏ အလယ် ခြံဝန်းရှိရာသို့ ရုတ်တရက် လှည့်ထွက်ပြေးသွားပြီဖြစ်၏။
ထိုခြံဝန်းထဲမှာ ကျောက်တိုင်တစ်တိုင်မှာ တုပ်နှောင်ခံထားရသော ထောင်ယောင်က အသင်္ချေသက်ရှိများအသံ၏ တုန်ခါမှုအောက်မှာ နိုးထလာပြီဖြစ်၏။
သူက အတတ်နိုင်ဆုံး ကြိုးစား၍ သူ၏ ခေါင်းကို မော့ပြီး လှမ်းကြည့်လိုက်၏။ သူ၏ မြင်ကွင်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲနယ်မြေတွင် ရင်းနှီးတွေကျ ပုံရိပ်တစ်ခုက ပြတ်သားသော အကြည့်နှင့်အတူ သူ့ထံသို့ လျှောက်လှမ်းလာနေ၏။
ထောင်ယောင်က သူ့မျက်လုံးကို သူ မယုံကြည်နိုင်ပေ။ သူ တက်လှမ်းလာခဲ့ပြီးနောက် သူသည် မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများနှင့် အန္တရာယ်များကို တွေ့ကြုံခဲ့ရ၏။ တကယ်ဆို သူသည် ဤနေရာမှာ ချုပ်နှောင်ခံထားရပြီး အခြားသော မက်မွန်ပင်တစ်ပင်ကို အားဖြည့်ဖို့အတွက် သူ၏ သွေးကို ပေးဆပ်နေရ၏။
အစကတော့ သူသည် ဤနေရာမှာ သေရတော့မည်ဟု တွေးထင်ထား၏။
သို့သော်လည်း ဟိန်းဟောက်သံတစ်သံကြောင့် သူနိုးထလာပြီးနောက် သူ၏ မျက်လုံးကို ဖွင့်လိုက်သည့် ခဏမှာပင် ထျန်ဟွမ်ကုန်းမြေတိုက်၏ မြို့ငယ်လေးတစ်မြို့မှာ သူနှင့်အတူ နှစ်ပေါင်းများစွာ အတူရှိခဲ့သည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရသည်ဆိုတော့….။
မသိလိုက်မသိဖာသာနှင့်ပင် ထောင်ယောင်၏ မျက်လုံးများက စိုစွတ်လာပြီး သူ၏ အမြင်အာရုံက တဖြည်းဖြည်း ဝေဝါးသွား၏။
သူက စိုးရိမ်ပူပန်နေသော်လည်း သူ၏ ခန္ဓာကိုယ်က ချုပ်နှောင်ခံထားရပြီး သူ၏ လက်များကို မလှုပ်ရှားနိုင်ပေ။ သူက သူ၏ မျက်လုံးများကိုသာ ခက်ခက်ခက်ခဲခဲ ပုတ်ခတ်၍ ပြေးလာနေသော ပုံရိပ်ကို တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း တွေ့မြင်လိုနေ၏။
သိပ်မကြာခင် ထိုပုံရိပ်က သူ့ရှေ့သို့ ရောက်ရှိလာခဲ့၏။
ထောင်ယောင်က သူ၏ မျက်လုံးကို ဖွင့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး အဲဒါကို စေ့စေ့ကြည့်နေ၏။ သူ၏ နှုတ်ခမ်းက အနည်းငယ် တုန်ယင်သွားပြီး သူက အကဲစမ်းလိုသော ပုံစံဖြင့် အော်ခေါ်လိုက်၏။
“သခင်လေးလား”
“ငါပါ”
ဆူဇီမိုက ပြုံးပြလိုက်၏။
“ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ… ငါ မင်းကို ကယ်တင်ပေးမယ်”
သူက ရင်းနှီးနေကျ အသံကို ကြားရသောအခါ ထောင်ယောင်သည် ဤနှစ်များအတွင်း သူ ထိခိုက်ခံစားခဲ့ရသည့် မကျေမချမ်းမှုများကို ဖွင့်ထုတ်စရာနေရာတစ်ခု ရှာတွေ့သွားပုံရ၏။ ပုတီးစေ့လောက်ရှိသော မျက်ရည်လုံးများက သူ၏ မျက်နှာပေါ်ကနေ တသွင်သွင်စီးကျလာ၏။
ဆူဇီမိုက ထောင်ယောင် ငိုနေသည်ကို တွေ့မြင်သောအခါ ရင်ထဲမှာ နာကျင်ကိုက်ခဲသွား၏။
ထောင်ယောင်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပင်ယန်းမြို့ကို တိတ်တဆိတ် စောင့်ရှောက်ပေးနေခဲ့ပြီး လောကီရေးရာများနှင့် ကင်းကွာစွာနေခဲ့၏။ သူသည် ဤကဲ့သို့သော ထိခိုက်ခံစားရမှုနှင့် မကျေမချမ်းမှုများကို ဘယ်တုန်းကမှ တွေ့ကြုံခံစားခဲ့ရခြင်း မရှိပေ။
ကျင့်ကြံသူပေါင်းများစွာ မျှော်လင့်တောင့်တနေသော အထက်ဘုံက ထောင်ယောင်ကို မဆွဲဆောင်နိုင်ခဲ့ပေ။
သူ့ကြောင့်သာ မဟုတ်လျှင် ထောင်ယောင်က ဤနေရာသို့ တက်လှမ်းလာခဲ့လိမ့်မည် မဟုတ်ပေ။
“ငါ တောင်းပန်ပါတယ်… ငါ နောက်ကျသွားတယ်”
ဆူဇီမိုက မလုံမလဲ ခံစားနေရပြီး တီးတိုးပြောလိုက်၏။ သူက သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ထောင်ယောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများကို ဖြတ်တောက်ပေးလိုက်၏။