မိစ္ဆာမီးတောက်များ
Vol. 163 Ch. 2436
ယခုအချိန်မှာ မြို့တော်အရှင်ငါးဦးထဲမှ လေးဦးက သေဆုံးသွားပြီဖြစ်ပြီး လန့်ဖုန်းမြို့တော်၏ မြို့တော်အရှင် စုန့်ရွှမ်တစ်ယောက်တည်းသာလျှင် ကျန်ရစ်တော့သည်။
မြို့တော်အရှင် ရာထူးများကို ရယူထားနိုင်ခဲ့သည့် သခင်လေးလန်ထျန်နှင့် အခြားသူများသည် သူတို့၏ ဂုဏ်ကျက်သရေကနေ လျှောကျကာ တစ်ခဏချင်းမှာပင် သေဆုံးသွားလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့ပါ့မလဲ။
ဤမြင်ကွင်းသည် လက်ရှိလူတိုင်းအတွက် ကြီးမားသော ရိုက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
လူတိုင်းအတွက် ဤလူများသည် အစက သူတို့ ကြည်ညိုလေးစားရသော စွမ်းပကားကြီးမားသည့် မြင့်မြတ်ထည်ဝါသော ပကတိအင်မော်တယ်ပညာရှင်များ ဖြစ်ခဲ့ကြသည်။ တကယ်ဆို ဤလူများသည် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ပင် အခွင့်အရေးရှိသော ပြိုင်စံရှားများ ဖြစ်ခဲ့ကြလေသည်။ သို့သော် ယခုအခါ သူတို့သည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ လက်သီးချက်အောက်မှာ အားနည်းသော မော်တယ်များကဲ့သို့ ဖြစ်နေကြ၏။
ကပ်ဘေးကိုးခု သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခုနှင့်ပင်လျှင် သူတို့သည် ထိုးချက်သုံးချက်ကို မခုခံနိုင်ခဲ့ပေ။
မြို့တော်အရှင်များပင်လျှင် ထိုသို့ဆိုပါက အထီးကျန်သိုင်းသခင်သည် သူတို့ကို ကိုင်တွယ်လိုမည်ဆိုလျှင် သူ့ထံမှ လက်ညှိုးချက်တစ်ချက်ဖြင့် အခြားလူတိုင်းက ဖိခြေသတ်ဖြတ်ခံရပေလိမ့်မည်။
ခန်းမထဲမှာ ပကတိအင်မော်တယ်ပညာရှင် ထောင်နှင့်ချီပြီး ရှိနေသော်လည်း သူတို့က တိုက်ခိုက်ဖို့ကို ဆက်လက်၍ အာရုံမရတော့ပေ။
လူတိုင်းသည် တစ္ဆေသရဲတစ်ကောင်ကို မြင်တွေ့နေရသည့်အလား သူတို့၏ မျက်လုံးထဲရှိ အဆုံးမဲ့ကြောက်ရွံ့မှုနှင့်အတူ လေထဲမှာရှိသော ခရမ်းရောင်ဝတ်ပုံရိပ်ကို ကြည့်လိုက်ကြ၏။
“ဘုရားရေ… ဒါဆို ဟိုကောလာဟလတွေက အမှန်တွေပေါ့”
“သူက ဒသမမြောက်ကပ်ဘေးကို ဖြတ်ကျော်ပြီး မိစ္ဆာတစ်သန်းစစ်တပ်နဲ့ အန္တိမပကတိမိစ္ဆာကို သတ်ဖြတ်ခဲ့တယ်။ အထီးကျန်သိုင်းသခင်နှင့် ပတ်သက်တဲ့ ကောလာဟလတွေအားလုံးက အမှန်ဖြစ်နေတာပဲ”
ပကတိအင်မော်တယ်ပညာရှင်များစွာသည် အိပ်မက်တစ်ခုကနေ နိုးထလာပုံရ၏။
သူတို့သည် လွန်ခဲ့သည့်နှစ် တစ်ထောင်က မိစ္ဆာမဟာနယ်မြေမှာ ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မရှိသော်လည်း ယခုအခါ သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကို တွေ့မြင်နေရ၏။
တစ်ခါက သူတို့လှောင်ပြောင်ထေ့ငေါ့ခဲ့သည့် ကောလာဟလများအကြောင်း သူတို့က ဆက်လက်၍ သံသယမရှိတော့ပေ။
နောက်ဆုံးမှာတော့ ပကတိအင်မော်တယ်တစ်ဦးက ဖိအားဒဏ်ကို ဆက်လက်၍ ခံနိုင်ရည်မရှိတော့ဘဲ ခန်းမထဲကနေ ပြေးထွက်လိုက်၏။
ဤကဲ့သို့သော အခြေအနေအောက်မှာ တစ်ယောက်ယောက်က စတင်ထွက်ပြေးသည်နှင့် အကြောက်တရားက ပျံ့နှံ့သွားပြီး နောက်ထပ် ပို၍များပြားသော ပကတိအင်မော်တယ်များက ထွက်ပြေးကြပေလိမ့်မည်။
ခန်းမက ရုန်းရင်းဆန်ခတ် ဖြစ်သွား၏။
ပကတိအင်မော်တယ်ပညာရှင်များက လင်းလေနှင့် သူ့ညီမ၏ ဘေးကနေ ဖြတ်သွားကြလျှင်တောင် မည်သူကမှ သူတို့ကို မတိုက်ခိုက်ကြပေ။
အဲဒါထက် မည်သူကမှ ထောင်ယောင် ရှိရာဘက်သို့ ဦးမတည်ရဲပေ။
စုန့်ရွှမ်က ထိုသည်ကို တွေ့မြင်သည့်အခါ သူက သူ၏ ရင်ထဲရှိ အကြောက်တရားကို ဖိနှိမ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး လှမ်းအော်ပြောလိုက်၏။
“အားလုံးပဲ မကြောက်ကြနဲ့… ငါ့အမိန့်ကို နာခံကြ”
ရုန်းရင်းဆန်ခတ် အခြေအနေမှာ မည်သူကမှ သူ့ကို အာရုံမစိုက်ကြပေ။
အဲဒါထက် တစ်ယောက်ယောက်က စုန့်ရွှမ်၏ အော်ပြောသံကို ကြားရမည်ဆိုလျှင်တောင် သူတို့သည် ဆွံ့အ,နားမကြားချင်ယောင်ဆောင်နေကြပေလိမ့်မည်။
စုန့်ရွှမ်သည် မလှမ်းမကမ်းမှာရှိသော သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး သူ့ကို မွန်းကျပ်လာစေသည့် ဖော်မပြတတ်သော ဖိအားတစ်ရပ်ကို ခံစားလာရ၏။
မြို့တော်အရှင်ငါးဦးထဲမှာ သူတစ်ယောက်တည်းသာလျှင် ကျန်တော့သည်။
အထီးကျန်သိုင်းသခင်က အဲဒါကို တမင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းဖြစ်ကြောင်း စုန့်ရွှမ်က နားလည်သဘောပေါက်လေသည်။
အကြောင်းမှာ ထောင်ယောင်ကို ဖမ်းဆီးခဲ့သည်က သူဖြစ်နေသောကြောင့်ပင်။ အထီးကျန်သိုင်းသခင်သည် သူ့ကို နောက်ဆုံးအချိန်ထိ ချန်ထားပြီး တစ်စတစ်စဆိုးဝါးလာသော ကြောက်စိတ်မွှန်ခြင်းနှင့် မွန်းကျပ်ဖွယ်ရာ ဖိအားကို တွေ့ကြုံခံစားစေချင်နေ၏။
တစ်ချိန်တည်းမှာပင် သူသည် တစ်ယောက်တည်းဖြင့် အထီးကျန်သိုင်းသခင်ကို မတိုက်ခိုက်နိုင်ဘူးဆိုတာ စုန့်ရွှမ်က သိလိုက်၏။
သူက ဤတစ်ခေါက် ရှင်သန်လိုသည်ဆိုလျှင် သူသည် ကျန်ရှိနေသော ပကတိအင်မော်တယ်ထောင်ချီကို ဤနေရာမှာ စုစည်းကာ လူတိုင်း၏ ခွန်အားနှင့်အတူ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရပေမည်။
သူက အထီးကျန်သိုင်းသခင်ကို ဤနေရာမှာ မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင် သူသည် အချိန်တစ်ခုဆွဲထားပြီး နန်းတော် ၁၂ခုမှ စစ်ကူပေးလာမည့်အချိန်ကို စောင့်ဆိုင်းနိုင်လေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အင်မော်တယ်ဘုရင်တစ်ပါး ဆင်းသက်မလာသ၍ နန်းတော် ၁၂ခုမှ နန်းတော်အရှင်များနှင့် အင်မော်တယ်ဘုရင်ပညာရှင်များက ဤနေရာမှာရှိသော အခြေအနေကို အာရုံခံမိနိုင်ဖို့ မလွယ်ကူပေ။
သို့သော်လည်း များပြားလှစွာသော ပကတိအင်မော်တယ်များက ဤနေရာမှာ သေဆုံးသွားပြီး ရုတ်ရုတ်သဲသဲအခြေအနေက အရမ်းကြီးမားလာပြီဆိုလျှင် အင်မော်တယ်ဘုရင်များက အဲဒါကို သေချာပေါက် သတိထားမိလာပေလိမ့်မည်။
အင်မော်တယ်ဘုရင်တစ်ပါး ဆင်းသက်ရောက်ရှိလာသည်နှင့်အမျှ သူက ရှင်သန်နိုင်ပေလိမ့်မည်။
“အားလုံးပဲ… အဲဒီနေရာမှာ ရပ်လိုက်ကြ”
စုန့်ရွှမ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အော်ပြောလိုက်၏။
“ငါ့အမိန့်ကို မနာခံတဲ့ ဘယ်သူမဆို အင်မော်တယ်နိုင်ငံကို သစ္စာဖောက်မှုနှင့် တရားစီရင်ခံရပြီး သနားညှာတာမှုမရှိ သတ်ဖြတ်ခံရမယ်”
ထိုအမိန့် ထွက်ပေါ်လာသည့် ခဏမှာပင် ထွက်ပြေးနေသော ပကတိအင်မော်တယ်ပညာရှင်များစွာက မှင်တက်သွားပြီး စုန့်ရွှမ်ကို လှည့်ကြည့်လာကြ၏။
စုန့်ရွှမ်က ထပ်မံ၍ အော်ပြောလိုက်၏။
“အားလုံးပဲ ငါ့အမိန့်ကိုနာခံကြ… ငါတို့တွေ ပူးပေါင်းထားတာနဲ့ ငါတို့က ဒီတိုက်ပွဲမှာ သေချာပေါက်အနိုင်ရမယ်”
“အဲဒါ အမှန်ပဲ”
အနီရောင်ကြာပန်းကြမ္မာမီး၏ ခြိမ်းခြောက်မှုကနေ ယခုတင် ထွက်ပြေးလွတ်မြောက်လာပြီး ပုံပျက်ပန်းပျက်ဖြစ်နေသည့် ကျန့်ရွှမ်ယိုက အံကိုတင်းတင်းကြိတ်ကာ အော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က တစ်ယောက်တည်းပဲ… ငါတို့က ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့က သူ့ကို သေချာပေါက်သတ်ဖြတ်နိုင်လိမ့်မယ်”
“ငါတို့က ဒီတောကောင်ကို ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု စတင်ခွင့် ပေးလိုက်မယ်ဆိုရင် ငါတို့ရဲ့ ဂုဏ်သိက္ခာကို အနာဂတ်မှာ ဘယ်နားသွားထားရမှာလဲ”
“အားလုံးပဲ… အတူပူးပေါင်းပြီး သူ့ကို သတ်ဖြတ်ကြ”
စုန့်ရွှမ်၏ အမိန့်အောက်မှာ ပကတိအင်မော်တယ်များစွာ၏ သွေးများက ဆူပွက်လာပြီး သူတို့က အော်ဟစ်လိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာက ငွေရောင်မျက်နှာဖုံးအောက်မှ လှောင်ပြောင်သရော်နေသော အကြည့်နှင့်အတူ စုန့်ရွှမ်ကို ကြည့်နေ၏။
“သတ်”
စုန့်ရွှမ်က သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးပြီး ဟိန်းဟောက်လိုက်၏။
ချက်ချင်းပင် ထောင်နှင့်ချီသော ပကတိအင်မော်တယ်ပညာရှင်များက တိုက်ခိုက်လာကြပြီး မရေမတွက်နိုင်သော အသိစိတ်ရှိ ဓမ္မရတနာများက လေထုကို ဆုတ်ဖြဲကာ လေထဲတွင် မထိုးဖောက်နိုင်သော ပိုက်ကွန်တစ်ခုအဖြစ် ယှက်ဖြာသွားလေသည်။
မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက တလိပ်လိပ်ထိုးတက်လာသော ဆူနာမီတစ်ခုအဖြစ် စုစည်းသွားပုံရပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ တိုက်ခတ်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းဖို့ စိတ်ကူးမရှိဘဲ လေထဲမှာ မလှုပ်မယှက် မတ်တတ်ရပ်နေ၏။
“အဲဒါကတောင် သူ့ကို မတုန်လှုပ်စေဘူးလား”
လင်းလေ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွား၏။
ဤကဲ့သို့သော တိုက်ခိုက်မှုတစ်ရပ်ကို ဘယ်ပကတိအင်မော်တယ်ပညာရှင်က ခုခံနိုင်မှာလဲ။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးနှစ်ဖက်ကို အနက်ရောင်အရိပ်တစ်ခုက ဖုံးအုပ်လာခဲ့၏။ တစ်ယောက်ယောက်က သေချာအနီးကပ်ကြည့်မည်ဆိုလျှင် သူ၏ သူငယ်အိမ်နှစ်ဖက်က အနက်ရောင်မီးတောက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက သိသိသာသာပြောင်းလဲသွားပြီး မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုဖြင့် ပြည့်နှက်လာ၏။
ထိုနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်မလာခင်မှာပင် အနက်ရောင်မီးတောက်များက ပေါ်ထွက်လာပြီး လောင်ကျွမ်းလာခဲ့၏။
အနက်ရောင်မီးတောက်တစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ ခြေဖဝါးအောက်မှာ ပေါ်ထွက်လာပြီး အဘက်ဘက်သို့ လျင်မြန်စွာ ဖြန့်ကြက်ကာ အနက်ရောင်မီးပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
အနက်ရောင်မီးတောက်များ ဆင်းသက်လာသောအခါ ခန်းမထဲရှိအပူချိန်က လုံးဝ မြင့်တက်မလာခဲ့ပေ။ ထိုအစား အပူချိန်က လျင်မြန်စွာ လျော့ကျသွား၏။
ကျင့်ကြံသူများစွာသည် မတုံ့ပြန်နိုင်ခင်မှာပင် မီးတောက်ပင်လယ်ထဲသို့ ကျဆင်းသွားကြပြီဖြစ၏။
“အား… အား… အား…”
ကျင့်ကြံသူများက စူးစူးဝါးဝါး အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်နှာများက တွေဝေရှုပ်ထွေးသော အမူအရာများနှင့်အတူ ရှုံ့မဲ့တွန့်လိမ်သွားကြ၏။ သူတို့သည် စဉ်းစားကြည့်၍ မရနိုင်သော နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားနေရသည့်အလားပင်။
ကျင့်ကြံသူအချို့သည် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အသားများကို ရူးသွပ်စွာ ဆုတ်ဖြဲပစ်နေကြ၏။ သို့သော်လည်း သူတို့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုက အနက်ရောင်မီးတောက်များကြောင့် ဖြစ်ပေါ်လာသော နာကျင်မှု၏ တစ်စိတ်တစ်ပိုင်းကိုပင် မမီပေ။
အဲဒါက ဖော်ပြ၍ မရနိုင်သော နာကျင်မှုတစ်ရပ်ဖြစ်၏။
ပကတိအင်မော်တယ်များစွာသည် ဤကဲ့သို့သော မီးတောက်များဖြင့် လောင်ကျွမ်းခံရခြင်းထက် သူတို့၏ ဝိညာဉ်များ ပျက်ပြယ်ကာ ဘယ်တော့မှ ပြန်ဝင်စားနိုင်ခြင်း မရှိဘဲ သေဆုံးရဖို့ကိုသာ ပိုမိုလိုလားနေကြ၏။
အနက်ရောင်မီးတောက်များမှာ လောင်မြိုက်စေသော အပူလှိုင်း မရှိပေ။ ထိုအစား သူတို့က မကောင်းဆိုးဝါးဆန်နေပြီး သူတို့ကို သေချင်စိတ်ပေါက်လာစေ၏။
လင်းလေနှင့် သူ့ညီမက အနက်ရောင်မီးတောက်ပင်လယ်ထဲရှိ ပကတိအင်မော်တယ်ပညာရှင်များ၏ ဆိုးဆိုးဝါးဝါး အခြေအနေကို ကြည့်ပြီး ကြက်သီးမွေးညင်းများ ထလာကြသည်။
“အဲဒါ… အဲဒါက ဘာလဲ”
လင်းလောက မနေနိုင်ဘဲ မေးလိုက်၏။
လင်းလေက တံတွေးကို အလျင်စလို မျိုချပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဝီစိရဲ့ အနက်ပိုင်းထဲမှာ သက်ရှိတွေအပေါ် အဆုံးမဲ့နာကျင်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အနက်ရောင်မီးတောက်တွေ ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီရှိတယ်”
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က အဲ့လိုမျိုး မီးတောက်တွေကို ထိန်းချုပ်နိုင်နေပြီဆိုတော့”
ငရဲမီးသည် သန်းပေါင်းများစွာသော သက်ရှိများထံမှ အစစ်အမှန်နာကျင်ခြင်းစိတ်ဆန္ဒကို စုဖွဲ့ထား၏။
မဟာအဝီစိမှာ ငရဲမီးသည် ဘယ်တော့မှ မငြိမ်းသေဘဲ ထာဝရတည်တံ့လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် လေထဲမှာ မတ်တတ်ရပ်နေပြီး ဘေးပတ်လည်မှာရှိသော အနက်ရောင်မီးတောက်များက သူ့ကို ဗဟိုပြု၍ ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားကာ ဧရာမ အနက်ရောင်မီးတောက်ကြာပန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
အနက်ရောင်မီးတောက်ကြာပန်းထဲကနေ မည်သူကမှ မလွတ်မြောက်နိုင်ပေ။
တကယ်တော့ အနက်ရောင်မီးတောက်ကြာပန်းကြားမှာ ငရဲမီးဖြင့် သက်ရောက်ခြင်း မခံရသော ပကတိအင်မော်တယ်တချို့ ရှိနေဆဲဖြစ်၏။
ထိုသို့ဆိုလျှင်တောင် ထိုပကတိအင်မော်တယ်များက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြ၏။
ထောင်နှင့်ချီသော ပကတိအင်မော်တယ်ပညာရှင်များသည် သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်ထားသည့် မီးတောက်များထဲ ဆွဲယူပြီး ဖိနှိမ်ခံနေရ၏။
လေထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် အနက်ရောင်မီးတောက်ကြာပန်း၏ အလယ်မှာ ရှိနေ၏။ သူ၏ မျက်လုံးနှစ်ဖက်က မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး သူ၏ အော်ရာက မကောင်းဆိုးဝါးဆန်ကာ ကြောက်စရာကောင်းနေ၏။
သူသည် သိပ်သည်းပြင်းထန်သော မိစ္ဆာမီးတောက်များနှင့်အတူ ငရဲကို အုပ်စိုးသည့် နတ်ဘုရားတစ်ပါးနှင့် တူနေလေသည်။