ရှင်က အရမ်းကို အားနည်းတယ်
Vol. 163 Ch. 2443
လင်းလေနှင့် သူ့ညီမကို မပြောနှင့်.. လင်းကျန့်နှင့် နတ်မိမယ်လင်းလုံပင်လျှင် စိတ်ကျေနပ်အားရစွာဖြင့် အံ့အားသင့်၍ မယုံကြည်နိုင်ဖြစ်နေကြသည်။
သို့သော်လည်း သူတို့နှစ်ယောက်သည် အတွေ့အကြုံရှိ၍ ဗဟုသုတကြွယ်ဝလေသည်။ အထီးကျန်သိုင်းသခင် ထုတ်ဖော်ပြသခဲ့သည့် အလှည့်အပြောင်းများအကြောင်း သူတို့တွေးမိချိန်မှာ သူတို့က ဣန္ဒြေဆယ်နိုင်ကြဆဲဖြစ်၏။
လင်းလေ၏ မျက်နှာက တုန်လှုပ်မှုဖြင့် ပြည့်နှက်နေ၏။ သူ၏ စိတ်က သတင်းအချက်အလက်များကြောင့် ရှုပ်ထွေးနောက်ကျိနေပြီး သူက ခဏကြာသည်အထိ ကောင်းကောင်းစဥ်းစားနိုင်ခြင်း မရှိတော့ပေ။
သူသည် သူ၏ အတွေးများကို အတတ်နိုင်ဆုံး ကြိုးစား၍နေရာချပြီး မေးလိုက်၏။
“မဟုတ်သေးဘူး... နေပါဦး အထီးကျန်သိုင်းသခင်က ပကတိအင်မော်တယ်တစ်ယောက်ပဲ... သူကဘယ်လိုလုပ် လေဟာနယ်ကိုချိုးဖျက်ပြီး လန့်ဖုန်းမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်သွားတာလဲ”
နတ်မိမယ်လင်းလုံက ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်မှာ ငရဲဖိနှိမ်မီးဖိုရှိနေမယ်ဆိုရင် သူက အဝီစိကို သိမ်းပိုက်ပြီးသွားလောက်ပြီ... သူက အဲဒီကို အချိန်မရွေးပြန်နိုင်တဲ့ လမ်းကြောင်းတစ်ခုကို တည်ဆောက်ထားလိမ့်မယ်”
“ငရဲဖိနှိမ်မီးဖိုက သူ့လက်ထဲမှာမဟုတ်...”
ဆူဇီမိုတက်လှမ်းခဲ့စဥ်က သူသည် ငရဲဖိနှိမ်မီးဖိုထဲမှာ ဝင်ပုန်းပြီး အသက်ရှင်နိုင်ခဲ့သည်ဟု နတ်မိမယ်လင်းလုံက ပြောသည်ကို လင်းကျန့်က ကြားဖူးထားခဲ့သည်။
သို့သော်လည်း သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုနှင့် အထီးကျန်သိုင်းသခင်က တစ်ယောက်တည်းပင်ဆိုတာကို သူက ပြန်လည်အမှတ်ရသွား၏။
ငရဲဖိနှိမ်မီးဖိုက အထီးကျန်သိုင်းသခင်၏ လက်ထဲမှာရှိနေသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။
လင်းလေမှာ သူနားမလည်နိုင်သည့် သံသယများစွာရှိနေဆဲဖြစ်ပြီး သူကမေးလိုက်၏။
“နေပါဦး... အင်မော်တယ်ဘုရင်ဆယ်ပါးကျော်က ဆင်းသက်ရောက်ရှိလာပြီး ဘာမှမလုပ်ဘဲနဲ့ အထီးကျန်သိုင်းသခင်... လန့်ဖုန်းမြို့တော်ကနေထွက်သွားတာကို ဒီတိုင်းပဲ ကြည့်နေကြတာလား”
“အင်း... တစ်ယောက်ကတော့... တစ်ခုခုလုပ်ခဲ့တယ်”
အစောင့်တပ်သားက အလောတကြီးခေါင်းညိတ်ပြီး ပြောလိုက်၏။
“အမျက်ဒေါသကို မထိန်းနိုင်ဘဲ အင်မော်တယ်ဘုရင်တစ်ပါးက သူ့နောက်ကို လိုက်သွားခဲ့တယ်... ပြီးတော့...”
ထိုနေရာအရောက်တွင် အစောင့်တပ်သားက အကြောက်မပြေသေးသည့်အလား ရုတ်တရက်တံတွေးကို အလျင်အမြန်မျိုချလိုက်၏။
“ပြီးတော့ဘာဖြစ်လဲ”
လင်းလေက စိတ်မရှည်စွာဖြင့်မေးလိုက်၏။
အစောင့်တပ်သားက ပြောလိုက်လေသည်။
“အဲဒီနောက်ပိုင်း... သိပ်မကြာဘူး.. အဲဒီအင်မော်တယ်ဘုရင်က သေသွားတယ်”
လင်းလေနှင့်လင်းလောက ကြောင်အ,မှင်တက်နေပြီး ပါးစပ်အဟောင်းသားဖြစ်နေကြ၏။
အထက်ဘုံလောကမှာ အထွတ်အထိပ်နီးပါးတည်ရှိမှုဖြစ်သော အင်မော်တယ်ဘုရင်တစ်ပါးလို တည်ရှိမှုကပင် သေသွားရသည်တဲ့လား။
ဒါ့အပြင် သူက ဘာမှန်းမသိရသော အခြေအနေအောက်မှာ သေဆုံးခဲ့ရသည်။
လင်းလေက လင်းကျန့်နှင့် နတ်မိမယ်လင်းလုံကို တွေဝေရှုပ်ထွေးစွာဖြင့် အလိုလိုကြည့်လိုက်၏။
နတ်မိမယ်လင်းလုံက ထိုသတင်းကိုကြားပြီး အထီးကျန်သိုင်းသခင် အဆင်ပြေသည်ကိုသိရသောအခါ သူမကလည်း စိတ်လက်ပေါ့ပါးသွား၏။ သူမက ပြုံး၍ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က လေဟာနယ်ကိုချိုးဖျက်ပြီး အဝီစိကိုပြန်သွားခဲ့တယ်... အင်မော်တယ်ဘုရင်ကလည်း သူ့နောက်ကိုလိုက်သွားတယ်”
“အဝီစိဆိုတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ... ဧကရာဇ်အဆင့်ပညာရှင်တွေတောင်မှ အဲဒီကနေ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ကြဘူး”
“အထီးကျန်သိုင်းသခင်ကတော့ ငရဲဖိနှိမ်မီးဖိုရှိနေတဲ့အတွက် အဲဒီမှာ အန္တရာယ်ကျရောက်မှာမဟုတ်ဘူး... ဒါပေမဲ့ အထဲကိုလိုက်ဝင်သွားတဲ့ အင်မော်တယ်ဘုရင်ပညာရှင်ကတော့... သူ့ကိုယ်သူ သတ်သေတာနဲ့တူမနေဘူးလား”
“ကျုပ်သိပြီ”
လင်းလေက နားလည်သဘောပေါက်လာ၏။
အစောင့်တပ်သားက အနည်းငယ်သွားဖြဲ၍ပြောလိုက်၏။
“ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ဒီတိုက်ပွဲမှာ အတော်ကိုကြီးကြီးမားမား ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ ကျုပ်ကြားတယ်... သူတို့ရဲ့ အင်မော်တယ်မြို့တော်တွေက မြို့တော်အရှင် ၅ယောက်နဲ့အတူ သူတို့ရဲ့ ပကတိအင်မော်တယ်ပညာရှင်ထက်ဝက်ကျော်က သေဆုံးခဲ့ရတယ်... မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် သူတို့က သေချာပေါက်ယှဥ်ပြိုင်နိုင်မှာ မဟုတ်တော့ဘူး”
လင်းကျန့်က ပြုံး၍ချီးကျူးလိုက်၏။
“သူက... ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို တစ်ယောက်တည်းနဲ့ ကျွမ်းထိုးမှောက်ခုံလုပ်ပြီး အင်မော်တယ်ကျင့်ကြံရေးလောကတစ်ခုကို အပြင်းအထန် ပျက်စီးထိခိုက်သွားစေခဲ့တယ်... အဲဒီပျက်စီးထိခိုက်မှုကို ဖာထေးဖို့အတွက် နှစ်ပေါင်းသောင်းချီ သေချာပေါက် အချိန်ယူရလိမ့်မယ်... အဲဒါအပြင် သူက မထိမခိုက်နဲ့တောင်မှ လွတ်မြောက်နိုင်ခဲ့တယ်... ဘယ်လောက်တောင်အထင်ကြီးဖို့ကောင်းလိုက်လဲ”
“အထီးကျန်သိုင်းသခင်က အဲဒီတိုက်ပွဲနဲ့အတူ ကောင်းကင်ဘုံကမ္ဘာမှာ သေချာပေါက်နာမည်ကြီးကျော်ကြားလာပြီး ကောင်းကင်ဘုံကိုးလွှာကို တုန်လှုပ်စေလိမ့်မယ်”
နတ်မိမယ်လင်းလုံက ပြုံးပြလိုက်၏။
“တကယ်တော့... အထီးကျန်သိုင်းသခင်ရဲ့နာမည်က လွန်ခဲ့တဲ့နှစ်တစ်ထောင်ကတည်းက ကောင်းကင်ဘုံကမ္ဘာမှာ ပျံ့နှံ့နေခဲ့ပြီးပြီ”
“သူက ဒသမမြောက်ကပ်ဘေးကိုခံယူပြီး မိစ္ဆာတစ်သန်းစစ်တပ်ကို ဖျက်ဆီးချေမှုန်းခဲ့တယ်... သူက အန္တိမပကတိမိစ္ဆာကိုပါ သတ်ဖြတ်ခဲ့တယ်.. အဲဒါက သူ့ကိုလောကတစ်ဝန်း ကျော်ကြားစေဖို့ လုံလောက်နေပြီ... ဒါပေမဲ့ အဲဒီကောလာဟလတွေကို ယုံကြည်တဲ့သူတွေက မရှိသလောက်ဖြစ်နေခဲ့တာတစ်ခုပဲ”
“ဒီတိုက်ပွဲမှာဆိုရင် အထီးကျန်သိုင်းသခင်က လန့်ဖုန်းမြို့တော်မှာ ထင်တိုင်းကျဲပြီး ပကတိအင်မော်တယ်ထောင်ချီကို သတ်ဖြတ်ခဲ့တာကို ကျင့်ကြံသူပေါင်းမြောက်မြားစွာက မျက်မြင်တွေ့ခဲ့ရတယ်... သူက အင်မော်တယ်မြို့တော် ၅မြို့ရဲ့ မြို့တော်အရှင်တွေကို သတ်ဖြတ်ပြီး အင်မော်တယ်ဘုရင်တစ်ပါးကိုပါ သေအောင်ထောင်ချောက်ဆင်ခဲ့တယ်... ပြီးတော့ သူက မထိမခိုက်လွတ်မြောက်သွားခဲ့တယ်”
“ဒီနေ့ကစပြီး လောကမှာ ဘယ်ပြိုင်စံရှား ဘယ်ပြန်ဝင်စားမွန်းစတားကမှ သူ့ကိုထပ်ပြီးတော့ အထင်သေးရဲမှာမဟုတ်တော့ဘူး”
သူ့မိဘနှစ်ပါးက အထီးကျန်သိုင်းသခင်ကို ရက်ရက်ရောရော ချီးကျူးထောမနာပြုနေသည်ကို လင်းလောတွေ့မြင်သောအခါ သူက မနာလိုအားကျလာခဲ့၏။
သူသည်လည်းပဲ အထီးကျန်သိုင်းသခင်၏ နည်းလမ်းများကို တကယ်ပင် အထီးကြီးမိလေသည်။ သို့သော်လည်း သူသည် ငယ်ရွယ်စဥ်ကတည်းက အဆင့်တူများကြားမှာ အလွန်တရာထူးချွန်ထက်မြက်ခဲ့ပြီး သူ့မိဘနှစ်ပါးက သူ့ကို ဤကဲ့သို့သောပုံစံဖြင့် တစ်ခါမှ မချီးကျူးခဲ့ပေ။
ဒါ့အပြင် လင်းကျန့်နှင့် နတ်မိမယ်လင်းလုံသည် အထီးကျန်သိုင်းသခင်ကို သူ့ရှေ့မှာပင် ချီးကျူးပြောဆိုနေ၏။ အဲဒါကသူ့ကို မချင့်မရဲခံစားလာရစေ၏။
လင်းလေက ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့တိုက်ခိုက်ရည်ခွန်အားက တကယ်ပဲသန်မာပါပေတယ်... ဒါပေမဲ့ သူ့ရဲ့အပြုအမူတွေက မဆင်မခြင်လုပ်ရာကျလွန်းတယ်”
“သူက... ဒေါသကို မထိန်းနိုင်ဘဲ စိတ်လိုက်မာန်ပါလျှောက်လုပ်နေတာပဲ... သူက ဒီကိစ္စရဲ့အတိုင်းအရှည်ကို ဘယ်လိုထည့်သွင်းစဥ်းစားရမလဲ မသိဘူး”
“သူက ဒီတစ်ခေါက် လန့်ဖုန်းမြို့တော်မှာ စိတ်ကျေနပ်အားရတဲ့အထိ တိုက်ခိုက်ခဲ့ပြီး လောကတစ်ဝန်းမှာ ကျော်ကြားလာပေမယ့် သူက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနဲ့ နက်ရှိုင်းတဲ့ရန်ငြိုးရန်စရှိသွားပြီ”
“ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အထီးကျန်သိုင်းသခင်နဲ့ သူ့ရဲ့ထျန်ဟွမ်ဂိုဏ်းအပေါ် ပြင်းပြင်းထန်ထန် သေချာပေါက်လက်တုံ့ပြန်လိမ့်မယ်ဆိုတာ ကျုပ်သေချာပြောနိုင်တယ်”
“အထီးကျန်သိုင်းသခင်မှာ ငရဲဖိနှိမ်မီးဖိုရှိလို့ သူက အဝီစိမှာအချိန်မရွေး ပုန်းကွယ်နိုင်တယ် ဒါပေမဲ့ ထျန်ဟွမ်ဂိုဏ်းကိုရော ဘယ်လိုလုပ်မလဲ သူ့ရဲ့အပြုအမူက ထျန်ဟွမ်ဂိုဏ်းအတွက် ကပ်ဘေးတစ်ခု ဖြစ်လာစေတော့မှာပဲ”
လင်းကျန့်နှင့် နတ်မိမယ်လင်းလုံက အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြ၏။
လင်းလေ၏ စကားက အဓိပ္ပါယ်ရှိလေသည်။
မထင်မှတ်ထားစွာပင် ထိုစကားကို ကြားသောအခါ အစောင့်တပ်သားက လက်ကာပြလိုက်၏။
“အဲလိုဖြစ်မှာမဟုတ်ဘူး... ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အင်မော်တယ်ဘုရင်တွေက ဒီကိစ္စရဲ့အတိုင်းအရှည်ကို ပြန်ပြီးစဥ်းစားသုံးသပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”
“ဟမ်...”
လင်းလေ၏ မျက်လုံးက ပြူးကျယ်သွားပြီး မေးလိုက်၏။
“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... ပကတိအင်မော်တယ်ထောင်ချီရယ် အင်မော်တယ်မြို့တော်ငါးမြို့က မြို့တော်အရှင်တွေရယ်... ပြီးတော့ အင်မော်တယ်ဘုရင်တစ်ပါးတောင်မှ သေခဲ့ရတယ်... ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ဒီလိုမျိုး ကြီးမားတဲ့ပျက်စီးထိခိုက် ဆုံးရှုံးမှုကို ဒီတိုင်းလွှတ်ချလိုက်ဖို့ ဆုံးဖြတ်လိုက်တာလား”
အစောင့်တပ်သားက ပြန်ဖြေလိုက်၏။
“အကြောင်းအရင်းအတိအကျကိုတော့ မသိရဘူး... ဒါပေမဲ့ အဲဒါက မျက်နှာဖုံးတစ်ခုနဲ့ တစ်နည်းတစ်ဖုံပတ်သက်နေတယ်လို့ ကျုပ်ကြားတယ်”
“ဒါပေမဲ့ ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက တကယ်ပဲလက်စားချေမှာ မဟုတ်တော့ဘူး... သူတို့က လန့်ဖုန်းမြို့တော်ကို ပြန်လည်တည်ဆောက်ဖို့ပဲ အာရုံစိုက်နေကြတယ်... အင်မော်တယ်ဘုရင်တွေကလည်း သူတို့နေရာကိုပြန်သွားကြပြီ... နောက်တစ်ခါပြန်ပြီး ပေါ်ထွက်မလာကြတော့ဘူး”
“မျက်နှာဖုံးလား”
လင်းလေက ငေးငိုင်သွားပြီး လင်းကျန့်နှင့် နတ်မိမယ်လင်းလုံကို အလိုလိုကြည့်လိုက်၏။ ပြီးခဲ့သည့်တစ်နာရီအတွင်း လောကအပေါ် သူ၏ အသိအမြင်က အဆက်မပြတ် စိန်ခေါ်ခံနေရသည်ဟု ခံစားရပြီး သူကဆက်လက်၍ မစဥ်းစားချင်တော့ပေ။
ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ တုံ့ပြန်မှုက လင်းကျန့်နှင့် နတ်မိမယ်လင်းလုံတို့၏ စဥ်းစားတွေးတောထားသည်ထက်လည်း ကျော်လွန်နေ၏။
“မျက်နှာဖုံး... မျက်နှာဖုံး”
နတ်မိမယ်လင်းလုံက တီးတိုးရွေတ်လိုက်၏။
“ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အင်မော်တယ်ဘုရင်တွေကို ဒီလောက်ထိ စိုးရိမ်ပူပန်ရအောင် ဘယ်မျက်နှာဖုံးက တတ်နိုင်တာလဲ... ဖြစ်နိုင်တာက...”
ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
တစ်ချိန်တည်းမှာပင် လင်းကျန့်ကလည်း တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး နတ်မိမယ်လင်းလုံကို ခေါင်းညိတ်ပြလိုက်၏။
“အဲဒါက အဲလိုပဲ ဖြစ်ရမယ်... ဟိုမျက်နှာဖုံးတစ်ခုကပဲ ဒီလောက်ထိ ခြိမ်းခြောက်နိုင်စွမ်းကြီးမားလိမ့်မယ်”
နတ်မိမယ်လင်းလုံက ရုတ်တရက်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်မှာ လျှို့ဝှက်ချက်တွေ ဒီလောက်အများကြီးရှိနေတာပဲ... အဲဒီလူနဲ့ သူ့ရဲ့ဆက်ဆံရေးက ဘယ်လိုပါလိမ့်”
လင်းကျန့်က အသံထွက်၍ ရယ်မောလိုက်၏။
“ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ဒီထိခိုက်နစ်နာဆုံးရှုံးမှုကို ကြိတ်မှိတ်ခံစားရတော့မှာပဲ”
လင်းလောက ဘေးကနေ အာရုံစိုက်နေပြီး တစ်ချိန်လုံး မည်သည့်စကားမှ မပြောခဲ့ပေ။ ထိုနေရာအရောက်မှာ သူမက ငေးငိုင်ရာကနေ နိုးထလာပြီး လက်ခုပ်တီးကာ ချီးကျူးလိုက်၏။
“အထီးကျန်သိုင်းသခင်က တကယ်ကို တော်တော်မိုက်တာပဲ”
သူမနှင့် အဆင့်တူများကြားမှာ သူမငယ်ရွယ်စဥ်ကတည်းက သူမ ချီးအကျူးရဆုံးလူက လင်းလေဖြစ်လေသည်။ သို့သော် ယခု သူမ၏ အစ်ကိုသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်နှင့်ယှဥ်လျှင် များစွာနိမ့်ကျနေသည်ကို ရုတ်တရက်နားလည်သဘောပေါက်လာ၏။
လင်းလောကသွားဖြဲ၍ လင်းလေ၏ ပခုံးကိုပုတ်ပြီး ကျီစယ်လိုက်၏။
“အစ်ကို... သူနဲ့ယှဥ်ရင် ရှင်က တော်တော်အားနည်းနေတာပဲ”
လင်းလေက စိတ်ဓာတ်ကျနေပြီဖြစ်၏။
ယခု... သူ၏ ညီမကပါ သူ့ကို နောက်တစ်ဖန်ထိုးနှက်လိုက်ပြီး သူက အလွန်တရာ မချင့်မရဲဖြစ်လာကာ သတိလစ်လုမတတ်ဖြစ်သွားရ၏။
လင်းလေ၏ မျက်နှာကညိုမည်းလာပြီး သူက ခပ်ဆတ်ဆတ်ပြန်ပြောလိုက်၏။
“နင့်ရဲ့လူကဲခတ်ကလည်း သိပ်မကောင်းပါဘူး.... နင်သဘောကျနေတဲ့ဆူဇီမိုကလည်း အထီးကျန်သိုင်းသခင်နဲ့ယှဥ်ရင် အများကြီးနိမ့်ကျနေတာပဲ”
“သူ့ကိုကျွန်မသဘောကျတယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ”
လင်းလောက ငြင်းဆန်လိုက်၏။
လင်းလေက နှုတ်ခမ်းကိုမဲ့ကာ ဆက်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ကိုအသာထားဦး... အဲဒီနုနယ်တဲ့စာပေသမားက ငါနဲ့ယှဥ်ရင်တောင်မှ အဝေးကြီးလိုသေးတယ်”
လင်းလောက လင်းကျန့်နှင့် နတ်မိမယ်လင်းလုံထံသို့ ပြေးသွားပြီး ချွဲ့နွဲ့ကာပြောလိုက်၏။
“အဖေ.. အမေ... ကြည့်ပါဦး သူကျွန်မကိုထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ”
လင်းကျန့်နှင့် နတ်မိမယ်လင်းလုံက အကြည့်ချင်းဖလှယ်လိုက်ကြ၏။
လင်းကျန့်က လှောင်ရယ်လိုက်ပြီး လင်းလေကို စိုက်ကြည့်လိုက်၏။
နတ်မိမယ်လင်းလုံက သူမ၏ ခေါင်းကို ညက်သာစွာခါပြပြီး အဓိပ္ပါယ်ပါပါပြောလိုက်၏။
“လေအာ.. တခြားသူတွေကို အထင်မသေးနဲ့... တစ်နေ့မှာ နင်ကဒီထက်ပိုပြီး မမှားနိုင်တော့ဘူးဆိုတာကို နားလည်ကောင်းနားလည်လာလိမ့်မယ်”