ကောင်းကင်ဘုံကမ္ဘာကို လှုပ်ခတ်သွားစေခြင်း
Vol. 163 Ch. 2444
လင်းလောက လင်းကျန့်ကို မှီပြီး လောဆော်လိုက်၏။
“အဖေ… ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးနဲ့ အသောကသစ်သီးကို မြန်မြန်စားလိုက်လေ… အဲ့ဒီပစ္စည်းနှစ်ခုက အဖေ့ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်မလား ကြည့်ရအောင်”
လင်းကျန့်၏ အမူအရာက ညင်သာသွားပြီး သူက လင်းလောကို ချစ်ခင်မြတ်နိုးစွာဖြင့် ပြုံး၍ ကြည့်လိုက်၏။
“ငါ့သမီးလေး ဒုက္ခဆင်းရဲခံပြီး ယူလာတဲ့ ဒီဆေးဝါးတွေက ငါ့အတွက် သေချာပေါက် အသုံးတည့်မှာပေါ့”
“ဒီရတနာနှစ်ခုရဲ့ အကူအညီနဲ့ဆို ငါ့ရဲ့ဒဏ်ရာတွေ သက်သာပျောက်ကင်းပြီး ငါ့ရဲ့ကျင့်ကြံမှုကို ပြန်ရဖို့က သိပ်ကြာတော့မှာ မဟုတ်ဘူး”
“အဲဒါဆိုရင်တော့ ကောင်းတာပေါ့”
လင်းလောက ဝမ်းသာအားရဖြင့် ထခုန်လိုက်၏။ အဲဒါက သူမအတွက် အကောင်းဆုံးသတင်း ဖြစ်၏။
ဤနှစ်များအားလုံးမှာ သူမအဖေသည် ဒဏ်ရာအပြင်းအထန်ရရှိလာခဲ့ပြီး သူမအမေက နေ့နေ့ညည စိုးရိမ်ပူပန်နေရသည့်အတွက် သူမက အလွန်တရာ စိတ်ထိခိုက်ခံစားနေခဲ့ရ၏။ သို့သော်လည်း သူမက ဘယ်လိုကူညီပေးရမလဲ မသိခဲ့ပေ။
ယခု ဤပြဿနာကို နောက်ဆုံးမှာ ဖြေရှင်းနိုင်ပေတော့မည်။
လင်းလေကလည်း ကျေနပ်သဘောကျသွား၏။ စောစောက သူ၏ ရင်ထဲရှိ မကျေမချမ်းမှုများကလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
သူ့အဖေ၏ ကျန်းမာရေးနှင့်ယှဉ်လျှင် မည်သည့်အရာကမှ ပို၍အရေးမကြီးပေ။
“ညီမလေး… နင်က ဒီတစ်ခေါက် ကောင်းကောင်းအလုပ်လုပ်ခဲ့တာပဲ”
လင်းလေက ပြုံးပြလိုက်၏။
“ငါ အခုကစပြီး နင့်ကို အနိုင်မကျင့်တော့ဘူး”
“အနိုင်ကျင့်ရဲရင် ကျင့်ကြည့်လေ”
လင်းလောက ဝင့်ကြွားစွာဖြင့် သူမ၏ ခေါင်းကို မော့လိုက်၏။
နတ်မိမယ်လင်းလုံက ပြုံးပြလိုက်၏။
“ကောင်းပြီလေ… သွားပြီးတော့ လုပ်စရာရှိတာ လုပ်ကြတော့… လောလောဆယ် ဒီကိုလာပြီး ငါတို့ကို အနှောင့်အယှက်မပေးနဲ့ဦး”
“နားလည်ပါပြီ”
လင်းလေနှင့် လင်းလောက သူတို့၏ အဖေသည် တံခါးပိတ်ကျင့်ကြံကာ ကုသတော့မည်ဖြစ်သည်ကို သိရှိသွားပြီး အလောတကြီး ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြ၏။ အခန်း၏ အပြင်ဘက်မှာ ဝမ်းသာအားရရယ်မောသံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။
ထိုကဲ့သို့သော ရယ်သံသည် တိုက်ပွဲနိုင်ငံ၏ နန်းတော်ထဲမှာ ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ဖြစ်၏။
အခန်းထဲမှာ….
နတ်မိမယ်လင်းလုံသည် ထွက်ခွာသွားသော ကလေးနှစ်ယောက်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
သူမက ညင်သာသော အကြည့်ဖြင့် လင်းကျန့်ကို လှည့်ကြည့်လိုက်သော်လည်း နှုတ်ဆိတ်နေ၏။
လင်းကျန့်က သူ၏ လက်ကို ဆန့်ထုတ်ပြီး နတ်မိမယ်လင်းလုံ၏ လက်ဖဝါးကို ညင်သာစွာ ဆုပ်ကိုင်ကာ ပြောလိုက်၏။
“မင်း အဲဒါကို သိတယ်မလား”
နတ်မိမယ်လင်းလုံက ခေါင်းညိတ်ပြလိုက်၏။
“ရှင့်ဒဏ်ရာတွေကို ကျွန်မ ကောင်းကောင်းသိတာပေါ့… ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးနဲ့ အသောကသစ်သီးက ရှင့်ကို ကယ်တင်ပေးနိုင်မှာ မဟုတ်သေးဘူး”
သူသည် အဲဒါကို နတ်မိမယ်လင်းလုံထံကနေ ဖုံးကွယ်ထားလို့ မရဘူးဆိုတာကို သိထားပြီး လင်းကျန့်က သာမန်ကာလျှံကာ ပြုံးပြလိုက်၏။
“အင်း… အတိအကျတော့ ဘယ်ဟုတ်ပါ့မလဲ… အသောကသစ်သီးက ငါ့ရဲ့စိတ်ဝိညာဉ်ကို အတော်အတန်ကုသပေးနိုင်လောက်တယ်… အဲဒါက ငါ့ကို နည်းနည်းတော့ ပြန်ပြီးသက်သာစေမှာပဲ”
“ငါက ကံကောင်းမယ်ဆိုရင် ငါ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကိုတောင်မှ ရောက်လာနိုင်တယ်… တကယ်ဆို အဲဒါက ငါ့အထွတ်အထိပ်မှာ ရှိခဲ့တုန်းက အချိန်နဲ့ယှဉ်ရင် နည်းနည်းလေးပဲ ပိုပြီးအားနည်းနေမှာ”
နတ်မိမယ်လင်းလုံက သူမ၏ ခေါင်းကို တိတ်တဆိတ်ငုံ့လိုက်သော်လည်း သူမ၏ မျက်လုံးများက အနည်းငယ်နီရဲနေ၏။ သူ၏ အထွတ်အထိပ်အရွယ်မှာတုန်းက လင်းကျန့်သည် ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုကို စုဖွဲ့နိုင်ခဲ့သည့် အန္တိမအင်မော်တယ်ဘုရင်တစ်ပါး ဖြစ်ခဲ့၏။
ဒါ့အပြင် သူသည် အန္တိမအင်မော်တယ်ဘုရင်များကြားမှာ ထိပ်သီးတည်ရှိမှု ဖြစ်ခဲ့လေသည်။
သူ၏ အထွတ်အထိပ်မှာ လင်းကျန့်သည် အင်မော်တယ်နိုင်ငံတစ်နိုင်ငံကို အုပ်စိုးပြီး စိန်ခေါ်မှုအားလုံးကို အကြောက်အလန့်ကင်းမဲ့စွာ ရင်ဆိုင်နိုင်ခဲ့လေသည်။
သို့သော် ယခု သူက ကံကောင်းမည်ဆိုလျှင်တောင် သူသည် သာမန်အင်မော်တယ်ဘုရင်တစ်ပါး၏ အဆင့်ထိသာ ရောက်ရှိနိုင်မည်ဖြစ်၏။
ကွာဟချက်က မိုးနှင့်မြေလိုပင်။
လင်းကျန့်အတွက် ထိုကြီးမားသည့်ကွာဟချက်က ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်လေသည်။
လင်းကျန့်က ပြောလိုက်၏။
“ငါက ကလေးနှစ်ယောက်ကို အမှန်ကို မပြောဘူးဆိုတာ သူတို့ကို မစိုးရိမ်စေချင်လို့ပဲ… ဒီနှစ်တွေထဲမှာ သူတို့နှစ်ယောက်က တစ်ချိန်လုံး စိုးရိမ်ပူပန်နေခဲ့ပြီးတော့ အများကြီး စိတ်ထိခိုက်ခံစားခဲ့ရတယ်… သူတို့ အခုလိုမျိုး ပျော်တာကို မမြင်ရတာ အရမ်းကြာသွားခဲ့ပြီ”
“ကျွန်မ သိပါတယ်”
နတ်မိမယ်လင်းလုံက သူမ၏ မျက်ရည်များကို တိတ်တဆိတ် သုတ်ဖယ်ပြီး ကြိုးစား၍ ပြုံးပြလိုက်၏။
“တကယ်တော့ အဲဒါလည်း ကောင်းပါတယ်… ရှင် သက်သာပျောက်ကင်းလာပြီဆိုတဲ့သတင်း ပျံ့နှံ့သွားမယ်ဆိုရင် အပြင်ဘက်မှာ ဂနာမငြိမ်ဖြစ်နေတဲ့ အဖွဲ့အစည်းတချို့ကို ခြိမ်းခြောက်ပြီးသား ဖြစ်သွားလိမ့်မယ်”
“သူတို့က အသေးစိတ်အချက်အလက်ကို မသိတဲ့အတွက် မဆင်မခြင် ပြုမူလှုပ်ရှားရဲမှာ မဟုတ်တော့ဘူး”
လင်းကျန့်က ခေါင်းညိတ်ပြလိုက်၏။ သို့သော်လည်း သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ ကူကယ်ရာမဲ့မှုနှင့် ခါးသီးမှုက ရှိနေဆဲ ဖြစ်ပြီး သူက တီးတိုးပြောဆိုလိုက်၏။
“ဒီကိစ္စကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲ မသိဘူး”
ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ လန့်ဖုန်းမြို့တော်မှ တိုက်ပွဲသတင်းသည် ကောင်းကင်ဘုံကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ လျင်မြန်စွာ ပျံ့နှံ့သွား၏။
ငါးရက်မကြာခင် ထိုသတင်းသည် ကောင်းကင်ဘုံကမ္ဘာမှာ ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။
တိုက်ပွဲတစ်ပွဲအပြီး၌ အထီးကျန်သိုင်းသခင်က နာမည်ကြီးကျော်ကြားလာပြီး မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှာ ကြီးမားစွာ ဂယက်ရိုက်သွားစေ၏။
အထီးကျန်သိုင်းသခင်၏ နာမည်က မိစ္ဆာမဟာနယ်မြေမှာ အရင်ကတည်းက ပျံ့နှံ့နေခဲ့ပြီးသားဖြစ်ပြီး ကိစ္စများသည် စစချင်း အတော်လေး တည်ငြိမ်နေခဲ့၏။
သို့သော်လည်း အထီးကျန်သိုင်းသခင်သည် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ တစ်ယောက်တည်း သွားရောက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့သည်ဟု ကြားရသောအခါ မိစ္ဆာမဟာနယ်မြေမှ ကျင့်ကြံသူများက စိတ်လှုပ်ရှားရူးသွပ်စွာဖြင့် အော်ဟစ်ပြောဆိုလာကြ၏။
“မင်းကြားပြီးပြီလား… မိစ္ဆာမဟာနယ်မြေမှာ အန္တိမ မိစ္ဆာတစ်ဦး မွေးဖွားပေါ်ထွက်လာခဲ့ပြီ”
“ငါကြားတယ်… သူက ဒသမမြောက် ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီး သန်မာတဲ့ မိစ္ဆာတစ်သန်းစစ်တပ်ကို ချေမှုန်းဖျက်ဆီးခဲ့တယ်… သူက အန္တိမ ပကတိမိစ္ဆာကိုတောင်မှ သတ်ဖြတ်ခဲ့တယ်… သူက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို တစ်ယောက်တည်း သွားပြီး အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ ထင်တိုင်းကြဲမွှေနှောက်ခဲ့တယ်… သူက ပကတိ အင်မော်တယ် ထောင်ချီရယ်၊ အင်မော်တယ်မြို့တော်ငါးမြို့က မြို့တော်အရှင်တွေရယ်နဲ့ အင်မော်တယ်ဘုရင်တစ်ပါးကိုတောင်မှ သတ်ဖြတ်ခဲ့တယ်”
“ဒီလောက်ထိ ကြီးကြီးမားမား ထိခိုက်နစ်နာဆုံးရှုံးပြီးတာတောင်မှ ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက လက်တုံ့ပြန်မလာဘူးလား”
“ဘယ်သူက လုပ်ရဲမှာလဲ… အထီးကျန်သိုင်းသခင်ကို အရင်တုန်းက ကောင်းကင်ဘုံကမ္ဘာကို အုပ်စိုးခဲ့တဲ့ ဧကရာဇ်ပိုရွှင်းက နောက်ခံပေးထားတယ်… သူ့ကို ဘယ်သူက ရန်စရဲမှာလဲ”
ကောင်းကင်ဘုံကမ္ဘာ၏ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၊ အင်မော်တယ်နိုင်ငံများမှ အင်မော်တယ်မြို့တော်များနှင့် တစ်ထောင့်တစ်နေရာမကျန်က ကျင့်ကြံသူများ အားလုံးနီးပါးက ဤကိစ္စကို ဆွေးနွေးပြောဆိုနေကြ၏။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ…
ပန်းချီအင်မော်တယ် မိုချင်၏ လိုဏ်ဂူခန်းဝါရှေ့မှာ ဓားအင်မော်တယ် ယွဲ့ဟွားက သူ၏ လက်ထဲမှာ သတင်းပို့ကျောက်စိမ်းစာလိပ်တစ်ခုကို ဆုပ်ကိုင်ပြီး အနီးနားမှာ ရစ်သီရစ်သီလုပ်နေ၏။
အတန်ကြာပြီးနောက် လိုဏ်ဂူခန်းဝါတံခါးက ဖြည်းဖြည်းချင်းပွင့်သွား၏။ မိုချင်က လျှောက်လှမ်းထွက်လာပြီး မှင်သေသေ အမူအရာဖြင့် မေးလိုက်၏။
“စီနီယာအစ်ကို… ရှင် ကျွန်မကို ဘာလို့ လာရှာတာလဲ”
“ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ်”
ဓားအင်မော်တယ် ယွဲ့ဟွားက ပြောလိုက်၏။
နတ်မိမယ်မိုချင်က ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို လုံးဝ စိတ်မဝင်စားပေ။ မကြာသေးခင်နှစ်များမှာ သူမသည် သတင်းအချက်အလက်များကို လေ့လာဖတ်ရှုဖို့အတွက် တက္ကသိုလ်၏ သတင်းစကားစံအိမ်ကို သွားရောက်ခဲ့စဉ်က သူမသည် မိစ္ဆာမဟာနယ်မြေမှ သတင်းအချို့ကိုသာ အာရုံစိုက်ခဲ့၏။
ထို့နောက် ချက်ချင်းပင် ဓားအင်မော်တယ် ယွဲ့ဟွားက ဆက်ပြောလိုက်၏။
“မိစ္ဆာမဟာနယ်မြေက အနှိုင်းမဲ့မိစ္ဆာ အထီးကျန်သိုင်းသခင်က ပေါ်ထွက်လာခဲ့တယ်”
“ဟမ်”
မိုချင်၏ အမူအရာက ပြောင်းလဲသွား၏။ သူမက သူမကိုယ်သူမ တည်ငြိမ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး သူမ၏ ဣန္ဒြေကို ထိန်းကာ မှင်သေသေဖြင့် ပြောလိုက်၏။
“ကျွန်မ တစ်ချက်လောက်ကြည့်ပါရစေ”
ဓားအင်မော်တယ် ယွဲ့ဟွားက သူ၏ လက်ထဲရှိ သတင်းပို့ကျောက်စိမ်းစာလိပ်ကို ကမ်းပေးလိုက်၏။
မိုချင်က အဲဒါကို သူမ၏ နဖူးပေါ်တင်ပြီး စာလိပ်ထဲသို့ သူမ၏ စိတ်ဝိညာဉ်အသိစိတ်က တိုးဝင်သွား၏။
သိပ်မကြာခင် သူမသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ စုံစမ်းထားသည့် လန့်ဖုန်းမြို့တော်မှ သတင်းများအားလုံးကို ဖတ်ရှုနေ၏။
ကျောက်စိမ်းစာလိပ်ထဲမှာ သတင်းအချက်အလက်များက အသေးစိတ်ပါဝင်ခြင်း မရှိဘဲ အထီးကျန်သိုင်းသခင် ထွက်သွားပြီးနောက် အခြေအနေကို ဖော်ပြမထားပေ။
သို့သော်လည်း မိုချင်သည် သတင်းပို့ကျောက်စိမ်းစာလိပ်ထဲမှာ အချက်အလက်တစ်ခုကို ရှာတွေ့သွား၏။
တက္ကသိုလ်မှ ဂျူနီယာမောင်ဆူကလည်း ထိုအချိန်တုန်းက လန့်ဖုန်းမြို့တော်မှာ ရှိနေခဲ့၏။
တစ်နည်းအားဖြင့်ဆိုလျှင် ဂျူနီယာမောင်ဆူသည် ထိုနေရာမှာ ရှိနေခဲ့ပြီး ထိုတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရဖို့ အခွင့်များလေသည်။
မိုချင်သည် ဤကိစ္စအကြောင်း ဆူဇီမိုကို ကိုယ်တိုင်ကိုယ်ကျ မေးရန် တက္ကသိုလ်၏ အတွင်းဂိုဏ်းသို့ သွားရောက်ဖို့ ပြင်လိုက်၏။
မိုချင်သည် ကျောက်စိမ်းစာလိပ်ကို ဖတ်ရှုပြီးနောက် သူ့ကို မည်သည့်စကားမှ မဆိုဘဲ စာလိပ်ကိုယူကာ ထွက်သွားတော့မည်ကို ဓားအင်မော်တယ် ယွဲ့ဟွား တွေ့မြင်သောအခါ သူက မကျေမနပ် ခံစားလာရ၏။
ဓားအင်မော်တယ် ယွဲ့ဟွားက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဂျူနီယာညီမ… နင် ဘယ်သွားမလို့လဲ… ဒီကိစ္စက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပြီ.. ဒီအချိန်အတောအတွင်းမှာ တက္ကသိုလ်ကနေ မထွက်ခွာဖို့ ဆရာက ငါတို့ကို မှာထားတယ်”
လန့်ဖုန်းမြို့တော်၏ တိုက်ပွဲကြောင့် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှ အဖွဲ့အစည်းများစွာက ကြီးမားစွာ ခြိမ်းခြောက်ခံလာရသည်ဟု ခံစားကြရ၏။
နောက်တစ်ခေါက်မှာ အထီးကျန်သိုင်းသခင်သည် သူတို့၏ နေရာသို့ ရောက်ရှိလာပြီး လူတိုင်းကို သတ်ဖြတ်ကာ ထွက်ခွာသွားခြင်း မပြုလုပ်ဘူးဟု ဘယ်သူက အာမမခံနိုင်ပါ့မလဲ။
တကယ်ဆို ဂိုဏ်းနှင့် အဖွဲ့အစည်းတချို့သည် သူတို့၏ တောင်တန်းများကို ပိတ်ဆို့ထားပြီး သူတို့၏ တပည့်ဂိုဏ်းသားများအပေါ် ကန့်သတ်မှုများ ချမှတ်ထားကြ၏။ သူတို့၏ တပည့်ဂိုဏ်းသားများက အပြင်ဘက်မှာ သွားလာမည်ဆိုလျှင် ဤအနှိုင်းမဲ့မိစ္ဆာနှင့် ပက်ပင်းတိုးမည်ကို သူတို့က စိုးရိမ်နေကြ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကဲ့သို့ ကောင်းကင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းမှာပင်လျှင် အင်မော်တယ်ဘုရင်များက မကြာမကြာဆိုသလို တက္ကသိုလ်ကို စတင်ကင်းလှည့်နေကြပြီ ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ပွဲသည် သူ့ကို နာမည်ကြီးကျော်ကြားစေရုံသာမက အဲဒါသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေတစ်ခုလုံးကိုပါ သည်းထိတ်ရင်ဖိုဖြစ်သွားစေသည်ကို ဆူဇီမိုက လုံးဝ မသိရှိပေ။
“စီနီယာအစ်ကို… ကျွန်မ ဘယ်ကိုသွားမယ် ဘယ်မှာရှိမယ်ဆိုတာ ရှင့်ကို သတင်းပေးနေရမှာလား”
မိုချင်က ပြန်မေးလိုက်၏။
ဓားအင်မော်တယ် ယွဲ့ဟွားက ရယ်မောလိုက်၏။
“ဂျူနီယာညီမ… နင်က အဲဒါကို အတည်ပေါက်ကြီးပြောနေတာပဲ… ငါက နင်ဂရုစိုက်ဖို့ သတိပေးရအောင် ဒီအကြောင်းကို ကြားကြားချင်း ငါက ချက်ချင်းအပြေးအလွှား ရောက်လာခဲ့တာပဲ”
“ဘာပဲပြောပြော အဲဒီ အနှိုင်းမဲ့မိစ္ဆာက အရမ်းကို ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာလွန်းတယ်… သူက အမျိုးသမီးတွေကို သနားညှာတာရကောင်းမှန်း သိမှာမဟုတ်ဘူး”
ရုတ်တရက် မိုချင်က တစ်စုံတစ်ရာကို အမှတ်ရသွားပြီး ရှားရှားပါးပါး ပြုံးကာ ညင်သာစွာ ပြောလိုက်၏။
“ရပါတယ်… စီနီယာအစ်ကို… ရှင် ရှိနေမှတော့ တက္ကသိုလ်က ဘေးကင်းလုံခြုံနေမှာပါ”
ဓားအင်မော်တယ် ယွဲ့ဟွားက မိုချင်၏ အပြုံးကို တွေ့မြင်သောအခါ မှင်တက်သွား၏။
မိုချင်ပြောသည့်စကားကို ကြားသောအခါ သူက စိတ်ကျေနပ်အားရစွာဖြင့် အံ့အားသင့်သွားပြီး ပြုံးပြလိုက်၏။
မိုချင်က ဆက်ပြောလိုက်၏။
“ဘာပဲပြောပြော… အထီးကျန်သိုင်းသခင်ရဲ့ နာမည်ဂုဏ်သတင်းက လိုတာထက် ပိုပြီးတော့ ချဲ့ကားထားတာပဲ… သူက ဒီနေရာမှာ ပေါ်ထွက်လာရဲမယ်ဆိုရင် စီနီယာအစ်ကို… ရှင်က ဓားချက်တစ်ချက်နဲ့ သူ့မျက်နှာကို လှီးဖြတ်ပြီး သူ့ရဲ့ဒဏ္ဍာရီကို သေချာပေါက် ဖျက်ဆီးပစ်နိုင်မယ်ဆိုတာ ကျွန်မယုံတယ်”
ထိုသို့ပြောရင်း မိုချင်က အဝေးကို ပျံသန်းသွား၏။
ဓားအင်မော်တယ် ယွဲ့ဟွား၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း အေးခဲတောင့်တင်းသွားပြီး သူ၏ အမူအရာကလည်း လုံးဝညိုမည်းလာခဲ့၏။
မိုချင်သည် အရင်တုန်းက သူပြောခဲ့သည့်စကားများကို အတိအကျ ပြန်ပြောလိုက်ခြင်း ဖြစ်၏။
သို့သော် ယခု ထိုစကားသံက အလွန်တရာ ဆန့်ကျင်ကွဲလွဲနေသည်ပုံပေါ်၏။
ယခုအချိန်မှာ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေ သို့မဟုတ် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် အထီးကျန်သိုင်းသခင်ကို ဤကဲ့သို့ ပြောဆိုရဲသော မည်သည့် ပကတိအင်မော်တယ်ပညာရှင်မှ မရှိတော့သည့်အတွက်ကြောင့်ပင်။