← Chapters

ဦးထုပ်နီ၊ ဦးထုပ်စိမ်းတွေပါ။ ငါတို့က ဦးထုပ်လေးတွေပါ

Vol. 6 Ch. 542

ဦးထုပ်နီ၊ ဦးထုပ်စိမ်းတွေပါ။ ငါတို့က ဦးထုပ်လေးတွေပါ

Vol. 6 Ch. 542

ထိုသံပြိုင်တေး၏ ညှို့ယူအားကြောင့် ပိုင်ရှောင်ချန်း၊ ကျိုးရီရှင်း၊ ချိန်ကျွဲ တို့အားလုံးမှာ အလွန်အမင်း အံ့အားသင့်သွားရတော့သည်။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုသားချော့တေးကို အသံတစ်သံထဲက သီဆိုနေသည်မဟုတ်ပဲ တစ်ဖွဲ့လုံးက သီဆိုနေကြခြင်း ဖြစ်သည်။

သူတို့၏အသံမှာ ကလေးများ၏အသံနှင့်တူနေပြီး သူတို့မှာ သီချင်းဆိုရင်း တခစ်ခစ်ရယ်မောနေကြသည်။ ထို အသံများရွေ့လျားလာသောအခါ မမြင်နိုင်သော အသံလှိုင်းများက လေထုထဲတွင် ပြည့်နှက်လာပြီး နံရံများမှာ စတင်တုန်ခါလာတော့သည်။

ထို့နောက် နံရံများပေါ်တွင် မျက်နှာများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ လူကြီးလူငယ် အထီးအမ မရွေး အမျိုးမျိူးရှိကြပြီး ထိုမျက်နှာအားလုံးမှာ ကြောက်လန့်နေသည့်ပုံများပေါ်နေကြသည်။ ထို့နောက် သူတို့မှာ အလန့်တကြား အော်ဟစ်လိုက်ကြတော့သည်။

" ဦးထုပ်နီတွေ လာနေပြီဟေ့။ "

" ပြေး။ ဦးထောက်နီတွေ ရောက်လာတော့မှာ " ထိုမျက်နှာများမှာ ထွက်ပြေးကာ ပုန်းရှောင်လိုကြသောလည်း မစွမ်းနိုင်ပေ။ ပို၍ထူးဆန်းသည်မှာ မြေပြင်ကြီးထဲမှပင် မျက်နှာများ ပေါ်ထွက်လာသည်။

တုန်လှုပ်စရာအကောင်းဆုံး အချက်သည်ကား နံရံကြီးများမှာ သိသိသာသာ လှုပ်ရှားလာပြီး ပိုင်ရှောင်ချန်း၊ ကျိုးရီရှင်းနှင့် ချိန်ကျွဲ တို့၏နောက်ဘက်ရှိ လမ်းများမှာ အသေပိတ်သွားပြီး ချောင်ထဲသို့ရောက်သွားရခြင်းဖြစ်သည်။

ထိုကျင့်ကြံသူ သုံးယောက်စလုံးမှာ အသားများတုန်ရီနေကြပြီး သူတို့၏ လည်ဂုတ်တွင် ကြက်သီးမွေးညင်းများ ထလာရသည်အထိပင်။

သူတို့အားလုံးမှာ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှ မဟုတ်ပဲ သူတို့၏စိတ်ဝိညာဥ်များဆီမှ ထွက်ပေါ်လာသည့် ခံစားချက်ကြီးတစ်ခုကို ကြုံတွေ့လိုက်ရတော့သည်။ ထိုခံစားချက်ကြီးမှာ အေးစက်လွန်းလှပြီး မိမိ၏နောက်ကို မုဆိုးတစ်ယောက်က လိုက်နေသည့် သားကောင်တစ်ကောင် ကြုံတွေ့နေရသည့် အန္တရာယ်မျိုးကြီးဖြစ်သည်။

ပိုင်ရှောင်ချန်းက ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒ မန္တန်တော်ကို ကျင့်ကြံထားသည်ဖြစ်သော်လည်း ယခု သူ ခံစားနေရသည့် အေးစက်မှုကြီးကြောင့် တဆတ်ဆတ် တုန်ရီနေတော့သည်။

" ဘာတွေဖြစ်နေတာတုံး။ "

ထိုကြောက်မက်ဖွယ် ခံစားချက်ကြီးကြောင့် သူတို့တစ်ဖွဲ့လုံးမှာ တိုက်ခိုက်ရန် စိတ်မဝင်စားကြတော့ပေ။ ရုတ်တရက် သနားစဖွယ်အော်ဟစ်သံတစ်သံပေါ်ထွက်လာပြီး သူတို့၏ရှေ့ဘက်ရှိ လမ်းဆုံနေရာ၏ ထောင့်တစ်ထောင့်မှ လက်တစ်ဖက် ပေါ်ထွက်လာသည်။ ထိုလက်ကြီးမှာ သွေးများဖြင့် ပေကျံနေပြီး ပေါ်လာသည်နှင့် တပြိုက်နက် နံရံကြီးကို ဆုပ်ကိုင်လိုက်လေရာ ပိုင်ရှောင်ချန်းနှင့် အခြားလူများမှာ ထိုလက်ကြီးကို အတိုင်းသားမြင်သွားရတော့သည်။

သို့သော် ထိုထောင့်နားတွင် ထိုလက်ပိုင်ရှင်ကို ဆွဲငင်နေသည့် အရာကြီးတစ်ခုရှိနေသည်။ ထိုလက်ကြီးမှာ ကွေးကောက်သွားပြီး နံရံများကို လက်သည်းဖြင့် ကုတ်ခြစ်ကာ တစ်စုံတစ်ရာကို ဖမ်းဆုပ်ရန် ကြိုးပမ်းနေပါသော့လည်း ခဏအကြာတွင် နောက်ဘက်သို့ ဆွဲယူခံလိုက်ရတော့သည်။

ထို့နောက် ကြောက်မက်ဖွယ် ကောင်းသည့် တဂျွတ်ဂျွတ်ဝါးသံများ ပေါ်ထွက်လာပြီး ထိုအသံများပေါ်ထွက်နေစဥ်တွင် သားချော့တေးသံမှာ ရပ်တန့်သွားသည်။

ကြောက်လန့်နေသည့် ချိန်ကျွဲ က လူအချင်းချင်း နီးစပ်မှုကြောင့် ဘေးအန္တရာယ် အနည်းငယ်ကင်းနိုင်မည့်အလား တွေးကာ တုန်တုန်ရီရီဖြင့် ပိုင်ရှောင်ချန်းအနားသို့ ကပ်လာတော့သည်။

ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဖြူဆုတ်နေပြီး လက်ကြီးပျောက်ကွယ်သွားသည့် ထောင့်ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေ သည်။ သူက ဆန့်ကျင်ဘက်ကို ထွက်ပြေးချင်ပါသော်လည်း ကံမကောင်းစွာပင် သူတို့သုံးယောက်စလုံးမှာ ချောင်ပိတ်မိနေပြီဖြစ်သည်။

ကျိုးရိရှင်းမှာလည်း သူတို့နည်းတူ တုန်လှုပ်နေသည်။ ဝင်္ကပါထဲတွင် သူရောက်ရှိနေခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် နောက်လိုက်အတော်အတန် စုစည်းနိုင်ခဲ့သည်ဖြစ်ပြီး ထို နောက်လိုက်များ၏ အားကိုးဖြင့် ချုံခိုတိုက်ခိုက်ကာ ပြိုင်ဘက်အနည်းငယ်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် ဤမျှ ထူးဆန်းသည့် အခြေအနေမျိုးကြီးကို သူမကြုံတွေ့ဖူးပေ။

သူခံစားနေရသည့် ကြောက်ရွံ့မှုများကြောင့် လက်ကြီးပျောက်ကွယ်သွားသည့် ထောင့်ကိုကြည့်ရင်း မျက်လုံးများပင် ကျဥ်းလာရတော့သည်။

ထို့နောက် ဝါးစားနေသည့်အသံများ ပျောက်ကွယ်သွားပြီး သားချော့တေးသံများ ပြန်ထွက်လာသည်။

" ဦးထုပ်နီ၊ ဦးထုပ်စိမ်းတွေပါ။ ငါတို့က ဦးထုပ်လေးတွေပါ.... "

" ဦးထုပ်နီ၊ ဦးထုပ်စိမ်းတွေပါ။ ငါတို့အကြိုက်ဆုံးက အဖြူရောင်ခေါင်းတွေပါ "

ထိုသို့ ပျော်ရွှင်စွာ သီဆိုနေသံများကြောင့် ကျင့်ကြံသူ သုံးယောက်စလုံး၏ ဦးရေခွံများမှာ ပေါက်ကွဲလုမတတ် ထုံကျဥ်လာကြတော့သည်။

ထိုအချိန်တွင် တောက်ပြောင်လှသည့် အနီရောင်ဦးထုပ်တစ်လုံးမှာ ထောင့်နားမှနေ၍ ပျံဝဲလာတော့သည်။

ထိုဦးထုပ်၏ လျှာထိုးတွင် သွေးများစိုရွှဲမေပြီး ၎င်းမှာ ရှေ့နောက်သို့ ယိမ်းထိုးနေသည်။ သို့သော် ပိုင်ရှောင်ချန်းနှင့် အခြားလူများကို သတိထားမိလိုက်သဖြင့် ရုတ်တရက်ဆိုသလို ရပ်တန့်သွားသည်။

" အဖြူရောင် ဦးခေါင်းတွေ "

ထိုဦးထုပ်မှာ ကလေးတစ်ယောက်၏ လေသံဖြင့်ဆိုလိုက်သည်။ ထို့နောက် ရှေ့သို့ပျံဝဲလာသဖြင့် ထိုသုံးယောက်မှာ နောက်သို့ဆုတ်သွားကြတော့သည်။ သို့သော် ထိုအချိန်တွင် ထိုဦးထုပ်မှာ သူတို့ဆီသို့ လာနေသည်မဟုတ်ပဲ ရေခဲအလွှာများစွာဖြင့် ချုပ်နှောင်ခံထားရသည့် ဝိညာဥ်ကျင့်ကြံသူများထံသို့ သွားနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း ထိုဦးထုပ်မှာ ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းပေါ်သို့ရောက်သွားသောအခါ ရေခဲများမှာရုတ်တရုက် ကွဲအက်သွားပြီး အောက်ဘက်ရှိ ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်ထွက်လာတော့သည်။

ထိုကျင့်ကြံသူမှာ အသက်မသေသေးပေ။ သူ၏ သက်စောင့်မီးတောက်မှာ လောင်ကျွမ်းနေဆဲပင်။ ချက်ချင်းပင် သူ၏မျက်လုံးများ ပွင့်လာပြီး ကြောက်လန့်မှုကြောင့် ရှုံ့မဲ့နေသည့် အမူအရာဖြင့် သနားစဖွယ်အော်ဟစ်လိုက်တော့သည်။ သို့သော် ပို၍ ကြက်သီးထစရာကောင်းသည်မှာ နောက်ဆက်တွဲအရာဖြစ်သည်။

ထိုဦးထုပ်က ထိုဝိညာဥ်ကျင့်ကြံသူပေါ်သို့ ရောက်သွားသောအခါ ထိုလူကြီး၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး တဂျွဂျွတ်ဝါးနေသံများ လေထုထဲတွင် ပြည့်နှက်လာတော့သည်။

" ငါ့ပေါ်ကဆင်း။ အခုဆင်းစမ်းပါ "

ထိုကျင့်ကြံသူမှာ လက်ကိုမြှောက်၍ ထိုဦးထုပ်ကိုချွတ်ရန် ကြိုးစားနေသော်လည်း အသုံးမဝင်ပေ။ အသက်ရှူကြိမ် အနည်းငယ်အပြီးတွင် သူ၏ရုန်းကန်မှုများမှာ ရပ်တန့်သွားပြီး မလှုပ်မယှက် ရပ်နေတော့သည်။ အဆုံးတွင် ထိုဦးထုပ်မှာ လေထဲသို့ပျံသွားပြီး တချိန်လုံး သွေးများ စက်လက်စက်လက်ကျနေတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းနှင့် အခြားလူများမှာ ထိုကျင့်ကြံသူ၏ ဦးခေါင်းမှာ အဖြူရောင်သို့ လုံးဝပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဦးခေါင်းခွံကြီးကို မြင်နေ၍ဖြစ်သည်။

ထို ဦးခေါင်းခွံမှာလည်း အကောင်းပတိမရှိပဲ အစိတ်အပိုင်းများစွာ ပျောက်ဆုံးနေပြီး ဦးခေါင်းထဲရှိ အရာအားလုံးမှာ အခေါင်းပေါက်ကြီး ဖြစ်နေသည်ကို လူတိုင်းက မြင်လိုက်ရတော့သည်။

" ဦးခေါင်းနီတွေ ဦးခေါင်းစိမ်းတွေထဲမှာ၊ ငါတို့အကြိုက်ဆုံးကာ အဖြူရောင် ခေါင်းတွေပါ "

ထိုဦးထုပ်အနီရောင်မှာ သီဆိုနေပြီး တခစ်ခစ်ရယ်မောကာ စက်ဝိုင်းပုံသဏ္ဍာန်ပျံသန်းလိုက်ပြီး ရေခဲဖြင့်ချုပ်နှောင်ခံထားရသည့် အခြားကျင့်ကြံသူပေါ်သို့ရောက်သွားတော့သည်။ တချိန်ထဲမှာပင် တခစ်ခစ်ရယ်မောနေသည့် ဦးထုပ်များက ထောင့်နားမှပျံထွက်လာကြတော့သည်။ ထိုဦးထုပ်များမှာ အချို့ကအနီရောင်၊ အချို့အဖြူရောင်ဖြစ်သည်။

" ဦးထုပ်နီ၊ ဦးထုပ်စိမ်းတွေပါ။

ငါတို့က ဦးထုပ်ကလေးတွေပါ "

ဦးထုပ်များမှာ ဒါဇင်များစွာရှိနေပြီး သွေးများတစက်စက်ကျလျက် ပျံဝဲကာ တေးသွားများ သီဆိုနေကြသည်။ တစ်ခဏအတွင်း ဦးထုပ်များမှာ သူတို့အချင်းချင်း အလုအယက်ဖြင့် ချုပ်နှောင်ခံထားရသည့် ကျင့်ကြံသူများပေါ်သို့ တက်နိုင်ရန် ကြိုးစားနေကြတော့သည်။

သို့သော် ကျင့်ကြံသူများမှာ တစ်ဒါဇင်ခန့်သာ ရှိသဖြင့် ဦးထုပ်အရေအတွက်မှာ ပိုများနေသည်။ မကြာမီတွင် ချုပ်နှောင်ခံထားရသော ကျင့်ကြံသူများ မရှိတော့သဖြင့် ထိုဦးထုပ်များမှာ ပိုင်ရှောင်ချန်း၊ ကျိုးရီရှင်းနှင့် ချိန်ကျွဲ တို့ဆီသို့ ဦးတည်လာကြတော့သည်။ "

ထိုအချိန်တွင်ပင် နံရံနှင့် မြေပြင်ပေါ်ရှိ မျက်နှာများက ငယ်သံပါအောင် အော်ဟစ်လိုက်ပြတော့သည်

" ငါတို့တော့သေပြီ။ ကိစ္စချောပြီဟေ့။ သူတို့ ဒီကို ရောက်လာပြီ။ "

ကျန်ရှိနေသော ဦးထုပ်များမှာ ပျော်ရွှင်စွာ ရယ်မောရင်း ပိုင်ရှောင်ချန်းတို့ သုံးယောက်ထံသို့ ပျံဝဲလာကြတော့သည်။ ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်နေပြီဖြစ်သည်။ သူက အော်ဟစ်ကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး စက္ကူလက်ဖွဲ့အဆောင် တစ်ထောင်ကျော်ကို သူ၏ခန္ဓာကိုယ်တွင် ကပ်လိုက်တော့သည်။ တချိန်ထဲမှာပင် လက်ကျန်များစွာကိုလည်း ချိန်ကျွဲ ဆီသို့ ပစ်ပေးလိုက်သည်။

" မသေချင်ရင် ပြေးပေတော့ဟေ့။ "

သူက အော်ပြောလိုက်သေးသည်။ ထို့နောက် သူက ဝုန်းခနဲလှုပ်ရှားလိုက်ပြီး တစ်ပြိုက်နက်ထဲတွင် ချပ်ဝတ်တန်ဆာ အထပ်ပေါင်းများစွာကို ဝတ်ဆင် လိုက်သဖြင့် တဖတ်ဖတ်ရိုက်ခတ်သံများပင် ပဲ့တင်ထွက်လာတော့သည်။ ဆယ်ထပ်မကသော ချပ်ဝတ်တန်ဆာများနှင့် စက္ကူလက်ဖွဲ့အဆောင်များ၏ တလက်လက်တောက်ပနေသည့် အလင်းရောင်များမှာ လှိုဏ်ဂူကြီးကို ဖုံးလွှမ်းသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် အဝေးတစ်နေရာသို့ရောက်သွားပြီဖြစ်ကာ ဒုန်းစိုင်းပြေးလွှားနေပြီး ဦးထုပ်ခုနစ်လုံး ရှစ်လုံးလောက်မှာလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်နေသည်။

ချိန်ကျွဲ မှာလည်း အံကြိတ်ကာ စက္ကူလက်ဖွဲ့များအဆောင်များကို သူ၏ခန္ဓာကိုယ်ပေါ်သို့ ကပ်လိုက်ပြီး တပြိုက်နက်ထဲမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအင်များကိုထုတ်ကာ အစွမ်းကုန်ကြိုးစားရန် ပြင်လိုက်တော့သည်။ သူ၏အတွေးထဲတွင် ပေါ်လာသည့် မှော်သိုင်းများကို တတ်နိုင်သမျှ အားလုံးနီးပါး အသုံးပြုနိုင်အောင် ပုံဖော်လိုက်ပြီး ထွက်ပြေးသွားတော့သည်။ သူ၏နောက်ဘက်တွင် ဦးထုပ်ငါးလုံး ခြောက်လုံးခန့်မှာ ခေါင်းမာမာနှင့် လိုက်ဖမ်းနေသည်။

ကျိုးရီရှင်းမှာ ကြက်သေသေကာ မတ်တတ်ရပ်လျက် ကျန်နေခဲ့သည်။ သူသည် မတရားခံရသည်ဟု တွေးတောနေပြီး ငိုမဲ့မဲ့ ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းနောက်သို့ ဦးထုပ် ခုနစ်လုံး၊ရှစ်လုံးခန့်သာ လိုက်သွားပြီး ချိန်ကျွဲ နောက်သို့ ငါးလုံး၊ခြောက်လုံးလောက်သာ လိုက်သွားသဖြင့် သူက ဦးထုပ်ဒါဇင်ပေါင်းများစွာနှင့် ကျန်ခဲ့ရသည်။

" ဘယ်လိုနည်းနဲ့များ ဒီလိုတွေဖြစ်နေရတာလဲကွာ။ "

သူက ဖြူဆုတ်နေသည့်မျက်နှာဖြင့် ညည်းထွားလိုက်တော့သည်။ ထို့နောက် ဦးထုပ်ဒါဇင်ပေါင်းများစွာက သူ့ထံသို့ပြေးလာရန်ပြင်လိုက်သောအခါ သူက အံကြိတ်လိုက်ပြီး ထိုနေရာတစ်ဝိုက်တွင် ကြယ်အလင်းတန်းများကို စေလွှတ်လိုက်တော့သည်။

ဦးထုပ်များမှာ ကြယ်အလင်းတန်း၏ တခြားတစ်ဖက်တွင် ပေါ်ထွက်လာကြပြီး ကျိုးရီရှင်းကို လုံးဝရှာမတွေ့နိုင်သည့်အလား ဖြစ်သွားတော့သည်။ ထို့နောက် ကြယ်အလင်းတန်းများ မှေးမှိန်စပြုလာသောအခါ ကျိုးရီရှင်းမှာ နေရာတွင် မရှိတော့ပေ။

ဦးထုပ်များမှာ ထိုနေရာကို ပိုက်စိတ်တိုက် ရှာဖွေပါသော်လည်း မည်သည်ကိုမှရှာမတွေ့တော့သဖြင့် သီချင်းများသီဆိုကာ အဝေးသို့ ပျံထွက်သွားကြတော့သည်။

ထိုစဥ် ဝင်္ကပါထဲရှိ အခြားတစ်နေရာတွင် ကြယ်အလင်းတန်းများ ထပ်မံ ပေါ်ထွက်လာသည်။ ထိုအလင်းတန်းများထဲမှ ကျိုးရီရှင်းမှာ ဒယိမ်းဒယိုင်နှင့် ထွက်ပေါ်လာပြီး သွေးအမြောက်အမြား အန်ထုတ်လိုက်ရတော့သည်။ သူ၏မျက်နှာမှာ စက္ကူစာရွက်အလား ဖြူဆုတ်နေပြီး သူ၏နဖူးပေါ်ရှိ ကြယ်အမှတ်တံဆိပ်မှာ ယခင်ကထက် ပို၍ မှေးမှိန်သွားပြီဖြစ်သည်။

" သောက်ကျိုးနည်းကွာ။ ငါ့မျိုးနွယ်စု ကြယ်အမှတ်တံဆိပ်ရဲ့ စွမ်းအားကို သုံးရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး။ "

ထူးဆန်းသော ဦးထုပ်များအကြောင်းကို ပြန်လည်တွေးတောမိသွားသောအခါ သူက တုန်ရီရင်းကျန်ခဲ့ရတော့သည်။ ထိုနေရာတစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်ပြီး ဦးထုပ်တစ်လုံးမှ မရှိတော့သည်ကို သေချာသွားသောအခါမှ သူက စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းချနိုင်တော့လေသည်။

" အဲဒီကောင်က ငါ့ ကိုးရောင်ခြယ်မီးတောက်ကိုလည်း ခိုးယူသွားသေးတယ်။ ငါ့ အဖိုးတန် လေးကိုလည်း လုဖို့ကြံစည်သေးတယ်။ ပြီးတော့ သူ့မှာ အေးစိမ့်ချီတွေနဲ့ အားကောင်းတဲ့ အပြင်ခန္ဓာကိုယ် စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ။ ဘာလို့ သူက ပိုင်ရှောင်ချန်းနဲ့ အင်မတန် တူေနရတာလဲ "

ပိုင်ရှောင်ချန်းနှင့် ပတ်သတ်သည့် သူမှတ်မိသမျှ အရာအားလုံးကို ပြန်လည်တွေးတောသုံးသပ်လိုက်ပြီးနောက် ယခုလေးတင် သူနှင့်ကြုံတွေ့ခဲ့ရသည်ဟု အပြည့်အဝ မယုံကြည်နိုင်သေးပေ။

" အဲဒီကောင်သာ တကယ်ပဲ ပိုင်ရှောင်ချန်းဆိုရင် သူ့အငွေ့အသက်တွေကို ပြောင်းလဲနိုင်တဲ့ ပစ္စည်းတစ်ခုခုကို ပိုင်ဆိုင်ထားတာပဲနေမှာ။ သောက်ကျိုးနည်း၊ အခုလို တည်နေရာရွှေ့ပြောင်းလိုက်ရတော့ ငါက လမ်းစတွေပျောက်ကုန်ပြီပေါ့။ လမ်းမှန်ကိုသိဖို့ အစကနေ သဲလွန်စတွေ ပြန်ရှာရတော့မယ်။ "

သူက သက်ပြင်းချလိုက်ပြီး ဝင်္ကပါထဲရှိ လှိုဏ်ဂူများထဲတွင် ထပ်၍ လမ်းရှာရန် ဆုံးဖြတ်လိုက်တော့သည်။

All Chapters