← Chapters

ပျောက်ဆုံးနေသောသက်သေ

Vol. 10 Ch. 91

ပျောက်ဆုံးနေသောသက်သေ

Vol. 10 Ch. 91

လူငယ်သည် ချွေကျင်းကို တိုက်ခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားပြီး ကုတင်ပေါ်တွင် လဲလျောင်းစေလိုက်၏။ ထို့နောက် သူ ကုလားထိုင်တွင်ထိုင်ကာ ပြတင်းပေါက်အပြင်ကို ငေးကြည့်နေလေသည်။ ဤပြတင်းပေါက်မှကြည့်လျင် ချွေကျင်းနှင့်အားကျောက် အလုပ်လုပ်သော မူကြိုကျောင်းကို သူ ကောင်းစွာ မြင်ရသည်မဟုတ်ပါလား။

ဤမျှဆိုလျင် ထိုလူ မည်သူမည်ဝါမှန်း သိလောက်ပေပြီ။ မှန်ပါသည်။ ထိုလူမှာ တခြားလူမဟုတ်။ အားမင်ပေတည်း။ ။ အားမင်၏အလုပ်မှာ အားကျောက်ကို ကာကွယ်ရန်ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် ကျန်းကျင်းခိုင်ရှိနေ၍ အားကျောက်ကို ကာကွယ်ရန် မလိုအပ်တော့။ ထိုအတွက် သူ အတော်လေး ပျင်းရိငြီးငွေ့နေ၏။

ယခုနောက်ပိုင်းတွင် အားကျောက်နှင့် ကျန်းကျင်းခိုင်တို့သည် အမြဲလိုလို တပူးပူးတတွဲတွဲ ရှိနေတတ်၏။ အားကျောက်တယောက် ကျန်းကျင်းခိုင်၏ကားပေါ်ပါသွားလျင် အားမင်အဖို့ ဘာအလုပ်မှမရှိတော့ပဲ ငုတ်တုပ်ထိုင်နေရန်သာ ရှိတော့သည်။ သူ့အနေနှင့် မည်မျှပင် ခန္ဓာကိုယ် ကြံ့ခိုင်စေကာမူ ရဲကားတစ်စီးကို ခြေလျင်လိုက်မမှီသည်မှာ သေချာနေ၏။ ထို့အပြင် ကျန်းကျင်းခိုင်သည် အားကျောက်၏ ချစ်သူဖြစ်ပြီး ဤလောကတွင် သူမ အယုံကြည်ဆုံးသူလည်း ဖြစ်နေသည်။ ထို့ကြောင့် ကျန်းကျင်းခိုင်နှင့်အတူ ရှိနေသရွေ့ အားကျောက် မည်သည့်အန္တရာယ်မှ ကြုံတွေ့မည်မဟုတ်ဟု အားမင် ယုံကြည်ထား၏။

ထိုအချိန်တွင် အားမင်က ချွေကျင်းကို သတိပြုမိလိုက်မိခြင်း ဖြစ်သည်။ ချွေကျင်းသည် မူကြိုကျောင်းမှ တစ်ယောက်တည်း မဟန်နိုင်သောပုံစံနှင့် လမ်းလျှောက်ထွက်လာနေ၏။ အလှမ်းဝေးနေ၍ သူမ၏မျက်နှာသွင်ပြင်အနေအထားကို ကောင်းစွာမမြင်ရသည့်တိုင်အောင် ဤမိန်းကလေး ယနေ့ညတွင် ဒုက္ခရောက်တော့မည်မှန်း သူ ချက်ချင်းသိလိုက်၏။ ထိုအသိစိတ်ကြောင့် ချွေကျင်းနောက်သို့ အားမင် လိုက်လာခဲ့မိ၏။ ထိုကြောင့် သူမ ကုန်တင်ကားတစ်စီးဖြင့် တိုက်မိတော့မည့်အချိန်တွင် သူ လက်မတင်လေး ကယ်တင်နိုင်ခဲ့ခြင်းပင်။

အနည်းဆုံးတော့ အားမင်သည် ချွေကျင်းအပေါ် ဘာရန်ညိုးမှမရှိ။ သူမသည် အားကျောက်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း သူ ကောင်းကောင်းကြီးသိထား၏။ ထ်ိုမျှသာမကသေး ချွေကျင်း၏ချစ်သူမှာ လီဟုန်းပင်ဖြစ်မှန်းကိုပင် သူက သိထားသေးသည်။ သို့သော် ချွေကျင်းသည် လှပသောမိန်းကလေးတဦး ဖြစ်နေဆဲပင်။ ထို့အပြင် ချွေကျင်းတွင် ထူးခြားသောဆွဲဆောင်မှုတမျိုးလည်း ရှိနေ၏။ သို့ဆိုလျင် အားမင်ကား ဘာသားနှင့်ထုထားသနည်းဟု မေးရပေလိမ့်မည်။

ငြီးငြူသံတချို့ထွက်ပေါ်လာ၍ အားမင်က ချွေကျင်းကို ပြန်လှည့်ကြည့်လိုက်သည်။ သူမကုတင်ပေါ်တွင် တိုးညှင်းစွာ ငြီးတွားနေ၏။ သို့သော် စက္ကန့်ပိုင်းမျှသာကြာပြီး သူမ ချက်ချင်း ပြန်လည်အိပ်ပျော်သွားတော့သည်။ ပင်ပန်းနွယ်နယ်မှု၏ဒဏ်ကို ချွေကျင်းခများ အကြီးအကျယ် ခံနေရသည့်သဘောပင်။

ချွေကျင်း ပြန်လည်အိပ်ပျော်သွားမှန်းသိလိုက်၍ အားမင် ပြတင်းပေါက်ဆီသို့ ပြန်လှည့်လိုက်သည်။ လမ်းတစ်ဖက်ရှိ ထိုမူကြိုကျောင်းသည် သူ့ပစ်မှတ်အလုပ်လုပ်ရာ နေရာဖြစ်သည်။ ထို့ကြောင့် ထိုနေရာကိုသာ သူ အာရုံစိုက်ထားသင့်သည် မဟုတ်ပါလား။

အားကျောက်၏ အတန်းပြီးဆုံးပြီးနောက် သူမနှင့်ကျန်းကျင်းခိုင်တို့သည် လက်ချင်းတွဲကာ မူကြိုကျောင်းမှ ထွက်ခွာသွားကြ၏။ အားကျောက်၏။ဘေးတွင် ကျန်းကျင်းခိုင်ရှိနေပြီဖြစ်၍ သူမ၏ ဘေးကင်းလုံခြုံရေးအတွက် အားမင် ယခင်လောက် စိတ်ပူနေစရာမလိုတော့။ ကျန်းကျင်းခိုင်သည် အားကျောက်အတွက် အယုံကြည်ရဆုံး ကိုယ်ရံတော် ဖြစ်သည်မဟုတ်ပါလား။ ကုန်ကုန်ပြောရလျင် သူတို့နှစ်ဦးကြားဆက်ဆံရေးတွင် မည်သည့်အက်ကြောင်းမျှ မရှိသရွေ့ အားမင်အနေနှင့်ယခင်ကလို နေရောညပါ လိုက်လံစောင့်ရှောက်နေစရာမလိုတော့ချေ။

သို့သော် အားတောက်သည် သူ့ကို အားကျောက်၏ လုံခြုံရေးအား သီးသန့်အာရံစိုက်ရန်သာ တာဝန်ပေးထား၏။ တစ်နည်းအားဖြင့် ကျန်းကျင်းခိုင် မရှိသည့်အချိန်တွင် သူမ၏ ဘေးကင်းရေးမှာ သူ့တာဝန်ပင်ဖြစ်သည်။ ဘာကြောင့်မှန်းမသိ ယခုနောက်ပိုင်းတွင် ဤတာဝန်ကို နည်းနည်းတော့ထူးဆန်းသည်ဟု သူ ခံစားနေရသည်မှာ အမှန်ပင်။၎င်းမှာ အသေးစိတ်ကအစ ဂရုစိုက်တတ်သော အစ်ကိုတစ်ဦးက သူ့ညီမကို ဂရုစိုက်ခြင်းပေလားတော့ မပြောတတ်။ သို့သော် ရှုပ်ထွေးနေသောအတွေးများက်ို အားမင် ခေါင်းထဲမှထုတ်ပစ်လိုက်၏။ အစ်ကိုတောက် သူ့ကိုယုံကြည်နေသေးလျင် သူ့အတွက် လုံလောက်ပေပြီ။

တကယ်တမ်းတွင် အားတောက်ကိုယ်တိုင်ကလည်း အားမင်ကို အပြည့်အဝ ယုံကြည်ထား၏။ သို့သော် သူ အားမင်ကို ဂိုဏ်း၏ ဒုစရိုက်လုပ်ငန်းများနှင့် ဝေးရာသို့ တမင်ပို့ထားခဲ့သည်။ အကြောင်းမှာ အချိန်ကြာလာသည်နှင့်အမျှ အားမင်၏ ရာဇဝတ်မှုမှတ်တမ်းများ တဖြည်းဖြည်း မှေးမှိန်သွားစေရန်ပင်တည်း။ ခုတလော သူ့အဆုံးသတ်နီးပြီဟူသော ခံစားချက်မျိုး အားတောက် ရနေသည်မှာ ကြာပေပြီ။ အခြေအနေမျိုးတွင် သူအယုံကြည်ဆုံး ညီတပည့်ကို သူနှင့်အတူ ချောက်ထဲသို့ဆွဲခေါ်သွားလိုသော ဆန္ဒမျိုး အားတောက်တွင် လုံးဝမရှိချေ။

ညနက်လာသည်နှင့် အားမင်သည် အိပ်ပျော်နေသောချွေကျင်းကို ကြည့်ကာ ဗီရိုထဲမှ ခေါင်းအုံးနှင့် စောင်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူ ဆိုဖာဆီသို့ လျှောက်သွားပြီး ခေါင်းအုံးကို ပစ်တင်လိုက်၏။ ပြီးလျင် အဝတ်အစားများပင်မလဲတော့ပဲ ဆိုဖာပေါ်လှဲချကာ စောင်က်ိုခြုံထားလိုက်လေသည်။ ယောကျာ်းလေးတိုင်း မိန်းကလေးများကို အခွင့်အရေးယူချင်ကြသည် မဟုတ်။ ဤစရိုက်မျိုးသည် ဗီဇနှင့်ဆိုင်၏။ အလုပ်အကိုင် သို့မဟုတ် နေထိုင်မှုပုံစံနှင့် တိုက်ရိုက်မသက်ဆိုင်ပေ။

---------------------------

အားကျောက်နှင့် ကျန်းကျင်းခိုင်တို့သည် ပုံမှန်အချိန်မှာပင် အိမ်သို့ပြန်ရောက်လာကြ၏။ အိမ်သို့ပြန်ရောက်သည်နှင့် ကျန်းကျင်းခိုင်က စတိုခန်းဆီသို့ ထွက်လာခဲ့လေသည်။ ထိုစတိုခန်းထဲတွင် အမှုအတွက် အကျိုးရှိမည့်သက်သေတစံတရာ တွေ့နိုးနိုး သူ မျှော်လင့်ထား၏။ သို့သော် စတိုခန်းတွင် ကျန်သောပစ္စည်းအများစုမှာ ပရိဘောဂများနှင့် အဝတ်အစားများသာ ဖြစ်လေရာ မျှော်လင့်ချက်သိပ်မရှိလှဟုတော့ ဆိုနိုင်သည်။ အားရှု၏ပစ္စည်းများထဲတွင် အဘယ်ကြောင့် မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် တစံတရာမျှ မပါဝင်ရလေသနည်း။ အားကျောက်မရောက်မီ တစုံတဦးက ထိုပစ္စည်းများကို ဖယ်ရှားထားခြင်းပေလော။

ရေချိုးခန်းထဲမှ ထွက်လာသောအားကျောက်က ကျန်းကျင်းခိုင်ကို မတွေ့ရ၍ စိတ်ရှုပ်သွား၏။ ထိုအချိန်မှာပင် ကျန်းကျင်းခိုင်၏ အသံက စတိုခန်းထဲမှ ထွက်ပေါ်လာလေသည်။

"ကျုပ် ဒီမှာ အားရှုရဲ့ပစ္စည်းလေးတွေကို ရှာကြည့်နေတာ"

“ဪ အကူအညီလိုသေးလား ဟန်နီ”

အားကျောက်က စတိုခန်းဘက်သို့ လျှောက်လာရင်း မေးလိုက်သည်။ အခန်းထဲမှာ မည်သည့်လျှို့ဝှက်ချက်မှ ရှိနေလိမ့်မည်ဟု သူမ မထင်ထားချေ။ ထို့နောက် သူမက စတိုခန်းအဝင်ဝတွင် ရပ်နေရင်း အလုပ်ရှုပ်နေသော ကျန်းကျင်းခိုင်ကို ငေးကြည့်နေလေသည်။

“ဟန်နီ ရှင် ဘာရှာနေတာလဲ”

“ တစ်ခုခုထူးဆန်းနေသလိုပဲကွ”

ကျန်းကျင်းခိုင်က အားကျောက်ကို မော့ကြည့်ရင်း ပြောလိုက်သည်။

“အားရှုရဲ့ ပစ္စည်းတွေထဲမှာ တစ်ခုခု ပျောက်နေသလိုပဲ”

သို့သော်လည်း သူက အားရှု၏ ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ပစ္စည်းများ ရှာမတွေ့သည့်အချက်ကို ဖုံးကွယ်ထားလိုက်၏။ သို့သော် ထိုအချက်ကြောင့် သူ အားကျောက်ကို မယုံကြည်ဟု မဆိုလိုချေ။ ယုံကြည်မှုဟူသည် ခံစားချက်မှလာတတ်သည့်အရာ မဟုတ်ပါလား။

"ဟင် တကယ်ကြီးလား"

အားကျောက်က ရေစိုနေသောဆံပင်ကို ဆက်သုတ်နေရင်း ပြောလိုက်သည်။ ထိုအခါ ကျန်းကျင်းခိုင်က မေးလိုက်ပြန်၏။

“ဒါနဲ့ ဟန်နီ အားရှုရဲ့ ပစ္စည်းတွေ ဒီကို ပြောင်းရွှေ့တုန်းက ဘာတွေ လွှင့်ပစ်ခဲ့လဲ သတိရသေးလား”

"ကျွန်မ လွှင့်ပစ်လိုက်တဲ့ ပစ္စည်းတွေလား"

အားကျောက် တွေခနဲ ဖြစ်သွား၏။ နှစ်နှစ်ခန့်ကြာမြင့်သွားပြီဖြစ်လေရာ သူမ မနည်းပြန်စဥ်းစားရလေသည်။

"အင်း လွှင့်ပစ်မိတာတွေတော့ ရှိတယ် ကွန်ဒုံးတွေ၊ မစားရသေးတဲ့ အစားအသောက်တွေ၊ သတင်းစာတွေ ပြီးတော့ ဆေးထိုးအပ်တွေလဲပါတယ်"

“ဆေးထိုးအပ် ဟုတ်လား”

ကျန်းကျင်းခိုင် မျက်လုံးပြူးသွား၏။

"ဟုတ်တယ်လေ ဆေးထိုးအပ်တွေ ပြီးတော့ ရာဘာပိုက်တွေလည်း ရှိတယ်"

အားကျောင်က ထပ်ပြောလိုက်သည်။

"ဆေးရုံတွေမှာ အတွေ့များတဲ့ဟာမျိုးတွေ နှစ်ခု သုံးခုလောက် ရှိမလားပဲ"

" လမ်းကြား… ဒီလိုလေ... မင်း အရင်က အလုပ်လုပ်ခဲ့တဲ့နေရာမှာရော ဒီလိုပစ္စည်းတွေ တွေ့မိတာရှိလား”

ကျန်းကျင်းခိုင်က ရှုထောင့်တမျိုးနှင့် မေးလိုက်ပြန်၏။

“အင်း အများကြီးပဲ...လွှင့်ပစ်ထားတာတွေလေ”

အားကျောက်က ပြန်ဖြေလိုက်လေသည်။

"ဖောက်သည်တချို့က ဒါမျိုးတွေသုံးတတ်တော့ အခန်းတိုင်းမှာ ဆေးထိုးအပ်တွေနဲ့ ဒီလိုရာဘာပိုက်တွေ ရှိတတ်တယ် ဒါပေမယ့် ကျွန်မတို့ညီအစ်မတွေထဲကတော့ ဘယ်သူမှ အဲတာမျိုး သိပ်သုံးလေ့မရှိကြဘူး"

“ဒါဆို အားရှုရဲ့တိုက်ခန်းက"

“အရူးကြီး”

ကျန်းကျင်းခိုင်၏ မေးခွန်းကြောင့် အားကျောက် ရယ်မောလိုက်၏။

"တညလုံးယူလိုက်တဲ့ ဧည့်သည်တွေကျတော့ ရှင့်အိမ်မှာပဲ လိုက်အိပ်ကြတယ်လေ ဒီတော့ အစ်မရှုအခန်းထဲမှာလဲ ဒီလိုပစ္စည်းမျိုးတွေက ရှိနေမှာပဲပေါ့”

All Chapters