ပြည့်တန်ဆာခေါင်းအားတီ တိုက်ခိုက်ခံရခြင်း
Vol. 10 Ch. 92
နောက်တစ်မနက် ကျန်းကျင်းခိုင် နိုးလာချိန်တွင် အားကျောက်တယောက် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေဆဲပင်။ သာမာန်အားဖြင့် သူ့အလုပ်အကိုင်ကြောင့် ကျန်းကျင်းခိုင်သည် ဘယ်တုန်းကမှ အိပ်ယာက စောစောထတတ်သူမဟုတ်။ သူတို့နှစ်ယောက်တွင် အားကျောက်ကသာ အရင်နိုးတတ်သူ ဖြစ်သည်။
ထူးထူးခြားခြား ယခုတိုင် အားကျောက်မထသေး၍ ကျန်းကျင်းခိုင် စိတ်ပူသွား၏။ သူ သူမ၏ နဖူးကို စမ်းကြည့်လိုက်သည်။
“ဟန်နီ နေမကောင်းဘူးလား”
“အိပ်ရာက မထချင်ဘူးဖြစ်နေတယ်ကွာ"
အားကျောက်က တီးတိုးပြောရင်း ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်၏။
“ဟန်နီ ရှင် ကျွန်မကို ယုံရမယ် ကျွန်မ ဒီကို ဘယ်တော့မှ ဖောက်သည် ခေါ်မလာခဲ့ဘူး”
“ဪ"
ထ်ိုအခါကျမှ အားကျောက် ဘာဖြစ်နေမှန်း ကျန်းကျင်းခိုင် သဘောပေါက်သွား၏။ လက်စသတ်တော့ ဒါကြောင့်မို့ သူမ စိတ်မကောင်းဖြစ်နေတာကိုး။ အားကျောက်က ထပ်ပြောလိုက်ပြန်သည်။
“တကယ်ပါ ကျွန်မ ကျိန်ရဲတယ်”
သူမ၏ အသံတွင် စိုးရိမ်ပူပန်ဟန် အပြည့်ပါဝင်နေသည်။ သူမ၏ စိတ်ထဲတွင် အလုပ်သဘောအရ လိင်ဆက်ဆံခြင်းနှင့် တစ်ညတာ အတူနေခြင်းအကြား ကွဲပြားသည်ဟု ယူဆနေဟန်ရှိသည်။
“စိတ်မပူပါနဲ့ကွာ ကျုပ်က မင်းရဲ့ အနာဂတ်ကိုပဲ ဂရုစိုက်တာ မင်းရဲ့ အတိတ်ကို မဟုတ်ဘူး”
ကျန်းကျင်းခိုင်၏ အသံမှာ နူးညံ့ပြီး နွေးထွေးလှသည်။ ထို့နောက် သူ အားကျောက်၏ ပါးကို ညင်သာစွာ နမ်းလိုက်၏။ အမျိုးသားများနှင့်အမျိုးသမီးများသည် အတွေးအခေါ် စိတ်ကူးစိတ်သန်းများ မတူညီကြပေ။ သို့မဟုတ် ထ်ိုထက် ကွဲပြားအောင်ပြောရလျင် တချို့အမျိုးသားများသည် ကျန်အမျိုးသားတွေနဲ့မတူပဲ ခြားနားနေလေ့ရှိသည်။ တချို့အမျိုးသားများသည် သူ့ချစ်သူအမျိုးသမီးလေး၏ အတိတ်ကိုသိထားခဲ့လျင်ပင် သူတို့နှစ်ယောက် မတွေ့ဆုံမီ ဖြစ်ပျက်ခဲ့သည့် အမျိုးသမီး၏ ဘဝအကြောင်းကို အချိန်ကုန်ခံ၍ စဥ်းစားနေလေ့မရှိပေ။ ကျန်းကျင်းခိုင်သည်လည်း ထိုသို့သော လူစားမျိုးပင်။ သူ့စိတ်ထဲတွင် အားကျောက်၏ ဖြစ်တည်မှုအစုစုတို့ကို လက်ခံထားပြီးသားပင် မဟုတ်ပါလား။ သို့သော် ကံမကောင်းအကြောင်းမလှစွာပင် ကျန်းကျင်းခိုင်၏ အလုပ်သဘာဝအရ အားကျောက်၏ အတိတ်ဘဝကို သူ အမြဲရင်ဆိုင်နေရတော့သည်။
----------------------------
အခြား တိုက်ခန်းတစ်ခုတွင် ဖြစ်သည်။ အားမင် အိပ်ယာမှ နိုးလာ၏။ သို့သော် ချွေကျင်းကား ယခုအချိန်ထိ လောကကြီးနှင့် အဆက်အသွယ်ပြတ်နေဆဲပင်။ ကျန်းကျင်းခိုင်ကဲ့သို့ပင် အားမင်ကလည်း ချွေကျင်း၏ နဖူးကို စမ်းကြည့်လိုက်၏။ အားကျောက်နှင့် မတူသည်မှာ ချွေကျင်း အမှန်တကယ် ဖျားနေခြင်းဖြစ်သည်။ သူမ၏ တကိုယ်လုံး ခြစ်ခြစ်တောက် ပူပြင်းနေ၏။
အခြေအနေကို အားမင် ကောင်းကောင်း သဘောပေါက်ပုံရသည်။ သူ ချက်ချင်းပင် ချွေကျင်းကို ပွေ့ချီပြီး အနီးဆုံးဆေးရုံသို့ ခြေကုန်သုတ်သွားတော့သည်။
-------------------------------
“ဪ အင်စပက်တာကျန်း ဆရာရောက်လာပြီပဲ"
ကျန်းကျင်းခိုင် ရုံးခန်းထဲ ဝင်လိုက်သည်နှင့် လူရှောက်ချိန်က သူ့ထိုင်ခုံမှ ထရပ်ရင်း ပြောလိုက်သာ်။
“ဆာဂျင်ကျန်း ခုနလေးတင် ဖုန်းဆက်တယ် ပြည့်တန်ဆာခေါင်းအားတီ( ပြည့်တန်ဆာခေါင်းအားတီးကို အားတီဟု ပြောင်းဖတ်ပေးကြပါရန်)အတိုက်ခိုက်ခံရတယ် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ် အခု ဆေးရုံမှာလို့ ပြောပါတယ် အင်စပက်တာ"
“ဘာ”
ကျန်းကျင်းခိုင် တုန်လှုပ်သွား၏။
“အားတီ အတိုက်ခိုက်ခံရတယ် ဟုတ်လား”
“ဟုတ်ကဲ့ ဆာကျင်ကျန်း အပြောအရ တိုက်ခိုက်သူတွေက အင်မတန်ကြမ်းတမ်းကြသတဲ့ ကြည့်ရသလောက် သူတို့ အားတီကို အသေလုပ်တဲ့ပုံပဲ ဒါပေမယ့် အသံဗလံတွေဆူညံလွန်းတော့ အိမ်နီးချင်းတွေ ကြားကုန်ကြတယ်လို့ ပြောပါတယ် အင်စပက်တာ အားတီ ကံကောင်းသွားတယ်ဆိုရမှာပေါ့"
“လာကွာ လမ်းမှာ ဆက်ပြောကြတာပေါ့"
ကျန်းကျင်းခိုင် ရုံခန်းထဲမဝင်တော့ပဲ ကားပါကင်ကို ခြေဦးလှည့်လိုက်၏။ လူရှောက်ချိန်လည်း သူ့နောက်မှ လိုက်ပါလာလေသည်။ အသွားလမ်းတွင် အားတီ ဘာဖြစ်ခဲ့သည်ကို လူရှောက်ချိန်က ကျန်းကျင်းခိုင်ကို အကျဥ်းချုပ်ပြောပြ၏။
ထင်ရှားသည်မှာ လူတစ်စုသည် ယနေ့မနက်အစောပိုင်းတွင် အားတီ၏အိမ်ထဲသို့ အတင်းဝင်ရောက်ကာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့ကြ၏။ အားတီ၏ရင်ဘတ်တွင် ဓားဒဏ်ရာ ရရှိခဲ့သော်လည်း ကံကောင်းစွာဖြင့် ဓားသည် နှလုံးနှင့် လွဲချော်သွားခဲ့လေသည်။ ရန်ပြုသူများအား ခုခံရန်ကြိုစားစဥ် မီးဖိုချောင်ဗီရိုနှင့် ပန်းကန်ခွက်ယောက်များ ကျကွဲသံကြောင့် အိမ်နီးချင်းများ သတိပြုမိကာ ချက်ချင်း ရဲကို ဖုန်းခေါ်နိုင်ခဲ့သည်။ ထို့ကြောင့် အားတီ အသက်ရှင်ခဲ့ခြင်းပင်။ ဖြစ်စဥ်၏ အသေးစိတ်အချက်အလက်များ ရရှိရန်တော့ အားတီ သတိပြန်ရလာသည်အထိ သူတို့ စောင့်ဆိုင်းရပေလိမ့်မည်။
“အင်စပက်တာကျန်း ခင်ဗျား ရောက်ပြီပဲ”
သူတို့ကို မြင်သည်နှင့် ကျန်းနန်တယောက် အလျင်စလို လျှောက်လာပြီး ပြောလိုက်သည်။
"အသက်အန္တရာယ်ကတော့ စိတ်ပူစရာမလိုတော့ဘူး ဒါပေမဲ့ သူ သတိမေ့နေတုန်းပဲ”
ကျန်းကျင်းခိုင်က ပြန်မေးလိုက်ပြန်သည်။
“တိုက်ခိုက်သူတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားပြီလဲ”
“မသိသေးဘူး”
ကျန်းနန် ခေါင်းခါလိုက်သည်။
“ဒီကောင်က တစ်ယောက်တည်းနေတာဆိုတော့ တိုက်ခိုက်သူတွေ ဘယ်လိုပုံစံရှိသလဲဆိုတာတောင် ဘယ်သူမှ မသိဘူး ဒါပေမယ့် သူ့အိမ်နီးချင်းတွေရဲ့ အဆိုအရတော့ လူသုံးယောက်ကနေ ငါးယောက်လောက်ရှိမယ် ပြီးတော့ ကားနဲ့လာကြတာတဲ့”
“အိမ်နီးချင်းတွေက တခြားဘာပြောကြသေးလဲ"
ကျန်းကျင်းခိုင် ဆက်မေးလိုက်သည်။
ထိုအခါ ကျန်းနန်က ရှင်းပြလိုက်သည်။
“ကျွန်တော်လဲ တမနက်ခင်းလုံး ဆေးရုံမှာ အလုပ်ရှုပ်နေလို့ သက်သေစုတဲ့အလုပ်ကို ဘူတာက တခြားအရာရှိတွေကို လွှဲထားခဲ့ရတယ်အင်စပက်တာ ဒီတော့ ကျွန်တော်လည်း အခြေအနေကို သိပ်မသိပါသေးဘူး"
ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့ သူ့ကို စောင့်ကြည့်ဖို့ တာဝန်ပေးပြီးပြီလား"
“ဟုတ်ကဲ့"
ကျန်းနန်က ပြန်ဖြေလိုက်သည်။
“ကောက်ဝေ နဲ့ တခြားအရာရှိတစ်ယောက်ကို သူ့လုံခြုံရေးအတွက် တာဝန်ပေးထားပြီးပြီ အင်စပက်တာ"
"ကောင်းတယ် သူ့လုံခြုံရေးကို ကျုပ်တို့ဂရုစိုက်ဖို့လိုတယ်”
ထို့နောက် ကျန်းကျင်းခိုင်က လူရှောက်ချိန်ဘက် လှည့်ပြီး အမိန့်ပေးလိုက်၏။
"ရှောက်ချိန် လျူနင်းကို ဖုန်းခေါ်ပြီး ဒီနေ့ ဘယ်သူတွေ အားလဲဆိုတာ တချက်စစ်ခိုင်းလိုက် ပြီးရင် ဒီကို အရာရှိနှစ်ယောက်လောက် ပို့ပေးဖို့ ပြောလိုက်စမ်းပါ"
“ဟုတ်ကဲ့ အင်စပက်တာကျန်း”
ထို့နောက် ကျန်းကျင်းခိုင်က ကျန်းနန်ကို အမိန့်ထပ်ပေးလိုက်ပြန်သည်။
“ဆာဂျင်ကျန်း ခင်ဗျားကတော့ ဒီမှာပဲ နေပြီး ဆက်ပြီးကြီးကြပ်လိုက်ပါ ကောက်ဝေပြန်လာမှပဲ ခင်ဗျားပြန်လိုက်ပေါ့"
ထို့နောက် သူ လူရှောက်ချိန်ဘက် လှည့်ကြည့်လိုက်သည်။ လူရှောက်ချိန်ကား လျူနင်းထံပင် ဖုန်းခေါ်ပြီးသွားလေပြီ။ ထိုအခါ သူက ပြောလိုက်၏။
"ကဲ လာ ကျုပ်တို့ မှုခင်းဖြစ်ပွားတဲ့နေရာကို သွားကြည့်ရအောင်"