← Chapters

အကင်ဆိုင်မှ နေ့လည်စာ

Vol. 10 Ch. 93

အကင်ဆိုင်မှ နေ့လည်စာ

Vol. 10 Ch. 93

အားတီ၏ နေအိမ်ကို ကျန်းကျင်းခိုင် သေသေချာချာ စစ်ဆေးခဲ့၏။ တအိမ်လုံး ရှုပ်ပွနေပြီး ပရိဘောဂအများစုမှာ ပျက်စီးနေသည့်အပြင် နေရာအနှံ့တွင် သွေးများ ပေကျံလျက်ရှိသည်။ ကြည့်ရသလောက် အားတီတယောက် ရန်ပြုသူများနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ဟန်ပင်။

"ဘာသဲလွန်စတွေ ရထားသလဲ”

ကျန်းကျင်းခိုင်က သက်သေရှာဖွေရေးဌာနမှ တဦးအား မေးလိုက်သည်။

"ဘာမှ သိပ်မတွေ့ရဘူး အင်စပက်တာကျန်း ဒါပေမဲ့ အခန်းထဲက ပျက်စီးမှုပမာဏအရ အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာ မြင်သာတယ် ဒါ့အပြင် တိုက်ခိုက်တဲ့သူတွေဟာ ပရော်ဖက်ရှင်နယ်ဟုတ်ပုံမရဘူး သူတို့ သားကောင်ကို ဓားနဲ့အကြိမ်ပေါင်းမနည်းဘူးထိုးခဲ့တယ် ဒါပေမဲ့ သေလောက်တဲ့ဒဏ်ရာတခုမှမရဘူး ဒါမှမဟုတ် သူတို့ အားတီကို တကယ်မသတ်ချင်တာမျိုးလဲ ဖြစ်နိုင်တယ်”

သက်သေရှာဖွေရေးအဖွဲ့မှလူက စကားကို ခေတ္တရပ်ပြီး ကျန်းကျင်းခိုင်ကို ကြည့်လိုက်သည်။ ပြီးမှ သူက ဆက်ပြောလိုက်၏။

“ပြီးတော့ အခင်းဖြစ်သွားတဲ့နေရာတခုလုံးက အိမ်နီးချင်းတွေရဲ့ခြေရာလက်ရာကြောင့် ရှုပ်ထွေးကုန်တယ် ကျွန်တော်တို့ ဒါကို ခွဲထုတ်ဖို့ ကြိုးစားနေတယ် ဒါပေမယ့် အချိန်တော့လိုတယ်"

“ကောင်းပြီလေ ဆက်ကြိုးစားပါ”

ကျန်းကျင်းခိုင်က ထိုလူ၏ပုခုံးကိုပုတ်ရင်း အားပေးစကားပြောလိုက်သည်။ ထို့နောက် သူ အားတီ၏ နေအိမ်မှ ထွက်လာခဲ့လေသည်။

အိမ်ပြင်ရောက်သည်နှင့် ကျန်းကျင်းခိုင် ဆောင်ရွက်သည်မှာ အခင်းဖြစ်ပွားနေကြောင်း သိရှိပြီး ရဲကို ဖုန်းဆက်ခဲ့သည့် အိမ်နီးချင်းတချို့နှင့် စကားပြောဆိုကြည့်ခြင်းပင် ဖြစ်သည်။ သူတို့၏ ထွက်ဆိုချက်များအရ သူသိရှိလာသည်မှာ တိုက်ခိုက်သူသည် အနည်းဆုံးလေးဦးရှိပြီး ထိုထဲမှတစ်ဦးမှာ ဒေသခံဖြစ်နိုင်ကြောင်း သိရ၏။ အကြောင်းမှာ တရားခံများအနက်တစ်ဦးက ဒေသခံလေယူလေသိမ်းနှင့် ပြောနေသည်ကို အိမ်နီးချင်းတစ်ဦးက ကောင်းကောင်းကြီး ကြားခဲ့သောကြောင့်ပင်။

အိမ်နီးချင်းများအား မေးမြန်းပြီးသည်နှင့် ကျန်းကျင်းခိုင်သည် လူရှောက်ချိန်ကိုခေါ်ကာ ရှုပ်ပွနေသောနေရာမှ ထွက်ခွာလာခဲ့လေသည်။ ရုံးသို့အပြန်လမ်းတွင် သူ ဆေးရုံသို့ ဖုန်းခေါ်လိုက်သေး၏။ ကျန်းနန်တယောက် အခင်းဖြစ်ပွားရာနေရာသို့ ထွက်သွားပြီဖြစ်ကြောင်း ထိုအခါကျမှ ကျန်းကျင်းခိုင် သိရ၏။ သူတို့နှစ်ယောက် တေ့လွဲလွဲသွားခြင်းပင်။ အားတီမှာ ယခုအချိန်ထိ သတိမေ့မြောနေဆဲဖြစ်သည်။ ကျန်းကျင်းခိုင်၏ ရုံးမှ အရာရှိနှစ်ဦးသည်လည်း အခန်းအပြင်ဘက်တွင် စောင့်ကြပ်နေကြသည်။ အားတီ၏ လုံခြုံရေးသည် အရေးကြီးကြောင့် စောင့်ကြပ်ရေးတာဝန်ကျနေသောအရာရှိလေးဦးအား ကျန်းကျင်းခိုင်က ထပ်မံသတိပေးလိုက်သေး၏။

သိပ်မကြာမီ သူတို့နှစ်ဦး လက်ထောက်ခရိုင်ရုံးသို့ ပြန်ရောက်လာ၏။ ရုံးခန်းသို့ ပြန်ရောက်သည်နှင့် ကျန်းကျင်းခိုင် ပထမဆုံးလုပ်သည်မှာ ကျန်ယွဲ့ချန်းထံမှ ရရှိထားသော စာရွက်စာတမ်းများကို အံဆွဲထဲတွင် သော့ခတ်သိမ်းဆည်းထားလိုက်ခြင်းပင်။ ထို့နောက် သူ ထိုင်ခုံတွင် ထိုင်ကာ လတ်တလောအတွင်း ဖြစ်ပွားခဲ့သောအခြေအနေများနှင့် ထပ်မံရရှိထားသော သဲလွန်စများကို ပြန်လည်သုံးသပ်ကြည့်နေလေသည်။ ယခုအချိန်တွင် အားတီတိုက်ခိုက်ခံရခြင်းသည် လမ်းကြားအတွင်း ဖြစ်ပွားခဲ့သည့် ကွင်းဆက်လူသတ်မှုများနှင့် ဆက်စပ်နေကြောင်း အတော်လေးသေချာနေခဲ့ပေပြီ။ တဖန် အားတီ၏ နေအိမ်တွင် တွေ့ရှိခဲ့သည့် မြင်ကွင်းများအရ ဤအမှုသည် ထိပ်ပြောင်ဝံပုလွေနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်ပေသည်။ တနည်းအားဖြင့် ဤအမှုသည် စွေ့တီကွမ်း၏ လက်ကျန်ဂိုဏ်းဝင်များလက်ချက်သာ ဖြစ်ဖို့များနေ၏။ သို့သော် ၎င်းကိုသက်သေပြနိုင်ရန် မည်သည့်အထောက်အထားမျှ မရှိသေး။

ထိုအချိန်မှာပင် အားကျောက်ဆီမှ ဖုန်းဝင်လာ၏။

“ဟန်နီရေ နေ့လယ်အားလား တခုခုသွားစားရအောင်လေ"

“အင်း...အားတယ်လေ”

ပထမကတော့ ကျန်းကျန့်ခိုင် ငြင်းရန်စိတ်ကူးလိုက်သေးသည်။ သို့သော် သူ အားတီအမှုကို ချက်ချင်းသတိရလိုက်၏။ သူ့အနေနှင့် သူမထံမှ သဲလွန်စအချို့ ရကောင်းရနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် သူ အောက်ပါအတိုင်း မေးလိုက်လေသည်။

"ဘာစားချင်လဲပြော”

“ရှင့်သဘော ဒါပေမယ့် ခေါက်ဆွဲတော့ မစားချင်တော့ဘူး”

အားကျောက်၏ အသံမှာ ချိုသာကြည်လင်နေသည်။

"ကျွန်မတို့ အမြဲတမ်း ခေါက်ဆွဲပဲ စားနေရတယ် ကြာရင် ကျွန်မလဲ ခေါက်ဆွဲဖြစ်တော့မယ်ထင်တယ်"

“ဟား ဟား ဟား”

ကျန်းကျင်းခိုင် အော်ဟစ်ရယ်မောလိုက်သည်။ ဘာပဲပြောပြော အားကျောက်သည် သူ၏ ရှုပ်ထွေးနေသောအာရုံများကို ခနတာ ငြိမ်သက်စေနိုင်သည့် အစွမ်းရှိပုံရနေ၏။

“ဒါဆို အကင်သွားစားကြမလား"

ကျန်းကျင်းခိုင်က တစ်စက္ကန့်မျှ စဉ်းစားပြီးနောက် မေးလိုက်၏

နေ့လည်တွင် ကျန်းကျင်းခိုင်သည် အားကျောက်ကို မူကြိုကျောင်းတွင်သွားကြိုပြီး လှပစွာပြင်ဆင်ထားသည့် အကင်ဆိုင်သို့ ခေါ်သွားခဲ့လေသည်။ လှပပြီး အဆင့်အတန်းမြင့်သော ဆိုင်အခင်းအကျင်းကိုကြည့်ရင်း အားကျောက်က မေးလိုက်သည်။

“ဘာလို့ ဒီကို ခေါ်လာတာလဲ လစာ ထုတ်ထားတာလား ဒါမှမဟုတ် တစ်ခုခု ဖုံးကွယ်ထားတာ တခုခုများ ရှိလို့လား ပြောစမ်း”

“ဟဲဟဲ”

ကျန်းကျင်းခိုင် ပြုံးစေ့စေ့ ဖြစ်သွား၏။

"ကျုပ်က မင်းရဲ့မျက်လုံးထဲမှာ ဒီလောက်တောင်အထင်သေးစရာကောင်းနေလား ပြောစမ်း"

“မဟုတ်ဘူး၊ အဲဒီလို ပြောတာ မဟုတ်ဘူးလေ”

အားကျောက်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။

“သိချင်လို့ပေါ့ ပုံမှန်ဆို ဒီလောက် ချွေတာတတ်တဲ့သူက ဒီလို ခမ်းနားတဲ့နေရာကို ခေါ်လာတယ်ဆိုတော့ ထူးဆန်းတယ်လေ”

ကျန်းကျင်းခိုင် ဘာမှမပြောပဲ ပြုံးလိုက်၏။ ထို့နောက် သူသည် မီနူးကို ကြည့်ကာ ရရှိနိုင်သော ဟင်းလျာများကို မေးငေါ့ပြလိုက်သည်။ အားကျောက်သည် အစားအစာ အမျိုးမျိုးကို ကြိုက်တတ်ပြီး သူမ မစားသည့် အရာ မရှိကြောင်း သူသိထား၏။ မစားဖူးသော အစားအစာဖြစ်လေလေ သူမ စမ်းကြည့်ဖို့ များလေလေပင်။

အစားအသောက်များ မှာပြီးသည်နှင့် ကျန်းကျင်းခိုင်က စကားစလိုက်၏။

"ဒါနဲ့ ဟန်နီ မင်းကို ပြောစရာရှိတယ် အားတီ တိုက်ခိုက်ခံရတယ် တော်တော်လေးကို ထိခိုက်ဒဏ်ရာရသွားတယ်”

“တကယ်လား”

အားကျောက် အံ့သြသွား၏။ ထို့နောက် သူမက လေးနက်သောအမူအရာနှင့် မေးလိုက်လေသည်။

"ဒါ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ ဘယ်သူ လုပ်မှန်းရောသိပြီလား"

“မသိသေးပါဘူး”

ကျန်းကျင်းခိုင်က ပခုံးတွန့်ပြလိုက်၏။

“ဒီမနက် ဖြစ်တာ မနက် ၄ နာရီလောက်မှာဆိုပါတော့”

“အိုး ဒါဆို ဘာကြောင့် တိုက်ခိုက်ခံရမှန်း မသိဘူးပေါ့”

ပြောရင်းနှင့် အားကျောက်၏ မျက်နှာအမူအရာမှာ ပို၍တည်ကြည်လာခဲ့၏။ မည်သို့ဆိုစေ သူမသည် အားချွန်၊ အားတီတို့နှင့် နှစ်ပေါင်းများစွာ ပြောဆိုဆက်ဆံခဲ့ရ၍ ခင်မင်ရင်းစွဲတော့ ရှိသည်မဟုတ်ပါလား။

“အင်း အမှန်ပဲ”

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။ အားကျောက်တယောက် အားတီနှင့်ပတ်သက်၍ တကယ်စိုးရိမ်နေကြောင်း သူ သဘောပေါက်၏။ ထိုအချိန်တွင် ကျန်းကျင်းခိုင် မှာကြားထားသည့် အစားအသောက်များ သယ်ဆောင်လာသော စားပွဲထိုး သူတို့ဝိုင်းသို့ ပြန်ရောက်လာလေသည်။

“ကဲပါ အရင်စားကြရအောင်”

“အင်း”

သို့သော် အားကျောက်၏ အာရုံကတော့ အစားအသောက်မှ အမှုဖက်သို့ ရောက်သွားခဲ့လေပြီ။

All Chapters