ချွေကျင်းနှင့်အားမင်
Vol. 10 Ch. 94
ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်ထဲတွင် ဖြစ်သည်။ ချွေကျင်း မျက်လုံးအစုံကို ဖြည်းညှင်စစွာ ဖွင့်လိုက်၏။ အဖျားကြီးလွန်း၍ သူမ၏ မျက်နှာမှာ ကြည့်ရဆိုးနေဆဲပင်။ ပတ်ဝန်းကျင်ကို ကြည့်ရုံနှင့် သူမ ဘယ်နေရာကို ရောက်နေမှန်း ချွေကျင်း ချက်ချင်းသိရှိသွား၏။ သို့သော် ဆေးရုံသို့ မည်သည့်နည်းမည်သည့်ပုံနှင့် ရောက်လာသည်ကိုကား သူမ မမှတ်မိတော့ချေ။
ထို့နောက် ချွေကျင်းသည် အားတင်းထထိုင်ပြီး ဆေးရုံကုတင်၏ ခေါင်းရင်းဘက်သို့ မှီလိုက်၏။ သူမ ရောက်နေသည့်အခန်းမှာ နှစ်ယောက်ခန်း ဖြစ်ပုံရသည်။ သို့သော် အခန်းတဖက်ခြမ်းရှိ ကျန်တစ်လုံးကုတင်မှာ လွတ်နေ၏။ ကျန်လူနာတဦးဆင်းသွားသည်မျိုးလည်း ဖြစ်နိုင်၏။ သို့မဟုတ် မည်သည့်လူနာမှ မရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ တဖန် သူမက ညာဘက်လက်ကို မြှောက်ကြည့်လိုက်ရာ လက်ဖမိုးတွင် ဆေးထိုးအပ်ချိတ်ထားပြီး အကြောဆေးသွင်းထားကြောင်း တွေ့ရပြန်၏။
ငါဖျားနေတာလား... ဟုတ်တယ်...ငါဖျားနေတာပဲ ဖြစ်ရမယ်...
ထိုသို့တွေးပြီး ချွေကျင်း မျက်လုံးအစုံကို မှိတ်လိုက်ပြန်သည်။ ကြည့်ရသည်မှာ သူမ၏ ခန္ဓာကိုယ်သာမက သူမ၏ စိတ်ဝိညာဉ်ပါ နာဖျားနေခြင်း ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။
ဒါပေမယ့် ဘယ်သူက ငါ့ကို ဆေးရုံပို့တာလဲ...
ထိုအတွေး ဝင်လာသည်နှင့် သူမ မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြန်သည်။
ဟုန်းပင်များ ဖြစ်နေမလား...
ထိုအတွေးကြောင့် သူမ စုတ်တချက်သပ်လိုက်၏။ဤအခြေအနေမျိုးတွင် လီဟုန်းပင်လိုကောင်မျိုးကို မျှော်လင့်နေမိသည်မှာ ရယ်စရာကောင်းလှသည် မဟုတ်ပါလား။
ဒါမှမဟုတ် ကျီးယွမ်ပဲလား
သူမ မျက်လုံး ပြန်မှတ်လိုက်ပြန်၏။
မဟုတ်ဘူး...သူ ဖြစ်နိုင်မှာ မဟုတ်ဘူး
သူ ပြန်သွားမှ ငါ ထွက်လာခဲ့တာပဲလေ...
"ဘယ်လိုလဲ မင်း နိုးလာပြီလား"
ထိုအချိန်မှာပင် လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ်လာ၏။ ချွေကျင်း၏ စိတ်ထဲမှာ ထိုအသံကို ကြားဖူးသလိုလို ခံစားရလေသည်။
"မင်း သေချင်လို့လား"
ဟင်...သူပဲ... ငါ့ကို ကယ်ခဲ့တဲ့သူရဲ့ အသံပဲ...
"မင်းစားဖို့ ထမင်းနဲ့ဟင်းတွေ ယူလာတယ် မင်း ကိုယ်တိုင် စားမလား ဒါမှမဟုတ် ကျုပ် ကူညီရမလား"
ထိုလူငယ်က ပြောလိုက်သည်။ သူ့အသံမှာ နားထောင်လွယ်သော်လည်း ဘာခံစားချက်မှ မရှိသောအသံမျိုး ဖြစ်သည်။
"ကျွန်မ... ကျွန်မကိုယ့်ဟာကို စားနိုင်ပါတယ်"
ခါးကိုဖြောင့်ဖြောင့်ထားရန် ကြိုးစားရင်း ချွေကျင်းက ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်။ ကျွန်မကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"
ထို့နောက် သူမက လူငယ်ကို အားတင်းရင်း ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"ရပါတယ်ကွာ"
လူငယ်က ချွေကျင်းကို ပြုံးပြလိုက်၏။ သူ့အပြုံးမှာ အလွန်ရိုးသားပြီး ဟုန်းပင်နှင့် ဘာမှမဆိုင်ချေ။
ကျွတ်!!! ဘာလို့ အဲဒီတိရစ္ဆာန်လို လူအကြောင်းကို ငါ ခုထိတွေးနေရတာလဲ...
ချွေကျင်း ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်မိ၏။
"ကျွန်တော် မွန်းလွဲပိုင်းမှာ တခြားအလုပ်တွေ ရှိသေးတယ် ခနနေရင် ခင်ဗျားရဲ့ သူနာပြု ဆေးလာသွင်းလိမ့်မယ်"
လူငယ်က ချွေကျင်းအား ထမင်းဘူးပေးရင်း ပြောလိုက်သည်။
"ခင်ဗျား တကယ်ပဲ ကျွန်တော့်အကူအညီ မလိုဘူးလား"
"အို... ကျွန်မ..."
ချွေကျင်း ဘာပြောရမှန်းမသိ ဖြစ်နေ၏။ သူမ ဝန်ခံရမည်မှာ သူမရှေ့ရှိ လူငယ်သည် လီဟုန်းပင်လောက် မခန့်ညားသည့်တိုင် ၎င်းထက်တော့ သန်မာတောင့်တင်း၏။ ပုံမှန်အမျိုးသမီးတယောက်အနေနှင့် ဤယောက်ျားမျိုးကို ဆွဲဆောင်မှုမရှိဟုပြောလျင် လိမ်ရာရောက်ပေလိမ့်မည်။
"ကျွန်တော် ခင်ဗျားကို ထမင်းကျွေးရမှာလား ဒါမှမဟုတ် တကယ်ပဲ ကိုယ့်ဟာကို စားမှာလား"
လူငယ်က ထပ်မံမေးမြန်းလိုက်ပြန်သည်။
"ဖြစ်နိုင်ရင်...ရှင်ပဲ ခွံ့ကျွေးပါတော့ရှင်"
နောက်ဆုံးတော့ ချွေကျင်း ထိုလူငယ်ကို အကူအညီ တောင်းလိုက်ရလေသည်။ စိတ်ထဲတွင်လည်း သူမက လူငယ်ကို နည်းနည်းတော့ ကျွဲမြီးတိုသွား၏။
ခေါင်းမာလိုက်တဲ့လူ....ဗလကြီးသလောက် ဦးနှောက်သေးတဲ့လူ... အတင်းခွံ့ကျွေးလိုက်ပါတော့လား...ငါပြောမှပဲ ခွံ့ကျွေးမှာလား...
"အော် ဟုတ်ပြီလေ ကျွန်တော် ခင်ဗျားကို ခွံ့ကျွေးမယ်"
လူငယ် နည်းနည်းတော့ အံ့သြသွားပုံရ၏။ သူ့စိတ်ထဲတွင် ချွေကျင်း ငြင်းလိမ့်မည်ဟု ထင်နေပုံရသည်။
ဟွန့်...ငတုံးလေးလားမသ်ိဘူး... ငါက ဘယ်လက်နဲ့ ဘယ်လိုလုပ်ပြီး စားရမှာလဲ...ထမင်းဘူးထဲက ထမင်းကို လျှာနဲ့ လျက်စားရမှာလား...
ထို့နောက် လူငယ်က ချွေကျင်း၏ခန္ဓာကိုယ်ကို ကုတင်အလယ်သို့ ဖြည်းညှင်းစွာ ကူရွှေ့လိုက်ပြီး သူမဘေးတွင် ထိုင်ချလိုက်၏။ ထို့နောက် သူက ထမင်းဘူးကိုဖွင့်ကာ ဆန်ပြုတ်ကို တဇွန်းချင်းစီ ခွန့်ကျွေးတော့သည်။ ချွေကျင်းကလည်း ဇွန်း ပါးစပ်ဝသို့ရောက်လာတိုင်း အလိုက်သင့် ပါးစပ်ဟပေးနေ၏။ အမှတ်တမဲ့ကြည့်လျင် သူတို့နှစ်ယောက်ပုံစံမှာ ချစ်သူစုံတွဲနှင့် တူလှပေသည်။
"ကဲ ပြီးပြီ"
ချွေကျင်း နောက်ဆုံးဆန်ပြုတ်တဇွန်းကို မြိုချရင်း ပြောလိုက်သည်။ သူမ၏ပါးပြင်မှာ ရဲရဲနီနေ၏။
"ကျေးဇူးတင်ပါတယ်ရှင်"
"ရပါတယ်"
လူငယ်က ဘာမှမထူးဆန်းသောဟန်ပန်နှင့် ပြောလိုက်၏။
"ထမင်းဘူးကို ဒီမှာ ထားခဲ့လိုက်မယ် မွန်းလွဲပိုင်းကျရင် ဆေးရုံကဝန်ထမ်းတွေ လာယူလိမ့်မယ် ခင်ဗျား နားလိုက်ပါအုံး မွန်းလွဲပိုင်းမှာ ကျွန်တော် မအားဘူး ညနေကျမှ ခင်ဗျားကို လာကြည့်တော့မယ်"
ထို့နောက် ထိုလူငယ်က အခန်းထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
"ခနလေး..."
ချွေကျင်းက လှမ်းခေါ်လိုက်၏။
"ဟိုဟာလေ... ရှင့် နာမည် ဘယ်သူလဲ"
"အော် ကျွန်တော့နာမည် အားမင်ပါ"
ထို့နောက် အားမင်က ချွေကျင်းက တချက်ကြည့်ပြီး ထွက်သွားလေသည်။
"အားမင်..."
ချွေကျင်း တီးတိုးရေရွတ်လိုက်၏။
နာမည်က ခန့်ညားသားပဲ...
ထိုအတွေးကြောင့် ချွေကျင်းမျက်နှာ နီရဲလာပြန်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူမ နှုတ်ခမ်းစူသွား၏။
တော်တော်တုံးလိုက်တဲ့လူပါလား... ငါ့နာမည် ဘယ်သူလဲလို့ မေးလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ...
------------------------------
"ကဲ ဗိုက်ပြည့်သွားပါပြီရှင်"
အားကျောက် နောက်ဆုံးအကင်ကို ကောက်ဝါးရင်း အထက်ပါအတိုင်း ပြောလိုက်၏။
"ဘုရားရေ ဗိုက်တအားတင်းသွားပြီ ဒီည ညစာစားနိုင်မယ် မထင်တော့ဘူ"
"ဟဲဟဲ၊ ဘယ်သူက မင်းကို အဲလောက်အများကြီးစားခိုင်းလို့လဲ"
ကျန်းကျင်းခိုင်က အားကျောက်၏ ပုံစံကို ကြည့်ကာ ရယ်မောလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်သည် ငွေရှင်းပြီး ကားပါကင်သို့ ထွက်လာခဲ့ကြလေသည်။
ကားပေါ်ရောက်သည်နှင့် အားကျောက်က ဗိုက်ပွတ်ရင်း ကျေနပ်အားရစွာ ပြောလိုက်လေသည်။
"ဟန်နီ ကျွန်မ ညနေကျရင် စာသင်ချိန်ရှိတယ် ဒါကြောင့် ရှင် အလုပ်များနေရင် မလာချင်မလာနဲ့လေ ကျွန်မတစ်ယောက်တည်း ညစာစားလို့ရပါတယ်"
"အင်း ကျုပ် အခြေအနေကြည့်လိုက်မယ်လေ"
ကျန်းကျင်းခိုင်က မရေမရာဟန်ဖြင့် ပြန်ပြောလိုက်၏။
"အင်း ဟုတ်ပြီ"
မည်သို့ဆိုစေ ကျန်းကျင်းခိုင်၏စကားကြောင့် အားကျောက်၏ ရင်ထဲတွင် နွေးထွေးသွား၏။ သူမစိတ်ထဲတွင်လည်း ကျန်းကျင်းခိုင်နှင့် အတူရှိနေရန် မျှော်လင့်နေသည် မဟုတ်ပါလား။
"ဒါဆို ကျွန်မ ရှင် ဖုန်းခေါ်တာကို စောင့်နေမယ်လေ အော် ဒါနဲ့ ဟန်နီ... အားတီ ခုလိုဖြစ်ခဲ့တာက လမ်းကြားထဲက လူသတ်မှုတွေနဲ့များ ပတ်သက်နေတာလား"
"အင်း ကျုပ်လဲ အဲဒါပဲ တွေးနေတာ"
ကျန်းကျင်းခိုင်က ကားစက်နှိုးရင်း ပြန်ဖြေလိုက်၏။
"ဒါပေမယ့် ဒီ နှစ်ခုကို ချိတ်ဆက်ပေးနိုင်တဲ့ သက်သေအထောက်အထားတော့ ကျုပ်တို့ မတွေ့သေးဘူး"
"ဒါဆို အားချွန်ကရော ဘာလို့ ဘာမှမဖြစ်တာလဲ"
အားကျောက်က တွေးဆနေဟန်ဖြင့် ပြောလိုက်သည်။
"အားချွန်"
ထိုနာမည်ကိုကြားသည်နှင့် ကျန်းကျင်းခိုင် ထိတ်ခနဲ ဖြစ်သွား၏။
ဟုတ်သားပဲ... အားတီ ခုလို အတိုက်ခိုက်ခံရတယ်ဆိုတော့ အားချွန်ရဲ့ လုံခြုံရေး... ဟာ မဖြစ်နိုင်ဘူး... ဒါပေမဲ့ အားချွန်ရဲ့သူ့မိသားစု...သူတို့ ဘေးကင်းပါ့မလား...
ထိုအတွေးဝင်လာသည်နှင့် ကျန်းကျင်းခိုင် ကားကိုချက်ချင်းမောင်းထွက်လိုက်၏။
"ဟန်နီ မင်းကို အခု မူကြိုကို ပြန်လိုက်ပို့မယ် ညစာစားချိန်ကျမှ ကျုပ်ဆီဖုန်းဆက်ပေါ့ ဟုတ်ပြီလား"
"အင်း ဟုတ်ပြီ"
ကျန်းကျင်းခိုင် ရုတ်တရက် ဘာဖြစ်သွားမှန်း အားကျောက် မသိ။ သူမ သိသည်မှာ ကျန်းကျင်းခိုင် ကားကိုမြန်ဆန်စွာ မောင်းနေခြင်းပင်။ ကားမှာ မြန်လွန်း၍ အားကျောက် ကြောက်ပင်ကြောက်လာ၏။ သို့သော် ကျန်းကျင်းခိုင်ကို သူမ ဘာမှမပြောမိချေ။ အရေးတကြီး လုပ်စရာ တစ်ခုခု ပေါ်လာသည်မှာ သိသာလွန်းသည် မဟုတ်ပါလား။
သိပ်မကြာမီ ကျန်းကျင်းခိုင်၏ကား မူကြိုကျောင်းရှေ့သို့ ရောက်လာ၏။ စိတ်ရှုပ်ထွေးနေသောအားကျောက် ကားပေါ်မှဆင်းလိုက်လေသည်။ ထိုအခိုက်မှာပင် ကျန်းကျင်းခိုင်၏ကားက ဝူးခနဲ မောင်းထွက်သွားလေသည်။