အားချွန်၏ဧည့်သည်များ
Vol. 10 Ch. 95
ကျန်းကျင်းခိုင် သူ့ကားကို ကျူအန်းရဲစခန်းရှေ့တွင် ရပ်လိုက်၏။ သူ အားချွန်၏ အိမ်လိပ်စာကို မသိချေ။ ထို့ကြောင့် ကျန်းနန်ဆီသို့ သူ အရင်ဝင်လိုက်ခြင်းပင်။
"ဆာဂျင်ကျန်း မြန်မြန်"
ကျန်းကျင်းခိုင် ကမူးရှုးထိုးနှင့် ကျန်းနန်၏ ရုံးခန်းထဲ ပြေးဝင်လာရင်း အထက်ပါအတိုင်း အော်လိုက်သည်။
"အားချွန်... အားချွန်ရဲ့ မိသားစု အန္တရာယ်ရှိနေပြီ"
"ဘာ"
ကျန်းနန် အကြီးအကျယ် အံ့သြသွား၏။ သို့သော် သူက အခြေအနေကို ချက်ချင်း သဘောပေါက်သွားလေသည်။
"ကောင်းပြီ၊ သွားမယ် သူဘယ်မှာနေလဲ ကျွန်တော်သိတယ်"
ကျန်းနန် က သူ့လက်ထဲမှ စာရွက်များကို စားပွဲပေါ်ပစ်တင်ပြီး ကျန်းကျင်းခိုင်နှင့်အတူ ရဲစခန်းအပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်လာခဲ့၏။ ကားပါကင်တွင် အရာရှိနှစ်ဦး အသင့်တွေ့ရ၏။ ကျန်းနန်က ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။
"ဟန်လေး ရွှေယန် မင်းတို့ အခုချက်ချင်း ကျုပ်နဲ့လိုက်ခဲ့"
ထို့နောက် ဥသြသံများမြည်လာပြီး သူတို့၏ကား ကားပါကင်မှ ဝုန်းခနဲ မောင်းထွက်လာခဲ့၏။
ဆယ်မိနစ်ခန့်အကြာတွင် သူတို့၏ကား အားချွန် ၏အိမ်သို့ ရောက်ရှိလာသည်။
"မင်းတို့နှစ်ယောက် ဒီအောက်မှာနေပြီး စောင့်ကြည့်ထားကြ ကျုပ်နဲ့ဆာဂျင်ကျန်း အပေါ်ကို တက်သွားမယ်"
ကျန်းကျင်းခိုင်က အမိန့်ပေးလိုက်၏။ ထို့နောက် သူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ မူမမှန်သည့်တစုံတရာမှ မတွေ့ရ၍ သူ နည်းနည်းတော့ စိတ်အေးသွား၏။
"အခြေအနေသိပ်မဆိုးသေးတဲ့ပုံပဲ ဘာပဲဖြစ်ဖြစ်၊ သွားကြမယ်"
ရဲအရာရှိတစ်ဦးအနေဖြင့် သူ၏ ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်းမှာ မညံ့လှ။ သူ့အတွေ့အကြုံနှင့် ဗီဇစိတ်က အားချွန်၏အိမ်တွင် ဆိုးဆိုးရွားရွား အဖြစ်အပျက်များ မဖြစ်ပွားသေးကြောင်း ပြောပြနေ၏။
ဘဲလ်နှိပ်လိုက်သည်နှင့် အားချွန်၏ဇနီး အားထောင်က တံခါးလာဖွင့်ပေးလေသည်။
"ရှင်တို့က..."
သူမ၏ပုံစံမှာ အနည်းငယ် ကြောက်လန့်နေဟန်ရှိ၏။
"အား...အားချွန်အိမ်မှာမရှိဘူး"
"ဟဲ ဟဲ"
ကျန်းနန်က ဟန်ကိုယ်ဖို့လုပ်ရင်း ပြုံးပြလိုက်သည်။
"ဟင် အားချွန်...ဘယ်သူက အားချွန်လဲ ကျွန်တော်တို့ ဒီကို ရောက်လာတာက အိမ်ထောင်စုစာရင်း စစ်ဖို့ပါခင်ဗျာ"
"ဪ"
ကျန်းနန်၏ စကားကြောင့် အားထောင် စိတ်အေးသွားပုံရသည်။
"ဒီလိုဆိုရင်..."
"ကျွန်တော်တို့ ဝင်လို့ရမလား"
အားထောင်၏အမူအရာ တစ်ခုခု ထူးခြားနေမှန်း ကျန်းနန် ချက်ချင်း သတိထားမိလိုက်၏။ သူမ၏ ကိုယ်ခန္ဓာမှာ တံခါးဝကို ပိတ်ထားသည့်သဘောမျိုးဆောင်နေသည်။ ရှင်းနေသည်မှာ သူမအနေနှင့် သူတို့က်ို အိမ်ထဲသို့ မဝင်စေချင်သည့်ပုံပင်။ ထို့ကြောင့် ကျန်းနန် က တမင်တကာ ခွင့်ပြုချက်တောင်းလိုက်ခြင်းပင် ဖြစ်သည်။ လမ်းပွင့်သွားသည်နှင့် ကျန်းကျင်းခိုင်ကလည်း ကျန်းနန်နောက်မှ ချက်ချင်းပင် အိမ်ထဲသို့ လိုက်ဝင်လိုက်၏။
အခန်းမှာ သိပ်မကျယ်လှ။ အိပ်ခန်းတစ်ခန်းပါသော တိုက်ခန်းငယ်လေးဖြစ်၍ ဝင်လိုက်သည်နှင့် အိပ်ခန်းထဲကို လှမ်းမြင်နေရသည်။ အိပ်ခန်းထဲတွင် အမျိုးသားနှစ်ယောက် ထိုင်နေ၏။
"အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ"
"ဪ သူတို့က... သူတို့က ကလေးရဲ့ ဦးလေးတွေလေ"
ကျန်းကျင်းခိုင်နောက်ကို အမောတကောနှင့် လိုက်ပါလာသော အားထောင်က ရှင်းပြလိုက်သည်။
"တကယ်လား သူတို့ရော ဒီမှာနေတာလား ဒါမှမဟုတ် လာလည်တာလား"
ကျန်းကျင်းခိုင်က အရေးမစိုက်သောဟန်ပန်နှင့် ပြောလိုက်၏။ ထို့နောက် သူက ဧည့်ခန်းဆိုဖာတွင် ဝင်ထိုင်လိုက်လေသည်။
"ဒါနဲ့ ခင်ဗျားတို့ အိမ်ထောင်စုစာရင်းလေး ထုတ်ပေးပါလား ကျွန်တော်တို့ စစ်ဆေးဖို့လိုတယ်"
"ဪ ဟုတ်ကဲ့ ရပါတယ်ရှင်"
အားထောင်က ချက်ချင်းပင် အိပ်ခန်းထဲမှ အိမ်ထောင်စုစာရင်းကို သွားယူလိုက်၏။ ထိုအခိုက်အတန့်လေးတွင် ကျန်းကျင်းခိုင်က ကျန်းနန် ကို မျက်စပစ်လိုက်သည်။ ကျန်းနန်က သဘောပေါက်ဟန်ဖြင့် ဟန်လေးကို ဖုန်းခေါ်လိုက်၏။ သူတို့ကနဦးအစီအစဥ်အရ ဟန်လေး ကျန်းနန်ဆီမှ ဖုန်းလက်ခံရရှိသည်နှင့် သူနှင့်ရွှေယန် က အဆောက်အအုံထဲသို့ ချက်ချင်းဝင်လာရမည် ဖြစ်သည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က စင်္ကြန်တွင် စောင့်နေရပေလိမ့်မည်။ ကျန်တစ်ယောက်က တိုက်ခန်းတံခါးအပြင်ဘက်တွင် ရပ်နေရပေလိမ့်မည်။ တိုက်ခန်းမှာ ပဉ္စမထပ်တွင်ဖြစ်နေ၍ မည်သူမှ ပြတင်းပေါက်မှ ထွက်ပြေးနိုင်လိမ့်မည်မဟုတ်ချေ။
"ဒီမှာပါရှင့်"
အိပ်ခန်းထဲမှထွက်လာသော အားထောင်က အိမ်ထောင်စုစာရင်းကို ကမ်းပေးရင်း ပြောလိုက်၏။
"ရေလေးဘာလေး သောက်မလားရှင့်"
"ရပါတယ်ဗျာ ကျေးဇူးတင်ပါတယ်"
ကျန်းကျင်းခိုင် လက်ကာပြလိုက်၏။
"ကျွန်တော်တို့ ကိစ္စပြီးတာနဲ့ သွားမှာပါ ကျေးဇူးတင်ပါတယ်"
ထို့နောက် သူ အားထောင်ကို ကြည့်ရင်း မေးလိုက်ပြန်သည်။
"ဪ ဒါနဲ့ ခင်ဗျားရဲ့ မှတ်ပုံတင် ခနလောက်ပြလို့ရမလား ပြီးတော့ ခင်ဗျားတို့မိသားစုက ဒီမှာ အမြဲတမ်းနေတာပေါ့ ဟုတ်လား"
"ဟုတ်... ဟုတ်ပါတယ်ရှင့်"
အားထောင်က နဝေတိမ်တောင်ဟန်ဖြင့်ခေါင်းညိတ်ရင်း မှတ်ပုံတင်ကို ကမ်းပေးလိုက်သည်။
"ဪ ဒါနဲ့ ပြီးတော့ ဟိုလူနှစ်ယောက်..."
ကျန်းကျင်းခိုင်က အိပ်ခန်းဘက်ကို လှည့်ရင်း ဆက်ပြောလိုက်သည်။
"သူတို့ထဲက တစ်ယောက်က ခင်ဗျားရဲ့အမျိုးသားလား"
"ဪ၊ မဟုတ်ပါဘူး"
အားထောင်က ချက်ချင်း ခေါင်းခါလိုက်သည်။
"သူတို့က... သူတို့က ကျွန်မကလေးရဲ့ ဦးလေးတွေပါ ကျွန်မကလေးကို လာကြည့်တာပါ"
"ဪ၊ ဟုတ်လား ဒါဆို သူတို့ အခု ဒီမှာ တည်းနေတာလား"
ကျန်းကျင်းခိုင်က အိမ်ထောင်စုစာရင်းကို ကြည့်ရင်း မေးလိုက်ပြန်၏။
"မဟုတ်ဘူး မဟုတ်ပါဘူးရှင့်"
အားထောင်က စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။
"သူတို့က... သူတို့က ဒီနေ့ပဲ လာတာပါ ခနနေပြန်ကြတော့မှာရှင့်"
"ဟုတ်လား"
ကျန်းကျင်းခိုင် ပြုံးလိုက်၏။
"ဒီတစ်ခါတော့ ဒီဧရိယာထဲမှာ ခွင့်ပြုချက်မရှိပဲ နေထိုင်သူတွေ မရှိရအောင် အကုန်လုံးကို စစ်ဆေးနေတာဗျ ဒီတော့ သူတို့ကိုလည်း မှတ်ပုံတင်ပြခိုင်းရမှာပဲ"
"ဪ..."
အားထောင်၏ မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားသည်။
"ခင်ဗျားပြောရခက်နေလို့လား ဒါဆိုလဲ ကျွန်တော် ပြောပေးမယ်"
ပြောပြောဆိုဆို သူက အောက်ပါအတိုင်း လှမ်းအော်လိုက်၏။
"အခန်းထဲက အပြင်ကို ထွက်လာပေးပါဦးဗျ ကျွန်တော် မှတ်ပုံတင်တွေကို စစ်ဆေးနေတာဖြစ်ပါတယ် ခင်ဗျားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ပါတယ်"
အိပ်ခန်းထဲက လူနှစ်ယောက်မှာ ကျန်းကျင်းခိုင်၏အသံကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြ၏။ နောက်ဆုံးတော့ သူတို့နှစ်ယောက် ကျန်းကျင်းခိုင်နှင့် ဒဲ့ရှင်းရန် ဆုံးဖြတ်လိုက်ကြလေသည်။
"မင်္ဂလာပါဗျာ"
ထိုလူနှစ်ယောက် အခန်းထဲမှ ထွက်လာကြ၏။
"ကျွန်တော်တို့က ဒီကလေးရဲ့ ဦးလေးတွေပါ။
ကျွန်တော်တို့ညီအစ်ကိုဝမ်းကွဲနဲ့ တူလေးကို လာတွေ့တာပါ"
"အာ ဟုတ်ပါပြီ ထိုင်ပါအုံး"
ကျန်းကျင်းခိုင်က လေသံကထိန်းရင်း ပြောလိုက်၏။
"ထိုင်ကြပါ ဒါ ခင်ဗျားတို့ညီအစ်ကိုဝမ်းကွဲရဲ့အိမ်ပဲမလား ကျွန်တော်က ဒီမှာ ဧည့်သည်ပဲလေ ပြီးတော့ခင်ဗျားတို့ရဲ့ မှတ်ပုံတင်တွေ တဆိတ်လောက်ဗျာ တောင်းပန်ပါတယ် ဒါပေမဲ့ အထက်ကအမိန့်အရဆိုတော့ မတတ်နိုင်ဘူးပေါ့ဗျာ"
"ဪ၊ ဟုတ်ကဲ့ ရပါတယ်"
ထိုလူနှစ်ယောက်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က ယာဉ်မောင်းလိုင်စင်ကို ထုတ်ပြီး ကျန်းကျင်းခိုင်ဆီ ကမ်းပေးလိုက်၏။
"ဒီလိုဆရာရေ ကျွန်တော်တို့နှစ်ယောက်လုံးက ထရပ်ကားမောင်းတာပါ ကျွန်တော့်ရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ကတော့ ထရပ်ကားထဲမှာ ထားခဲ့တယ် ယာဥ်မောင်းလိုင်စင်ပဲပါတယ် ရမလားဗျ"
"ရပါတယ် ပြဿနာမရှိပါဘူး"
ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ကျန်တယောက်ကို မေးလိုက်ပြန်သည်။
"ပြီးတော့ ခင်ဗျားကရော"
"ကျွန်တော့် မှတ်ပုံတင်ရော ယာဉ်မောင်းလိုင်စင်ရော ထရပ်ကားထဲမှာ ကျန်ခဲ့တယ်ဗျ"
ကျန်လူတယောက်က ဖြေလိုက်လေသည်။ ထိုအချိန်တွင် ကျန်းနန် က အိပ်ခန်းတံခါးနားသို့ တိတ်တဆိတ် ကပ်သွား၏။ ထို့နောက် သူက ပြောလိုက်လေသည်။
"အစ်မရေ ခင်ဗျားကလေး ဆီးသွားချင်နေတာလားမသိဘူး လာကြည့်ပါအုံး"
"ဪ ဟုတ်ကဲ့ ကျွန်မ သွားကြည့်လိုက်မယ်လေ"
အားထောင် ချက်ချင်းပင် အိပ်ခန်းထဲ ပြေးဝင်သွား၏။ ထိုလူနှစ်ဦးအနက် တဦးက ဟန့်တားရန် ပြင်လိုက်သေးသည်။ သို့သော် ကျန်းကျင်းခိုင်က ချက်ချင်းဖြတ်ပြောလိုက်လေသည်။
"ဒါနဲ့ လူကြီးမင်းတို့ ခင်ဗျားတို့ အတိုချုပ်ထွက်ဆိုချက်လေး ပေးလို့ရမလား ဒါမှ ကျွန်တော်တို့အနေနဲ့ အစီရင်ခံစာထဲမှာ ထည့်ရေးလို့ရမယ်"
"ဟုတ်ကဲ့ ရပါတယ်"
ထ်ိုလူနှစ်ဦးအဖို့ ကျန်းကျင်းခိုင်၏ အမိန့်ကိုနာခံရုံမှအပ တခြားရွေးစရာမရှိတော့။
"ကောင်းပြီ၊ လူကြီးမင်းတို့"
အားထောင်တယောက် အခန်းထဲဝင်သွားသည်ကို မြင်သည်နှင့် ထွက်ဆိုချက်ရေးရန် ဟန်ပြင်နေသောပထမလူ၏ လက်ကောက်ဝတ်ကို အတင်းဆုပ်ကိုင်ရင်း ကျန်းကျင်းခိုင်က ပြောလိုက်၏။
"ကဲ ဘာမှဟန်ဆောင်နေစရာမလိုတော့ဘူး မင်းတို့ ဘယ်သူတွေလဲ၊ ဘာလို့ ဒီကို ရောက်နေတာလဲ ပြောစမ်း"
"ကျွန်တော်တို့--"
၎င်းကိုမြင်သည်နှင့် ကျန်လူတယောက်က အခန်းပြင်သို့ ချက်ချင်းပြေးထွက်လိုက်၏။ ကံမကောင်းစွာပင် ထိုလူမှာ တံခါးဝမှ ဟန်လေးနှင့် တည့်တည့်တိုးလေသည်။ တစ်စက္ကန့်အကြာမှာပင် ကျန်းနန်၏ ပစ္စတိုက နောက်စေ့ကို တည့်တည့်ထောက်ထားလိုက်၏။
"ကျွန်တော်တို့... ကျွန်တော်တို့ ဆွေမျိုးတွေဆီ လာလည်တာပါ"
ထိုလူနှစ်ယောက် အတင်းပင် အော်ဟစ်ငြင်းဆန်နေ၏။ သို့သော် ကျန်းကျင့်ခိုင်က ထိုလူ၏ ပခုံးကို အတင်းဖိချလိုက်ကာ လက်ကိုနောက်ပြန်လိမ်ထားလိုက်လေသည်။ ထိုလူ နာကျင်စွာ အော်ဟစ်ငြီးငြူနေ၏။
"ကျုပ်တို့အားလုံး ဝါရင့်တွေချည်းပဲ ဒါကြောင့် အပိုတွေ မပြောပဲနေရအောင် မင်းတို့နှစ်ယောက် ဒီမနက် အတော်လေး အလုပ်များခဲ့ကြမယ်ထင်တယ် ဟုတ်သလား"
"ခင်ဗျား..."
ကျန်းကျင့်ခိုင် ဖမ်းချုပ်ထားသည့် အမျိုးသား အံ့သြသွားဟန်ရှိသည်။ ပြီးမှ သူ နှုတ်ဆိတ်သွား၏။ သို့သော် ကျန်းကျင်းခိုင်အတွက်တော့ ထိုမျှလောက်သော အမူအရာနှင့်ပင် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ ထိုလူနှစ်ယောက်လုံး အားတီအား တိုက်ခိုက်မှုတွင် ပါဝင်နေခဲ့သည်မှာ ကျန်းကျင်းခိုင်အဖို့ အတော်လေး သေချာနေခဲ့လေပြီ။