← Chapters

မမျှော်လင့်သောသဲလွန်စများ

Vol. 10 Ch. 96

မမျှော်လင့်သောသဲလွန်စများ

Vol. 10 Ch. 96

ကျန်းကျင်းခိုင်ထွက်သွားပြီးနောက် အားကျောက် ကျောင်းထဲသို့ ဝင်လာခဲ့၏။ သာမာန်အားဖြင့် သူမသည် စာသင်ချိန်မရှိလျင် ပန်းချီခန်းတွင်သာ အချိန်ဖြုန်းတတ်၏။ ထိုအချိန်မှာပင် ကျောင်းအုပ်ကြီးလီ ဝင်လာပြီး မေးလိုက်သည်။

"မိန်းကလေးယင် ဒီမနက် ချွေကျင်း ကို တွေ့လိုက်မိလား အဲ့ဒီကောင်မလေးတော့ သေတော့မယ် ဒီတစ်ခါ သူ့ဖုန်းကိုပါ ပိတ်ထားတယ်"

"မတွေ့မိဘူးရှင့်"

အားကျောက်က ခေါင်းမော့ရင်း ပြောလိုက်၏။

"သူ ဒီနေ့ အလုပ်မလာဘူးလား ဒီမနက် ကျွန်မ အတန်းရှိနေတော့ သူ့ကို သတိမထားမိဘူး"

ရိုးရိုးသားသားပြောရလျှင် ချွေကျင်းကိုယ်တိုင်က အချိန်မမှန်သူ ဖြစ်သည်။ ထို့ကြောင့် သူမ ကျောင်းတွင်မရှိလျင်ပင် သတိထားမိရန် ခဲယဥ်း၏။

"တကယ်လား"

ကျောင်းအုပ်ကြီးလီကိုယ်တိုင်ကလည်း ချွေကျင်း မကြာခဏ နောက်ကျတတ်သည်ကို ကောင်းစွာသိထား၏။ သို့သော် အားကျောက်မရောက်ခင် မူကြိုကျောင်းကို အဓီကငွေရှာပေးသူမှာ ချွေကျင်း ဖြစ်သည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးလီမှာ သူမ၏ အားနည်းချက်များကို သည်းခံခဲ့ရ၏။

"ဟုတ်တယ်ရှင့်"

အားကျောက်က ခေါင်းညိတ်ပြလိုက်၏။ သို့သော် ရုတ်တရက်ဆိုသလို ချွေကျင်းနှင့်ပတ်သက်ပြီး သူမ စိတ်မသိုးမသန့် ဖြစ်လာ၏။

"ကျောင်းအုပ်ကြီးလီ သူ့အိမ်ဖုန်းနံပါတ် ရှိလား တော်ကြာနေ သူ တခုခု ဖြစ်နေမှာစိုးလို့လေ"

အားကျောက်နှင့်ချွေကျင်းမှာ သူငယ်ချင်းများဖြစ်ကြ၍ သူမ စိတ်ပူလာသည်မှာ သဘာဝသာ။

"အင်း ကျွန်မလည်း မသိဘူး"

ကျောင်းအုပ်ကြီး လီက ဘာမှမကြံတတ်တော့ဟန်ဖြင့် ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

"ဒါနဲ့ မိန်းကလေးယင် နေ့လယ်ပိုင်းမှာ ကျွန်မ ကျောင်းဘုတ်အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးရှိနေတယ် ဒီတော့ ချွေကျင်းရဲ့ နေ့လယ်ပိုင်းအတန်းတွေကို ရှင်များ... တာဝန်ယူပေးနိုင်မလား"

"အော် ရပါတယ်ရှင် ပြသနာမရှိပါဘူး"

အားကျောက်မှာ ညဏ်ကောင်းသူဖြစ်လေရာ ကျောင်းအုပ်ကြီးလီ အူဘယ်နှစ်ခွေရှိမှန်း ချက်ချင်းသိလိုက်၏။ အဖွားကြီးလီသည် ချွေကျင်း ဘယ်ရောက်နေသည်ကို စိတ်ပူနေခြင်းမဟုတ်။ ချွေကျင်း၏ အတန်းများ လွတ်သွားမည်ကိုသာ စိတ်ပူနေခြင်း ဖြစ်သည်။

"ကျေးဇူးတင်တယ်ကွယ် လူတိုင်း မိန်းကလေးယင်သာဆို ကောင်းမှာပဲ ဒါဆို ကျွန်မ ကျောင်းဘုတ်အဖွဲ့အစည်းအဝေးကို သွားတော့မယ် ချွေကျင်းရဲ့ နေ့လယ်ပိုင်းအတန်းတွေကို တာဝန်ယူပေးလို့ ထပ်ပြီး ကျေးဇူးတင်တယ်နော်"

"မလိုပါဘူးရှင် အစည်းအဝေးမှာ အဆင်ပြေပါစေ"

ထို့နောက် ကျောင်းအုပ်ကြီးလီ ထွက်သွား၏။ သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အားကျောက် နှုတ်ခမ်းစူကာ ရေရွတ်လိုက်သည်။

"သေစမ်းချွေကျင်း နင်က အလုပ်ပျက်ပြီး အပြင်ထွက်လည်နေတယ် ငါကတော့ နင့်အတန်းတွေကို ကူသင်ပေးနေရပြီ"

----------------------------

ကျန်းကျင်းခိုင်နှင့် ကျန်းနန်တို့သည် အားချွန်အိမ်တွင် ဖမ်းမိသည့်လူနှစ်ဦးကို ရဲစခန်းသို့ ခေါ်လာကြ၏။ ဟန်လေးနှင့်ရွှေယန်တို့သည် တရားခံများကို ရဲစခန်းသို့ပို့ပြီးသည်နှင့် အားချွန်၏အိမ်သို့ ပြန်သွားခဲ့ကြသည်။ အားထောင်နှင့်ကလေးတို့လုံခြုံရေးအတွက် သူတို့ တာဝန်ယူထားရသည် မဟုတ်ပါလား။

ထို့နောက်တွင်တော့ စစ်ကြောရေးစတော့သည်။ ထိုလူနှစ်ဦးမှာ ထင်သလောက် ခေါင်းမမာလေရာ သိပ်မကြာမီ သူတို့သိသမျှက်ို ဖွင့်ဟဝန်ခံကြတော့သည်။

သူတို့ထဲမှ တစ်ဦးကို အားကွမ်းဟုခေါ်ပြီး ကျန်တစ်ဦးမှာ အားဟွာဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် တစ်ချိန်က စွေ့တီကွမ်း၏တပည့်များဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် စွေ့တီကွမ်း၏ဆွေမျိုးနီးစပ်တဦးဖြစ်သည့် စွေ့ကျုံးယီ၏ နောက်လိုက်များ ဖြစ်နေကြလေပြီ။ သိရသလောက် သူတို့သည် စွေ့ကျုံးယီ၏အမိန့်အရ ထိုမနက်က အားတီ၏အိမ်သို့သွားရောက်လည်ပတ်ခဲ့ကြသည်။ သူတို့နှင့်အတူ ကျန်လူနှစ်ဦးလည်း ပါဝင်သော်လည်း ထိုနှစ်ဦးကို စွေ့ကျုံးယီက တခြားတာဝန်တခုပေးထား၍ ထိုလူနှစ်ဦးသာ အားချွန်အိမ်သို့ ရောက်လာကြခြင်း ဖြစ်လေသည်။

စွေ့ကျုံးယီ သူ့လူများကို အားတီထံစေလွှတ်ရသည့်အကြောင်းရင်းကို ထိုအခါကျမှ တိတ်ိကျကျ သိလိုက်ရ၏။ စွေ့ကျုံးယီသည် အားတီ အမှန်တကယ် ထိခိုက်စေလိုခြင်းမရှိချေ။ အားတီ၏ ပြည့်တန်ဆာများကို ငှားယမ်းပြီးနောက် သူ့လူများ ဘာဖြစ်သွားခဲ့သည်ကိုသာ သိလိုနေခြင်း ဖြစ်သည် ။ သို့သော် အားတီက မချေမငံပြန်ပြောရာမှ ခိုက်ရန်ဖြစ်ပွားပြီး စွေ့တီကွမ်း၏ လူများက အားတီကို ဓားနှင့်ထိုးလိုက်ခြင်းပင်။

ကျန်းကျင်းခိုင်အတွက် ဤလူနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်သဖွယ် ဖြစ်သွား၏။ ပထမတချက်မှာ အားတီတိုက်ခိုက်ခံရမှုတွင် ပါဝင်ခဲ့သူတရားခံနှစ်ဦးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုထက်ပိုသည်မှာ ယခုအချိန်ထိ မည်သူမည်ဝါ မသိရှိရသေးသည့် သေဆုံးသူများထဲမှ လူသုံးဦးသည် စွေ့ကျုံးယီ၏လူများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းပင်။ ထိုလူသုံးဦးသည် မူးယစ်ဆေးဝါးဒေတာဘေ့စ်တွင် ပျောက်ဆုံးနေသည်ဟု မှတ်တမ်းတင်ထားသော ကျောက်ရန်းချူ၊ ကောက်တင်ကန်း နှင့် တန်ရှောက်ချန်းတို့ ဖြစ်နေကြသောကြောင့်ပင်။

ထို့ကြောင့် လမ်းကြားထဲမှ ကွင်းဆက်လူသတ်မှုများနှင့် လွန်ခဲ့သော နှစ်နှစ်မှ မူးယစ်ဆေးဝါးကွန်ရက်တို့သည် အမှန်တကယ် ဆက်စပ်နေပုံရသည်။ သို့သော် အရေးကြီးဆုံး မေးခွန်းကတော့ ကျန်ရှိနေသေး၏။ ၎င်းမှာ ကွင်းဆက်လူသတ်သမားက မည်သူပေနည်း။ အားရှုပေလား သို့မဟုတ် အခြားတစ်ဦးပေလား။ ကျန်းကျင်းခိုင်နှင့် ကျန်းနန်တို့ကား အမှန်တရားကို ဆက်၍ရှာဖွေရပေအုံးမည်။

--------------------------------

မူကြိုကျောင်းနှင့် မျက်နှာချင်းဆိုင် တိုက်ခန်းတွင်ဖြစ်သည်။ အားမင်သည် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ အားကျောက်တယောက် ကျန်းကျင်းခိုင်၏ ကားထဲသို့ ဝင်သွားသည်ကို ကြည့်နေ၏။ ထိုနေ့လယ်ပိုင်းအတွက် သူ၏တာဝန် ပြီးဆုံးသွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ ထို့နောက် သူ တိုက်ခန်းမှ ချက်ချင်းထွက်ခွာလာခဲ့သည်။ ဤရက်ပိုင်းများတွင် သူ မအားလပ်ချေ။ ဆေးရုံရှိ ချွေကျင်းကိုလည်း သူ ဂရုစိုက်နေရသည် မဟုတ်ပါလား။

ဆေးရုံသို့သွားရာလမ်းတွင် အားမင်က နွားနို့နှင့် တခြားမုန့်များကို ဝယ်ခဲ့သေး၏။ အမျိုးသားများဟူသည်လည်း ထူးဆန်းသော သတ္တဝါများဖြစ်ပုံရသည်။ သူတို့သည် သူတို့နှင့် ဘာမှမဆိုင်သော်ငြား ငယ်ရွယ်လှပသော အမျိုးသမီးများကို ဂရုစိုက်ရသည်ကို နှစ်သက်ကြသည်မဟုတ်ပါလား။

"မင်း နိုးနေပြီလား"

ချွေကျင်း၏ အခန်းထဲဝင်လာရင်း အားမင်က မေးလိုက်၏။

"ညစာ မစားရသေးဘူးထင်တယ် ဗိုက်ဆာရင် သွားယူပေးမယ်လေ"

"ဘာဖြစ်လို့ ကျွန်မက ရှင့်ကို ယူပေးစေချင်ရမှာလဲ"

ချွေကျင်းက ခပ်မာမာပြန်ဖြေလိုက်သည်။

"ဟေ"

အားမင် အံ့သြသွား၏။ စိတ်ထဲတွင်လည်း သူက အောက်ပါအတိုင်း တွေးမိလေသည်။

ဟုတ်သားပဲ...သူ ပြောတာ မှန်တယ်...ငါက သူ့အတွက် ဘာလဲ... သူ ငါ့အကူအညီကို ဘာလို့ လက်ခံသင့်တာလဲ....

"ဒါဆို... ကိုယ့်ဘာသာကိုယ်ပဲ သွားယူလိုက်လေ"

အားမင်က ပုခုံးတွန့်ရင်း ပြောလိုက်၏။

"ဟွန့်! ကျွန်မမှာ ပိုက်ဆံမရှိဘူး"

ချွေကျင်း ဒေါသထွက်လာဟန်တူသည်။

"ပြောပါဦး ကျွန်မ ပိုက်ဆံအိတ် ဘယ်မှာလဲ"

"ဟား ဟား ဟေ့ကောင်မလေး ခင်ဗျား စိတ်ကောကောင်းသေးရဲ့လား ခင်ဗျား ပြောတာမဟုတ်သေးဘူးနော် ခင်ဗျားရဲ့ အသက်ကို ကျွန်တော် ကယ်ခဲ့တာဗျ ဒါ ခင်ဗျား ကျွန်တော့ကို ကျေးဇူးဆပ်တဲ့ပုံစံလား ခင်ဗျား ပိုက်ဆံအိတ် ဘယ်မှာလဲဆိုတာ ကျွန်တော် မသ်ိဘူးလေ"

"ဒါဆို... ကျွန်မ ဖုန်းက ဘယ်မှာလဲ"

"ဖုန်း"

အားမင် ဘေးဘီကို ဝေ့ကြည့်လိုက်၏။

"ခင်ဗျားမှာ ဖုန်းပါလာတာ မတွေ့မိပါဘူး ဒါပေမဲ့ ခင်ဗျားက ကျွန်တော် ခိုးတယ်လို့ ဇွတ်ပြောနေရင် ကျွန်တော် အသစ်တလုံး ဝယ်ပေးမယ်"

ချွေကျင်း ဝမ်းသာသွားပုံရသည်။

"ရှင် တကယ်ပြောတာနော်"

All Chapters