← Chapters

အားတီဆီမှ သဲလွန်စ

Vol. 10 Ch. 98

အားတီဆီမှ သဲလွန်စ

Vol. 10 Ch. 98

အားတီတယောက် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူ့ခန္ဓာကိုယ်တွင် အရောင်အသွေးစုံလင်သော ပိုက်များနှင့် ရှုပ်ရှက်ခတ်နေ၏။ သို့သော် သူ့အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်သည်။ သူ ကျန်းကျင်းခိုင်၊ ကျန်းနန်နှင့် လူရှောက်ချိန်တို့ကို မျက်ရည်ဝဲလျက် စိုက်ကြည့်နေ၏။

"ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ် ကျွန်တော့်အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

အားတီ၏ အသံမှာ အားနည်းနေသော်လည်း စကားတော့ ကောင်းကောင်းပြောနိုင်ပေပြီ။ သတိမေ့သွားသော်လည်း ဦးနှောက်ကို မထိခိုက်၍ ကံကောင်းလှ၏။

"ရပါတယ်ဗျာ"

ကျန်းကျင်းခိုင်က ထိုင်ခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်၏။

"အသက်ကယ်တာက ကျုပ်တို့အလုပ်ပါ ဒါပေမယ့် ခင်ဗျားကို မေးခွန်းတချို့ မေးချင်တယ် အနှောက်အယှက် မဖြစ်ရင်ပေါ့လေ.."

"ဟုတ်ကဲ့ ရပါတယ်"

အားတီက လိုက်လိုက်လျောလျောပင် ပြောလိုက်၏။ သူသည် ရဲများကို အလွန်ကျေးဇူးတင်နေမှန်း ကျန်းကျင်းခိုင် သိသည်။ ထို့ကြောင့် အားတီသည် သူသိသမျှကို မချွင်းမချန် ပြောပြပေလိမ့်မည်။

"ကောင်းပြီ ခင်ဗျားကို တိုက်ခိုက်တဲ့လူတွေက ခင်ဗျားဆီက ဘာလိုချင်တာလဲ"

ကျန်းကျင်းခိုင်၏ အသံမှာ သိမ်မွေ့နူးညံ့နေ၏။

"သူတို့ ပျောက်နေတဲ့လူတွေကို ရှာချင်ကြတယ်"

အားတီက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။

"ပြီးတော့ အားရှုကိုလဲ ရှာချင်နေကြတယ်"

"အားရှုကို ဟုတ်လား"

ကျန်းကျင်းခိုင် အတော်လေး အံ့သြသွား၏။ စွေ့ကျုံးယီ၏ အဖွဲ့က အားရှုကို ရှာနေသည်ဆိုပါကလား။

"ဟုတ်ကဲ့ သူတို့ အားရှုကို လိုက်ရှာနေကြတယ်"

အားတီက ထပ်ပြောလိုက်၏။

"ဒါဆို ခင်ဗျား အားရှု ဘယ်မှာလဲဆိုတာ သိလား"

ကျန်းကျင်းခိုင်က မေးလိုက်ပြန်သည်။

"..."

ထိုအခိုက်မှာပင် အားတီ ရုတ်တရက် အမောဖောက်လာတော့သည်။ သူ့ပါးစပ်မှာ စကားမပြောနိုင်တော့ပဲ ဟစိဟစိ ဖြစ်နေ၏။

"မြန်မြန် သူနာပြု ခေါ်လိုက်"

ကျန်းကျင်းခိုင်သည် အားတီ၏ အခြေအနေကို မြင်သည်နှင့် တပြိုင်နက် လူရှောက်ချိန်ကို လှမ်းအော်လိုက်၏။

"သူ့အခြေအနေ မတည်ငြိမ်ဘူး အခုချက်ချင်း သူနာပြု ခေါ်လိုက်"

ထို့နောက် သူ ကျန်းနန်ဘက်သို့ လှည့်ပြီးပြောလိုက်ပြန်၏။

"ဒီနေ့ ဒီလောက်နဲ့ပဲ တော်လိုက်တော့ သူကျန်းမာရေးပြန်ကောင်းလာအောင် အရင်လုပ်ပါ"

ထိုအချိန်မှာပင် အားတီက ကျန်းကျင်းခိုင်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲရင်း ပြောလိုက်လေသည်။

"သူ သေပြီအင်စပက်တာ သူ သေသွားပြီ"

"သူ သေပြီလား"

ကျန်းကျင်းခိုင် အားတီကို ဆက်လက် စိုက်ကြည့်နေ၏။ အားတီ စကားဆက်ပြောနိုင်ရန် သူ မျှော်လင့်နေလေသည်။ သို့သော် အားတီကား မေ့မြောသွားလေပြီ။

ထို့နောက် ကျန်းကျင်းခိုင်နှင့်လူရှောက်ချိန်တို့သည် ဆေးရုံမှ ထွက်လာခဲ့ကြ၏။ ကျန်းကျင်းခိုင်၏ ခေါင်းထဲတွင်တော့ အားတီပြောခဲ့သည့်စကားများကို ပြန်လည်သုံးသပ်လျက်ရှိသည်။

သေသွားပြီဆိုတာ ဘယ်သူ့ကိုပြောနေတာလဲ... အားတီဆိုလိုတာ တကယ့် အားရှုလား ဒါမှမဟုတ် အားရှုနဲ့ရုပ်တူတဲ့ အားထန်ကိုပြောနေတာလား...

"ဒါနဲ့ အင်စပက်တာ ဆရာ ဌာနကို ပြန်မှာလား ဒါမှမဟုတ် မူကြိုကျောင်းကို သွားမှာလား"

လူရှောက်ချိန်က လမ်းဆုံတွင် ကားကိုရပ်ပြီး မေးလိုက်ခြင်း ဖြစ်သည်။

"ဟဲဟဲ မင်းမဆိုးဘူး"

ကျန်းကျင်းခိုင် ပြုံးစေ့စေ့ ဖြစ်သွား၏။

"မူကြိုကျောင်းကို"

မူကြိုကျောင်းရှေ့တွင် အားကျောက် အသင့်စောင့်ဆိုင်းနေ၏။ ကျန်းကျင်းခိုင် ကားပေါ်မှဆင်းလာသည်နှင့် အားကျောက်က မေးလိုက်လေသည်။

"ဘယ်လိုလဲ ဒီနေ့ အလုပ်များနေတယ်ပေါ့လေ ပင်ပန်းနေပြီလား"

အားကျောက်၏အသံမှာ နွေးထွေးလှပေသည်။

"ကျုပ် အဆင်ပြေပါတယ်ကွာ"

ကျန်းကျင်းခိုင်က အားကျောက်၏ နဖူးကို ညင်သာစွာ နမ်းရင်း ပြန်ဖြေလိုက်၏။

"မင်းကော"

"ကျွန်မလည်း အဆင်ပြေပါတယ် ဒါနဲ့လေ ချွေ ကျင်း တကယ်ကြီး ပျောက်နေတာရှင့် ဒီနေ့ သူ့စားပွဲအောက်မှာ သူ့ဖုန်းကို တွေ့ခဲ့တယ်"

"တကယ်လား"

ကျန်းကျင်းခိုင် မျက်နှာတည်သွားလေသည်။

"ဒီတော့ လူမရှိပေမဲ့ ဖုန်းက တချိန်လုံး ရုံးထဲမှာရှိနေတယ်လို့ ပြောချင်တာလား"

"ဟုတ်တယ် ကျွန်မ ပြောချင်တာ အဲဒါပဲ ဒီတော့ ကျွန်မတို့ဘာလုပ်ကြမလဲဟင်"

အားကျောက်က ကျန်းကျင်းခိုင်၏လက်ကို လှုပ်ရမ်းရင်း မေးလိုက်ခြင်းဖြစ်သည်။

"မင်းရဲ့ကျောင်းအုပ် ဒါကို သိပြီလား"

ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်၏။

"အင်း ကျွန်မ မပြောတတ်ဘူး"

"ဒါဆို ဒီလိုလုပ်ရအောင် မနက်ဖြန် မနက်ထိ ချွေ ကျင်း ဒီကိုမလာရင် ကျုပ်ဆီ ဖုန်းဆက်လိုက်"

ကျန်းကျင်းခိုင်က ပြတ်သားသောအသံနှင့် ပြောလိုက်သည်။ ချွေကျင်း တကယ်ပျောက်ဆုံးနေသည်ဆိုလျင် ရဲများနှင့်သက်ဆိုင်လာခဲ့ပေပြီ။

-------------------------------

မူကြိုကျောင်းတစ်ဖက်ခြမ်းရှိ တိုက်ခန်းတွင် ချွေ ကျင်းကို အမှန်တကယ်ဂရုစိုက်သော လုတဦးရှိနေ၏။ ၎င်းမှာ အားမင်ပင် ဖြစ်လေသည်။ ကျန်းကျင်းခိုင်နှင့် အားကျောက်တို့ထွက်သွားသည်နှင့် သူက ချက်ချင်းပင် ဆေးရုံသို့ သုတ်ခြေတင်တော့သည်။

ဆေးရုံတွင် နှစ်ရက်ကြာပြီးနောက် ချွေကျင်း၏ အခြေအနေမှာ များစွာ တိုးတက်လာခဲ့ပေပြီ။ သူမသည် လွန်ခဲ့သောညအနည်းငယ်က အုပ်စုဖွဲ့လိင်ဆက်ဆံခြင်းခံခဲ့ရသည့်တိုင်အောင် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာမရခဲ့၍ မြန်မြန်ဆန်ဆန် နလန်ထူလာခြင်းပင်။

"ကျွန်မ ဖုန်းပါလာလား"

အားမင် တံခါးဝမှ ဝင်လာသည်ကို မြင်သည်နှင့် ချွေကျင်းက ညစ်ကျယ်ကျယ်ပြုံးရင်း မေးလိုက်၏။

"ရော့ ဒီမှာ"

အားမင်က မကျေနပ်သောအမူအရာနှင့် ချွေကျင်းထံ သူဝယ်လာသော ဖုန်းအသစ်ကို ပစ်ပေးလိုက်၏။

"ကျွန်တော် ခင်ဗျားကို ဘာမှ မပေးဘူးလို့ မပြောနဲ့နော်"

"မပြောပါဘူး ဘာလို့ အဲလိုပြောရမှာလဲ"

အထက်ပါအတိုင်းပြောရင်း ချွေ ကျင်းက ဖုန်းကိုထုတ်ယူလိုက်၏။

"သိပ်ကောင်းတာပဲ ကျေးဇူးတင်ပါတယ် ဒါပေမယ့် တခုရှိသေးတယ်ရှင် ဖုန်းဆင်းကတ်ရော မပါဘူးလား"

"ဟာ! ဘူးထဲမှာပါတယ်ကွ ကြည့်လိုက်"

အားမင် ဒေါသတကြီးနှင့် ပြောလိုက်သည်။

"ကဲ ပြော နောက်ထပ် ဘာများ လိုချင်သေးလဲ ဖုန်းစာချုပ်ကော လိုချင်သေးလား"

"ခစ် ခစ်"

အားမင်၏အမူအရာကိုကြည့်ရင်း ချွေကျင်း မနေနိုင်တော့ဟန်ဖြင့် တခစ်ခစ်ရယ်မောလိုက်လေသည်။ ထို့နောက် သူမက ပြောလိုက်ပြန်၏။

"ဖုန်းနံပါတ်တွေက အကုန်ပျောက်ကုန်ပြီ သူငယ်ချင်းတွေဆီ ဘယ်လိုဆက်သွယ်ရမှန်း မသိတော့ဘူးကွာ"

သူမ၏ပုံစံမှာ အားမင်ကို စနောက်နေမှန်း သိသာလှ၏။

"၄၁၁ ကို ခေါ်လိုက်ကွာ ဟုတ်ပြီလား"

အားမင်က ထအော်လိုက်၏။

"ဒါနဲ့ ဒီည ညစာ ဘာစားချင်လဲ ဆန်ပြုတ်လား ခေါက်ဆွဲလား"

"ဖက်ထုပ်စားချင်တယ်"

"မရဘူး ဆေးရုံမှာ ဆန်ပြုတ်နဲ့ ခေါက်ဆွဲပဲ ရောင်းတာ"

အားမင်က ကန့်ကွက်လိုက်၏။

"အို ကျွန်မ ဂရုမစိုက်ဘူး ဖက်ထုပ်ပဲ စားချင်တယ်"

ချွေ ကျင်းက သုံးနှစ်သားသမီးလေးကဲ့သို့ ဆူပူဆောင့်အောင့်လျက် ဇွတ်ပင်တောင်းဆိုနေလေသည်။ ထိုအခါ အားမင်က ဘာမှပြန်မပြောတော့ပဲ အခန်းပြင်သို့ လှည့်ထွက်လိုက်လေသည်။

"ဒါက ရှင် ဘယ်သွားမလို့လဲ"

ချွေကျင်း ကမန်းကတန်း လှမ်းမေးလိုက်လေသည်။

"ခင်ဗျားအတွက် ဖက်ထုပ် သွားဝယ်တာ"

အားမင် လှည့်ပင်မကြည့်ပဲ ပြန်ဖြေလိုက်၏။ ထို့နောက် သူ အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

"ခစ် ခစ် ဘယ်လိုလူမှန်းမသိဘူး"

ချွေကျင်း အားရပါးရပင် ရယ်မောမိလေသည်။ သူမ လီဟုန်ပင်းနှင့် အတူရှိစဉ်က ဤသို့တခါမျှ ဂရုစိုက်မခံဖူးချေ။ ဂရုစိုက်ခံရခြင်းက မည်သို့သော ကြည်နူးမှုမျိုး ပေးစွမ်းနိုင်သည်ကို ထိုအခါကျမှ ချွေကျင်း သဘောပေါက်တော့သည်။

"နေဦး ဘာလို့လဲ ဒါအချစ်လား ငါ တကယ်ပဲ သူ့ကို ချစ်မိသွားတာလား"

ထိုသို့တွေးမိသည်နှင့်တပြိုင်နက် ချွေကျင်း၏မျက်နှာ နီရဲသွားတော့၏။

All Chapters