← Chapters

ဖက်ထုပ်တစ်ပွဲ

Vol. 10 Ch. 99

ဖက်ထုပ်တစ်ပွဲ

Vol. 10 Ch. 99

ကျန်းကျင်းခိုင်နှင့်အားကျောက်တို့နှစ်ယောက် ဦးလေးကိုင်၏ဆိုငတွင် ညစာစားပြီး ပြန်ရန်ဟန်ပြင်နေစဥ်မှာပင် အမည်မသိဖုန်းတလုံး ဝင်လာ၏။

"တခါမှမသိတဲ့နံပါတ်ပဲ"

ထိိုသို့ပြောပြီး အားကျောက်က သူမ ဖုန်းကို အိတ်ထဲပြန်ထည့်ရန် ဟန်ပြင်လိုက်၏။

"ဘာလို့ မကိုင်တာလဲ"

ကျန်းကျင်းခိုင်က အားကျောက်ကို သတ်ိပေးလိုက်၏။

"တစ်ချို့ကျောင်းသားမိဘတွေ မင်းနဲ့ စကားပြောချင်တာ ဖြစ်နေအုံးမယ်"

"ဪ၊ ဟုတ်သားပဲ"

သူမ ခေါင်းညိတ်လိုက်၏။ ကျန်းကျင်းခိုင်ပြောသည်မှာ အမှန်ပင်။ ကျောင်းသားမိဘတဦး၏ ဖုန်းကိုတော့ သူမ ကိုင်သင့်၏။

"ဟယ်လို ဘယ်သူလဲရှင့်"

"ကျွန်မအသံကိုတောင် မမှတ်မိတော့ဘူးလား"

အသံရှင်မှာ တခြားလူမဟုတ်။ ချွေကျင်းပင်။ မည်သို့ဆိုစေ ချွေကျင်းအသံကိုကြားလိုက်ရ၍ အားကျောက် စိတ်သက်သာရသွား၏။ တချိန်တည်းမှာပင် သူမ တအံ့တသြနှင့် ထအော်လိုက်သည်။

"ချွေကျင်း ရှင် ဘယ်တွေပျောက်နေတာလဲ ကျွန်မက နက်ဖြန်မနက်ဆိုရင် လူပျောက်တိုင်တော့မလို့"

"ဟယ်ဟုတ်လား တောင်းပန်ပါတယ်ဟယ် ဒါပေမဲ့ ကျွန်မ အဆင်ပြေပါတယ်"

အားကျောက် စိုးရိမ်ပူပန်နေသည်ကို ကြားရ၍ ချွေကျင်း ရယ်မောရင်း နှစ်သိမ့်လိုက်၏။

"ဒါနဲ့ကျောင်းအုပ်ကြီး စိတ်ဆိုးသေးလား"

"စိတ်ဆိုးမဆိုးတော့ မသိဘူး ရှင့်ကိုတော့ ပစ္စည်းတွေ ထုပ်ပိုးထားဖို့ ပြောနေလေရဲ့"

အားကျောက်က စနောက်လိုက်၏။

"ဟယ် ကျွန်မ ဖျားပြီး ဖုန်းပျောက်သွားတော့ အဆက်အသွယ်လုပ်မရဘူးဖြစ်နေတာ ဒါကြောင့် ကျွန်မကို အလုပ်ဖြုတ်ပစ်တော့မလို့လား"

ချွေကျင်း၏အသံမှာ ပို၍ ကျယ်လာ၏။ မကျေနပ်သောလေသံ ပေါက်လာ၏။

"ထားလိုက်ပါတော့ သူ အလုပ်ကထွက်ခိုင်းတော့လဲ ထွက်ရုံပဲပေါ့ ဘာပဲဖြစ်ဖြစ် အလုပ်သစ်တခုတော့ ရှာလို့ရမှာပါ"

"ဟယ် ဘယ်လိုဖြစ်တာလဲ ရှင် ဖျားနေတာလား"

အားကျောက်က ရယ်ချင်စိတ်ကို မနည်းထိန်းရင်း မေးလိုက်၏။

"ဟုတ်တယ် ကျွန်မ ဖျားနေတာ ဒီရက်ပိုင်း ဆေးရုံတောင်တက်လိုက်ရတယ် ဒီနေ့မှပဲ နည်းနည်းနေကောင်းသွားတာ"

ချွေကျင်းက မတတ်သာဟန်ဖြင့် ရှင်းပြလိုက်၏။

"တကယ်လား အဲဒီလောက်တောင် အခြေအနေဆိုးနေတာလား"

အားကျောက် စိတ်ပူသွား၏။

"ဒါဆို မနက်ဖြန် ရှင် အလုပ်လာနိုင်ပါ့မလား ဒါမှမဟုတ် ရှင် ဖျားလို့ခွင့်ယူချင်တယ်လို့ ကျောင်းကို ပြောပေးရမလား"

"ဘာလို့ ကျွန်မက ခွင့်ယူရမှာလဲ ဘာပဲဖြစ်ဖြစ် အလုပ်ထုတ်ခံရတော့မှာပဲလေ နေစမ်းပါအုံး အလုပ်ထုတ်ခံရတော့မယ်ဆိုတာ ရှင် ကျွန်မကို လိမ်နေတာပေါ့လေ ဘုရားရေ မကောင်းတဲ့မိန်းမ"

သူမ ဒေါသထွက်လာ၏။

"ဟဲဟဲ၊ ဟုတ်တယ်! ဒါပေမယ့် စကားကောင်းကောင်းမပြောရင် ရှင့်အတွက် ကျွန်မ ခွင့်မတိုင်ပေးတော့ဘူး"

"အံမလေး... ညီမလေးရေ အစ်မကို ကူညီပါဦးလားဟယ်...တွေ့လား ကျွန်မ ကောင်းကောင်းမွန်မွန် ပြောနေတာနော် ကျောင်းကို ကျွန်မ ဆေးရုံတက်နေတယ်လို့ ပြောပေးပါဟယ် ခုတလော ကံမကောင်းဘူး ချစ်သူနဲ့လဲ ခုလေးတင် ပြတ်သွားတာ ဒီကြားထဲ အလုပ်ပါပြုတ်သွားရင် သေရချည်ရဲ့"

ချွေကျင်း ကမန်းကတန်းပင် တောင်းပန်လိုက်၏။

"အင်းလေ ဟုတ်ပါပြီ ဒါပေမယ့် ရှင်ပြန်လာရင်တော့ ကျွန်မကို ညစာကျွေးရမယ်"

"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်လေးရယ်"

ချွေကျင်း ပျော်ရွှင်သွားဟန်တူသည်။

"ကဲ ဖုန်းချလိုက်တော့မယ် ဖက်ထုပ်တွေ ရောက်လာပြီ ဘိုင့်ဘိုင်"

"ဟွန့် အမျိုးမျိုးပဲ နေမကောင်းဘူးဆိုပြီး အခုပဲ ဖက်ထုပ်စားနေပြန်ပြီ"

အထက်ပါအတိုင်း ရေရွတ်ပြီး အားကျောက် ဖုန်းကို အိတ်ထဲထည့်လိုက်၏။ ထို့နောက် သူမက ကျန်းကျင်းခိုင်ကို ပြောလိုက်သည်။

"ဟန်နီ ကျွန်မလည်း ဖက်ထုပ်စားချင်တယ်"

"ကောင်းပြီလေ မင်း ညနေအတန်းပြီးရင် ကျုပ် ဝယ်ပေးမယ် ဘယ်လို အစာသွပ်ထားတာမျိုး လိုချင်လဲ"

သူက အားကျောက်ကို ဖက်ရင်း မေးလိုက်လေသည်။

--------------------------------

"ရော့ လက်နဲ့ပဲ စားလိုက်"

အားမင်က ဖက်ထုပ်ဘူးကို ချွေကျင်းရှေ့မှာ ချပေးရင်း ပြောလိုက်သည်။။ သူ့စိတ်ထဲတွင်တော့ အောက်ပါအတိုင်း တွေးမိနေ၏။

ငါက မင်းချစ်သူ မဟုတ်ဘူး..မင်းကို ကူညီနေရုံသက်သက်ပဲ...ဒါနဲ့ပဲ မဆီမဆိုင် မင်းက ငါ့ကို ပြဿနာရှာနေရသလားကွ...

"မစားပါဘူး ပူတယ်"

သူမ နှုတ်ခမ်းစူရင်း အားမင်ကိုမျက်နှာငယ်လေးနှင့် ကြည့်နေ၏။

"အရမ်းပူနေသလား ဒါဆိုလဲ အေးသွားတဲ့အထိ စောင့်လေကွာ"

အားမင်က ထိုင်ခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်လေသည်။

"မစောင့်ပါဘူး"

ချွေကျင်းက အာကျယ်အာကျယ်နှင့် ပြန်အော်လိုက်ပြန်၏။

"ကျွန်မက လူနာလေ နေမကောင်းတဲ့လူဆိုတာ အစားအသောက်အေးအေးကြီးတွေ စားမကောင်းဘူးရှင်ါ"

"ဒါဆို ခင်ဗျားက ဘာလုပ်ချင်တာလဲ"

အားမင် ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားနေရ၏။

"ရှင် ကျွန်မကို ခွံ့ကျွေးရမယ်..."

ချွေကျင်း၏ အသံမှာ တိမ်ဝင်သွား၏။

"ဘာ"

အားမင် သူမ ဘာပြောလိုက်မှန်းမသိ၍ ငေါင်တောင်တောင် ဖြစ်နေ၏။

"ရှင်က ကျွန်မကို ဖက်ထုပ် ခွံ့ကျွေးလို့ပြောနေတာ ကြားပြီလား"

ထိုသို့ပြောပြီးသည်နှင့် သူမ၏မျက်နှာတခုလုံး ရဲရဲနီသွားလေသည်။

----------------------------

အားကျောက်၏ ညနေပိုင်းအတန်းများမှာ ကျန်းကျင်းခိုင်အတွက် ပျင်းစရာကောင်းလှ၏။ ပန်းချီနှင့်ပတ်သက်၍ ဘာမှမသိခြင်းက သာ၍ဆိုးလေသည်။

ထို့ကြောင့် အားကျောက် ပထမအတန်းချိန်ပြီးသွားသည်နှင့် သူက ခပ်တိုးတိုး မေးလိုက်သည်။

"ကျုပ် မင်းအတွက် ဖက်ထုပ်သွားဝယ်အုံးမယ် အိမ်မှာပဲစားမှာမလား"

အားကျောက် ခေါင်းညိတ်ပြလိုက်၏။

"အင်း ဒီရက်ပိုင်း အတန်းချိန်များပြီး ပင်ပန်းနေတယ် ရှင် ဒုတိယအတန်းချိန်တဝက်လောက်မှ သွားဝယ်လိုက်လေ ဒါမှ အတန်းပြီးချိန်လောက် ရှင်ပြန်ရောက်မယ်"

"ဟုတ်ပြီ ဒါနဲ့ ဦးလေးကိုင်ရဲ့ဆိုင်တစ်ဖက်မှာ ဖက်ထုပ်ဆိုင်ရှိတယ်မလား"

သူက မေးလိုက်၏။

"ဟုတ်တယ် ကျွန်မ ပုစွန်ဖက်ထုပ် စားချင်တယ် မှားမဝယ်မိစေနဲ့နော်"

ဒုတိယအတန်းချိန်တဝက်လောက်တွင် ကျန်းကျင်းခိုင်သည် ထိုင်ရာမှထကာ ဖက်ထုပ်ဆိုင်သို့ လျှောက်လာခဲ့၏။ ဖက်ထုပ်ဆိုင်သည် အတော်လှမ်းသည့်အပြင် လူအမြဲစည်ကားနေလေရာ သူ ခပ်မြန်မြန်ပင် လျှောက်လာခဲ့၏။

---------------------------------

"စားလို့ပြီးပြီ"

အားရပါးရစားသောက်ပြီးနောက် ကျေနပ်သွားဟန်ဖြင့် ချွေကျင်းက ပြောလိုက်၏။

"အခု ရေသောက်ချင်တယ်"

"ဟဲဟဲ ကောင်မလေး ကျွန်တော့ကို ခင်ဗျားရဲ့ အစေခံလို့ ထင်နေတာလား"

သူက ဖက်ထုပ်ဘူးကို ဖယ်ရင်း ပြောလိုက်လေသည်။

"ဖက်ထုပ်တွေ ဘယ်လိုလဲ အရသာရှိရဲ့လား"

"အင်း စားလို့ကောင်းတယ်"

သူမ ဝမ်းသာအားရ ပြန်ဖြေလိုက်၏။

"အခု ရေပေး"

"ထူးခြားတဲ့ အရသာရှိတယ်မလား"

သူ့မျက်နှာတွင် ညစ်တီးညစ်ပတ်အပြုံးတရပ် ပေါ်ပေါက်နေ၏။

"ဪ ဒါနဲ့ ပြောဖို့ မေ့သွားလို့ ခုနက အိမ်သာသွားလိုက်သေးတယ် ပြီးတော့ လက်မဆေးခဲ့ဘူးလေ"

"ဘာ?"

သူမ ရုတ်တရက် အော့အန်လိုစိတ် ပေါ်ပေါက်လာပြီး အန်ချလိုက်သည်။ သို့သော် လေများသာ တဝေါ့ဝေါ့ ထွက်လာ၏။ ထို့နောက် သူမ သူ့ကို ဒေါသတကြီးနှင့် ကြည့်လိုက်လေသည်။

"ဟေး စိတ်လျှော့စမ်းပါ စနေတာပါကွ"

ထို့နောက် သူ အခန်းထဲမှ ထွက်ခွာသွားလေသည်။

All Chapters