← Chapters

အားကျောက် ပြန်ပေးဆွဲခံရခြင်း

Vol. 10 Ch. 100

အားကျောက် ပြန်ပေးဆွဲခံရခြင်း

Vol. 10 Ch. 100

ဖက်ထုပ်ဆိုင်တွင် အတော်လေး လူစည်ကားနေ၏။ ကျန်းကျင်းခိုင် ဆိုင်မှထွက်လာချိန်တွင် ည ၈နာရီ ၂၀မိနစ်ပင် ရှိခဲ့လေပြီ။ သူ ဆိုင်မှထွက်လာရင်း အားကျောက်ကို ဖုန်းခေါ်လိုက်၏။

"ဟန်နီ ကျုပ် နည်းနည်း နောက်ကျမယ်ထင်တယ် ဖက်ထုပ်ဆိုင်ကနေ ခုလေးတင်ကနေမှ ထွက်လာတယ်ဆိုတော့လေ"

"ကောင်းပါပြီရှင်"

အားကျောက်က နှစ်လိုဖွယ်ရာ ပြန်ဖြေလိုက်လေသည်။

"လမ်းမှာ သတိထားနော် ဘာမှအလျင်လိုစရာမလိုဘူး ကျွန်မ ကျောင်းရှေ့ကနေ စောင့်နေမယ်"

"ကောင်းပြီလေ"

ကျန်းကျင်းခိုင် ဖုန်းချလိုက်သည်။ အားကျောက်ထံ ဖုန်းဆက်လိုက်ပြီဖြစ်၍ သူမ စောင့်နေမည်ကို သူ စိတ်ပူစရာမလိုတော့ချေ။

ကျောင်းဆင်းပြီဖြစ်၍ အားကျောက်လည်း ကျောင်းဂိတ်ပေါက်ဆီသို့ ထွက်လာခဲ့၏။ လေတဖြူးဖြူးတိုက်ခတ်နေလေရာ နေ၍ထိုင်၍ကောင်းလှသော ညနေခင်းဟု ဆိုနိုင်ပေသည်။ ထိုအခါ အားကျောက်၏ စိတ်အစဥ်မှာ ကြည်နူးလာ၏။

ထိုအချိန်မှာပင် မီနီဗန်တစ်စီး သူမရှေ့တွင် ရပ်လိုက်၏။ ကားထဲမှ လူတစ်ယောက်က ခေါင်းပြူထွက်လာပြီး ယဉ်ကျေးစွာ မေးလိုက်လေသည်။

"ဟေး ညီမ ကျူအန်းလမ်းကို ဘယ်လိုသွားရမလဲ သိလား"

"အော် ဟုတ်ကဲ့"

အားကျောက်က ထိုလူကိုတချက်ကြည့်ပြီး မီနီဗန် ဖြတ်လာခဲ့သည့်လမ်းကို လက်ညိုးထိုးပြလိုက်၏။

"ရှင်တို့ ကျော်လာခဲ့ပြီ ဂငယ်ကွေ့ပြန်ကွေ့ပြီး ဘယ်ကိုချိုးလိုက်"

"တကယ်လား"

ထိုလူ အံ့သြသွားဟန်ပေါ်သည်။

"ဒါပေမယ့် ခုနက ပြောလိုက်တာတော့ ဒီလမ်းဆိုလားပဲ"

သူ ပြောရင်း မီနီဗန်ထဲမှ ထွက်လာကာ မြေပုံတချပ်ကို ထုတ်ပြလိုက်၏။

"ကြည့်လေ ကျူအန်းလမ်းက ဒီမှာ ပြီးတော့ ကျွန်တော်တို့က..."

"ခု ကျွန်မတို့က ဒီနေရာမှာလေ"

အားကျောက်က မြေပုံပေါ်မှ သူတို့၏ တည်နေရာကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ရှင်တို့ ပြန်လှည့်မှရမှာပေါ့"

သူမ စကားမဆုံးခင်မှာပင် နောက်ထပ် လူနှစ်ယောက် ရုတ်တရက် ပြေးထွက်လာ၏။ ထို့နောက် ပထမတစ်ယောက်က အားကျောက်၏ ပါးစပ်ကို ပိတ်ပြီး ကျန်တစ်ယောက်က သူမလက်ကို ဆွဲလိုက်လေသည်။ ထိုအချိန်မှာပင် ခုနက ပထမလူက သူမလက်များကို ချုပ်ထားလိုက်၏။ ပြီးလျင် ထိုလူသုံးယောက်သည် အားကျောက်ကို မပြီး မီနီဗန်ထဲထိုးထည့်လိုက်၏။

"ရပ်လိုက်စမ်း"

ထိုအချင်းအရာကို ကောင်းစွာမြင်လိုက်သော ကျန်းကျင်းခိုင်သည် အထက်ပါအတိုင်း အော်ဟစ်ပြီး တဟုန်ထိုးမောင်းထွက်သွားသော မီနီဗန်နောက်သို့ ပြေးလိုက်ရန် ကြိုးစားလိုက်လေသည်။ သို့သော် ဆယ်မီတာကျော်လောက်အကွာတွင် မီနီဗန်သည် တစုံတရာကို ဝင်တိုက်မိပုံရ၏။ ထိုအခါ ယာဉ်မောင်းသည် လီဗာကို တဆုံးနင်းချလိုက်ရာ ကျွီခနဲအသံနက်ကြီးပေါ်လာပြီး ကားဘီးများကြောင့် ကတ္တရာလမ်းပေါ်တွင် အစင်းကြောင်းကြီး ထင်သွားလေသည်။ သို့သော် မီနီဗန်သည် လမ်းပေါ်တက်ပြီး ချက်ချင်းပင် ပြန်မောင်းထွက်သွား၏။

မီနီဗန် ရှိခဲ့သောနေရာတွင် ဗလကောင်းကောင်း လူငယ်တဦး ရှိနေ၏။ လူငယ်က သူ့လက်ထဲမှ မီနီဗန်၏ လေကာမှန်နှင့် နောက်ကြည့်မှန်တစ်ဖက်ကို လွှင့်ပစ်ရင်း ပြောလိုက်၏။

"ထွီ တရုတ်ကားတွေကိုသာ အစုတ်လို့ပြောတယ် ဂျပန်ကားတွေကျတော့လဲ ဘာမှမထူးပါလား"

"ဟေ့ မင်းဒဏ်ရာရသွားသေးလား"

ကျန်းကျင်းခိုင် စိုးရိမ်တကြီး မေးလိုက်ပြီး လူငယ်ဆီ ပြေးသွားလိုက်၏။ မီနီဗန်ကား လုံးဝပျောက်ကွယ်သွားလေပြီ။ ထို့ကြောင့် သူတို့နှစ်ယောက်အနေနှင့် ထိုကားကို လိုက်မှီရန်မှာ လုံးဝမဖြစ်နိုင်တော့ချေ။ မီနီဗန်ယာဉ်မောင်းသည် အတော်လေးကျွမ်းကျင်သူမှန်း ထင်ရှားနေ၏။ လူငယ် ကားရှေ့တွင် ပေါ်လာပုံက သာမာန်ယာဥ်မောင်းသာဆိုလျင် သေချာပေါက် တိမ်းမှောက်သွားပေလိမ့်မည်။

"ရပါတယ်ဗျ"

လူငယ်က ကျန်းကျင်းခိုင်ကို လှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ဒီကောင်တွေ အစ်မကျောက်ကို ပြန်ပေးဆွဲသွားတယ် ပြသနာပဲ"

လူငယ်၏ မျက်နှာတွင် အကြီးအကျယ် စိတ်မသက်မသာဖြစ်နေဟန် ပေါ်ပေါက်နေ၏။

"အော် ဒါနဲ့ အင်စပက်တာ ခင်ဗျားရော အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်ကွာ"

အထက်ပါအတိုင်း ပြန်ဖြေရင်း ထိုလူငယ်ကို ကျန်းကျင်းခိုင် မနည်းမှတ်မိအောင် ကြိုးစားနေရသည်။

ဪ...အားမင်ဆိုတဲ့ကောင်လေးပဲ... ဒီကောင်လေး အားကျောက်ကို လီဟုန်းပင်စော်ကားနေတုန်းကလည်း တစ်ခါ ပေါ်လာဖူးတယ် အခုလည်း ဒီမှာ ထပ်ပေါ်လာပြန်ပြီ... ဒါ ဘာသဘောလဲ...တိုက်ဆိုင်နေတာပဲလား...

ထိုသို့ တွေးလိုက်သည်နှင့် ကျန်းကျင်းခိုင်က အားမင်ကို ပြန်ကြည့်မိတော့သည်။ ဤမျှတိုက်ဆိုင်နေခြင်းသည် မည်သို့မှ သာမာန်မဟုတ်နိုင်ဟု သူ တထစ်ချယူဆလိုက်ပြီ မဟုတ်ပါလား။

ဒီကောင် ငါတို့ကိုများ နောက်ယောင်ခံနေတာလား....

"အင်စပက်တာအဆင်ပြေရင်လဲ ကျွန်တော် သွားတော့မယ်"

အားမင်က ထိုသို့ပြောပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။

"ဟေ့ ဟေ့ ခနရပ်အုံး"

ကျန်းကျင်းခိုင် အားမင်ကို လှမ်းခေါ်လိုက်၏။

"မင်း..."

သို့သော် ရုတ်တရက် ပြောစရာ စကားလုံးများ ပျောက်ရှသွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

ငါက ဒီကောင့်ကို ဘာမေးရမှာလဲ... အားကျောက်ကို ခုနက ဘယ်သူ ပြန်ပေးဆွဲသွားလဲဆိုတာကို မေးရမှာလား... ဒါမှမဟုတ် အားကျောက်ကို စောင့်ကြည့်ဖို့ ဘယ်သူ သူ့ကို လွှတ်လိုက်တာလဲလို့ မေးရမှာလား...

သို့သော် ချက်ချင်းပင် ဘာမေးသင့်မှန်း ကျန်းကျင်းခိုင် အတွေးပေါက်သွားလေသည်။

"ဗန်ကားရဲ့ လိုင်စင်နံပါတ်ပြားကို မင်း မြင်လိုက်ရလား"

"အဲဒီကားမှာ နံပါတ်ပြား မပါဘူး"

အားမင်က ပြန်ဖြေလိုက်သည်။

"ဘာမှ စိတ်မပူပါနဲ့ အင်စပက်တာကျန်း ကျွန်တော် ကတိပေးပါတယ် အစ်မကျောက် သေချာပေါက် ပြန်ရောက်လာပါလိမ့်မယ် မဟုတ်ရင် အစ်ကိုတောက်က ဒီကောင်တွေကို တစစီဖြစ်အောင် လုပ်ပစ်လိမ့်မယ်"

ထို့နောက် အားမင်၏ပုံရိပ်သည် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

ကျန်းကျင်းခိုင် နေရာတွင် တစ်ယောက်တည်း ရပ်ကျန်ခဲ့လေသည်။ သူ အကြီးအကျယ် စိတ်ဓာတ်ကျသွား၏။ သူချစ်သော အမျိုးသမီးကို သူ့မျက်စိရှေ့မှာပင် သူစိမ်းများက ဖမ်းဆီးခေါ်ဆောင်သွားသည် မဟုတ်ပါလား။ သူ့အနေနှင့် ၎င်းကိုတားဆီးရန် ဘာမှမတတ်နိုင်ခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူ့ကမ္ဘာသည် ဟာလာဟင်းလင်း ဖြစ်သွားသလို ကျန်းကျင်းခိုင် ခံစားလိုက်ရသည်။ အမှောင်ထုသည် သူ့ကမ္ဘာထဲရှိ အရာအားလုံးကို ဝါးမျိုနေရုံသာမက သူ့စိတ်ဝိညာဉ်ကိုပါ ဝါးမျိုနေသည်ဟု သူ ခံစားနေရလေသည်။

--------------------------------

ထိုအချိန်တွင် အားမင်မှာလည်း မသက်သာလှ။သန်မာတောင့်တင်းလှသည့် လူတစ်ယောက်၏ ထိုးကြိတ်ခြင်းကို ခံနေရ၏။ သူ့ကို တိုက်ခိုက်သူနေသူသည် အကြီးအကျယ် ဒေါသထွက်နေဟန်ရှိသည်။

"မင်း အသုံးမကျတဲ့ကောင်ပဲကွ အားကျောက်ကို ဘယ်သူ ပြန်ပေးဆွဲသွားတာလဲ ဟင်... အသုံးမကျတဲ့ ခွေးမသား"

သူသည် အထက်ပါအတိုင်း ဆဲဆိုနေရင်း အားမင်၏ရင်ဘတ်ကို ဆောင့်နင်းလျက်ရှိသည်။ မြေကြီးပေါ်လဲကျနေသော အားမင်ကား ငြီးငြူခြင်းမရှိပဲ သူ့အထက်အရာရှိပေးသော ပြစ်ဒဏ်ကို ဆန္ဒအလျောက် ခံယူနေ၏။ သူသာ ချွေကျင်းကို ဖက်ထုတ်ခွံ့ကျွေးမနေခဲ့လျင်၊ သူသာ ခံစားချက်နောက်ကို မလိုက်ခဲ့လျင် အားကျောက်ကို ကယ်ကောင်းကယ်နိုင်ပေလိမ့်မည်။

"တစ်ခုခု ပြောစမ်းကွ"

ထိုလူက အထက်ပါအတိုင်း အော်ဟစ်ပြီး အားမင်ကို ကန်ထည့်လိုက်၏။ ပြင်းထန်သောကန်ချက်ကြောင့် အားမင် အခန်းထောင့်သို့ လွင့်ထွက်သွားတော့သည်။ ထို့နောက် သူ အခန်းတံခါးကိုဖွင့်ပြီး အောက်ထပ်ရှိ သူ့လူများကို ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

"မင်းတို့အားလုံး၊ နားထောင်ကြ ဒီအချိန်ကစပြီး မင်းတို့မှာ အလုပ်တစ်ခုပဲ ရှိတယ် တစ်ခုတည်းပဲ ခုချက်ချင်း အားကျောက်ကို ရှာကြ ရှာမတွေ့ရင် မင်းတို့ အသက်ရှင်လျက် ပြန်မလာတော့နဲ့"

ထိုအသံကို ကြားသည်နှင့် အင်တာနက်ကဖေးရှိလူများ အပြင်သို့ အလျှိုလျှို ထွက်ခွာသွားကြ၏။ သူတို့ မစ်ရှင် စတင်ခဲ့လေပြီ။ ထိုမစ်ရှင်မှာ အားကျောက်ကို ရှာဖွေရန်ပေတည်း။

---------------------------------

နာရီဝက်ခန့်အကြာတွင် လူရှောက်ချိန်နှင့်ကျန်းနန်တို့ ထိုနေရာကို ရောက်လာကြ၏။ အခင်းဖြစ်ပွားရာနေရာတွင် ကျန်းကျင်းခိုင်အပြင် ရဲဆယ်ယောက်ခန့်လည်း ရှိနေကြသည်။ အားကျောက် ပြန်ပေးဆွဲခံရပြီးနောက် ကျန်းကျင်းခိုင်က ရဲများကို ဖုန်းဆက်လိုက်ပုံပင်။

"အင်စပက်တာ အင်စပက်တာကျန်း..."

လူရှောက်ချိန်နှင့် ကျန်းနန်၏ ခေါ်သံကို ကျန်းကျင်းခိုင် ပြန်မထူးချေ။ နောက်ဆုံးတော့ ကျန်းနန်က မချင့်မရဲနှင် ဖွင့်ပြောလိုက်သည်။

"စိတ်မပူပါနဲ့အင်စပက်တာ ကျွန်တော်တို့ သူ့ကို ရှာတွေ့မှာပါ"

ကျန်းကျင်းခိုင်ကား ရေခဲတုံးကဲ့သို့ပင် ငူငူကြီး ရှိနေ၏။ ကျန်းနန်၏စကားကို သူတကယ်ကြီး မကြားသည့်ပုံပင်။ သူ့မျက်လုံးအစုံတွင်ကား မျက်ရည်များ မသိမသာ ရစ်ဝဲလျက်ရှိလေသည်။

All Chapters