← Chapters

အိမ် (၄)

Vol. 3 Ch. 141

အိမ် (၄)

Vol. 3 Ch. 141

နောက်တစ်ခါ ထပ်ပြီးတော့ ကလေးတွေ ကစားနေကြပြန်ပြီ။

ကျွန်မ မျက်လုံးကို ဖွင့်မကြည့်ရသေးပေမဲ့ ကလေးနှစ်ယောက် ခုန်ပေါက်ပြေးလွှားနေတာကို ကျွန်မခံစားမိတယ်။ တကယ်လည်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ညကမြင်ခဲ့ရတဲ့ ကလေးနှစ်ယောက်။ အခုတော့ နေ့ခင်းပိုင်းဖြစ်လို့ သူတို့ပုံစံကို သေချာမြင်နေရပြီး သူတို့ ပုံစံတွေက အရောင်အဆင်းမရှိဘဲ အဖြူအမည်းသက်သက်သာ ဖြစ်လို့နေပါတယ်။

သူတို့တွေက ဧည့်ခန်းဆိုဖာပေါ်မှာတင်ထားတဲ့ ခေါင်းအုံးတွေကို ယူပြီးတော့ ဟိုဖက်ဒီဖက်ပစ်ပြီး ဆော့နေကြတာ။ ဒီကလေးတွေက သာမန်မဟုတ်မှန်း ကျွန်မသိတဲ့အတွက်ကြောင့် အိုလီရာနာကိုရှာပြီး အကူအညီတောင်းဖို့အတွက် ကြိုးစားကြည့်ခဲ့ပေမဲ့ အိုလီရာနာက အနားမှာရှိမနေပါဘူး။ ဒီအိမ်ကြီးတစ်ခုလုံးမှာ ကျွန်မနဲ့ ဒီကလေး နှစ်ယောက်ပဲ ရှိတဲ့ပုံပေါ်တယ်။

ကလေးတွေက ကျွန်မကိုသတိထားမိသွားတယ်။ တစ်ခုခု မကောင်းတာဖြစ်တော့မယ်လို့ သတိထားမိပေမဲ့ ကလေးတွေက ကျွန်မကို ပြုံးပြရုံပဲ ပြုံးပြပြီးတော့ ထိုင်ရာကနေ ထခိုင်းပါတယ်။ အဲဒီနောက်တော့ အကြီးမလေးက သူ့ကိုယ်သူလက်ညိုးထိုးပြပြီး ကျွန်မတို့ကိုပြေးဖို့ အချက်ပြတယ်။ အငယ်ကောင်လေးက အိမ်ပေါ်ထပ်ကို တက်ပြေးနှင့်ပြီ။ ကျွန်မလည်း ဇာတ်လမ်းတွေထဲ ပါလေ့ရှိတဲ့အတိုင်း အဖမ်းခံရရင် တစ်ခုခုဖြစ်လေမလား တွေးမိတဲ့ အတွက်ကြောင့် အိမ်ထဲ ပတ်ပြေးခဲ့မိပေမဲ့ မကြာခင်မှာပဲ အကြီးမက ကျွန်မကိုဖမ်းမိသွားရော။

“ငါတော့ သေပြီနဲ့တူတယ်။” ကျွန်မ စိုးရိမ်နေခဲ့မိပေမဲ့ ဘာမှ ဖြစ်မလာဘူး။ အဲဒီအစား အကြီးမလေးက ကျွန်မကိုလက်ညိုး ထိုးပြပြီးတော့ ထွက်ပြေးတယ်။ လှေကားပေါ်မှာတော့ အငယ် ကောင်လေးက ကျွန်မကိုလှမ်းပြီး လျှာထုတ်ပြနေတယ်။

ဒါကြောင့်ကျွန်မလည်း သူတို့ကိုလိုက်တော့တာပေါ့။ မကြာခင်မှာပဲ အငယ်လေးကို ဖမ်းမိပြီး အငယ်လေးက ကျွန်မနဲ့အကြီးမကို လိုက်ဖမ်းပြန်တယ်။ ဒီလိုနဲ့စိန်ပြေးလိုက်တမ်း ဆော့နေခဲ့တာ ညနေစောင်းသွားတဲ့အထိပါပဲ။

ကလေးတွေဆော့လို့ ဝသွားတဲ့နောက်မှာတော့ သူတို့တွေက မနေ့ညက ကျွန်မမြင်ခဲ့သလိုပဲ မီးလင်းဖိုဆီကို လျှောက်သွား ကြပါတယ်။ သူတို့က ကျွန်မကို လက်ယပ်ခေါ်ပေမဲ့ ကျွန်မက ခေါင်းခါပြတဲ့အတွက် သူတို့တွေဆက်မခေါ်ကြတော့ပါဘူး။ အဲဒီအစား သူတို့မျက်နှာလေးတွေက ညိုးငယ်သွားခဲ့ပြီးတော့ မီးလင်းဖိုထဲ လျှောက်ဝင်သွားကြတယ်။ နောက်တော့...

မီးလင်းဖိုက မီးတွေတောက်လာပြီး သူတို့နှစ်ယောက်ပြာကျ သွားတာကို ကျွန်မသေချာ မြင်လိုက်ရတယ်။

...

“ဆယ်... ဆယ်ဗီ၊ ဘာဖြစ်တာလဲ။”

ရုတ်တရက် ကျွန်မအိပ်နေရာကနေ ဆိုဖာခုံပေါ်ကနေပြီး ထရပ်မိတဲ့ အတွက်ကြောင့် ဘေးမှာရှိနေတဲ့ အိုလီရာနာလည်း ထိတ်လန့်သွား ပါတော့တယ်။ ပတ်ဝန်းကျင်ကိုကြည့်တော့ အချိန်က ညနေပိုင်း ဆိုတာမှန်ပေမဲ့ ကလေးတွေရှိမနေဘူး။ အိုလီရာနာက တီဗီကနေ ကြောင်နဲ့ကြွက်ကာတွန်းကား ကြည့်နေဆဲဖြစ်ပြီး တခြားထူးထူး ခြားခြားဖြစ်နေတာမျိုးလည်း မရှိပါဘူး။

“အိုလီရာနာ၊ နင်သဘာဝလွန် တည်ရှိမှုတစ်ခုခုကို အာမခံမိတာမျိုး ရှိလား။”

အိုလီရာနာက ကျွန်မမေးခွန်းကိုကြားတော့ ခဏလောက် စဥ်းစား လိုက်ပါတယ်။ အဲဒီနောက်တော့ ကျွန်မကို အခုလိုမျိုးပြောလိုက် လေရဲ့။

“အားနည်းတဲ့ တည်ရှိမှုတစ်ခုနှစ်ခုတော့ ခံစားမိတယ်ဆိုပေမဲ့ အန္တရာယ်ရှိတာမျိုးတော့ မဟုတ်ပါဘူး။”

“တစ်ခုနှစ်ခု....” ကျွန်မ အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ ကလေးတွေကို ချက်ချင်းသတိရသွားတယ်။ နောက်တော့ ကျွန်မဖြည်းဖြည်းချင်း မီးလင်းဖိုနားကို ကပ်သွားမိတယ်။ မီးလင်းဖိုရှေ့မှာ သံဘန်းတွေနဲ့ ကာထားတဲ့ ခြံစည်းရိုးအသေးလေးရှိပေမဲ့ ကျွန်မက အဲဒီတံခါးကို အသာအယာဖွင့်လိုက်ပြီးတော့ မီးဖိုးချောင်းတိုင်ထဲကို ခေါင်းပြူ ကြည့်လိုက်တယ်။ အတွင်းပိုင်းက မှောင်မည်းနေပြီးတော့ အပေါ်ဘက်ကိုကြည့်လိုက်တော့ ကောင်းကင်ပြာကြီးကို လှမ်းပြီးမြင်ရပေမဲ့ အလင်းကွက်က လေးထောင့်ကျကျ ဖြစ်မနေခဲ့ပါဘူး။

“ဆယ်... ဆယ်ဗီ... နင်ဘာလုပ်နေတာလဲ။”

အိုလီရာနာလည်း ကျွန်မနောက်ကနေ လိုက်လာပြီးကြည့်တာပေါ့။ ကျွန်မက စိတ်ထဲရှိတဲ့အတိုင်းပဲ ပြောလိုက်ပါတယ်။ “အိုလီရာနာ၊ မီးခိုးခေါင်းတိုင်ထဲမှာ တစ်ခုခုရှိတယ်နဲ့တူတယ်။”

ကျွန်မပြောလိုက်တော့ အိုလီရာနာက တီဗီနဲ့ချိတ်ထားတဲ့ ကျွန်မဖုန်း ကိုလှမ်းယူလိုက်ပြီး ဖလက်မီးဖွင့်လိုက်တယ်။ နောက်တော့ ကျွန်မကို ကမ်းပေးတာနဲ့ ကျွန်မလည်း မီးခိုးခေါင်းတိုင်ထဲကို မီးရောင်နဲ့ ထိုးကြည့်လိုက်တာပေါ့။

“ဘုရားရေ....”

မြင်လိုက်ရတဲ့မြင်ကွင်းက တကယ့်ကို မယုံနိုင်စရာပါပဲ။ မီးခိုး ခေါင်းတိုင်ရဲ့အမြင့်တစ်နေရာမှာ သေးငယ်တဲ့အရိုးစုနှစ်စုရှိနေပြီး ကလေးတွေရဲ့အရိုးစုဖြစ်ပုံပါပဲ။ ဒါကိုမြင်ရရုံနဲ့တင် ကျွန်မ သွေးပျက်ပြီး ဒူးတွေတုန်လာတော့တာပဲ။

“ သူတို့တကယ်ရှိနေခဲ့တာပဲ... သူတို့က တကယ်ရှိနေခဲ့တာ။”

အိုလီရာနာကတော့ ကျွန်မဘာကို မြင်လိုက်ရသလဲဆိုတာ နားလည်ပုံ မပေါ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မကသူ့ကို မြင်ခဲ့ရတဲ့ အတိုင်းပြောပြလိုက်တော့ အိုလီရာနာနဲ့မျက်နှာက ပြောင်းလဲ သွားခဲ့ပြီး ချက်ချင်းပဲနက်ဆန့်အခန်းဆီ ပြေးသွားလိုက်တယ်။

“ဒီလိုကိစ္စမျိုးက သခင့်ကိုသွားပြေတာ ပိုကောင်းတယ်။”

ခဏနေတော့ နက်ဆန်လည်းအိပ်ရာကနေ အိပ်ချင်မူးတူးနဲ့ ထလာပြီး မီးခိုးခေါင်းတိုင်ထဲက အရိုးစုတွေကိုလာပြီးတော့ ကြည့်ပါတယ်။ နောက်တော့ သူက အိုလီရာနာကိုလှည့်ကြည့်ပြီး ပြောလိုက်တယ်။

“ သူတို့ကို ဆွဲထုတ်လိုက်။”

အိုလီရာနာက အမိန့်ရတာနဲ့ သူ့လက်ကိုဖြန့်လိုက်တယ်။ သူ့ရဲ့ ဆံပင်တွေက နွယ်လက်တံတွေအဖြစ် ရှည်ထွက်လာခဲ့ပြီးတော့ မီးခိုးခေါင်းတိုင်ထဲကို ဝင်သွားတယ်။ အဲဒီနောက်တော့ အရိုးစု နှစ်ခုကို မထိခိုက်အောင်လို့ ညင်သာစွာနဲ့ ဆွဲထုတ်ခဲ့ပါတယ်။

နောက်တော့ နက်ဆန်က အရိုးစုတွေကို အနီးကပ်လေ့လာ ကြည့်လိုက်တယ်။ အရိုးစုတွေက မီးသွေးတွေလိုမျိုး မည်းနက်နေခဲ့ပြီး အရိုးစုတစ်ခုက ပိုကြီးကာ တခြားတစ်ခုက ပိုသေးပါတယ်။

“ သူတို့ဆီက အားနည်းတဲ့ မကျွတ်မလွတ်တဲ့ဝိညာဥ်တွေရဲ့ တည်ရှိမှုကို ခံစားမိတယ်။ သူတို့လေးတွေက အန္တရာယ်မရှိဘူး။ ဒါပေမဲ့... ငါတို့တွေ ဒီအိမ်ရဲ့အိမ်ရှင်နဲ့ စကားပြောဖို့ လိုလာပြီလို့ ထင်တာပဲ။”

အဲဒီနောက်တော့ ကျွန်မတို့တွေ ဧည့်ခန်းထဲမှာ အရိုးစုနှစ်စုနဲ့အတူ ထိုင်စောင့်နေဖြစ်ပါတယ်။ ခဏနေတော့ အထုတ်အပိုးတွေ အများကြီးနဲ့ မိုနီကာပြန်လာတယ်။ သူက ဧည့်ခန်းခုံပေါ်မှာ လက်နှစ်ဖက်ကိုအချင်းချင်းဆုပ်ပြီးထိုင်နေတဲ့ နက်ဆန်ကို မြင်တော့ အပျော်လွန်သွားတယ်။

“ဒါလင်... နိုးနေပြီလား...” ဒါပေမဲ့ ဧည့်ခန်းအလယ်မှာရှိနေတဲ့ မည်းနက်နေတဲ့ အရိုးစုနှစ်စုကို မြင်ရတဲ့အချိန်မှာ သူ့မျက်နှာပေါ် ရှိနေခဲ့တဲ့အပြုံးက ပျောက်ကွယ်သွားလေရဲ့။ သူ့ပုံစံက ‘ နောက်ထပ် အရှုပ်တော်ပုံထဲ ဝင်ပါမိပြန်ပြီလား။’ လို့ပြောချင်နေတဲ့ပုံ။

အကြောင်းစုံသိရပြီးတဲ့နောက်တော့ သူလည်းပဲ ဘာမှမပြောဘဲ ကျွန်မတို့နဲ့အတူလာထိုင်ပြီး အိမ်ရှင်ကြီးပြန်အလာကို ထိုင်ပြီး စောင့်ပါတယ်။

ညရှစ်နာရီခွဲလောက်ကျမှ အိမ်ရှင်ကြီးလူကာက ပြန်လာပါတယ်။ လက်ထဲမှာ အထုပ်တွေအပိုးတွေအပြည့်နဲ့ဖြစ်ပြီး မွှေးပျံတဲ့ရနံတွေ ထွက်နေတဲ့ ဖော့ဘူးထဲက စားစရာတွေလည်းအများကြီးရှိတယ်။ ဒါပေမဲ့ သူက လူစုံနေတဲ့ကျွန်မတို့နဲ့ အခန်းအလယ်က အရိုးစုတွေကို တွေ့တဲ့အချိန်မှာတော့ မှိုင်ကျသွားခဲ့ပါတယ်။

“ဘာလို့ မင်းတို့က သူတို့ကို နှောင့်ယှက်ရတာလဲ။” လို့သာ တီးတိုးပြောလိုက်လေရဲ့။

နက်ဆန်ကတော့ အပိုစကားမပြောဘဲ ဧည့်ခန်းထဲက လွတ်နေတဲ့ နောက်ဆုံးခုံကို ညွန်ပြလိုက်ပြီး ပြောလိုက်တယ်။

“ထိုင်ပါ။”

အိမ်ရှင်လူကာက မငြင်းဘဲနဲ့ ဝင်ထိုင်လိုက်တယ်။ သူ့ပုံစံက လက်ရှိအခြေအနေကို လေးနက်မှန်းနားလည်ပုံရပေမဲ့လည်း တည်တည်ငြိမ်ငြိမ်နဲ့ သက်သောင့်သက်သာ ရှိနေဆဲပါ။

နက်ဆန်က လူကာကို သေချာကြည့်လိုက်ပြီးတော့ “ကျုပ်တို့သာ သာမန်လူတွေဖြစ်မယ်ဆိုရင် ဒီအရိုးစုတွေကိုတွေ့တာနဲ့ ရဲခေါ် ပြီးနေလောက်ပြီ။ ဒါပေမဲ့ သာမန်လူတွေမဟုတ်တာကြောင့် ခင်ဗျားကို အခုလိုမျိုးခေါ်ပြီး စစ်မေးဖို့ဖြစ်လာတာပဲ။”

ဦးလေးကြီးက ကျွန်မတို့ပြောတာတွေကို နားလည်ပုံမပေါ်ဘူး။ သူက တကယ့်ကို သာမန်လူတစ်ယောက်ဖြစ်ပြီး မှော်ကျောင်းတွေ တည်ရှိနေတဲ့အကြောင်း မသိပါဘူး။ ဒါပေမဲ့ နက်ဆန်ရဲ့စကားကို ကြားပြီးတဲ့နောက်မှာ သူက ခေါင်းကိုငိုက်စိုက် ချထားလိုက်တယ်။

“ဒီကလေးတွေနဲ့ခင်ဗျားက ဘယ်လိုပတ်သက်တာလဲ။”

နက်ဆန်က ရှင်းရှင်းလင်းလင်း မေးလိုက်တယ်။ ဒါပေမဲ့ ဦးလေး လူကာရဲ့နဖူးကနေ ချွေးစေးတွေကျလာပြီး လက်ရှိအခြေအနေက သူ့အတွက် အလွန်တင်းကျပ်ကြောင်း ဖော်ပြနေခဲ့ပါတယ်။

“တကယ်တော့ ဒီအိမ်ကြီးက ကျုပ်တို့ဘိုးဘွားပိုင်အိမ် မဟုတ်ပါဘူး။ ဒီအိမ်ကို ဝယ်ခဲ့တာလည်း နှစ်နည်းနည်းပဲ ရှိပါသေးတယ်။”

နောက်တော့ ဦးလေးလူကာက တကယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေကို စပြီးတော့ ပြောပြခဲ့ပါတယ်။

“ကျုပ်က တကယ်ပဲ မင်းတို့ကိုပြောခဲ့သလို တစ်ကိုယ်တည်း သမားတစ်ယောက်ပါ။ မိသားစုမှာနောက်ဆုံးကျန်ရစ်တဲ့ အမေနဲ့လည်း အဆင်မပြေခဲ့ဘူး။ အမေဆုံးသွားတော့ အမေ့အိမ်ကို ကျုပ်ရောင်းပြီး မီလန်မြို့က ဒီအိမ်လေးကို ဝယ်ခဲ့တာ။ ဒါပေမဲ့ ထင်မထားခဲ့တာက ဒီအိမ်လေးမှာ နေနှင့်ပြီးတဲ့သူတွေ ရှိခဲ့ပြီးသား ဆိုတာကိုပေါ့။”

...

ဦးလေးကြီးလူကာက သူအိမ်ကိုပထမဆုံး စရောက်လာခဲ့တဲ့ နေ့အကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။ ကျွန်မတို့တွေလိုပဲ အိမ်ထဲကို ပစ္စည်းတွေပြောင်းရွှေ့ပြီးတော့ သူလည်းအိပ်ခန်းထဲမှာ ဝင်အိပ်ခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကလေးတွေက သူ့အိပ်ရာကိုဝိုင်းပတ် ကစားနေတဲ့အကြောင်း သတိထားခဲ့မိတဲ့အတွက် အံ့ဩမိသွား ခဲ့ပါတယ်။ အစကတော့ သူကြောက်လန့်နေခဲ့မိပေမဲ့ လအနည်းငယ် ကြာတဲ့အခါမှာတော့ အသားကျသွားခဲ့တယ်။

“တစ်ခါတလေတော့ ကျုပ်အိပ်မက်ထဲ သူတို့ရောက်လာရင် သူတို့နဲ့အတူ ကျုပ်ကစားပေးဖြစ်တယ်။ သူတို့က ကျုပ်ကိုသိပ်ပြီး အနှောင့်အယှက်မပေးပါဘူး။ အန္တရာယ်လည်း မပေးခဲ့ဘူး။ ကြာလာတော့ သူတို့ကို ကျုပ်ရဲ့မိသားစုဝင်တွေလို့ မြင်လာတဲ့ အထိပါပဲ။”

ဒါပေမဲ့ ကျွန်မခေါင်းထဲမှာ ထုတ်မရဖြစ်နေတဲ့ အကြောင်းအရာ တစ်ခုတော့ရှိနေဆဲပါ။ အဲဒါကတော့ ကလေးတွေက ကျွန်မကို အိပ်မက်ထဲမှာ မီးခိုးခေါင်းတိုင်ထဲကိုလာဖို့ လက်ယပ်ခေါ်နေတာ ကိုပါ။

“ဒါပေမဲ့ အိပ်မက်မက်နေတုန်း မီးခိုးခေါင်းတိုင်ထဲလာဖို့ ဖိတ်ခေါ်တာကျတော့ရော။”

ဦးလေးကြီးက ကျွန်မအမေးကြောင့် ပြုံးလိုက်တယ်။ “သူတို့က ကျုပ်တို့ကို သူတို့ပုန်းနေတဲ့နေရာကို လိုက်ရှာတွေ့စေချင်တာပဲ။ အိပ်မက်ထဲမှာ သူတို့နောက်လိုက်သွားရင်တောင် သူတို့ပုန်းနေတဲ့ နေရာကိုမြင်ရရုံကလွဲပြီး ဘာအန္တရာယ်မှမရှိဘူး။”

ပုန်းနေတဲ့နေရာကို လိုက်ရှာစေချင်တာဆိုတဲ့စကားက နည်းနည်း တာသွားတယ်။ ဦးလေးကြီးက အပေါ်ထပ်ကိုခဏတက်သွား ခဲ့ပြီးတော့ ဂျာနယ်အဟောင်းတွေစုထားတဲ့ စာအုပ်ကြီးတစ်အုပ်နဲ့ အတူတူပြန်လာခဲ့ပါတယ်။ အဲဒီထဲက စာတမ်းတစ်စောင်ကတော့ စစ်ပြီးကာလ အီတလီမှာ ထူးဆန်းစွာပျောက်သွားခဲ့တဲ့ ကလေး နှစ်ယောက်အကြောင်းပါပဲ။

ကလေးတွေက ရပ်ကွက်ထဲက တခြားကလေးတွေနဲ့အတူတူ ညနေပိုင်းအချိန်မှာ တူတူပုန်းတမ်း ကစားနေခဲ့တာဖြစ်ပြီး ရှာမတွေ့ခဲ့ကြပါဘူး။ ရပ်ကွက်က လူစုပြီးလိုက်ရှာခဲ့ပေမဲ့လည်း ရှာလို့မတွေ့ခဲ့ကြဘူး။

“ကလေးတွေက ဒီအိမ်ထဲက မီးခိုးခေါင်းတိုင်ထဲ ဝင်ပုန်းနေခဲ့ပြီး တစ်ခုခုဖြစ်သွားခဲ့တယ်လို့ ကျုပ်ထင်တာပဲ။”

နက်ဆန်ကတော့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီအခင်းဖြစ်စဥ်က ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရတဲ့ပုံပဲ။ ကျွန်မလည်းတွေးလိုက်ပြီး ပြောလိုက်တယ်။

“အိမ်ရှင်က သူတို့မီးခိုးခေါင်းတိုင်ထဲမှာ ရှိနေတာမသတိဘဲနဲ့ မီးဖိုလိုက်မိတာလား။ ဒါဆိုရင်လည်း ကလေးတွေရုန်းကန်နေတဲ့ အသံကိုကြားရမှာပေါ့။”

ဦးလေးလူကာက ခေါင်းခါလိုက်တယ်။ “ကျုပ်စုံစမ်းပြီးပြီ။ အဲဒီတုန်းက ဒီအိမ်ရဲ့ပိုင်ရှင်က နားမကြားဘူး။ ကလေးတွေက မီးလင်းဖိုထဲ ပြုတ်ကျလို့သေတာမျိုးလည်းမဟုတ်လောက်ဘူး ထင်တာပဲ။ မီးအပူရှိန်ကြောင့် လန့်ဖြန့်ပြီး အပေါ်ကိုထက် တက်ခဲ့ကြပေမဲ့ မီးခိုးမွှန်ပြီးသေတာ ဖြစ်ဖို့များတယ်။”

ဦးလေးလူကာက အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ကိုယ်တိုင် မမြင်ဖူးခဲ့ပေမဲ့ နှစ်ကြာရှည်စုံစမ်းပြီးတဲ့နောက်မှာ ပညာတတ် ခန့်မှန်းမှုတစ်ခု လုပ်နိုင်ခဲ့တဲ့ပုံပဲ။

မိုနီကာကတော့ ဒီအဖြေကို သိပ်ပြီးကျေနပ်သေးတဲ့ပုံ မပေါ်ဘူး။ “ရှင်ပြောတာတွေက အမှန်တွေဟုတ်မဟုတ်ဆိုတာ ကျွန်မတို့ ဘယ်လိုလုပ်သိနိုင်မှာလဲ။ ကလေးတွေက တကယ်ပဲ မတော်တဆမှုတစ်ခုကြောင့် သေသွားတာရောဟုတ်ရဲ့လား။”

ဦးလေးလူကာက ပခုံးတွန့်ပြလိုက်တယ်။ “အရင်နှစ်တွေအတွင်း ငါလုပ်ခဲ့တဲ့ စုံစမ်းမှုတွေက ဒီလိုကိစ္စမျိုးဖြစ်လာခဲ့ရင် ငါလုပ်တာ မဟုတ်ဘူးလို့ သက်သေပြနိုင်ချင်ရုံတင်ပါ။ ကလေးတွေရဲ့ အရိုးစုသက်တမ်းကို ကျွမ်းကျင်သူတွေစစ်ကြည့်ရုံနဲ့တင် ဒီအိမ်ကို နှစ်အနည်းငယ်လောက်ကမှ ပြောင်းလာတဲ့ငါ့လက်ချက် မဟုတ်မှန်းသိနိုင်တယ်။”

နောက်တော့ ဦးလေးကြီးက သက်ပြင်းချပါတယ်။ “ကလေးတွေ တကယ်ဘာဖြစ်သွားခဲ့တာလဲဆိုတာကတော့ နှစ်တွေကြာပြီဆိုတော့ ငါလည်းဘယ်လိုလုပ် သိနိုင်တော့မှာလဲ။”

ဒါကတော့ အမှန်ပဲ။ ကျွန်မတို့တွေ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမလုပ်နိုင်တာတော့ သေချာပါတယ်။ နက်ဆန်က လက်ညိုး ထောင်လိုက်တယ်။

“ကျုပ်ခင်ဗျားပြောတာ အမှန်တွေပဲလို့ယုံတယ်။ ဒါပေမဲ့ နောက်ဆုံး စစ်ဆေးစရာလေးတစ်ခုရှိတယ်။ ဒီကလေးတွေရဲ့ဝိညာဥ်က ခင်ဗျားကို ဘယ်လိုတုံ့ပြန်လဲဆိုတာကိုပေါ့။”

ဝိညာဥ်ဆိုတာကို ကြားရတော့ လူကာက မျက်ခုံးပင့်လိုက်တယ်။ သာမန်လူတစ်ယောက်ဖြစ်လို့ ဒီလိုကိစ္စတွေကို သူသိမထားဘူး။ ကလေးနှစ်ယောက်က အိပ်မက်ထဲရောက်လာပြီး ကစားနေတာကို ကြုံရတဲ့အတွက်ကြောင့် သဘာဝလွန်ဖြစ်ရပ်တွေရှိမှန်းကိုသာ ကိုယ်တွေ့ကြုံလို့ သိရပေမဲ့ အသေးစိတ်နားလည်မယ်လို့တော့ ကျွန်မမထင်ဘူး။

“နားလည်ပြီ၊ မင်းက သာမန်လူမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာ ဒါကြောင့်လား။”

နက်ဆန်က ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက် သူ့အရိပ်ထဲကနေ တစ္ဆေမီးအိမ်ကို ထုတ်လိုက်ပါတယ်။ လူကြီးက နက်ဆန့်လက်ထဲ မီးအိမ်ရုတ်တရက်ရောက်လာတဲ့အတွက် ထိတ်လန့်သွားပုံပေါ်ပေမဲ့ ကလေးနှစ်ယောက်အပေါ် မီးအိမ်ရဲ့အလင်းရောင်ကျဆင်းလာပြီး ကျွန်မမြင်ခဲ့ရတဲ့ အဖြူအမည်းဝိညာဥ်ကလေးနှစ်ယောက်ကို မြင်ရချိန်မှာတော့ ဦးလေးလူကာက ပြုံးလိုက်တယ်။ ကလေးတွေ ကိုယ်တိုင်ကလည်း ပြုံးနေပြီးတော့ လူကာနားမှာခုန်ပေါက် လို့နေပါတယ်။ ကျွန်မနဲ့ကစားတုန်းကထက်တောင် ပိုပျော် နေပုံရသေးတယ်။

“အိပ်မက်ထဲမှာမဟုတ်ဘဲ သူတို့ကိုမြင်နိုင်တဲ့ နည်းလမ်း ရှိနေသေးတာလား။”

ဦးလေးလူကာက အံ့ဩလို့မဆုံးဖြစ်နေပေမဲ့ နက်ဆန်က မီးအိမ်ကို ပြန်သိမ်းလိုက်တယ်။ တည်ရှိမှုမှိန်ပျပျပဲရှိတဲ့ ကလေးတွေကိုလည်း မမြင်ရတော့ဘူး။

“ကြည့်ရတာ ကလေးတွေက ခင်ဗျားနဲ့ရန်သူမဟုတ်ပုံပဲ။”

ဒါက အဓိပ္ပါယ်ရှိတယ်။ ဦးလေးလူကာကသာ ဒီကလေးတွေကို အန္တရာယ်ပြုဖို့ကြိုးစားခဲ့ရင် ဒီကလေးတွေက သူ့ကိုအခုလိုမျိုး ခင်မင်နေကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နက်ဆန်က နောက်ထပ် လုပ်ရမယ့်ကိစ္စကို ပြောလိုက်တဲ့အချိန်မှာတော့ လူကာမျက်နှာ ပျက်သွားပါတော့တယ်။

“အခုလုပ်စရာဆိုလို့ ရုပ်အလောင်းတွေ တွေ့တဲ့အကြောင်း သက်ဆိုင်ရာကို အကြောင်းကြာပြီးတော့ ကလေးတွေကို ကျွတ်လွတ်အောင် လုပ်ပေးရမယ်။”

All Chapters