← Chapters

သွေးများ ယိုစိမ့်နေသော ပေါက်စီများ

Vol. 6 Ch. 543

သွေးများ ယိုစိမ့်နေသော ပေါက်စီများ

Vol. 6 Ch. 543

ပိုင်ရှောင်ချန်း၊ ချိန်ကျွဲ နှင့် ကျိုးရီရှင်းတို့ ဦးထုပ်များနှင့် ကတောက်ကဆဖြစ်ခဲ့သည့်နေရာတွင် ယခုအခါ မလှုပ်မယှက် မတ်တတ်ရပ်နေသည့် ဝိညာဥ်ကျင့်ကြံသူ ဒါဇင်အနည်းငယ်သာ ကျန်ခဲ့သည်။

သူတို့မှာ ရုပ်အလောင်းများဖြစ်နေကြပြီး အခွံလွတ်ကြီးဖြစ်နေသော ဦးခေါင်းခွံများကို အတိုင်းသား မြင်နေရသည်။ ထိုမြင်ကွင်းကြီးမှာ အလွန်ကို့ရို့ကားယားနိုင်ပေသည်။

နံရံနှင့် ကြမ်းပြင်ပေါ်ရှိ မျက်နှာများမှာ စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းများချနေကြပြီး စောစောက ဖြစ်ပျက်သွားခဲ့သည်များကို ဆွေးနွေးငြင်းခုံနေကြတော့သည်။

" နောက်ဆုံးတော့ သူတို့တွေမရှိတော့ဘူး။ ဦးထုပ်နီတွေ ထွက်သွားပြီဟေ့။ ဟားဟားဟား "

" ဦးထုပ်တွေက ဒီနေ့မှ ထူးဆန်းနေပါလား။ ငါတို့ကို လုံးဝ အနိုင်ကျင့်မသွားဘူး။ "

" အေးကွ မင်းပြောတာဟုတ်တယ်။ တော်တော် ထူးဆန်းတာပဲ။ တစ်ခုခုတော့ ဖြစ်နေတာသေချာတယ် "

ထိုသို့ စကားပြောဆိုနေကြစဥ် သူတို့၏ အမူအရာမှာ ချက်ချင်းပြောင်းသွားပြီး မျက်လုံးများ ပြူးသွားကြတော့သည်။ လှိုဏ်ခေါင်း ထဲသို့ ကြည့်မိလိုက်သောအခါ သူတို့၏ ပါးစပ်များအားလုံးမှာ ပိတ်သွားရတော့သည်။ ယခုသူတို့၏ မျက်ဝန်းထဲတွင် တောက်ပနေသည့် ကြောက်ရွံ့မှုအရိပ်အယောင်များမှာ ဦးထုပ်များကိုတွေ့ခဲ့ရစဥ်ကထက် များစွာသာလွန်ပြီး သူတို့အားလုံးမှာ အသားများ တုန်ရီလာကြတော့သည်။

လှိုဏ်ခေါင်းကြီး၏ အတွင်းတွင် ဝိုးတဝါး လူရိပ်တစ်ခုက လျင်မြန်စွာ ရုပ်လုံးပေါ်လာသည်။ ထိုသူမှာ ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည့် ချောမောလှပသော မိန်းမပျိုတစ်ဦးဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် သူမမှာ အလွန်ထူးဆန်းနေသော်လည်း ထိုထူးဆန်းနေသည့်အရာကို အတိအကျ မသိနိုင်ချေ။

" လူအများကြီး ရောက်လာခဲ့တာပဲ။ အချစ်လေးတောင် ပါသေးတယ်။ "

ထိုမိန်းမပျို ရယ်မောလိုက်သောအခါ သူမ၏ မျက်ဝန်းများမှာ လခြမ်းနှစ်ခြမ်း ပုံသဏ္ဍာန် ပြောင်းလဲသွားသဖြင့် ပို၍ပင် လှပလာတော့သည်။ တချိန်ထဲမှာပင် သူမ၏ မျက်လုံးတစ်လုံးချင်းဆီထဲတွင် မျက်ဆံနှစ်ဆံကို မြင်နိုင်သဖြင့် အလွန်ကို့ရို့ကားယားနိုင်ဖွယ် ကောင်းနေတော့သည်။ မျက်ဆံတစ်ခုမှာ အကြီးဖြစ်ပြီး နောက်တစ်ခုမှာ အသေးဖြစ်ကာ ထိုနှစ်ခုမှာ တစ်ခုနှင့်တစ်ခုထပ်နေသည်။ သူမ၏ မျက်ဝန်းထဲသို့ စိုက်ကြည့်မိလိုက်သူတိုင်း ရိုးတွင်းချဥ်ဆီထဲအထိ တုန်ရီသွားရမည်မှာ အသေအချာပင်။

ပိုင်ရှောင်ချန်းသာ ဤနေရာတွင် ရှိနေပါက ထိုမိန်းမပျိုမှာ ကုန်းစွန်းဝမ်အာဖြစ်ကြောင်း ချက်ချင်း မှတ်မိမည်ဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ သူသည် ဦးထုပ်ရှစ်လုံးထံမှ အသက်လုကာ ပြေးနေရသည်။ သူက စမ်း၍ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း သူ၏မှော်သိုင်းများမှာ ထိုဦးထုပ်များအပေါ် သက်ရောက်မှုမရှိပေ။ သူ၏ လက်ဝယ်ရှိ ထူးခြားသော နည်းလမ်းအချို့ကိုသုံးကာ သူ၏အမြန်နှုန်းကို မြှင့်တင်နေပါသော်လည်း ဦးထုပ်များမှာ သူ့ကိုအမှီ လိုက်လာနိုင်ဆဲပင်။

" မင်းတို့က ဘာလို့ငါ့နောက်ကို လိုက်လာနေရတာလဲ။ ငါ...ငါ့ရဲ့ ခေါင်းက အဲ့လောက်ကြီး အရသာမကောင်းပါဘူးကွာ။ "

သူက စိတ်ထဲရှိသည့်အတိုင်း ထွက်ပြေးနေစဥ် ဝိညာဥ်ကျင့်ကြံသူအချို့နှင့် လူ့ဘီလူးများကို မြင်လိုက်ရသော အခါ ဦးထုပ်များမှာ သူတစ်ယောက်ထဲကိုသာ လိုက်နေသည် မဟုတ်ကြောင်းကို သိလိုက်ရသည်။ ထိုဦးထုပ်များက အခြား စားစရာလူများကို မြင်တွေ့လိုက်သောအခါ သူသည် တဖြည်းဖြည်းနှင့် သူတို့၏လက်မှ လွတ်မြောက်သွားတော့သည်။

သူ လုံးဝလွတ်မြောက်သွားသောအခါမှသာ စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းချနိုင်တော့သည်။ သို့သော် ယခုလေးတင် သူကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကြီးကြောင့် သူ၏နှလုံးသားမှာ ကြောက်ရွံမှုများဖြင့် တဒိန်းဒိန်းခုန်လာတော့သည်။ တချိန်ထဲမှာပင် ထိုဦးထုပ်များက သူ့နောက်သို့မလိုက်တော့ပဲ အခြားလူများနောက်သို့ ပြောင်း၍လိုက်သွားကြပြီ ဖြစ်သဖြင့် သူက အနည်းငယ်ပင်စိတ်ဓာတ်ကျသွားရသည်။

" မဟုတ်မှလွဲရော။ ငါ့ခေါင်းက တကယ်ပဲ အရသာမကောင်းတာလား။ "

သူက စိတ်ပျက်လက်ပျက် ငြီးတွားလိုက်သည်။ အဆုံးတွင်မူ ထိုသို့သောအတွေးများကို ဖျောက်လိုက်ပြီးနောက် သူတစ်ယောက်ထဲနေနိုင်မည့် လူသူအရောက်အပေါက်နည်းသာ ထောင့်လေးတစ်ခုကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုနေရာတစ်ဝိုက်ကို မြူခိုးများဖြင့် ဖုံးလွှမ်းစေလိုက်ပြီး ချုပ်နှောင်ရန်အတွက်ပင် အေးစိမ့်ချီအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက စုတ်သပ်ကာ သူ၏ထည့်စရာအိတ်ထဲမှ ကိုးရောင်ခြယ်မီးတောက်ကို ထုတ်ယူလိုက်သည်။

ထိုမီးတောက်ကို ထည့်ထားသည့် ရေခဲအချုပ်အနှောင်ကို သေသေချာချာ ဖယ်ရှားလိုက်ပြီးနောက် သူက စိတ်လှုပ်ရှားစွာဖြင့် ထိုမီးတောက်ကိုကြည့်လိုက်သည်။ ၎င်းမှာ မှေးမှိန်စပြုနေပြီဖြစ်သော်လည်း အရောင်ကိုးရောင်ရှိနေဆဲပင်ဖြစ်သည်။ ထိုမီးတောက်မှ သူခံစားနေရသည့် ပြင်းထန်သော အပူချိန်ကြောင့် သူကြုံတွေ့ခဲ့ရသည်များမှာ ထိုက်တန်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။

" ဒီ ကိုးရောင်ခြယ်မီးတောက်က ဟုတ်လှပါလား။ ခိုင်ခံ့တဲ့ မီးစာတစ်ခုခုပေါ်မှာသာ လောင်နေရင် ငါ့အေးစိမ့်ချီက အဲဒီမီးတောက်ကို ချုပ်နှောင်နိုင်မှာတောင် မဟုတ်ဘူး "

" ဒီမီးတောက်နဲ့ဆို ငါ့ထာဝရထီးကို စိတ်စွမ်းအင်အဆင့်ကိုးအထိ မြှင့်တင်ပေးလို့ရပြီ။ "

" အဲဒါဆို အခုထက် ပိုအစွမ်းထက်လာမယ့်အပြင် ဒီနေရာမှာ ငါပိုဘေးကင်းနိုင်မှာ အသေအချာပဲ။ "

ဘေးဘီဝဲယာကို နောက်တစ်ခေါက်ထပ်ကြည့်လိုက်ပြီး သူတစ်ယောက်ထဲသာရှိကြောင်း သေချာသွားသောအခါ သူ၏ လိပ်ပုံစံဒယ်အိုးလေးနှင့် ထာဝရထီးကိုထုတ်လိုက်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ရန် စတင်လိုက်တော့သည်။

သို့သော် တစ်ခဏအကြာတွင် သူကတုံ့ဆိုင်းသွားတော့သည်။

" ဒီ ဝင်္ကပါထဲမှာရှိတဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးတို့ရဲ့ စွမ်းအင်က လုံလောက်ပါ့မလား "

မဟာတံတိုင်းမြို့တော်ကြီးတွင် သူ စိတ်စွမ်းအင်မြှင့်တင်ခြင်း အချို့လုပ်ခဲ့စဥ်တုံးက စိတ်စွမ်းအင်ပမာဏမှာ နည်းပါးနေသဖြင့် အဆင့်မြှင့်တင်သည့်လုပ်ငန်းမှာ မတည်မငြိမ်ဖြစ်ခဲ့ရသည်ကို သူ အာရုံခံမိခဲ့သည်။

သို့သော်လည်း သူ၏ လျှို့ဝှက်ဆန်းကြယ်သော လိပ်ပုံစံဒယ်အိုးလေးမှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို အောင်မြင်အောင် လုပ်ပေးသည်သာဖြစ်သည်။ ထို့ကြောင့် သူ့တွင် အရောင်မှိန်နေသည့် ကိုးရောင်ခြယ်မီးတောက် ရှိနေသည်ဖြစ်ပြီး ဝင်္ကပါကြီးထဲတွင် ရောက်နေသည်ဖြစ်ပါသော်လည်း အံကိုကြိတ်ကာ အစီအစဥ်အတိုင်းဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

" ဒီနေရာကနေ အသက်ရှင်လျက်ပြန်ထွက်နိုင်ခြေကို များလာအောင်လုပ်မှရမယ်။ နည်းနည်းလောက် စမ်းကြည့်လို့ အကျိုးမယုတ်ပါဘူး။ မအောင်မြင်ခဲ့ရင်လည်း ရှိပါစေပေါ့ကွာ "

သူ၏ သနားစရာအသက်လေးကို ကာကွယ်ရန်အတွက်ဆိုလျှင် ပိုင်ရှောင်ချန်းက မည်သည့်အခါမှ ဂျီးမများချေ။ ထို့ကြောင့် သူက ချက်ချင်းပင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စတင်လိုက်တော့သည်။

ထိုကိုးရောင်ခြယ်မီးတောက်ကို လိပ်ပုံစံဒယ်အိုးလေးက စုပ်ယူသွားသောအခါ ၎င်း၏မျက်နှာပြင်ပေါ်ရှိ အင်းကွက်များမှာ တလက်လက်တောက်ပလာတော့သည်။ ပိုင်ရှောင်ချန်းမှာ စိုးရိမ်တကြီးနှင့် အင်းကွက်များ အဆုံးတိုင် လင်းလက်လာသည်အထိ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေတော့သည်။ ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် သူ၏ထာဝရထီးကို အတွင်းသို့ ပစ်ထည့်လိုက်သည်။

ထိုအခါ လိပ်ပုံစံဒယ်အိုးလေးမှာ အပြင်းအထန် တုန်ရီလာပြီး ဖြစ်ပျက်နေသည်များကို သိနေသည့်အလား ၎င်း၏မျက်နှာပြင်ပေါ်ရှိ အင်းကွက်များမှာ ပို၍တောက်ပလာသည်။ ထို့နောက် ထိုအင်းကွက်များမှာ ထာဝရထီးဆီသို့ ပျံသန်းသွားပြီး ထိုထီး၏မျက်နှာပြင်ပေါ်တွင် စိတ်စွမ်းအင် အင်းကွက်ကိုးခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထာဝရထီးမှာ တုန်ရီသွားပြီး ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။ ထို့နောက်ထိုလိပ်ပုံစံ ဒယ်အိုးကလေးမှာ ပြန်လည်ငြိမ်သက်သွားပြီး အရာရာတိုင်းမှာ ပုံမှန်အတိုင်း ဖြစ်သွားတော့သည်။

" အောင်မြင်သွားတာလား။ ဒီလိုလေးပဲလား။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင် နည်းနည်းလေးတောင် ငါမခံစားမိလိုက်ပါလား။ "

သူက တအံ့တသြဖြင့် ထီးကိုကောက်ယူလိုက်ပြီး စစ်ဆေးလိုက်သောအခါ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အောင်မြင်သွားသည်ဆိုသည့်အချက်ကို သေချာသွားတော့သည်။

ထို့နောက် သူက လိပ်ပုံစံဒယ်အိုးလေးကို ထပ်ကြည့်လိုက်ပြီးနောက် ထာဝရထီးကိုပြန်ကြည့်လိုက်သည်။ ယခင်က သူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပြုလုပ်ခဲ့သည့်အခါတိုင်း ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့် မြေကြီးတို့၏ စွမ်းအင်များရှိနေခဲ့သည် ဖြစ်ပြီး ယခုတွင်မူ ထိုအရာမဖြစ်ခဲ့ပေ။

ပိုင်ရှောင်ချန်းမှာ သေချာစဥ်းစားလိုက်ပြီးနောက် သူ၏မျက်လုံးများများ ရုတ်တရက် အရောင်လက်သွားတော့သည်။

" မတူညီတာက မီးတောက်ကြောင့်ပဲ "

" ငါ့ရဲ့အရင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း တွေအားလုံးအတွက် ငါက ရောင်စုံခြယ်လောင်စာတွေကို သုံးပြီးမှ မီးမွှေးခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာက ငါ့မှာ အစထဲက မီးတောက်ရှိပြီးသား။ ပြီးတော့ အဲဒီမီးတောက်က မြေရိုင်းဒေသကနေလာတဲ့ မီးတောက်ဖြစ်နေတာပဲ "

ခဏအကြာတွင် ပိုင်ရှောင်ချန်းမှာ ဝိညာဥ်ကျင့်ကြံသူများနှင့် အောက်လမ်းဆရာများက စိတ်စွမ်းအင်အဆင့်များစွာ မြှင့်တင်ခြင်းခံထားသည့် မှော်ပစ္စည်းများစွာ ပိုင်ဆိုင်ထားရသည့်အချက်ကို တွေးမိသွားသည်။ ဤအချိန်တွင် သူသည် ပဟေဠိကိုဖြေရှင်းနိုင်ရန် နောက်ထပ်သဲလွန်စတစ်လု ရသွားသည့်အလား ဖြစ်သွားတော့သည်။

" ကြည့်ရတာ မြေရိုင်းဒေသထဲမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို လုပ်တဲ့နည်းလမ်းက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအင်ကို မလိုဘူးထင်တယ်။ ဒီနေရာမှာက စိတ်စွမ်းအင်မရှိသလောက်နည်းနေတဲ့အတွက် ငါ့ယူဆချက်က တစ်ခုထဲသော ဖြစ်နိုင်ချေရှိတဲ့ အရာပဲ။ "

အနည်းငယ်ထပ်၍တွေးတောလိုက်ပြီးနောက် အန္တရာယ်များသော ဝင်္ကပါကြီးထဲတွင် ထိုင်၍ ကိစ္စရပ်များကို ဝေဖန်သုံးသပ်နေရန် မသင့်တော်ဟု ပိုင်ရှောင်ချန်းက ဆုံးဖြတ်လိုက်သည်။ စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းနှင့် ပတ်သတ်သည့်အတွေးများကို ခဏချောင်ထိုးလိုက်ပြီး မြူခိုးများနှင့် အေးစိမ့်ချီများကို ပြန်လည်ရုတ်သိမ်းလိုက်ကာ သတိကြီးကြီးဖြင့် ထွက်ပေါက်ရှာရန်ပြင်လိုက်တော့သည်။

နောက်ထပ်နှစ်ရက်တိတိ ကုန်ဆုံးသွားပြီး ပိုင်ရှောင်ချန်း၏ သတိရှိရှိ သွားလာနေမှုကြောင့် ဦးထုပ်များကဲ့သို့ ထူးဆန်းသောဖြစ်ရပ်များနှင့် ထပ်မကြုံရတော့ပေ။ သို့သော်လည်း မဟာတံတိုင်းမှ ကျင့်ကြံသူများဖြစ်စေ ၊ မြေရိုင်းဒေသများမှာ ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများဖြစ်စေ သူကြုံတွေ့ရသည့် လူအရေအတွက်များမှာ တဖြည်းဖြည်း နည်းပါးလာသည်ကို သတိထားမိလိုက်သည်။

" အရင်ကဆို တစ်ရက်ကို အနည်းဆုံး လူဆယ်ရောက်လောက်နဲ့ကြုံပါတယ်။ အခုကျမှ လေးယောက်ငါးယောက် လောက်ပဲရှိတော့ပြီး ပိုလို့တောင် နည်းနည်းလာသေးတယ် "

လှိုဏ်ခေါင်းကြီးများ၏ နံရံများကိုကြည့်ရင်း ဤဝင်္ကပါကြီးမှာ လူတိုင်းကိုဝါးမျိုရန်ပြင်နေသည့် ပါးစပ်ကြီးတစ်ပေါက်ဟူသော အတွေးများက သူ၏ခေါင်းထဲတွင် ပေါ်ပေါ်လာတော့သည်။

ထိုသို့သော အတွေးများကြောင့် သူသည် တုန်ရီနေရတော့သည်။

" ငါအဲဒီလို အစားခံရလို့ မဖြစ်ဘူး။ ထွက်ပေါက်ကိုရအောင်ရှာမှ ရမယ်။ "

" ဒါပေမဲ့ အရာရာတိုင်းက တစ်ပုံစံထဲ ဖြစ်နေတာလေ။ ငါဘယ်လိုနည်းနဲ့ ထွက်ရမှာလဲ။ "

နံရံများပေါ်တွင် အမှတ်အသားများချန်ထားခဲ့ရန်ဆိုသော သူ၏အကြံများမှာလည်း တစ်ခုမှ အသုံးမဝင်ပေ။

အဆုံးတွင် သူ၏နည်းလမ်းဟောင်းဖြစ်သော ညာဘက်လမ်းကိုသာရွေးသည့် နည်းလမ်းကိုသာ ပြန်သုံးလိုက်တော့သည်။ ထိုသို့ဆက်သွားရင်း နောက်ထပ်သုံးရက် ကုန်ဆုံးသွားပြန်သည်။ ခဏအကြာတွင် သူသည်လမ်းပျောက်နေပြီဖြစ်သဖြင့် ခေါင်းများပင် မူးနောက်လာပြီး ငိုမဲ့မဲ့ဖြစ်လာတော့သည်။ ထို့နောက် ထောင့်ချိုးတစ်ခုကို ကွေ့လိုက်သောအခါ သူမြင်လိုက်ရသည့်အရာကြီးကြောင့် မျက်လုံးပြူးသွားရတော့သည်။

သူ၏ စိတ်ထဲတွင် ကြောက်စရာကောင်းသည့် ခံစားချက်ကြီးတစ်ခုပေါ်လာပြီး အေးစက်သွားသဖြင့် သူ မှင်တက်သွားရတော့သည်။

ဦးထုပ်တစ်လုံးမှတော့ မရှိပေ။ သို့သော် သူသည် ကြီးမားသော မြေကွက်လပ် တစ်ခုကို မြင်လိုက်ရသည်။ လှိုင်ခေါင်းများမှာ အရပ်လေးမျက်နှာမှနေ၍ ထိုမြေကွက်လပ်ဆီသို့ လမ်းများသွယ်ပေးထားသည်။ ထိုမြေကွက်လပ်၏ အလယ်တည့်တည့်ရှိ ဧရာမ ဖယောင်းတိုင်ကြီးနှစ်တိုင်၏ အစိမ်းရောင်မီးတောက်များမှာ ထူးဆန်းပြီးတဖျတ်ဖျတ် လက်နေသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ထိုမီးတောက်များကြောင့် ပေါ်ထွက်လာသည့် အရိပ်များမှာ မြေကွက်လပ်ကို ကြောက်မက်ဖွယ်ကောင်းအောင် လုပ်နေသည်။

ထိုဖယောင်းတိုင် နှစ်တိုင်ကြားတွင် ဧရာမလင်ပန်းကြီးတစ်ခုရှိပြီး ထိုလင်ပန်းအပေါ်တွင် ပေါက်စီပူပူများမှာ တောင်လိုပုံနေသည်။

သို့သော် ထိုပေါက်စီများမှာ သွေးများဖြင့် စိုရွှဲနေပြီး တစ်စက်ပြီးတစ်စက် စိမ့်ထွက်နေတော့သည်။ ထိုမြင်ကွင်းကြီးမှာ ကြောက်မယ်ဖွယ်ကောင်းလွန်းလှသဖြင့် ပိုင်ရှောင်ချန်း၏ ဦးရေခွံမှာ ပေါက်ကွဲလုမတတ် ထုံကျဥ်သွားတော့သည်။

ထိုမြေကွက်လပ်ထဲတွင် မဟာတံတိုင်းမှ ကျင့်ကြံသူများနှင့် မြေရိုင်းဒေသမှ ဝိညာဥ်ကျင့်ကြံသူများ၊ လူ့ဘီလူးများ ရာနှင့်ချီ၍ စုဝေးနေကြသည်။ အောက်လမ်းဆရာ အနည်းငယ်ပင်ရှိသေးသည်။ သူတို့အားလုံးမှာ မလှုပ်မယှက် မတ်တတ်ရပ်နေကြပြီး ဒေါသထွက်နေသည့်အမူအရာများဖြင့် သွေးများစိုရွှဲနေသော ပေါက်စီများကို ကြည့်နေကြသည်။ သူတို့မှာ တစ်ယောက်မှစကားမပြောကြသော်လည်း အသက်ရှူသံများမြန်ဆန်နေသည်ကို ကြားနိုင်သည်။

ထိုပေါက်စီများထံမှ မွှေးပျံ့ချိုအီသော ရနံ့တစ်ခုပျံ့လွင့်လာပြီး ပိုင်ရှောင်ချန်းက ရှူရှိုက်မိလိုက်သောအခါ သူ၏ အတွင်းကလီစာများကို အန်ထုတ်ချင်စိတ်များပင် ပေါ်လာတော့သည်။

All Chapters