ပုံရိပ်ယောင်အမျိုးသမီးအရောင်းလက်ထောက်
Vol. 2 Ch. 30
အပြင်ဘက်တွင် သဘာဝရှုခင်းများကို ဖြတ်ကျော်နေသည်။ ဖုန့်လင်းက လျှပ်စစ်သံလမ်းပေါ်မှ သံလိုက်ရထားပေါ်တွင်ထိုင်နေကာ သူ၏ခရီးအတွက် မျှော်လင့်ချက်များနှင့်ပြည့်နှက်နေလေသည်။
အစက သူကျောင်းမှထွက်လာသောအခါ အိမ်ပြန်ရန်ပြင်ဆင်နေခဲ့ခြင်းပင်။
သို့သော် ကလော့တ်နှင့်သူ့နောက်လိုက်များက ကြယ်ဒင်္ဂါး ၁ သိန်းတောင် သူ့ကိုလက်ဆောင်လာပေးလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ သူတို့က ဤမျှကောင်းသော ရည်ရွယ်ချက်များနှင့်လာသောအခါ ဖုန့်လင်း ဘာကြောင့်လက်မခံဘဲ နေရမည်နည်း။
သူ၏အတွေးများကို ချက်ချင်းပြောင်းလဲလိုက်သည်။ သူသာ ဤပိုက်ဆံများကို မသုံးပါက သူတို့ရဲ့တန်ဖိုးတွေက စက္ကူအပိုင်းအစများပင်ဖြစ်နေလိမ့်မည်။
ဖုန့်လင်းမှာ အာဟာရချို့တဲ့နေခဲ့သည်၊ သူသာ ကြယ်ဒင်္ဂါး ၁ သိန်းဖြင့် ဝယ်မည်ဆိုပါက အာဟာရဓာတ်ပစ္စည်းများ မည်မျှရလောက်မည်နည်း။
ကလော့တ်၏လုပ်ရပ်က ဆောင်းရာသီအတွင်း ကျောက်မီးသွေးပို့လာခြင်းနှင့်ပင် နှိုင်းနိုင်သည်။
လူကောင်းလေးပဲ။
သူက ပျော်လွန်းနေသည့်အတွက်
ကလော့တ်နှင့်သူ၏အုပ်စုကို အားပေးသည့်အနေနှင့် အနီရောင်ပန်းစည်းလေးတစ်စည်းပင် ပေးလိုက်ချင်သေးသည်။
ဖုန့်လင်း အပျော်များကို နှလုံးသားထဲတွင် ဖိနှိပ်ထားလိုက်သည်။
အလွန်လျင်မြန်စွာပင် သူ၏ဦးတည်ရာပစ်မှတ်သို့ရောက်ရှိလာခဲ့သည်။ သူမျက်လုံးများရှေ့၌ အထပ်တစ်ထောင်မျှမြင့်မားကာ ခမ်းနားသောအဆောက်အဦးကြီးကို မြင်နိုင်လေသည်။ ဒါက ကောင်းကင်ကို ထောက်ကန်ပေးထားသည့် တိုင်လုံးကြီးပမာ ကောင်းကင်ကို ထိနေသည်အထိ ရှည်လျားလှလေသည်။ သိပ္ပံနှင့်နည်းပညာတို့၏ စိတ်ဝင်စားစရာကောင်းမှု
နှင့်နှစ်သက်ဖွယ်ရာဆွဲဆောင်မှုတို့ကို ခံစားရမိသည်။
ဤသည်မှာ ဟွာရှမြို့တော်၏ အမှတ်အသားဖြစ်သည့် ရွှေထောင်ချီအဆောက်အဦးပင်ဖြစ်လေသည်။
ဤအဆောက်အဦးသည် တစ်မြို့လုံးရှိ အကြီးမားဆုံးစီးပွားရေဌာနကြီးဖြစ်လေသည်။ ဤအဆောက်အဦးသည်အထပ်တစ်ထောင်ရှိကာ ဆိုလာစနစ်တစ်ခုလုံးမှလာသည့် မရေမတွက်နိုင်သည့် လူသုံးကုန်ပစ္စည်းများ ကုန်စည်ပစ္စည်းများရှိနေလေသည်။
အထပ်ပိုမြင့်လာလေလေ ကုန်ပစ္စည်းတန်ဖိုးက ကြီးမားလေလေပင်။
“ လေးစားရတဲ့ဧည့်သည်တော်...ရွှေထောင်ချီအဆောက်အဦးမှ ကြိုဆိုပါတယ်ရှင်။ သင်ရွေးချယ်နိုင်တဲ့ မတူညီပဲစုံလင်လှတဲ့ ပစ္စည်းအမျိုးမျိုးရှိနေပါတယ်ရှင်။ အရည်အသွေးစစ်မှန်ပြီး
စျေးနှုန်းလဲတန်မှာကိုတော့ စိတ်ချယုံကြည်လို့ရပါတယ်။ ပျော်ရွှင်စရာခရီးလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ”
ဖုန့်လင်း ဝင်လာသည်ကို အာရုံခံစနစ်မှတွေ့ရှိသွားသည်။ အလိုအလျောက်တံခါးကပွင့်သွားကာ နူးညံ့ချိုသာသည့် အမျိုးသမီးစက်ရုပ်သံက ထွက်ပေါ်လာလေသည်။
ဝင်သွားလိုက်သည်နှင့် ဤနေရာကြီးက ဟိတ်ဟန်ကြီးမားကာခမ်းနားထည်ဝါလှသည်ကို ဖုန့်လင်းခံစားမိလိုက်လေသည်။
အထပ်တိုင်းတွင် ကုန်သည်စျေးဆိုင်များနှင့်ပြည့်နှက်နေသည့် စက်ဝိုင်း
သဏ္ဍာန်စင်္ကြံလမ်းတစ်ခုစီရှိနေသည်။ အချိန်တိုင်းတွင် ဝင်လိုက်ထွက်လိုက်
နှင့် ခရီးသွားများနှင့် ဆိုင်ရှင်များအများအပြားရှိနေလေသည်။
ဖုန့်လင်း သူ၏ကိုယ်ရေးအချက်အလက်မိုက်ခရိုချစ်ပ်ကိုသုံးကာ ရွှေထောင်ချီအဆောက်အဦး၏
အကန့်အသတ်မဲ့ကွန်ရက်ကို ဝင်ရောက်လိုက်သည်။
စတိုင်အသစ်နှင့်အင်္ကျီများ၊ မတူညီ
သည့်အမျိုးအစား မတူညီသည့်အရသာနှင့် အာဟာရဖျော်ရည်များ၊ နောက်ဆုံးပေါ် ပုံရိပ်ယောင်ဂိမ်းများ အစရှိသည်များကိုပြထားသည့် ပုံများ
နှင့် များပြားလှသည့်သတင်းအချက်အလက်များက သူ့စိတ်ထဲကို
စီးဝင်လာလေသည်။ ထိုအရာအားလုံးတို့ကလည်း စျေးမကြီးကြပေ။
ကြယ်ဒင်္ဂါးအား အဓိကငွေကြေးအဖြစ် ကွဲပြားသည့် လူ့အဖွဲ့အစည်းအစိုးရများက ပူးပေါင်းထုတ်ဝေထားကြသည်။ ဝယ်ယူအားက တုန်လှုပ်လောက်ဖွယ်ရာပင်များပြားလှ၏။
ရွှေ၊ ငွေ၊ မိတ်ကပ်ပစ္စည်း.....ထိုကဲ့သို့စျေးကြီးသည့်ပစ္စည်းများကို ကြယ်ဒင်္ဂါး ရာဂဏန်းဖြင့်ပင် ဝယ်ယူ၍ရနိုင်သည်။
အချက်အလက်များအရဆိုပါက ရှေးဟောင်းကမ္ဘာမြေခေတ်မှ တန်ဖိုးကြီးပစ္စည်းများသည် လူသားတို့၏သိပ္ပံနှင့်နည်းပညာတိုးတက်မှုတို့ကြောင့် တုပပေါင်းစပ်ကာ သာမန်လူသုံးကုန်ပစ္စည်းများဖြစ်လာခဲ့လေသည်။ အစစ်အမှန် တန်ဖိုးကြီးပစ္စည်းများမှာ ကျင့်ကြံခြင်းအရင်းအမြစ်များဖြစ်ကြ၏။
ထိုပစ္စည်းတို့က လူတစ်ယောက်၏ အတွင်းပိုင်းကြံ့ခိုင်မှု၊ မျိုးဗီဇအဆင့်
မြှင့်ခြင်းနှင့် အသက်ကိုဆွဲဆန့်ထားစေခြင်းတို့ပြုလုပ်နိုင်လေသည်။
ထိုပစ္စည်းတို့က အလွန်အမင်းရှားပါးကြပြီး ထိုထဲမှအများစုမှာ သဘာဝအတိုင်းဖြစ်ပေါ်ကာ ဆိုးဝါးသည့်ပတ်ဝန်းကျင်ရှိသည့် ဂြိုလ်များပေါ်တွင်သာ ရှာဖွေတွေ့ရှိနိုင်သည်။ ထိုအရာတို့အား ရရှိရန်စျေးနှုန်းကလည်း အလွန်အမင်းမြင့်မားလေသည်။
လက်ရှိတွင် အမျိုးအစားဆယ်ဂဏန်း
ခန့်ကို ဓာတုနည်းဖြင့်တုပဖန်တီးနိုင်ပြီဖြစ်၏။ သို့ဖြစ်စေကာမူ ထိုကဲ့သို့ပစ္စည်းမျိုးသည် ကောင်းကင်တမျှငွေကုန်ကြေးကျများလှလေသည်။
စူပါပရိုတိန်းများကို ဥပမာပြုရပါက စည်သွပ်ဘူးတစ်ဘူးသည်ပင် ကြယ်ဒင်္ဂါးထောင်ဂဏန်းကုန်ကျပေလိမ့်မည်။
ထုတ်ကုန်တစ်ခုက ဝယ်လိုအားမြင့်မားလေလေ စျေးပိုကြီးလေလေပင်။
ကျင့်ကြံခြင်းအရင်းအမြစ်တိုင်းက ကောင်းကင်လောက် စျေးများရှိနေလေသည်။
ဇိမ်ခံပစ္စည်းများကိုတော့.....ဖုန့်လင်း ထိုအရာများကိုစိတ်မဝင်စားပေ။ သူလိုချင်သည်က ကျင့်ကြံခြင်းအရင်းအမြစ်များဖြစ်လေသည်။
“ ဘယ်လိုတောင် ကောင်းတဲ့လူလဲ ”
သူ ညည်းညူလိုက်ကာ ကလော့တ်နှင့်သူ့အုပ်စုထံမှ ပစ္စည်းစာရင်းကိုစစ်ဆေးလိုက်ပြီး နောက်တစ်ဖန်ချီးကျူးလိုက်သည်။ ဂျက်စ်ကလော့တ်အတွက်မူ....သူ့မိသားစုသည် သတ္ထုတွင်းတစ်တွင်းပိုင်ဆိုင်ရုံတင်မကချေ။ တခြားလူများကို လက်ဆောင်အကြီးကြီးပေးကာ ကူညီရသည်ကိုလည်းနှစ်သက်နေသေး၏။
မဟုတ်ပါက ဖုန့်လင်း၏မူလနောက်ခံအရ ငွေမရှိဘဲ ဤကဲ့သို့နေရာတွင် ရပ်နေနိုင်မည်မဟုတ်ချေ။
“ ကြိုဆိုပါတယ် လေးစားရပါသောစျေးဝယ်သူ။ ရွှေထောင်ချီအဆောက်အဦးကနေ ကြိုဆိုပါတယ်။ ဒီနေရာမှာ ဆိုလာစနစ်တစ်ခုလုံးရဲ့နေရာတိုင်းက ထုတ်ကုန်ပစ္စည်းတွေရှိနေပါတယ်။ သင်ဝယ်ယူချင်တဲ့အရာတိုင်းကို ဒီနေရာမှာ အားလုံးတွေ့ရှိနိုင်ပါတယ် ”
နူးညံ့သည့်အသံကထွက်ပေါ်လာသည်။ ရောင်ခြည်တန်းတစ်ခုက လျှပ်တပြက်တောက်ပသွားပြီး ပုံရိပ်ယောင်လူသားပုံရိပ်တစ်ခုက ဖုန်းလင်ရှေ့တွင် ထွက်ပေါ်လာသည်။
ဤပုံရိပ်ယောင်က မယုံနိုင်လောက်အောင်ပင် အစစ်နှင့်တူလွန်းလှပေသည်။ ဒါက ပိတုန်းရောင်ဆံနွယ်များ
နှင့် အရှ့တိုင်းသူအလှအပလေးတစ်ပါးဖြစ်လေသည်။ သူမက ရှေးဟောင်းအဝတ်အစားကိုဝတ်ဆင်ထားသည်။
သူမ၏ ကြည်လင်တောက်ပနေသည့်မျက်လုံးလေးက ဆောင်းဦးရေစက်အလားဆင်တူပြီး သူမအသွင်အပြင်ကစွဲမက်ဖွယ်ကောင်းနေကာ တစ်ခါတွေ့လိုက်ပြီးနောက် တစ်ခဏလေးပင် မေ့ပျောက်သွားဖို့ခက်ခဲလှပေသည်။
“ ကျွန်မက ပုံရိပ်ယောင်အရောင်းလက်ထောက်ပါ။ ရှင့်ကို ဝမ်းမြောက်စွာကူညီပေးပါရစေ။ ရှင့်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့က ကျွန်မဘဝရဲ့အကြီးမားဆုံးရည်မှန်းချက်ပါပဲ ”
ပုံရိပ်ယောင်မိန်းမလှလေးက ပြုံးလိုက်သည်။ သူမ၏စကားလုံးများက နူးညံ့နေပြီး သူ့နှလုံးသားကို တုန်ခါသွားစေကာ သူ မနေနိုင်ဘဲ စိတ်ကူးယဉ်မိလိုက်သည်။
သို့သော် ပုံရိပ်ယောင်ကတော့ ပုံရိပ်ယောင်ပင်။ ဤလက်ထောက်ကမည်မျှပင်လှပနေစေကာမူ သူမက အစစ်အမှန်မဟုတ်ချေ။
ဖုန့်လင်း အံ့သြစရာလို့မခံစားခဲ့ရပေ။ ဒါက ရွှေထောင်ချီအဆောက်အဦး၏ ထူးခြားချက်များထဲမှ တစ်ခုဖြစ်လေသည်။ သူတို့တွင် ဝယ်ယူသူများ၏လက်ထောက်အဖြစ် ထမ်းဆောင်ရန် ပုံရိပ်ယောင်အချောအလှလေးများထားရှိထားသည်။
အရာအားလုံးက ရှေးဟောင်းမြေကမ္ဘာနှင့် ကွာခြားနေလေသည်။
ကြယ်တာရာခေတ်ကြီးက အရမ်းကြီးမားကျယ်ပြောလှကာ မရေ
မတွက်နိုင်သည့် အရင်းအမြစ်များနှင့် လူသုံးကုန်ပစ္စည်းအသစ်များက တစ်ခဏအတွင်းပေါ်ပေါက်လာနိုင်လေသည်။တစ်ယောက်ယောက်ကသာ တစ်ခုပြီးတစ်ခု ရှာဖွေချင်ပါက သူ၏ဘဝတစ်သက်တာလုံး ရှာဖွေနေရမည်ဖြစ်၏။
ရွှေထောင်ချီအဆောက်အဦးတွင် ရောင်းချစရာ ပစ္စည်းအများအပြားရှိနေသည်။ အကယ်၍ ဖုန့်လင်းသာ
သူ့ကိုယ်သူအားကိုးပြီး ပစ္စည်းများကို ရှာဖွေဝယ်ယူလိုပါက သူရှာတွေ့မည်ပင်မဟုတ်ချေ။
လူသားဦးနှောက်တစ်ခုအတွက် ပစ္စည်းတိုင်း၏ အသေးစိတ်အချက်အလက်တိုင်းကို တိတိကျကျမှတ်မိနိုင်ရန်အလွန်ပင်ခက်ခဲလှလေသည်။ ထို့ကြောင့် ရွှေထောင်ချီအဆောက်အဦးက
သူတို့၏ပုံရိပ်ယောင်နည်းပညာကိုသုံးကာ ပုံရိပ်ယောင်အရောင်းလက်ထောက်များကို ဖန်တီးခဲ့သည်။
ထိုပုံရိပ်ယောင်လက်ထောက်များက အလွန်အမင်းဉာဏ်ကောင်းကြကာ လူသားတို့နှင့် သာမန်အတိုင်းပြောဆိုဆက်ဆံနိုင်သည်။ဝယ်သူ၏နှစ်သက်မှုအလိုက် လိင်အမျိုးမျိုးရှိကြလေသည်။ မတူညီသည့်လူများနှင့် ပြောဆိုဆက်ဆံရန်မတူညီသည့် ပင်ကိုဇရိုက်များပင်ရှိကြသေးလေသည်။သို့သော် သေချာသည်မှာတော့ ပုံရိပ်ယောင်လက်ထောက်များက အလွန်အမင်း ချောမောလှပကြလေကာ ဝယ်သူများ ကြည့်လိုက်တိုင်း ပျော်ရွှင်မှုအား ခံစားရသည်။သူတို့က ဝယ်ယူသူတို့ဝယ်လိုသည့် ပစ္စည်းဆီသို့ ဦးဆောင်ပြပေးနိုင်ပြီး ပစ္စည်း၏မူလအစနှင့် ထုတ်ကုန်၏အချက်အလက်များကို မိတ်ဆက်ပေးနိုင်ကာ လူတိုင်းကို စိုးရိမ်စရာမရှိဘဲ လွတ်လွတ်လပ်လပ်ဝယ်ယူနိုင်စေသည်။
ဖုန့်လင်း တစ်ချက်ကြည့်လိုက်သည်။ ဝယ်ယူသူတိုင်းက သူတို့အားကူညီပေးရန် ပုံရိပ်ယောင်လက်ထောက်တစ်ယောက်ရှိသည်ကို တွေ့ရသည်။ ဖုန့်လင်းက ရှေးဟောင်းတရုတ်မှဆိုကတည်းကပင်.....သူ့အတွေးက အတိတ်ကမ္ဘာမြေမှ အဝတ်တို့ကို ဝတ်ဆင်ထားသည့် အရှေ့တိုင်းအမျိုးသမီးတစ်ယောက်ကို အလိုလို
ပုံရိပ်ရေးဆွဲကာပြသလိုက်သည်။သူ့အမြင်တွင် ဤပုံရိပ်ယောင်လက်ထောက်က အဆင့်အတန်းမြင့်
သည့် အလှတရားမျိုးပင်။
သိပ္ပံနှင့်နည်းပညာတို့သည် ကြယ်တာရာခေတ်တွင် အလွန်အမင်းတိုးတက်နေပြီဖြစ်၏။သူတို့က လူသားတို့၏ ကဏ္ဍအမျိုးမျိုးတွက် ထိုးဖောက်လာခဲ့ကြကာ သက်တောင့်သက်သာဖြစ်စေရန် စီစဉ်ပေးခဲ့သည်။ဖုန့်လင်း မလာခင်ကပင် အချက်အလက်များ ပြန်လည်ရှာဖွေထားသည့်အတွက် ရွှေထောင်ချီအဆောက်အဦးအကြောင်းကို အတော်အတန်နားလည်နေပြီဖြစ်၏။သူက အံ့သြမှုကိုမခံစားလိုက်ရပဲ ပုံရိပ်ယောင်မိန်းမလှလေးအား ပုံမှန်မေးလိုက်လေသည်။
“ ဟိုင်း...ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ငါဘယ်နေရာမှဝယ်လို့ရနိုင်လဲ ”
“ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပေးပါ”
ပုံရိပ်ယောင်အလှလေးက ချိုသာစွာပြုံးလိုက်ကာ လမ်းကိုဦးဆောင်လိုက်လေသည်။ သူတို့လမ်းလျှောက်နေရင်း အဆောက်အဦးအကြောင်း မိတ်ဆက်နေလေသည်။
“ ဒီမှာရှိနေတဲ့လူတိုင်းက အထပ်ပိုမြင့်သွားလေလေ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကပိုများလာလေလေလို့သိထားပါတယ် ၊ အထပ်၂၀၀အောက်မှာတော့ သာမန်ပစ္စည်းတွေပဲရောင်းကြတယ်လေ။
အထပ်၂၀၀ကစပြီးတော့ အမျိုးမျိုးသောကျင့်ကြံခြင်းအရင်းအမြစ်တွေ တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ၊ ဆေးဝါးတွေ၊ မကောင်းဆိုးဝါးအသားတွေကို ရှာတွေ့နိုင်ပြီး ဒီနေရာမှာအရာအားလုံးရှိပါတယ်။
ရှင် တွေးလိုက်သမျှကို ကျွန်မတို့ ရောင်းချပေးနိုင်တာသေချာပါတယ်။
ဒါပေမယ့် အဲ့လိုပစ္စည်းတွေကို အထပ်၈၀၀တောင်ရောင်းနေကြပြီး ရှင်သာ မမြင်မစမ်းရှာနေရင်တော့ ဒါက အချိန်ဖြုန်းပြီး ကောက်ရိုးပုံထဲအပ်ပျောက်ရှာနေသလိုဖြစ်မှာရှင့်။ အဲ့တာကြောင့် ရှင်သာ ရှင်လိုချင်တဲ့အရာကို ကျွန်မကိုပြောပြရင် ကျွန်မက အကောင်းဆုံးအရည်အသွေးနဲ့ စျေးနှုန်းရှိတဲ့ဆိုင်တွေကို အကြံပေးလို့ရပါတယ် ”
ပုံရိပ်ယောင်အလှလေး၏အသံက ကျေးငှက်လေးများတေးသီကျူးနေသည့်အလား သာယာငြိမ့်ညောင်းလို့နေလေသည်။ သူမက ရွှေထောင်ချီအဆောက်အဦးအကြောင်းအား ရှင်းရှင်းလင်းလင်း အတိုချူံးဖော်ပြသွားခဲ့လေသည်။
ဖုန့်လင်း ထိုအရာကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။
ဒါက သူ ဒီနေရာကိုလာသည့် ပထမဦးဆုံးအကြိမ်ဖြစ်သည့်အတွက် အတွေ့အကြုံမရှိဘဲ အများကြီးလည်းမသိချေ။ ထိုမျှလုပ်ဆောင်နိုင်သည့် ပုံရိပ်ယောင်လက်ထောက်ရှိနေသည့်အတွက် သူ့အတွက်စိုးရိမ်စရာမလိုတော့ချေ။
သူ ဝယ်ချင်တာက......
ဖုန့်လင်း ထိုအကြောင်းကို အတော်ကြာတွေးနေခဲ့ခြင်းဖြစ်သည်။ အတော်အရေးကြီးသည့်ကိစ္စကတော့
သက်စောင့်အား အလွန်အကျွံသုံးစွဲမှုအတွက် သူ၏အာဟာရချို့တဲ့မှုကိုဖြေရှင်းရန်ဖြစ်လေသည်။ ဒါက တစ်ခြားအရာတွေကိုနောက်ပို့ထားလောက်သည်အထိ အဓိကအရေးကြီးနေသည့်ကိစ္စပင်ဖြစ်လေသည်။
ရုတ်တရက် ကျင့်ကြံသူများသုံးသည့် နာမည်ကြီး မျိုးဗီဇဆေးရည်တစ်မျိုးကို သူသတိရသွားသည်။ ထိုအရာကို အသက်ဆေးရည်ဟုလည်း လူသိများသည်။