အသွေးအသား ယဇ်ပူဇော်ခန်း
Vol. 6 Ch. 544
ပိုင်ရှောင်ချန်း၏မျက်နှာမှာ ကျင့်ကြံခြင်းအခြေခံကြောင့်မဟုတ်ပဲ ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖြူလျော်ဖြစ်နေတော့သည်။ မြေကွက်လပ်တွင် စုဝေးနေကြသည် လူရာချီထဲမှ အနည်းစုသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့် လူများဖြစ်၏။ ထိုသည်က ပိုင်ရှောင်ချန်းကို လုံးလုံးလျားလျား မှင်သက်သွားစေတော့သည်။
သူက နောက်ကိုဆုတ်လိုက်သော်လည်း ခြေတစ်လှမ်းသာလှမ်းရသေးသည်၊ မြေကွက်လပ်ထဲတွင် သူသိသော လူများရှိကြောင်း တွေ့လိုက်လေသည်။
" ကျောက်လုံ၊ နတ်ဆရာ "
သူတို့နှစ်ယောက်လုံးမှာ မြေကွက်လပ်တွင်းရှိ အခြားလူများနည်းတူ သွေးများစိုရွှဲနေသော ပေါက်စီလင်ပန်းကြီးကို ရူးကြောင်ကြောင်စိုက်ကြည့်နေကြလေသည်။
ဤအချိန်တွင် ပိုင်ရှောင်ချန်းမှာ မည်သို့လုပ်ရမည်နည်းဆိုသည်ကို စဥ်းစားရကြပ်နေတော့သည်။
" ကျောက်လုံက ငါ့ သစ္စာရှိနောက်လိုက်အဖြစ် အခုအချိန်အထိ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့တယ်။ စစ်မြေပြင်ပေါ်မှာ အခက်တွေ့နေတုန်းက သူပဲ ငါ့ဆီရောက်ဖို့ ဦးဆောင်ချီတက်လာခဲ့တာ "
ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲစပြုလာတော့သည်။
" ငါကပဲ နတ်ဆရာကို ငါ့ရဲ့ တာအိုအစောင့်အရှောက်ဖြစ်အောင် အတင်းဖိအားပေးခဲ့တာ။ ငါကပဲ သူ့ကို စစ်တပ်ထဲ ခေါ်ခဲ့တာ။ သူတို့နှစ်ယောက် ဒီနေ့ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေအားလုံးက ငါ့ကြောင့်ပဲ "
ပိုင်ရှောင်ချန်းမှာ စိတ်ထိခိုက်သွားလေရာ အသက်ပင် မနည်းရှူနေရလေသည်။ သူ့မျက်လုံးများမှာ လုံးဝနီရဲနေသော်လည်း တချိန်တည်းမှာပင် သူ ကြောက်နေသည်။ သေရမည်ဟုတွေးလိုက်သည်နှင့် ခံစားလိုက်ရသော အကြောက်တရားသည် အတိုင်းထက်အလွန်ပင်။
သိသာစွာပင် သူ့ရှေ့ရှိ မြေကွက်လပ်သည် အလွန်တရာအန္တရာယ်များသည့် နေရာတစ်ခုဖြစ်သည်။ ယခု သူလှည့်ပြန်လိုက်လျှင် အန္တရာယ်ကင်းကင်း ဝေးဝေးရှောင်နိုင်လိမ့်မည်။ သို့သော် သူသာ မြေကွက်လပ်ထဲဝင်လိုက်ပါက ကံဆိုးမိုးမှောင် ကျ၊ မကျကို မည်သူသိနိုင်မည်နည်း။
ဆုံးဖြတ်ရခက်ကာ ရပ်နေစဥ် သူက နှစ်ကိုယ်ကွဲနေသည့်အလားပင်။ တစ်ယောက်က သူ့ မိတ်ဆွေများကို ကယ်ရန် ပြောနေပြီး နောက်တစ်ယောက်က သူ့ကို ယခုချက်ချင်း ထွက်သွားရန် ကြိမ်းမောင်းနေလေသည်။
ပိုင်ရှောင်ချန်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက လောချိန်တောင်တန်းမှအဖြစ်အပျက်ကို ပြန်မတွေးမိပဲ မနေတော့ပေ။ သူ၏ လက်ရှိ ပြဿနာသည် တစ်ထပ်တည်းမဟုတ်သော်လည်း ဆင်တူနေသည်ကတော့ မလွဲပေ။
သူတွေဝေလျက် ရပ်နေစဥ် ဧရာမဖယောင်းတိုင်ကြီးထိပ်ရှိ မီးတောက်များသည် အကြမ်းပတမ်း လူးလွန့်လာလေရာ မြေကွက်လပ်ထဲ ရှိ ကျင့်ကြံသူရာပေါင်းများစွာမှာ ရုတ်တရက် အရူးကဲ့သို့ အော်ဟစ်လိုက်ကြကာ သွေးများစိုရွှဲနေသောပေါက်စီ လင်ပန်းကြီးဆီ အပြေးအလွှားသွားလိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် ရှေ့မှလင်ပန်းပေါ်တွင်ရှိနေသည်မှာ သွေးများစိုရွှဲနေသော ပေါက်စီပုံကြီးမဟုတ်ပဲ ထာဝရအသက်ရှင်ရန် သို့မဟုတ် သူတို့၏ ကျင့်ကြံခြင်းအခြေခံများ သို့မဟုတ် အံသြဖွယ် ကံကြမ္မာကောင်းကို ဆောင်ကျဥ်းပေးနိုင်သည့် အံ့ဖွယ်အရာတစ်ခုအလား ထင်မှတ်နေတော့သည်။
အချိန်တိုလေးအတွင်း သူတို့အားလုံးမှာ သွေး များစိုရွှဲနေသောပေါက်စီတစ်လုံးကို ပထမဆုံးရရန် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြတော့သည်အထိ အရူးအမူးဖြစ်ကုန်ကြသည်။ ပေါက်စီတစ်လုံးကို လှမ်းဆွဲနိုင်လိုက်သော လူများမှာ စိတ်လှုပ်တရှား ကိုက်စားပြီးနောက် အရူးလိုရယ်မောလိုက်ကြတော့သည်။
သွေးများရွှဲနစ်နေသော ပေါက်စီများကို မရ လိုက်သူများမှာ ဒေါသများတောက်လောင်လာပြီး အခြားတစ်ယောက်ထံမှ ပေါက်စီကို လုရန် လိုက်ရှာတော့သည်။ ယခု ပိုင်ရှောင်ချန်း ရှေ့တည့်တည့်တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြီးက သူ့ကို ထိတ်လန့်ခြောက်ချားသွားစေလေသည်။
ထို့ပြင် သူက အပြင်လူတစ်ယောက်၏ ရှုထောင့်မှ ကြည့်နေသောကြောင့် သူတို့ထဲရှိ မည်သူမှ သွေးရွှဲနေသောပေါက်စီများကို အမှန်တကယ်စားမနေကြောင်း ရုတ်ခြည်း သတိပြုမိလိုက်လေသည်။ အကောင်အထည်ရှိ ပေါက်စီများသည် တကယ့်အစစ်အမှန်မဟုတ်ကြောင်း ပိုင်ရှောင်ချန်းယူဆလိုက်လေသည်။ မြေကွက်လပ် တွင်းရှိ လူများမှာအမှန်တကယ်တွင် အမှန်တကယ် ရှိမနေသော အရာတစ်ခုအတွက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ထို့ပြင် ပေါက်စီကို စားနေသည်ဟု ယုံကြည်နေသော လူများမှာ အမှန်တကယ်တွင် သူတို့လက် သူတို့ လောဘတကြီး အငမ်းမရ ကိုက်စားနေကြခြင်းပင်။
လူအချို့မှာ လက်ချောင်းများ ပြတ်ကုန်ကြသဖြင့် နေရာအနှံ့ သွေးများ ပန်းထွက်နေတော့သည်။ သို့တိုင် သူတို့က မကျေနပ်သေး။ သူတို့၏ လက်ဝါးများကိုပင် လက်ကောက်ဝတ်တောက်လျှောက် တဂျွတ်ဂျွတ်ဝါးရင်း လုံးဝရူးသွပ်စွာ ကိုက်နေတော့သည်။
ထို့ပြင် တချို့မှာ တချိန်လုံး မျက်နှာပေါ်တွင် ဝမ်းမြောက်သောအမူအရများဖြင့် သူတို့၏ တံတောင်ဆစ်အထိ တောက်လျှောက်ပင် ကိုက်ဝါးနေတော့သည်။
သွေးများစိုရွှဲနေသော ပေါက်စီတစ်လုံးမှ မလုနိုင်လိုက်သည့် လူများမှာ စိတ်ဖောက်ပြန်ကာ ပေါက်စီရှိသည့် လူများ၏ လက်ချောင်းများကို အရူးပမာ ဆုတ်ဖြဲပစ်ရန် ကြိုးစားနေတော့သည်။ ခါးသီးနာကျည်းဖွယ် တိုက်ပွဲသည် နေရာတကာ ဖြစ်ပွားနေလေပြီ။
ထိုအရာအားလုံးဖြစ်ပျက်နေစဥ် ဧရာမဖယောင်းတိုင်ကြီး၏ မီးတောက်များသည် လူးလွန့်ကခုန်နေပြီး အမျိုးသမီး သီချင်းဆိုညည်းသံများကို ကြားလိုက်ရလေသည်။
"စား....စား.... အရသာရှိတယ်မလား "
ပိုင်ရှောင်ချန်းမှာ ခေါင်းကို မိုကြိုးအချက်ပေါင်းများစွာ ပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး သူ့ရှေ့ရှိ အနိဋ္ဌာရုံမြင်ကွင်းကြောင့် တဆတ်ဆတ်တုန်ရီနေတော့သည်။
ထိုအချိန်တွင် နတ်ဆရာက နောက်ဆုံး သွေးရွှဲနေသော ပေါက်စီတစ်လုံးကို ရသွားပြီးနောက် တဟားဟားအော်ရယ်ကာ လက်ကို ပါးစပ်ဆီ မြှောက်လိုက်လေသည်။ တစ်ဖက်တွင် ဆုလာဘ်ကြီးကို မရလိုက်သော ကျောက်လုံသည် အခြားကျင့်ကြံသူများ၏ အလောင်းကောင်ကြီးတစ်ကောင်အတွက် တိုက်ခိုက်နေလေသည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ တွေဝေနေခြင်းများ ပျောက်ကွယ်သွားသည်။ မျက်လုံးများ ရဲရဲနီလျက် သူက ဆုံးဖြတ်ချက်ချလိုက်သည်။ မည်သည်ကိုမှ စိုးရိမ်မနေတော့ပဲ သူက ရှေ့တစ်လှမ်းတိုးလိုက်သည်။
သူ၏ခြေထောက်က သူ့ရှေ့ရှိ အောက်မြေကြီးကို ထိလိုက်သည်။ သူ့ပတ်လည်ရှိအရာအားလုံး နှေးကွေးလာတော့သည်။ တချိန်တည်းမှာပင် သူ၏ အေးစိမ့်ချီများက အရပ်မျက်နှာအနှံ့ ပြေးဝင်သွားပြီး မြေကွက်လပ်တစ်ခုလုံးပြည့်သွားလေသည်။ ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက သူ၏အေးစိမ့်နယ်မြေ တည်နေရာရွှေ့ပြောင်းခြင်းနှင့် ပေါင်းစည်းထားသော မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လှုပ်ရှားလိုက်ရာ နတ်ဆရာရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။ အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းမနေပဲ သူက နတ်ဆရာ၏ လက်ကို သူ၏ပါးစပ်ထဲ မရောက်ခင်အချိန်လေး၌ ဖမ်းဆွဲလိုက်သည်။ လက်ကိုနောက်သို့ ဆတ်ခနဲပြန်ဆွဲလိုက်ရင်း သူက အော်ဟစ်လိုက်သည်။ " နတ်ဆရာ၊ အသိပြန်ဝင်တော့ "
နတ်ဆရာ၏ သွားမှာ လေကိုသာ ကိုက်လိုက်ရတော့ကြောင့် ဂွက်ခနဲ မြည်သွားတော့သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်၏။ မည်သည့်နည်းနှင့်မဆို သူ့ကို လာရှုပ်သည့်လူတိုင်းအား အငြိုးကြီးရန်သူတစ်ယောက်အလား ထင်မှတ်နေကြောင်း သိသာနေသည်။
နတ်ဆရာ၏လက် လှုပ်ရှားသွားပြီး မန္တန်လက်ကွက် ဖော်ကာ ပိုင်ရှောင်ချန်းကို တွန်းထုတ်လိုက်၏။ တချိန်တည်းမှာ သူက ခွေးရူးတစ်ကောင်အလား ရှေ့တို့ပြေးဝင်လာကာ ပိုင်ရှောင်ချန်း ဖမ်းဆွဲထားသည့် လက်ကို ကိုက်ရန် ကြိုးစားလိုက်လေသည်။
ပိုင်ရှောင်ချန်းက အလောင်းတစ်လောင်းကို ဘေးသို့ဆွဲသွားရင်း အရူးတစ်ယောက်လိုရယ်နေသော ကျောက်လုံကို စိုးရိမ်တကြီးလှမ်းကြည့်လိုက်သည်။ ကံဆိုးစွာပိုင်ရှောင်ချန်း၏ အမြင်အာရုံမှာ မှုန်ဝါးလာတော့သည်။ အမှန်တကယ်ပင် သူ့ရှေ့ရှိ လင်ပန်းပေါ်မှ သွေးများစိုရွှဲနေသော ပေါက်စီများသည် ယခုအခါ ထာဝရအသက်ရှည်ဆေးလုံးများအဖြစ် ပြောင်းလာတော့သည်။
ထိုသို့သော ဆေးလုံးများကို မြင်လိုက်ရုံနှင့် ပိုင်ရှောင်ချန်း၏ ခေါင်းမှာ ချာချာလည်သွားတော့သည်။ သို့သော် သူ၏စိတ်ကိုရှင်းရန် လျှာကို ကိုက်ချလိုက်လေသည်။ ဤနေရာရှိ အေးစိမ့်ချီများမှာ တစတစ ပျောက်ကွယ်လာလေရာ အချိန်ကန့်သတ်ထားကြောင်း ပေါ်လွင်နေတော့သည်။
" သောက်ကျိုးနည်းကွာ "
သူက အော်ဟစ်လိုက်၏။ ထို့နောက် သူက ဘယ်လက်နှင့် နတ်ဆရာ၏ လည်မျိုကို ဖမ်းဆုပ်လိုက်သည်။ သူ မည်မျှရုန်းကန်ပါစေ မြဲမြံနေအောင် ဆုပ်ကိုင်ထားရင်း သွေးရွှဲနေသော အသားကြီးကို ကိုက်စားနေသည့် ကျောက်လုံထံ အပြေးသွားလိုက်ပြီး ဖမ်းဆွဲလိုက်သည်။ ထို့နောက် သူက လိုဏ်ခေါင်းဝထံ သုတ်ခြေတင်လိုက်သည်။
ရုတ်တရက် ဝိညာဥ်လွင့်မတတ် အော်သံကြီးများထွက်ပေါ်လာကာ ဖယောင်းတိုင်မီးတောက်များမှ အမျိုးသမီးနှစ်ယောက်ပေါ်လာတော့သည်။ သူတို့က ရှုပ်ပွနေသော ဆံပင်များနှင့် သက်လတ်ပိုင်းအရွယ်ဖြစ်ကာ ရုပ်ရည်ဆင်တူနေသည်။ သူတို့နှစ်ယောက်လုံးက ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေကြ၏။
အသံများကြောင့် ပိုင်ရှောင်ချန်းမှာ တခိုက်ခိုက်တုန်ရီသွားတော့သည်။ ထို့နောက် သူက ဘေးပတ်လည်ကိုကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိအရာအားလုံးသည် ထာဝရအသက်ရှည်ဆေးလုံးများ ဖြစ်လာသည်ကို မြင်လိုက်ရလေသည်။
"ထာဝရ အသက်ရှည်...ထာဝရအသက်ရှည် "
ရူးသွပ်ခြင်းကျော့ကွင်းထဲ ကျရောက်တော့မည်ကို ခံစားလိုက်ရချိန်တွင် ရုတ်တရက် သူ၏ ရွှေအမြုတေထဲမှ စိတ်ဆန္ဒစွမ်းအားစီးကြောင်းလေးတစ်ခု ပေါ်ထွက်လာ၏။
ထိုစိတ်ဆန္ဒစွမ်းအားက ရေနွေးဖြင့် နှင်းများအပေါ်လောင်းချလိုက်သည့်အလား သူ့စိတ်ထဲ ဝင်ရောက်လာလေသည်။ ချက်ချင်း သူမြင်နေရသော ပုံရိပ်ယောင်များ ပျောက်ကွယ်သွားပြီး ဖြူဆုတ်နေသော မျက်နှာဖြင့် ဘေးဘီဝဲယာအားကြည့်လိုက်ရာ သူ့အေးစိမ့်ချီ၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော်သည် ဖယောင်းတိုင်ကြောင့် အရည်ပျော်သွားလေပြီ။
လုံးဝအရည်ပျော်သွားသည်နှင့် တည်နေရာရွှေ့ပြောင်းနိုင်တော့မည်မဟုတ်၍ သူ၏ အပြင်အားကိုသာ အမှီသဟဲပြုရမည်ဖြစ်ရာ လုံလောက်မည်မဟုတ်ပေ။
ဤအချိန်တွင် ထိုနေရာရှိ ကျင့်ကြံသူများစွာသည် ပိုင်ရှောင်ချန်းကို မြင်သွားကြပြီး သူတို့အတွက် သူက ကံကြမ္မာကောင်းပင်ဖြစ်သည်။ သူတို့က ချက်ချင်းလှည့်၍ သူ့ဘက် ပြေးလာကြတော့သည်။
ဟိန်းဟောက်ရင်း ပိုင်ရှောင်ချန်းက အေးစိမ့်ချီကိုဖြတ်၍ တည်နေရာရွှေ့ပြောင်းရန် သူ့တတ်နိုင်သမျှ အားကုန်ထုတ်လိုက်လေသည်။ ၄င်း ပျက်စီးသွားသည်နှင့် သူက မြေကွက်လပ်၏ အပေါက်ဝတည့်တည့်တွင် ပေါ်လာပြီးနောက် အနီးဆုံး လိုဏ်ခေါင်းဝင်ပေါက်ထဲသို့ ပြေးဝင်လိုက်လေသည်။
ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့ကို အော်ဟစ်နေသည့် ဖယောင်းတိုင်မီးတောက်များထဲတွင် လွင့်မျောနေသည့် အမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ရ၏။
" ဒီအတိုင်း ထွက်ပြေးလို့ရမယ်ထင်နေလား"
သူတို့က ရုတ်တရက် လေကိုခွင်း၍ သူ့ထံပျံလာကြရင်း အော်လိုက်လေသည်။
သူကအမြန်ဆုံးအရှိန်နှင့် ပျံသန်းနေချိန် မတူညီသော လိုဏ်ခေါင်းတစ်ခုတွင် လေထုကြီး ပုံပျက်ရှုံတွသွားပြီး ကုန်းစွန်းဝမ်အာပေါ်လာလေသည်။ ရှေ့သို့ ဝုန်းခနဲတက်ရင်း သူမ၏ ညာလက်ကို အမျိုးသမီးနှစ်ယောက်ရှိရာဘက်သို့ ရက်စက်ကြမ်းကြုတ်စွာ ထိုးသွင်းလိုက်သည်။
" ဖယ်စမ်း၊ ငါ့လူကို ဘယ်လိုလုပ် ရှုပ်ဖို့ကြိုးစားနေတာတုံး "
အမျိုးသမီးနှစ်ယောက်မှာ စိတ်မချမ်းမြေ့ဖွယ်အော်လိုက်ကြ၏။ ကုန်းစွန်းဝမ်အာ၏ လက်၌ မှော်စွမ်းအားအနည်းငယ်မျှ မပါဝင်သော်လည်း အမျိုးသမီးနှစ်ဦးမှာ ပျောက်ကွယ်တော့မည့်အလား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတော့သည်။တချိန်တည်းမှာပင် သူတို့၏မျက်နှာများပေါ်၌ မထင်မှတ်ထားသော တုန်လှုပ်ခြောက်ချားခြင်းအမူအရာများ ပေါ်လာတော့သည်။
သူတို့က ရှေ့သို့ တစ်လက်မပင် မတိုးရဲတော့ဘဲ ဒူးထောက်၍ ဝပ်တွားခယလိုက်လေသည်။
" နင်တို့ရဲ့ အသွေးအသား ယဇ်ပူဇော်ခန်းကို ပြန်သွားကြ " ကုန်းစွန်းဝမ်အာက အေးစက်စွာပြောလိုက်၏။
" အခုကစပြီး ကိုယ့်အလုပ်ကိုယ်လုပ် "
သူမ စကားပြောလိုက်စဥ်တွင် သူမ၏မျက်လုံးတစ်ဖက်ရှိ သူငယ်အိမ်လေးတွင် ထူးခြားဆန်းကြယ်သော အလင်းတစ်ခု တောက်ပသွားသည်။
ထိုအလင်းကြောင့်ပင် အမျိုးသမီးနှစ်ယောက်မှာ ကြောက်လန့်တုန်ရီသွားကြပြီး ဖယောင်းတိုင်များထံ ပြန်ဆုတ်သွားကြလေသည်။