အခန်း (၁၉၆)
Vol. 14 Ch. 196
ချမ်ရှန့်ဒီရဲ့ အမေးကို ကြားမှ လင်းရှောင်ဝေ့ အသိပြန်ဝင်လာကာ အမြန်ပြောလိုက်သည်။
“ အိုး.. သူက… သူက ကျွန်တော်နဲ့ အတူ လိုက်လာပေးတဲ့ သူငယ်ချင်းပါ”
ချမ်ရှန့်ဒီ လေကြောရှည်မနေဘဲ ခေါင်းငြိမ့် ပြပြီးနောက်တွင်
“ အိုခေ အခုငါတို့ အလျင်လိုနေတယ်။ မင်း အနောက်ကိုသွားပြီး သံစဥ်နဲ့ ရင်းနီးအောင် လုပ်ထားလိုက်ပါ။ ပြီးတော့ လုပ်စရာရှိမလား ကြည့်လိုက်ပေါ့။ ပြဿနာ မရှိဘူးဆိုရင် ငါတို့အခုပဲ စကြမယ်”
လင်းရှောင်ဝေ့ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
“ ဟုတ်ကဲ့”
လင်းရှောင်ဝေ့ ဘေးမှာရပ်နေတဲ့ ယဲ့ဖန်းကို လှည့်ကြည့်လိုက်သည်။
“ အကိုယဲ့ ကျွန်တော့်ကို ဒီမှာစောင့်နေပေးပါအုံး။ ကျွန်တော် အမြန်ပြန် လာခဲ့မယ်”
ယဲ့ဖန်း ခေါင်းငြိမ့်လိုက်သည်။
“ ကောင်းပြီသွားပါ။ ငါဒီမှာ စောင့်နေမယ်”
လင်းရှောင်ဝေ့ အခန်းအတွင်းကို ဝင်သွားပြီး သီချင်းနဲ့ ရင်းနီးအောင် လုပ်လိုက်သည်။ ချမ်ရှန့်ဒီနဲ့ ခိုင်ယွီယွီက သီချင်းပိုင်းကို ဆက်ဆွေးနွေးနေကြသည်။
ယဲ့ဖန်းနဲ့ ချမ်ရှန့်ဒီတွင် အချင်းချင်း ပြောစရာ မရှိချေ။ ယဲ့ဖန်းသည် သူတို့နဲ့ အဝေးမှာ ရပ်နေလိုက်သည်။ အဝေးတစ်နေရာကို ရောက်လာချိန်မှာ ယဲ့ဖန်း ဘာဆက်လုပ်သင့်လဲ တွေးနေခဲ့သည်။
အခုတင် မြင်လိုက်ရတဲ့ လင်းရှောင်ဝေ့ရဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုကော၊ ကိုယ့်ကိုယ်ကို ကာကွယ်မှုမရှိတဲ့ပုံကို အခြေခံကြည့်ရင် လင်းရှောင်ဝေ့ ဘယ်လိုလုပ် ဖျော်ဖြေရေး လောကမှာ ရပ်တည်နိုင်တော့မှာလဲ? လင်းရှောင်ဝေ့ အခုလို ဖျော်ဖြေရေးလောကထဲ ဝင်ရောက်သွားမှာ သူ ခွင့်ပြုပေးလို့ မဖြစ်ဘူး။
အခု ပုံစံအရ လင်းရှောင်ဝေ့က သိုးငယ်လေး ဖြစ်ပြီး ဖျော်ဖြေရေးလောက က ကြီးမားတဲ့ ဝံပုလွေတစ်ကောင်လိုမျိုးပဲ။ လင်းရှောင်ဝေ့ကို အရိုးတောင် မချန်ဘဲ ဝါးစားသွားကြလိမ့်မည်။
ယဲ့ဖန်း ဆေးလိပ်မီးညှိပြီး နှစ်ရှိုက်လောက် ဖွာလိုက်သည်။ သူ ဆုံးဖြတ်ချက် ချပြီးနောက်မှာ ချက်ချင်းပဲ ဆေးလိပ်ကို လွှင့်ပစ်လိုက်သည်။
ယဲ့ဖန်း ချမ်ရှန့်ဒီဆီကို တိုက်ရိုက်ပဲ လျှောက်သွားလိုက်သည်။
“ မန်နေဂျာချမ် ခဏလောက် စကားပြောလို့ ရမလား?”
ယဲ့ဖန်းရဲ့ ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ချမ်ရှန့်ဒီနဲ့ ခိုင်ယွီယွီက သူ့ကို ထူးဆန်းစွာ ကြည့်လာသည်။
ချမ်ရှန့်ဒီ ခဏလောက် တွန့်ဆုတ်သွားပြီးမှ ခေါင်းငြိမ့်လိုက်သည်။
“ ကောင်းပါပြီ”
ထို့နောက်မှာ ယဲ့ဖန်းနဲ့ ချမ်ရှန့်ဒီသည် လူအများကြီး မရှိတဲ့ စတူဒီယိုရဲ့ ကော်ရစ်ဒါ ထောင့်ကို သွားလိုက်ကြသည်။
ယဲ့ဖန်း လိုရင်းကိုပဲ တန်းပြောလိုက်သည်။
“ ကျွန်တော်က လင်းရှောင်ဝေ့ရဲ့အကိုပါ။ ကျွန်တော့်နာမည်က ယဲ့ဖန်းပဲ”
ချမ်ရှန့်ဒီ ခဏလောက် တွန့်သွားသည်။ ယဲ့ဖန်း တစ်ခုခု ပြောချင်နေတာ သူသိသည်။ ထို့ကြောင့်
“ မစ္စတာယန်း ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောပါ”
ယဲ့ဖန်းလဲ ယဥ်ကျေးမနေတော့ဘဲ တည့်ပြော လိုက်သည်။
“ ကျွန်တော့်ရဲ့ညီကို အနုပညာလောကထဲ မဝင်စေချင်ဘူး။ သူ့ရဲ့ စိတ်ဓာတ်ပိုင်းက မတည်ငြိမ်သေးဘူး။ ကျွန်တော်သူနဲ့ လိုက်လာခဲ့ပေးတာက သူ့ရဲ့အိပ်မက်ကို နားလည်စေချင်ရုံအတွက်ပဲ။ ခင်ဗျား ကျွန်တော့်ရဲ့ ဆိုလိုရင်းကို သိမှာပါ”
ယဲ့ဖန်းရဲ့ လေသံက ကြမ်းတမ်းပြီး စကားက တည့်တိုးဆန်သည်။
ချမ်ရှန့်ဒီ အနည်းငယ် မသက်မသာ ဖြစ်လာရသည်။
ချမ်ရှန့်ဒီလဲ ယဲ့ဖန်းရဲ့ ဆိုလိုရင်းကို နားလည်ပေမဲ့ သူ့မှာ ရွေးစရာ မရှိဘူး။ ယဲ့ဖန်းရဲ့ အကိုဆိုတဲ့ အနေအထားတစ်ခု ကြောင့်နဲ့ လင်းဖေးဟန်ကို စိတ်ပျက်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။
ချမ်ရှန့်ဒီ ပြောလိုက်သည်။
“ မစ္စတာယဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါဘာမှ မလုပ်ပေးနိုင်မှာပဲ စိုးမိတယ်။ ဒါက မင်းရဲ့ ကိုယ်ပိုင်ကိစ္စပါ။ မင်းရဲ့ညီ လင်းရှောင်ဝေ့ကို မင်းကိုယ်တိုင် ပြောပြသင့်တယ်”
ထိုအချိန်မှာ ချမ်ရှန့်ဒီ တစ်ကယ်ကို ဒေါသ ပေါက်ကွဲချင်နေပြီ။ သူ တစ်ကယ်ပြောချင်နေသည်… 'ကိုယ့်ညီကိုယ် နိုင်အောင်မထိန်းနိုင်ဘဲ ငါ့ကို အပြစ်လာတင် နေတာလား?’
ထို့နောက်မှာ ချမ်ရှန့်ဒီ ယဲ့ဖန်းကို လျစ်လျူရှုလိုက်ပြီး အတွင်းခန်းကို ပြန်ဝင်သွားလိုက်သည်။
ချမ်ရှန့်ဒီက သူ့ရဲ့တောင်းဆိုမှုကို လျစ်လျူရှု သွားတဲ့အတွက် ယဲ့ဖန်း ဒေါသ ထွက်သွားပေမဲ့ ထုတ်မပြခဲ့ပေ။
အခုတင် ချမ်ရှန့်ဒီရဲ့ ပြုမူသွားတဲ့ပုံစံနဲ့ တိုက်တိုက်ဆိုင်ဆိုင် ခိုင်ယွီယွီ ပါ ရောက်လာတာကို တွက်ကြည့်ရင် သူတို့တွေ လင်းရှောင်ဝေ့ အတွက် သေချာ ပြင်ဆင် ထားတာပဲ။
သူ လင်းရှောင်ဝေ့ပို ဒီထောင်ချောက်ထဲ ခုန်ဆင်းခွင့်ပြုလို့ မဖြစ်ဘူး။ ဒါက သေချာပေါက်ကို သိုးပေါက်လေး ခုန်ချဖို့ တူးထားတဲ့ တွင်းကြီးကြီးတစ်ခုပဲ!
နှစ်နာရီကြာပြီးနောက်တွင် နောက်ဆုံးတော့ လင်းရှောင်ဝေ့ အသံသွင်းလို့ ပြီးသွားခဲ့ပြီ။
ထိုအချိန်မှာ ယဲ့ဖန်း အပြင်ဘက်ကနေ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ လင်းရှောင်ဝေ့နဲ့ ခိုင်ယွီယွီတို့ အထဲကနေ ဘေးချင်းကပ်စကားတွေပြောရင်း၊ ရယ်မောပြီး ထွက်လာတာ မြင်တဲ့အခါမှာ ယဲ့ဖန်းရဲ့မျက်နှာက ပိုလို့မဲမှောင်သွားသည်။
မင်း ဘယ်လိုတောင် ငါ့ရဲ့ညီလေးကို မြှူဆွယ်ရဲရတာလဲ?
ယဲ့ဖန်းရဲ့ သေဆုံးရမဲ့ စာရင်းထဲကို ရောက်သွားမှန်း ခိုင်ယွီယွီ ကိုယ်တိုင်ပင် ထိုအချိန်က မသိခဲ့ချေ။
ယဲ့ဖန်း စိတ်ထဲမှာ ဘာတွေတွေးနေလဲ လင်းရှောင်ဝေ့ လုံးဝ မသိဘူး။ လင်းရှောင်ဝေ့က ခိုင်ယွီယွီနဲ့ ပျော်ရွှင်စွာ စကားပြောနေပြီး မထွက်သွားခင်တောင် တွန့်ဆုတ်စွာ လက်ပြနှုတ်ဆက် သွားသေးသည်။
လင်းရှောင်ဝေ့က ယဲ့ဖန်းဆီကို လျှောက်လာပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ အကိုယဲ့ ကျွန်တော် အသံသွင်းပြီးသွားပြီ။ အရမ်းခံစားလို့ ကောင်းတယ်”
ယဲ့ဖန်း ရယ်လိုက်ကာ
“ မင်း ဆုံးဖြတ်ပြီးပြီလား?”
ယဲ့ဖန်းရဲ့ မျက်နှာက ပုံမှန်တည်ငြိမ်မှုဆီကို ပြန်ရောက်သွားပြီး သူ့ရဲ့စိတ်ထဲမှာ ခံစားနေရတဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ တို့ကို ဘယ်သူမှ မြင်နိုင်မှာ မဟုတ်တော့ဘူး။
လင်းရှောင်ဝေ့ ခေါင်းရမ်းလိုက်သည်။
“ မသိဘူး။ ကျွန်တော်ခံစားလို့ ကောင်းပေမဲ့ ဒီနေရာမှာ အကုန်လုံးက အရည်အချင်း ရှိတဲ့အပြင် စကားလဲ ကြွယ်ကြတယ်။ ဒါပေမဲ့ တစ်ကယ့်ရလဒ်က မန်နေဂျာချမ်အပေါ်ပဲ မူတည်တယ်။ အချိန်ကျရလာရင် သိရမှာပေါ့ဗျာ”
မန်နေဂျာချမ် အပေါ် မူတည်တယ်ဆိုတာကို ငြင်းရင် လိမ်ရာကျသွားမှာကို ယဲ့ဖန်း သိသည်။
ဒီမြို့ထဲက အလုပ်လုပ်ပုံတွေက အရမ်း နက်ရှိုင်းသည်!
ချမ်ရှန့်ဒီနဲ့ ကျန်တဲ့သူတွေက အကုန် ဟန်ဆောင်နေတာပဲ။ သူတို့တွေ အပေါ်ယံမှာ လင်းရှောင်ဝေ့က အရမ်းသင့်တော်တယ်လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ လင်းရှောင်ဝေ့ရဲ့ အခုပုံစံကို ကြည့်ရတာ သူ့ရဲ့စိတ်ထဲမှာ ဆုံးဖြတ်ချက် ချပြီးသွားပြီမှန်း ယဲ့ဖန်း သိလိုက်သည်။
ယဲ့ဖန်း အသက်ဝဝ တစ်ချက် ရှုသွင်းလိုက်ကာ
“ ကောင်းပြီ ဒါဆို ပြန်ကြစို့”
“ ညစာ သွားစားကြရအောင်။ ကျွန်တော် ကျွေးမယ်”
လင်းရှောင်ဝေ့ အလွန်ပျော်နေခဲ့တာပင်။
လင်းရှောင်ဝေ့နဲ့ ယဲ့ဖန်းတို့ စားသောက်ဆိုင် တစ်ခုကို ရောက်လာခဲ့သည်။
လင်းရှောင်ဝေ့ ပြုံးလိုက်ကာ
“ အကိုယဲ့ ကြိုက်တာသာ မှာစားဗျာ”
လင်းရှောင်ဝေ့ သူ့ရဲ့ပျော်ရွှင်မှုတွေကို မဖုံးဖိ နိုင်တော့ဘူး။
ယဲ့ဖန်း ယဥ်ကျေးမနေတော့ဘဲ မီနူး ယူလိုက်ပြီး ဟင်းပွဲတစ်ချို့ကို မှာလိုက်သည်။
မကြာမှီ ဟင်းတွေ လာချသည်။
သူတို့နှစ်ယောက် စားသောက်ရင်း စကား ပြောလိုက်ကြသည်။
ယဲ့ဖန်း တွေးမိသွားတာမို့ ရုတ်တရက် ပြောလိုက်သည်။
“ ရှောင်ဝေ့ မင်း ဒီရှားပါးအခွင့်အရေးကို တစ်ကယ် တန်ဖိုးထားတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းထပ်ပြီး စဥ်းစားသင့်တယ်။ တစ်ချို့ကိစ္စတွေက ထင်သလောက် မရိုးရှင်းဘူး။ မင်း တစ်ကယ်ပဲ အနုပညာ လောကထဲ ရောက်သွားရင် အဲ့နေရာရဲ့ လှည့်ဖျားမှုတွေမှာ မင်းမမြောပါပဲ နေနိုင်မှာလား? သတင်းဆိုး တစ်ခုခုသာ ထွက်သွားခဲ့ရင် မင်းဘဝ ပျက်ဆီး သွားလိမ့်မယ်။ လက်ရှိမှာ အွန်လိုင်းပေါ်က တိုက်ခိုက်မှုတွေက အရမ်းပြင်းထန်လွန်းတယ်”
ယဲ့ဖန်း ပြောနေရင်း တွန့်ဆုတ်သွားတာကို မြင်တော့ လင်းရှောင်ဝေ့ မေးလိုက်သည်။
“ အကိုယဲ့က ပြဿနာ တစ်ခုခုရှိနေတယ်လို့ မြင်လို့လား?”
ယဲ့ဖန်း လင်းရှောင်ဝေ့ကို ရုပ်တည်ဖြင့် ကြည့်လိုက်ကာ
“ သူတို့တွေ မင်းဆီကို ရောက်လာတာ တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ပြောပြချင်ရုံတင်ပဲ”
လင်းရှောင်ဝေ့ စိတ်ရှုတ်ထွေးလာပြီး ခါးသက်စွာ ပြုံးလိုက်သည်။
“ အကိုယဲ့ ဘာတွေ ပြောနေတာလဲ? မန်နေဂျာချမ်နဲ့ ကျန်တဲ့သူတွေက ဘယ်သူ မလို့လဲ? သူတို့တွေ ကျွန်တော့်ဆီကို လာပြီး အခုလိုကမ်းလှမ်းဖို့ ကျွန်တော့်မှာ ဘာရှိနေလို့လဲ?”
လင်းရှောင်ဝေ့လဲ ခံစားမိလိုက်သည်။ သူက သေးငယ်တဲ့ ဂိမ်းသမား တစ်ယောက်ပဲ။ သူ့ကို လှည့်ဖျားဖို့ ဘယ်သူက ဒီလောက်များတဲ့ ပိုက်ဆံကို သုံးမှာလဲ? သုံးခဲ့ရင်တောင် ဘာလို့ သုံးမှာလဲ?
ရတယ်၊ လှည့်ဖျားချင်လဲ ကိစ္စမရှိဘူး။ သူတို့ပဲ ပိုက်ဆံဆုံးရလိမ့်မယ်။
ယဲ့ဖန်း ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။
“ ငါပဲ အတွေးလွန်နေတာ ဖြစ်ပါစေ မျှော်လင့်တယ်။ ဒါပေမဲ့မင်းဒီကိစ္စကို ထပ်တွေးကြည့်ပါ။ မင်းလဲ ငယ်တော့တာ မဟုတ်ဘူး။ အနာဂတ်မှာ မင်း ကိစ္စ တစ်ခုခု ကြုံလာရင် အကိုယဲ့ဆီပဲ ပြေးလာလို့ မရဘူးလေ”
ယဲ့ဖန်းလဲ ဘာတွေဖြစ်နေလဲ မသိဘူး။ ဒါပေမဲ့ သူ အန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။ တစ်ခုခုမှားနေတာ သေချာပေါက် ရှိရမယ်!
ဒါပေမဲ့ ယဲ့ဖန်းမှာ သက်သေမရှိဘူး။ လင်းရှောင်ဝေ့ကို အလွယ်တကူ ဆုံးဖြတ်ချက် မချဘဲ အချိန်ယူစဥ်းစားဖို့ပဲ ပြောနိုင်တော့သည်။
စာစဉ်ပြီး၏