← Chapters

အခန်း (၁၉၃)

Vol. 14 Ch. 193

အခန်း (၁၉၃)

Vol. 14 Ch. 193

လင်းရှောင်ဝေ့ အမြန်ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။

“ ဘယ်လိုလဲ အကိုယဲ့။ ဖြစ်နိုင်ချေရှိလား?”

လင်းရှောင်ဝေ့ ယဲ့ဖန်းကို စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်မှာ လင်းရှောင်ဝေ့ရဲ့ မျက်နှာထက်တွင် ယဲ့ဖန်းရဲ့ အဖြေကို မျှော်လင့်တကြီး စောင့်စားရိပ်တို့ ပြည့်နေသည်။ ဘာလို့ဆို သူ ယဲ့ဖန်းကို စိတ်ထဲမှာ အရမ်းယုံကြည်နေခဲ့သည်။

ယဲ့ဖန်းလိုမျိုး ဘဝ အတွေ့အကြုံရှိတဲ့သူဆီကနေ သူ အကြံဉာဏ်တွေ လိုအပ်သည်။

တွေးကြည့်ပြီးနောက်မှာ ယဲ့ဖန်း ခေါင်းကို ကူကယ်ရာမဲ့စွာခါလိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။

“ ငါ့အထင် ဒီကိစ္စက နည်းနည်း မယုံကြည် ရသလိုပဲ”

“ ရှောင်ဝေ့ မင်းက အခုမှ လောကထဲ ဝင်လာပြီးအတွေ့အကြုံလဲ မရှိသေးဘူး။ ငါသာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ငါသေချာပေါက် မသွားဘူး။ ဒီကိစ္စက မရိုးရှင်းဘူးလို့ ငါထင်တယ်။ ဒါအရမ်း ပုံမှန်မဟုတ်ဘူး”

“ ပြီးတော့ မင်း အဆိုတော်ဖြစ်လာချင်ရင် ဖျော်ဖြေရေးလောကထဲကို ဝင်ရမယ်။ ဖျော်ဖြေရေးလောက က ဝင်ပြီးသွားတာနဲ့ ပင်လယ်လိုကျယ်ပြောတယ်။ သာမာန် ပရမ်းပတာ နယ််ပယ်လေး မဟုတ်ဘူး ဖျော်ဖြေရေးလောကက။ မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသွားပြီလား? ငါတို့လို ပိုက်ဆံမရှိ၊ အာဏာမရှိတဲ့သူတွေက အောင်မြင်နိုင်မယ် လို့ မင်းထင်လား?”

ယဲ့ဖန်း တစ်ကယ်ကို ကျယ်ပြန့်လှတဲ့ ဖျော်ဖြေရေးလောကအတွင်းကို လင်းရှောင်ဝေ့ကို မဝင်သွားစေချင်ဘူး။ အထူးသဖြင့် လင်းရှောင်ဝေ့လိုမျိုး အောက်ခြေကစပြီး ကြိုးစားခဲ့ရတဲ့ ရိုးသားတဲ့ ကလေးတစ်ယောက်အနေနဲ့ ဒီလောကက မရိုးရှင်းဘူး။

ယဲ့ဖန်းရဲ့ စကားကိုကြားတော့ လင်းရှောင်ဝေ့ ခေါင်းညိတ်လိုက်ကာ

“ ကျွန်တော်လဲဒါကိုသိတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော် ညဘက်တွေမှာဘာလို့ စားသောက်ဆိုင်မှာ အဆိုတော် လုပ်နေရမှာလဲ? ဒါပေမဲ့ ကျွန်တော် ဖျော်ဖြေရေးလောကကို ဝင်ပြီးသွားတာနဲ့ သေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိတယ်!”

ယဲ့ဖန်း ပြန်မေးလိုက်သည်။

“ မင်း အောင်မြင်မယ်မှန်း ဘယ်လိုသိလဲ? စင်ပေါ်ကိုရောက်တာ ဆယ်စုနှစ် တစ်ခု ကျော်ခဲ့ပေမဲ့ လူသိမခံရတဲ့ အဆိုတော်တွေ အများကြီးရှိတယ်။ မင်းရဲ့ ကိုယ်ပိုင်ရေး သီချင်းနဲ့ တစ်ကယ်ပဲ အောင်မြင်နိုင်မယ် ထင်လား?”

“ဘာလို့ဆို ကျွန်တော့်မှာ..”

လင်းရှောင်ဝေ့ သူ့မှာ ရွှေလက်ချောင်း ရှိတယ်ဆိုတဲ့ အချက်ကို ထုတ်ပြောမိတော့မလို ဖြစ်သွားသည်။

ဒါပေမဲ့ သူ ချက်ချင်းပဲ စကားပြောတာကို ရပ်လိုက်သည်။ ဒီလိုကိစ္စကို သူ့ရဲ့မိဘကိုတောင် ပြောပြလို့မရဘူးဆိုတာ သေချာသိပါသည်။

“ ဘာကို ဘာလို့လဲ?”

ယဲ့ဖန်း သံသယတစ်ချို့နဲ့ မေးလို​က်သည်။

လင်း​ရှောင်ဝေ့ ခဏလောက်တွေးပြီးနောက်မှာ

“ တစ်ကယ်တော့ မန်နေဂျာချမ်နဲ့ဆိုရင် ကျွန်တော် ကြိုးစားကြည့်ချင်တယ်။ သူက အရမ်းစည်းကမ်းကြီးတဲ့သူမို့ ကျွန်တော် အရွေးမခံရတာမျိုးလဲ ဖြစ်နိုင်တာပဲ။ အနာဂတ်ကို ကြိုတွေးနေတော့ကော ဘာထူးမှာမို့လဲ?”

ယဲ့ဖန်း ရယ်လိုက်ပြီး လင်းရှောင်ဝေ့ကို မတားတော့ပေ။ ထို့အစား သူပြောလိုက်သည်။

“ ဒီလိုဆိုမှတော့ အရင်သွားပြီး ကြိုးစားကြည့်လိုက်။ ကုမ္ပဏီက တစ်ခြားလူတွေကိုပါ ကြည့်ခဲ့လိုက်အုံး။ မင်းပြောတဲ့ ရွှေဆုရှင် ပရိုဂျူဆာဆိုတဲ့ ချမ်ရှန့်ဒီလားဘာလား.. အင်း သူက အရေးအကြီးဆုံးဆိုပေမဲ့ တစ်ခြား အနုပညာရှင်တွေကိုလဲ လျစ်လျူရှုလို့ မဖြစ်ဘူး။ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ​မင်း ​မြင်ဖူးထားမှဖြစ်မယ်”

ယဲ့ဖန်းသိသည်။ လင်းရှောင်ဝေ့မှာ အဆိုတော် ဖြစ်လာချင်တဲ့ အိပ်မက်တစ်ခုရှိတယ်ဆိုတာကို။ ဒါကြောင့်မို့ သူတိုက်ရိုက်ကြီး မတားခဲ့ဘူး။ သူသာ ဇွတ်လုပ်ခဲ့ရင် လင်းရှောင်ဝေ့ရဲ့ ပုံစံနဲ့ဆို သူတို့အချင်းများရလိမ့်မည်။

ယဲ့ဖန်း လင်းရှောင်ဝေ့ကို ညီလေးတစ်ယောက်လို ခံစားရသည်။ ဒီတော့ လင်းရှောင်ဝေ့ရဲ့ စိတ်အားထက်သန်မှုကို မြင်တော့ သူအရမ်း မတားတော့ပေ။

ယဲ့ဖန်း သဘောတူလိုက်တဲ့အတွက် လင်းရှောင်ဝေ့ရဲ့ မျက်လုံးတွေ ချက်ချင်းပဲ တောက်ပသွားကာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောလိုက်သည်။

“ ကျွန်တော်လဲ အဲ့လိုပဲထင်တယ်။ ဒါ့အပြင် တစ်ကယ်တော့…”

အရမ်းစိတ်လှု​ပ်ရှားနေတဲ့ လင်းရှောင်ဝေ့ကို ကြည့်ပြီး ယဲ့ဖန်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ တစ်ကယ်တော့ လင်းရှောင်ဝေ့ရဲ့ စိတ်ထဲမှာ အဖြေရှိပြီးသားပဲ။ ဒီတိုင်းသူ့ရဲ့ အတည်ပြုချက်ကို ရယူချင်ရုံတင်ပဲ။

လင်း​ရှောင်ဝေ့ စကားမပြောလာခင်မှာပဲ လင်းရှောင်ဝေ့ ဘာပြောမယ်ဆိုတာ ယဲ့ဖန်းသိတာမို့ တိုက်ရိုက်ပဲ ပြောလိုက်သည်။

“ အဆင်ပြေတယ်။ အဲ့ကျရင်ငါမင်းနဲ့ အတူသွားပေးမယ်”

တစ်ခြားနည်းမှ မရှိတာပဲ။ လင်းရှောင်ဝေ့မှာ မိတ်ဆွေအများကြီးမရှိတာ ယဲ့ဖန်းသိသည်။ လင်းရှောင်ဝေ့ရဲ့ အရင်က အတန်းဖော်ဟောင်း တွေကလဲ အဆင်မပြေဘူး။ တစ်ယောက်ထဲ သွားရင်ကျလဲ အနည်းငယ် အားငယ်သလို ခံစားရတာမို့ ယဲ့ဖန်းကို အကူအညီ တောင်းရုံသာ ရှိတော့သည်။

လင်းရှောင်ဝေ့ ကျေးဇူးတင်စွာပြောလို​က်သည်။

“ ကျေးဇူးပါ အကိုယဲ့”

ယဲ့ဖန်းပြုံးလိုက်ပြီး

“ မင်းဘာတွေ အရမ်းယဥ်ကျေးပြနေတာလဲ?”

ယဲ့ဖန်း သဘောတူမှာကို လင်းရှောင်ဝေ့ သိနေသည်။ သူ အကူအညီတောင်းတိုင်း ယဲ့ဖန်း ဘယ်တုန်းကမှ မငြင်းဖူးဘူး။

ယဲ့ဖန်းရဲ့ သဘောတူညီမှုကို ရပြီးတာနဲ့ လင်းရှောင်ဝေ့ ချက်ချင်းပဲ မက်ဆေ့ပို့လိုက်သည်။ သူလာပြီးတော့ တစ်ချက်ကြည့်ချင်ပါတယ်လို့ ချမ်ရှန့်ဒီကို ပြောလိုက်သည်။

ထိုအချိန်မှာ လင်းဖေးဟန် က ခေါင်းဆောင်ငယ်ရဲ့ အနောက်ကနေ နှင်းဆီနီဆီကို သွားနေခဲ့သည်။

များသောအားဖြင့် နှင်းဆီနီက လင်းရှောင်ရှောင်ရဲ့ ဘားမှာရှိတတ်သည်။

လူအနည်းငယ်နဲ့ အတူထိုင်ပြီး စကားအနည်းငယ် ပြောပြီးတာနဲ့ လင်းဖေးဟန်က နှင်းဆီနီနဲ့အတူ ထွက်သွားဖို့ ပြင်လိုက်သည်။

ဒါပေမဲ့ ခေါင်းဆောင်ငယ်က ဝက်တစ်ကောင်လိုမျိုး လင်းဖေးဟန် အနောက်ကို တောက်လျှောက် ကပ်တွယ်နေသည်။ လင်းဖေးဟန် ဘယ်လိုလုပ် ကိစ္စတွေဆက်ဆောင်ရွက် နိုင်တော့မှာလဲ?

ထိုအချိန်မှာ လင်းဖေးဟန်က ခေါင်းဆောင်ငယ်ကို အပြုံးတစ်ခုနဲ့ လှည့်ကြည့်လိုက်ကာ

“ မင်း ဒီည ဘားမှာနေခဲ့သင့်တယ်။ အရက်သောက်ပြီး သီချင်းလေးနားထောင်ရင်း ရှောင်ရှောင်ကို အဖော်လုပ်ပေးလိုက်ပေါ့။ ငါနဲ့နှင်းဆီနီ ပြန်လာတာကို ဒီကစောင့်နေ။ ဒီနေ့ည ရှောင်ရှောင် ကောင်းကောင်းအိပ်ပျော် နိုင်မယ်ထင်တယ်”

ရှုတ်ထွေးနေပုံပေါ်သော ခေါင်းဆောင်ငယ်ကို ကြည့်ကာ လင်းဖေးဟန် ပြုံးပြလိုက်ပြီး လင်းရှောင်ရှောင်ဘက်ကို တွန်းပို့ပေးလိုက်သည်။

ခေါင်းဆောင်ငယ် ချက်ချင်းပဲ တုံ့ပြန်လိုက်သည်။ လင်းဖေးဟန်ရဲ့ ဆိုလိုရင်း​ကို သူနားလည်တာပေါ့။ သခင်လေးလင်းက ငါ့အပေါ်မှာ တစ်ကယ် ကောင်းတာပဲ။

ခေါင်းဆောင်ငယ်က လင်းရှောင်ရှောင်ကို တောက်ပတဲ့မျက်လုံးများနဲ့ လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။

“ ဒါက..”

လင်းရှောင်ရှောင်က သူမရဲ့ လက်တွေကို တိုက်ခိုက်ဖို့ အကြောလျှော့လိုက်တာ မြင်တော့ ခေါင်းဆောင်ငယ် ချက်ချင်းပဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ သခင်​လေးလင်း ကျွန်တော်အိမ်မှာ ဂက်စ် ပိတ်ဖို့မေ့ခဲ့တာ အခုမှ ရုတ်တရ​က် သတိရတယ်ဗျာ။ အရမ်းအန္တရာယ်များတယ်။ ကျွန်တော်အခုအိမ်ပြန်ပြီး သွားပိတ်လိုက်မယ်။ လုံခြုံရေးက အဓိကလေ။ ဟားဟား လုံခြုံရေးက အဓိကပဲ! သခင်လေးလင်းနဲ့ နှင်းဆီနီရဲ့ အသေးစိတ် ဆွေးနွေးမှုကို ကျွန်တော် မနှောက်ယှက်တော့ပါဘူး။ အိမ်ပြန်ပြီး ဂက်စ် သွားပိတ်လိုက်ပါအုံးမယ်ဗျ”

“ မနက်ဖြန်မှပဲ သခင်လေးလင်းကို ကုမ္ပဏီမှာ လာရှာလိုက်ပါ့မယ်”

“သွားပါပြီဗျ”.

ခေါင်းဆောင်ငယ် အနောက်လှည့်ပြီး ပုံမှန်မဟုတ်တဲ့ စိတ်လှုပ်ရှားမှုများနဲ့ ထွက်သွားတော့သည်။

“ ချီးပဲ”

ခေါင်းဆောင်ငယ် နည်းနည်း အနောက်ရောက်တာနဲ့ ဆဲမိတော့သည်။ မျက်နှာချင်းဆိုင်မှာ မှောင်မဲနေတဲ့ မျက်နှာကြီးနဲ့ စိုက်ကြည့်နေတဲ့ လင်းရှောင်ရှောင်ကြောင့် ပြေးရမှာပင် တွန့်သွားသည်!

ခေါင်းဆောင်ငယ် မကျေမချမ်းပြောလိုက်သည်။

“ မင်းက သရဲလား?”

ခေါင်းဆောင်ငယ်က လင်းရှောင်ရှောင်ကြောင့် လန့်သွားခဲ့သည်။ သူမရဲ့ ပိုမို မည်းမှောင်လာတဲ့ မျက်နှာကို ကြည့်ရင်း ခေါင်းဆောင်ငယ် ပိုပိုပြီး ကြောက်လန့်လာသည်။

ခေါင်းဆောင်ငယ် သတိကြီးစွာ လှုပ်ရှားပြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ကာ

“ နှုတ်ဆက်ပါတယ်။ အဟမ်း နှုတ်ဆက်ပါတယ်”

လင်းရှောင်ရှောင် အရမ်းကို လိုက်လျောညီထွေမရှိလှတဲ့ အသံနဲ့ ပြောလိုက်သည်။

“ မနှုတ်ဆက်ဘူး”

ထို့နောက်မှာ လင်းရှောင်ရှောင်က ဘားကနေ ထွက်ပြေးဖို့ ကြံနေတဲ့ ခေါင်းဆောင်ငယ်ကို ကော်လံကနေ ဆွဲမပြီး ခေါ်သွားသည်။

ယောက်ျားတစ်ယောက်ဖြစ်တာမို့ ခေါင်းဆောင်ငယ်က လင်းရှောင်ရှောင်ထက် ပိုအရပ်ရှည်ပြီး ပိုလေးသည်။

ဒါပေမဲ့ လင်းရှောင်ရှောင်နဲ့ ရင်ဆိုင်ရချိန်မှာ ခေါင်းဆောင်ငယ်ရဲ့ ခုခံမှုက အသုံးမဝင်ခဲ့ပေ။

လင်းရှောင်ရှောင်က ကိုယ်ခံပညာဆော့ထားသူ ဖြစ်ပြီး ခေါင်းဆောင်ငယ်ရဲ့ ခန္ဓာကိုယ်က အရက်၊ မိန်းမ၊ ပို​က်ဆံတွေရဲ့ ဝါး​မြိုမှုကြောင့် အားနည်းနေပြီးသားပဲ။

“ သခင်လေးလင်း ကျွန်တော့်ကို လိမ်တယ်ဗျာ”

လင်းရှောင်ရှောင်ရဲ့ ဘားအတွင်းကို ဆွဲခေါ်သွားတာ ခံနေရတဲ့ ခေါင်းဆောင်ငယ်က ထွက်သွားတော့မဲ့ လင်းဖေးဟန်နဲ့ နှင်းဆီနီကို စိတ်ပျက်အားငယ်စွာ ကြည့်လိုက်သည်။

လင်းရှောင်ရှောင်က လှတယ်။ တစ်ဖက်လူအနေနဲ့ အခုလို လက်ဦးမှုရမဲ့ အခွင့်အရေးရရင် ဘယ်သူမဆို ဒီကျွင်းထဲ ပျော်ပျော်ကြီး ခုန်ဆင်းကြမှာပဲ။

ခေါင်းဆောင်ငယ်လဲ အစက ထိုသို့ဆိုပေမဲ့ အခုတော့ သူ နောင်တ အကြီးအကျယ် ရနေပါပြီ။ လင်းရှောင်ရှောင်က လှတာမှန်ပေမဲ့ ဘယ်သူမှ မချစ်တဲ့ကျန်ရစ်မကြီးပဲ။ ပိုဆိုးတာ သူမက… ကျားမ!

လင်းဖေးဟန်တို့ နှစ်ယောက် အပြင်ကို ထွက်လာလိုက်သည်။ နှင်းဆီနီက ဆံပင်လေးကို နားရွက်နောက်ထဲ ညှင်သာစွာ သပ်လိုက်ရင်း လင်းဖေးဟန်ကို ကြည့်ပြီး ခါးသက်စွာပြုံးရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ရှင်ဒီလိုလုပ်ဖို့ မလိုပါဘူး”

All Chapters