← Chapters

သာမန်လူတစ်ယောက်ကိုလက်ထပ်မှာလား

Vol. 14 Ch. 184

သာမန်လူတစ်ယောက်ကိုလက်ထပ်မှာလား

Vol. 14 Ch. 184

အခန်း (၁၈၄) သာမန်လူတစ်ယောက်ကိုလက်ထပ်မှာလား

အနက်ရောင်ဝတ်ဆင်ထားသူက…

"ဂိုဏ်းတူညီလေး… မင်း ခွန်လွန်တောင်ဂိုဏ်းချုပ်အကြောင်း သိသလား…"

ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…

"မသိဘူး…"

ခွန်လွန်တောင်ဂိုဏ်းချုပ်က မည်သူဖြစ်သည်ကိုပင် ကျန်းလန် မသိရှိပေ။

ခွန်လွန်တောင်ဂိုဏ်းချုပ် ရှိနေသည်ကိုတော့ သူ သိရှိလေသည်။

သို့သော် ဂိုဏ်းချုပ်က အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အပြင်သို့ထွက်လာခြင်း မရှိလေရာ ကျန်းလန် မပြောနှင့် ကျန်းလန်ထက် နှစ်ပေါင်းရာနှင့်ချီပြီး အချိန်စောကာ ဂိုဏ်းထဲရောက်လာသည့် တပည့်များပင် ဂိုဏ်းချုပ်ကို တွေ့မြင်ဖူးခြင်း မရှိကြပေ။

သူတို့အတွက်တော့ ဂိုဏ်းချုပ်ဆိုသည်က ဒဏ္ဍာရီဆန်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

အနက်ရောင်ဝတ်ဆင်ထားသူက ကျန်းလန်ကို ကြည့်လိုက်ရင်း…

"ဒါဖြင့် ခွန်လွန်တောင်ဂိုဏ်းချုပ် သေမင်းထောင်ချောက်ထဲ ရောက်နေပြီဆိုတာ မင်း သိသလား…"

ကျန်းလန်က…

"ဘာလဲ… ဂိုဏ်းချုပ်က ကျုပ်ကို ဝင်ပူးချင်နေတယ်လို့ ပြောမလို့လား…"

အနက်ရောင်ဝတ်ဆင်ထားသူ အံ့အားသင့်သွားသည်။

"ဘာ…"

ထိုအချိန်မှာပင် ကျန်းလန်က လှုပ်ရှားမှုပြုလိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် အနက်ရောင်ဝတ်လူရှေ့သို့ ရောက်ရှိသွားသည်။

သူ့လက်က တစ်ဖက်လူ၏ ခေါင်းကို ဆုပ်ကိုင်ထားရင်း…

"မင်းရဲ့လုပ်ဇာတ်ကြီးက စိတ်ဝင်စားဖို့လည်း မကောင်းပါဘူးကွာ…"

"ဘန်း…"

ကျန်းလန်က လက်ကို အောက်သို့ ဖိချလိုက်ရာ ရန်သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲမှ အင်းသင်္ကေတက အသက်ဝင်လာပြီး တဖြည်းဖြည်း ကြီးမားလာသည်။ နောက်ကွယ်မှ ထိန်းချုပ်ထားသူ ရှိနေသည့်နေရာကို အကြမ်းဖျင်း တွက်ဆလိုက်နိုင်သည်။

သို့သော် အနက်ရောင်ဝတ်ဆင်ထားသူ သွေးမှုံများအဖြစ် ပြောင်းလဲသွားပြီးနောက် ကျန်းလန်၏ နောက်ကျောဘက်မှ အသံတစ်သံထွက်ပေါ်လာ၏။

"မင်းက လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ကျုပ်ကို သတ်ပစ်တယ်လား… ၊ လက်စသတ်တော့ မင်းက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာကိုး… ၊ ဒါပေမဲ့ မင်းရဲ့စေ့စပ်ပွဲနောက်ကွယ်က ပူးပေါင်းကြံစည်မှုကြီးကို မင်း တကယ်ပဲ မသိချင်ဘူးလား… ၊ မင်းက ခွန်လွန်တောင်ရဲ့ အသုံးချခံ နယ်ရုပ်လေးသက်သက်ပဲ… ရှေ့လျှောက် မင်းကို ဘယ်သူမှ အရေးစိုက်ကြမှာ မဟုတ်ဘူး…"

အသံက ခဏရပ်သွားပြီးမှ ဆက်ပြောသည်။

"တစ်နေ့ ကျောက်စိမ်းရေကန်တည်ငြိမ်သွားရင် ခွန်လွန်တောင်က ကျောက်စိမ်းရေကန် နတ်ဘုရားမကို လိုအပ်တော့မှာ မဟုတ်ဘူး ၊ အဲဒီအချိန်ကျ မင်းမှာ ဘာတန်ဖိုးမှ ရှိတော့မှာ မုတ်ဘူး… ၊ အဲဒီအချိန်ရောက်ရင် ကျောက်စိမ်းရေကန် နတ်ဘုရားမကလည်း မင်းကို ရွံမုန်းလွန်းလို့ သတ်ပစ်လိမ့်မယ်… ၊ နဂါးတွေကလည်း မင်းကို သတ်ပစ်လိမ့်မယ်… ၊ နတ်မိစ္ဆာတွေကလည်း မင်းကို သတ်ပစ်လိမ့်မယ် ၊ နတ်လူသားမျိုးနွယ်တွေကလည်း မင်းကို သတ်ပစ်လိမ့်မယ်… ၊ ခွန်လွန်တောင်ကတောင် မင်းဘက်မှာ ရပ်တည်ပေးမှာ မဟုတ်ဘူး…"

အသံက ဆက်ပြောသည်။

"ဒီတော့… ကျုပ်တို့ဘက်ကိုလာပါ… ကျုပ်တို့နဲ့ ပူးပေါင်းပါ… ၊ မင်းကို ကျုပ်တို့က အန္တရယ်ကင်းအောင် လုပ်ပေးမယ်… ၊ မင်းကို အင်မော်တယ်ဖြစ်အောင် ကူညီပေးမယ်…"

ကျန်းလန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရင်း…

"အင်မော်တယ် ဖြစ်လာရုံလောက်ပဲလား..."

ထိုစဉ်မှာပင် အနက်ရောင်ဝတ်လူ ပြုလုပ်ထားခဲ့သည့် သဲဘီလူး (၁၀)ရုပ်ကျော်က အသက်ဝင်လာပြီး အရုပ်လေးတစ်ရုပ်အဖြစ်မှ တဖြည်းဖြည်းစတင်ကြီးထားလာကာ အသက်ဝင်လာကြသည်။

ထိုသဲဘီလူးများအားလုံးက မူလဝိညာဉ် ၊ ကနဦးအဆင့် ဖြစ်ကြသည်။

သူတို့က ကျန်းလန်ကို ဝိုင်းထားလိုက်ကြပြီး ထိန်းချုပ်ထားရန် ကြိုးစားလိုက်ကြသည်။ သို့မဟုတ် ကျန်းလန်ကို သတ်ပစ်ချင်နေကြခြင်းလည်း ဖြစ်နိုင်၏။

သို့သော် ကျန်းလန်ကတော့ သူ့ကို ဝိုင်းထားသည့် သဲဘီလူးများကို အရေးမစိုက်ဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

"ဘုန်း..."

ပတ်ဝန်းကျင်တစ်ခုလုံးတွင် သဲမှုံများအားလုံး ပြန့်ကျဲသွားပြီး သဲဘီလူးများအားလုံး ပျက်စီးပြိုကျသွားသည်။

သို့ရာတွင် သဲဘီလူးတစ်ကောင်ကတော့ ကျန်ရှိနေသေးသည်။

ကျန်းလန်က ထိုကျန်ရှိနေသည့် သဲဘီလူး၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်ရင်း…

"မင်းက အတော်လေး သန်မာတာပဲ…"

ထိုသဲဘီလူးရုပ်မှာ အနက်ရောင်ဝတ်လူ နောက်ဆုံးပြုလုပ်နေသည့် သဲဘီလူးရုပ်ဖြစ်ပြီး ကျန်းလန်ကို တွေ့သည့်အခါ သူ့အနောက်တွင် ဝှက်လိုက်သည့် သဲဘီလူးရုပ်ဖြစ်သည်။

ယခုတော့ အနက်ရောင်ဝတ်လူကို ဝင်ပူးပြီး ထိန်းချုပ်ထားသူက သဲဘီလူးကောင်ကို ဝင်ပူးကာ ကျန်းလန်ကို စကားပြောလိုက်သည်။

သူ့ကိုကြည့်ရသည်မှာ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေဟန်ရှိသော်လည်း အရေးစိုက်ဟန် မရှိပေ။

"ဒါပေမဲ့ မင်း ငါ့ကိုသတ်နိုင်တော့ရော ဘာလုပ်မှာလဲ… ၊ မင်းအတွက် အင်မော်တယ်ဖြစ်လာဖို့က ခက်ခဲလွန်းတယ် မဟုတ်လား… ၊ အနာဂတ်မှာ မရေမတွက်နိုင်တဲ့လူတွေက မင်းကို သတ်ချင်ကြလိမ့်မယ်… ၊ မင်းစိတ်ထဲမှာ ကြောက်စိတ်နဲ့သံသယတွေ အစကတည်းက ဝင်နေပြီးသားပဲလေ…"

ထိုသူက ဆက်ပြောသည်။

"အနာဂတ်မှာ မင်းက လူတိုင်းကို သတိထားနေရလိမ့်မယ်… ၊ မင်းရဲ့စိုးရိမ်စိတ်တွေကြောင့် မင်းရဲ့ ကျင့်စဉ်လမ်းက အနှောက်အယှက်ဖြစ်လိမ့်မယ်… ၊ မင်း ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ဒီအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့ အခွင့်အရေးရလိမ့်မယ်…"

ကျန်းလန်က...

"ဒါဖြင့်... ကျင့်စဉ်လမ်းက အန္တရယ်တွေနဲ့ ပြည့်နေတယ်ဆိုပါတော့…"

ကျန်းလန်၏ အေးစက်သည့်အသံက ထပ်မံထွက်ပေါ်လာသည်။

"အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းတယ်ဆိုတာ အဆုံးမရှိတဲ့ ဆူးခင်းလမ်းမှာ ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရမှာပဲ… ၊ ကျင့်စဉ်လမ်းကိုလျှောက်လှမ်းတာကို မင်းက ကလေးကစားစရာလို့ ထင်နေသလား…"

ထို့နောက် ကျန်းလန်က လက်ချောင်းများကို တစ်ချက်လှုပ်ရှားလိုက်ပြီး ဝိညာဉ်ဖိနှိပ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။

"ဘန်း..."

ထိုသူဝင်ပူးထားသည့် သဲဘီလူးခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

ထိုသူ ပျောက်ကွယ်မသွားခင် ကျန်းလန်ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်မသွားခဲ့ပေ။ ထို့အတူ ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် မည်သို့ရှိသည်ကိုလည်း သိရှိမသွားခဲ့ပေ။

သို့သော် ကျန်းလန်ကတော့ နောက်ကွယ်မှ ထိန်းချုပ်သူနေသူ မည်သည့်နေရာတွင် ရှိနေကြောင်း ခြေရာခံလိုက်နိုင်သောကြောင့် ကျန်းလန်အတွက် အမြတ်ထွက်ခဲ့သည်ဟု ဆိုရမည်။

"သိပ်မဝေးဘူးပဲ… ငါ အသွားအပြန်ဆိုရင်တောင် အချိန်သိပ်မကြာလောက်ဘူး…"

ထိုသို့တွေးပြီးသည်နှင့် ကျန်းလန် ပုလဲတစ်လုံးကို ထုတ်ယူလိုက်ကာ အနောက်ဘက်သို့ ပစ်လွှတ်လိုက်သည်။

သူ့အဖွဲ့ဝင် (၃)ယောက် သေလောက်သည့်အန္တရယ်ကြုံတွေ့ရလျှင် ထိုပုလဲက ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ထို (၃)ယောက်အတွက် စိတ်ချရမှသာ ကျန်းလန်လည်း စိတ်အေးလက်အေး လှုပ်ရှားနိုင်မည် မဟုတ်လား။

ပြဿနာ ရှိ မရှိ သေသေချာချာ စစ်ဆေးပြီးမှ ကျန်းလန် ထွက်ခွာလာခဲ့သည်။

သူ့မှာ ယခုအချိန်ထိ စနစ်တွင် မှတ်ပုံမတင်ရသေးပေ။

သူက အခွင့်အရေးရန်လျှင် မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီး လမ်းတစ်လျှောက် နေရာကောင်းတစ်ခုတစ်လေများတွေ့မလား ရှာဖွေလာခဲ့သည်။

သို့ပေသိ ယနေ့ စနစ်တွင်မှတ်ပုံတင်ခြင်းက အသုံးဝင်သည့်ပစ္စည်းတစ်ခုခု မရရှိလျှင်လည်း ကိစ္စမရှိပေ။ ယခုတစ်ကြိမ်မရလျှင် နောက်တစ်ကြိမ်တွင် ပိုမိုကောင်းမွန်သည့်အရာတစ်ခု ရရှိရန် အလားအလာကောင်းမည်ပဲ ဖြစ်သည်။

ထို့နောက် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ လေထဲတွင် ပျံသန်းထွက်ခွာသွားလေတော့သည်။

အနက်ရောင်ဝတ်ဆင်ထားသူ သေဆုံးသွားသည်ကို နောက်ကွယ်မှ ထိန်းချုပ်နေသူက အနှေးနှင့်အမြန် သိရှိသွားမည် ဖြစ်သည်။

နောက်ကွယ်မှလူသား လွတ်မြောက်သွားမည်ဆိုလျှင် ကျန်းလန် ထိုသူကိုဖမ်းမိရန် အချိန်များစွာ အသုံးပြုရပေတော့မည်။ သူ့တွင် ထိုမျှလောက် အချိန်မရှိပေ။

ကျန်းလန်က လေထံတွင် ပျံသန်းနေရင်း ပတ်ဝန်းကျင်မှအစီအရင်များ အသက်ဝင်လာသည်ကို တွေ့မြင်လိုက်ရသည်။

သူ၏အမြင်အာရုံက အတော်လေး ကျဉ်းမြောင်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်း မြူခိုးများဖုံးလွှမ်းနေလေရာ သွားနေသည့်လမ်းကြောင်းကိုပင် မြင်တွေ့ရန် ခက်ခဲလျှက် ရှိသည်။

အမှန်တရားမျက်လုံး တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်တော့မှ ပိုမိုရှင်းရှင်းလင်းလင်း တွေ့မြင်လာရသည်။

သို့ရာတွင် သူပျံသန်းနေသည့်အရှိန်က နှေးကွေးခြင်း မရှိပေ။ ထို့ပြင် မြူခိုးအစီအရင်အတွင်းမှ အစီအရင်များကလည်း ကျန်းလန်ကို ထောင်ချောက်ဆင်နိုင်ခြင်း မရှိကြပေ။

ကျန်းလန်က ပျံသန်းလာရင်း ပတ်ဝန်းကျင်ကိုလည်း အကဲခတ်ကြည့်လိုက်သည်။ အရှေ့ဆီတွင် အလွန်တရာကြီးမားသည့် ဧရာမသစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။

ထိုသစ်ပင်ကြီးဆီမှ မှိန်ပျပျအလင်းရောင်လေး တောက်ပနေပြီး မြူခိုးအစီအရင်တစ်ခုလုံးက ထိုနေရာမှ ဗဟိုပြုကာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဗဟိုချက်လား…"

ကျန်းလန် တွေးလိုက်သည်။

ထိုနေရာက မြူခိုးဝင်္ကပါ၏ ဗဟိုချက်ဖြစ်နိုင်သော်လည်း သူသွားမည့်နေရာနှင့် လမ်းမသင့်ပေ။

ရှင်းစရာရှိသည်များ ရှင်းလင်းပြီးမှ ဤနေရာသို့လာပြီး စနစ်မှတ်ပုံတင်ရမည် ဖြစ်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ကျန်းလန် ထပ်တွေးမနေတော့ဘဲ စောစောက အာရုံခံမိသည့်နေရာသို့ ထွက်ခွာလာခဲ့သည်။

"ဒီကောင် မပြေးပါစေနဲ့ဦးလို့ပဲ မျှော်လင့်ပါတယ်…"

……………

လုန်ယွိက ဧရာမသစ်ပင်ကြီးထက်မှ ဆင်းသက်လိုက်ပြီး သူမနှင့်အနီးဆံး မူမမှန်သည့်နေရာသို့ ပျံသန်းထွက်ခွာလာခဲ့သည်။

မြူခိုးများက လေထုထဲမှာပင် ထူထပ်စွာ ဖုံးလအမ်းလျှက် ရှိလေသည်။

သူမက မြူခိုးများကို ဖယ်ရှားသည့် မှော်ဝင်ပစ္စည်းတစ်ခု အသုံးပြုလိုက်သော်လည်း ပတ်ဝန်းကျင်ကို များစွာတွေ့မြင်ရခြင်း မရှိပေ။

သို့ရာတွင် အနည်းငယ်အချိန်ကြာမည်ဖြစ်သည့်တိုင် မူမမှန်ဖြစ်နေသည့် တည်နေရာကိုတော့ သူမ ရောက်ရှိနိုင်မည် ဖြစ်သည်။

သူမ မူမမှန်ဖြစ်နေသည့်နေရာတစ်ခုအနီးသို့ ရောက်လာသည့်အခါ လူတစ်ယောက်က အစီအရင်ကို ပြုပြင်ထားသည်ကို တွေ့လိုက်ရသည်။

ထိုနေရာတွင် မြူခိုးများကင်းစင်နေသည့် မြေကွက်လပ်တစ်ခု ဖြစ်ပေါ်နေသည်။ ထိုမြေကွက်လပ်ထဲတွင် လူတစ်ယောက် ထိုင်နေပြီး သစ်သားရုပ်များကို ပြုလုပ်လေသည်။

သစ်သားရုပ်တစ်ရုပ်ပြုလုပ်ပြီးတိုင်း ထိုအရုပ်များက အသက်ဝင်သွားပြီး လူသားတစ်ယောက်အရွယ်အစားပြောင်းလဲသွားကာ မြူခိုးများအတွင်းသို့ ထွက်ခွာသွားကြသည်ကို တွေ့မြင်ရသည်။

ထိုသစ်သားရုပ်များက လူသားများကို တိုက်ခိုက်နိုင်စွမ်း ရှိသည့် အရုပ်များ ဖြစ်ကြသည်။

လုန်ယွိ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မည်သူမျှ အနီးအပါးတွင် မရှိကြောင်း သိလိုက်ရသည်နှင့် လုန်ယွိ မြေကွက်လပ်အတွင်းသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။

လုန်ယွိ မြေကွက်လပ်တွင်းသို့ ရုတ်တရက် ဝင်ရောက်လာသည့်အခါ သစ်သားရုပ်များ ပြုလုပ်နေသူမှာ ထိတန်လန့်သွားပြီး တွန့်ကနဲပင် ဖြစ်သွားသည်။

ထိုသူက အနက်ရောင်ဝတ်စုံကို တ်ဆင်ထားသော်လည်း မျက်နှာကိုတော့ ဖုံးကွယ်ထားခြင်း မရှိပေ။

သူက ချောမောသူတစ်ယောက်ဖြစ်ပြီး မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သို့သော် သူ့မျက်ဝန်းများကတော့ အသက်ကင်းမဲ့လျှက် ရှိ၏။

"ဘာလို့များ ဂိုဏ်းတူအစ်မ'လုန်' က ဒီနေရာကို ရောက်လာရတာလဲ…"

အနက်ရောင်ဝတ်ဆင်ထားသူက ခဏမျှ အံ့သြမှင်တက်နေပြီးမှ မေးခွန်းထုတ်လိုက်သည်။

ထို့နောက် သူက တစ်စုံတစ်ခုကိုတွေးလိုက်ပြီး ပြေပြစ်စွာပင် စကားပြောလိုက်သည်။

"ကျုပ်နာမည်က ယွိမော်လို့ ခေါ်ပါတယ်…"

လုန်ယွိက တစ်ဖက်လူ၏နာမည်ကို စိတ်မဝင်စားပေ။

သူမက ထိုသူကို အေးစက်စွာ ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေးက ဘာလုပ်နေတာလဲ…"

ယွိမော်က ပြုံးလိုက်ရင်း…

"ဒီနားတစ်ဝိုက် ကျုပ် ရှာဖွေချင်တာတွေ ရှာဖွေလို့ရအောင် သစ်သားရုပ်တွေ လုပ်နေတာပါ… ၊ ဒီအရုပ်တွေက အခြားနေရာတွေကို လမ်းပြပေးနိုင်တယ်လေ… ၊ အရုပ်တွေ အရေအတွက်များလေလေ မြူခိုးအစီအရင်ရဲ့ ထွက်ပေါက်ကို ရှာဖွေနိုင်လေပဲပေါ့…"

ခဏနားပြီးမှ ယွိမော်က ဆက်ပြောသည်။

"ဒီလိုသာဆိုရင် ဂိုဏ်းရဲ့ အာရုံစိုက်မှုကိုလည်း ရကောင်းရမယ်… ၊ ဂိုဏ်းတူအစ်မလည်း အံ့သြသွားမယ်လေ… ဟုတ်တယ်မလား…"

ယွိမော် ပြုံးလိုက်သည်။

သို့သော် သူ့မျက်နှာထက်မှ အပြုံးက တကယ်တမ်း မပီပြင်ပေ။

လုန်ယွိက…

"မင်းရဲ့ သစ်သားရုပ်တွေက အခြားတပည့်တွေကို တိုက်ခိုက်ဖို့လား…"

ယွိမော်က ပြုံးထားရင်းဖြင့်ပင်…

"ဒါကတော့ ဂိုဏ်းတူမောင်နှမအနေနဲ့ ဘယ်လိုရှောင်ရှားရမယ်ဆိုတာသိရင် ပြဿနာ မရှိနိုင်ပါဘူး… ၊ စွမ်းအားမြင့်မားတဲ့သူတွေအတွက်တော့ ဒီမြူခိုးအစီအရင်က စမ်းသပ်မှုတစ်ခုပါပဲ… ၊ ဂိုဏ်းတူအစ်မလည်း နားလည်မှာပါလေ…"

သူက ယဉ်ကျေးသိမ်မွေ့စွာ ပြောနေသည့်တိုင် သူ့စကားများကို လုန်ယွိ ရွံလျှာမိလေသည်။

သို့ပေသိ တစ်ဖက်လူ၏ စကားများထဲတွင် ပြစ်ချက်ရှာ၍မရ ဖြစ်နေရသည်။

လုန်ယွိက…

"ဒါဖြင့် ဒီနားတစ်ဝိုက်က အစီအရင်တွေကို ပြုပြင်ထားတာ ရှင်လုပ်ထားတာလား…"

ယွိမော်က ပြုံးရင်းဖြင့်ပင်…

"အမှန်ပါပဲ… ဒီလိုပြုပြင်လိုက်တာ ဘာများ ဖြစ်လို့လဲ… ၊ ဂိုဏ်းတူအစ်မရဲ့ အစီအရင်ပညာနားလည်မှုနဲ့ လေ့လာကြည့်ပြီးပြီလား… ၊ တစ်ခုခုမှားယွင်းနေတယ်လို့ ထင်နေလို့လား…"

လုန်ယွိက…

"မင်းနဲ့အတူလာတဲ့ ဂိုဏ်းတူမောင်ငယ် ညီမငယ်တွေ ဘယ်နေရာမှာလဲ…"

လုန်ယွိ၏ မျက်နှာက အရင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။

သူမ ပျော်ရွှင်နေသည်လား စိတ်ဆိုးဒေါသထွက်နေသည်လား ဝေခွဲရခက်လှသည်။

သူမ၏လေသံကတော့ ရေခဲပမာ အေးစက်နေပြီး သူမခန္ဓာကိုယ်မှ အေးစိမ့်သည့်အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။

သို့သော် ထိုအချက်များကို ယွိမော်က အရေးမစိုက်ပေ။

သူက ပြုံးရင်းဖြင့်သာ စကားကို ဆက်ပြောနေသည်။

"ကျုပ်တစ်ယောက်တည်း လာတာပါ… ၊ ဂိုဏ်းတူညီငယ် ညီမငယ်တွေကို ခေါ်လာရင် ပြဿနတက်မှာပေါ့ဗျာ… ၊ သူတို့က ကျုပ်လက်ထဲမှာ သစ်သားရုပ်တွေတောင် ဖြစ်သွားနိုင်တယ်…"

ယွိမော်က သူ့လက်ထဲမှ သစ်သားရုပ်ကို အောက်သို့ချရင်း လုန်ယွိကို လှမ်းကြည့်လိုက်သည်။

"ကြည့်ရတာ ဂိုဏ်းတူအစ်မ ဒေါသနည်းနည်းထွက်နေသလိုပဲနော်… ၊ ဘာလဲ… စေ့စပ်ပွဲကိစ္စကြောင့် စိတ်ပျက်ခံစားနေရတာလား… ၊ အင်း… စိတ်ပျက်မယ်ဆိုလည်း ပျက်လောက်ပါတယ်… ၊ နဂါးမင်းသမီးတစ်ပါးလည်းဖြစ် ကျောက်စိမ်းရေကန်နတ်ဘုရားမလည်းဖြစ်တဲ့ ဂိုဏ်းတူအစ်မက ကျန်းလန်လို ဘာမဟုတ်တဲ့ကောင်နဲ့ လက်ထပ်စရာ လိုလို့လားဗျာ… ၊ ဘာမှ မတတ်စွမ်းနိုင်တဲ့လူတစ်ယောက်ကြောင့် မင်းရဲ့ ဘဝတစ်ခုလုံးတော့ ဒုက္ခရောက်ရတော့မှာပဲ…"

All Chapters