← Chapters

ပြိုင်ဘက်ကင်း ခြေလှမ်းဝက်အင်မော်တယ်

Vol. 111 Ch. 1695

ပြိုင်ဘက်ကင်း ခြေလှမ်းဝက်အင်မော်တယ်

Vol. 111 Ch. 1695

ချမ်ကျွင်းနှင့် ပိုင်ရီက စိတ်လှုပ်ရှားသွားကြသည်။

ညီအကိုနှစ်ယောက်က အကြည့်ချင်းမဖလှယ်ခင် ကြယ်တာရာစက်ဝန်းထံသို့ မရည်ရွယ်ဘဲ ကြည့်လိုက်ကြသည်။

ကြယ်တာရာစက်ဝန်းက မထူးမခြားနားအမူအရာဖြင့် ရှိနေသော်လည်း သူက ရွှီချင်းရှိနေသော ဥက္ကာပျံ၏ အနောက်တွင် အကာအကွယ်ပေးမည့် ဟန်အမူအရာဖြင့် နေရာယူလိုက်သည်။

ယင်းကို သတိထားမိသောအခါ ညီအကိုနှစ်ယောက်က ချက်ချင်း စိတ်ဓာတ်တတ်ကြွသွားကြသည်။

ချက်ချင်းဆိုသလို အလွန်အားကောင်းသော ဓားစွမ်းအင်က အာကာသဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားသည်။

ထို့နောက် ယင်းက ကြယ်တာရာကောင်းကင်ထဲတွင် အင်မော်တယ်ဓားနှစ်လက်အဖြစ် အသွင်ပြောင်းလဲသွားကြသည်။ ဓားနှစ်လက်သည် ကြယ်တာရာကောင်းကင်ထဲတွင် လှည့်ပတ်ပျံသန်းနေရင်း သစ္စာရှိသော လေထုကို ထုတ်လွှတ်လိုက်ကြသည်။

ယင်းက ကျိုးကျန်းလီကို ပြုံးသွားစေသည်။ သူ၏ မျက်လုံးထဲတွင် ချီးကျူးမှုနှင့် ရဲဘော်ရဲဘက်စိတ်ဓာတ် ထွက်ပေါ်လာသည်။

ရှဲလင်းဇီသည်တော့ စိတ်ထဲမှာ သရော်လိုက်ပြီး တွေးတောလိုက်သည်။

ဒီဓားနှစ်လက်က ကျင့်ကြံနေရင်း ဦးနှောက်ပျက်သွားတာလား…

အဆင့်နိမ့်အင်မော်တယ်တစ်ပါးက အဲ့လိုလူတွေကို တပည့်အဖြစ် ဘယ်လိုအတွေးနဲ့များ လက်ခံခဲ့တာလဲ…

ပြီးတော့ သူတို့ကို ငါနဲ့အဆင့်တူတဲ့အထိ ဘယ်လိုများ ပျိုးထောင်ခဲ့တာလဲ…

သူက စိတ်ထဲမှာ သရော်လှောင်ပြောင်နေသော်လည်း ကျိုးကျန်းလီ၏ အကြည့်က သူ့ဆီသို့ ရွှေ့ပြောင်းလာနေကြောင်း သတိထားမိသွားသည်။ သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး တစ်ခဏတွေးတောလိုက်သည်။ ထို့နောက် သူတို့နှင့် ရင်းနှီးကျွမ်းဝင်ခြင်းက သူ့အတွက် အကျိုးရှိသည်ဟု ခံစားမိသွားသောအခါ သူသည်လည်း ဝင်ရောက်ပူးပေါင်းလိုက်သည်။

ယင်းကို မြင်သောအခါ ကျိုးကျန်းလီက ပြုံးလိုက်သည်။ ထို့နောက် သူက ယွင်ရှန်းစုထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။

သူက ယွင်ရှန်းစုအပေါ် မြင့်မြင့်တွေးထားသည်။ ထိုမိန်းကလေးက သန်မာသော တည်ရှိမှုတစ်ခုမဟုတ်ဟန် အောက်မေ့ရပြီး ကြယ်တာရာစက်ဝန်းနှင့် ရှဲလင်းဇီထက် အများကြီး နိမ့်ကျပုံပေါ်သည်။

သို့သော်လည်း အမှန်မှာ သူ၏ တိုက်ပွဲစွမ်းအားက အတော်လေး အံ့ဩဖွယ်ကောင်းသည်။

အတိတ်မှ သူ၏ လုပ်ဆောင်မှုများဖြစ်စေ သို့မဟုတ် မိုးသောက်အင်မော်တယ်နန်းတော်၏ ကြေးမုံသမိုင်းပုံရိပ်ထဲမှ လုပ်ဆောင်မှုများဖြစ်စေ ယင်းတို့က သူဟာ သာမန်မဟုတ်ကြောင်း ဖော်ပြနေသည်။

အမှန်မှာ မိုးသောက်အင်မော်တယ်နန်းတော်ထဲမှ အဖြစ်အပျက်များကို ခြုံငုံကြည့်မည်ဆိုလျှင် ရွှီချင်းမှလွဲ၍ ယွင်ရှန်းစုတစ်ယောက်တည်းသာ နောက်ဆုံးအထိ အသက်ရှင်နိုင်ခဲ့သည်။

ထို့ပြင် သူက အမျိုးသမီးကျင့်ကြံသူဖြစ်ပြီး အလွန်ချောမောလှပသည်။

ကျိုးကျန်းလီ၏ အမြင်တွင် ထိုသို့မိန်းကလေးက တကယ့်ဇနီးမယားဖြစ်လာရန် မဖြစ်နိုင်ခြင်း မဟုတ်ပေ။

သို့ဖြစ်၍ ကျိုးကျန်းလီ၏ အကြည့်ထဲတွင် ရိုသေလေးစားမှု တစ်စွန်းတစ်စ ကိန်းအောင်းနေသည်။

ယွင်ရှန်းစုက ကာကွယ်ပေးရန် တိတ်တဆိတ် ရွေးချယ်လိုက်သည်။

သို့မှသာ ကျိုးကျန်းလီက အကြည့်ပြန်ရုပ်လိုက်သည်။ ထိုစဉ် တခြားရိက္ခာထိန်းသိမ်းသူများသည်တော့ သူတို့အဖွဲ့ထဲမှ အသန်မာဆုံးလူများ၏ ရပ်တည်မှုကို သတိထားမိပြီးနောက် သူတို့၏ ကိုယ်ပိုင်သဘောထားများကို စတင်ထုတ်ဖော်လိုက်ကြသည်။

မည်သို့ဖြစ်ပါစေ ဤခရီးစဉ်ပြီးနောက် သူတို့က ရွှီချင်းအပေါ် သူတို့၏ နှလုံးသားထဲမှ အသိအမှတ်ပြုထားခဲ့ပြီးပြီ ဖြစ်သည်။

မကြာမီ တခြားအတွေးရှိကြသော လူများသည်ပင် ထိုအတွေးများကို အတင်းအဓမ္မ ဖိနှိပ်လိုက်ကြသည်။

သူတို့အားလုံးက အတူတကွ စောင့်ကြပ်ပေးလိုက်ကြသည်။

ထိုသို့ဖြင့် အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အင်မော်တယ်စွမ်းအင်လှိုင်းများက ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။ နောက်ဆုံးမှာတော့ ထိုအင်မော်တယ်စွမ်းအင်က ကြယ်တာရာကောင်းကင်ထဲသို့ ပျံ့နှံ့သွားပြီး စကြာဝဠာထဲမှ နိယာမများနှင့် ဥပဒေသများကို အလင်းရောင်ထွန်းလင်းပေးလိုက်သည်။

တစ်ချိန်တည်းမှာ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ဓမ္မပုံရိပ်တစ်ခုသဖွယ် အပြင်ဘက်တွင် ဒြပ်ထည်ဖွဲ့စည်းသွားသည်။

၎င်းက နတ်ဘုရားတစ်ပါးနှင့်ဆင်တူသော ပေတစ်ထောင်မြင့်မားသည့် ပုံရိပ်တစ်ခုဖြစ်သည်။

ဧရာမပုံရိပ်က ဥက္ကာပျံပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ပေါ်လျှိုးလာကာ အရာအားလုံးကို လှုပ်ခါသွားစေသည်။ လေဟာနယ်မုန်တိုင်းတစ်ခုပင် အစပျိုးလာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရိုက်ခတ်သွားသည်။

ယင်းက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ချက်ချင်း အနောက်ဆုတ်သွားစေသည်။ သူတို့က လေဟာနယ်မုန်တိုင်းကို တိမ်းရှောင်ရင်း ရွှီချင်းကို အာရုံစိုက်လိုက်ကြသည်။

ရှေးခေတ်ကာလကတည်းက အုပ်ချုပ်သူတစ်ပါး ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းခြင်းသည် မဟာကြီးမြတ်သော အဆင့်ချိုးဖြတ်မှုတစ်ခု ဖြစ်သည်။

မည်သို့ဖြစ်ပါစေ ခြေလှမ်းဝက်အင်မော်တယ်သည်လည်း အင်မော်တယ်တစ်ပါး ဖြစ်သည်။

‘ အင်မော်တယ် ’ဟူသော စကားလုံးက သာလွန်မြင့်မြတ်ခြင်းကို ကိုယ်စားပြုသည်။

သို့ဖြစ်၍ ဤနေရာမှ လူတိုင်းက ထိုအဆင့်တတ်မှုအကြောင်း ကောင်းမွန်စွာ နားလည်ထားကြသော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်းထံမှ အကြည့်မခွာနိုင်ကြချေ။

အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံသူတစ်ယောက် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းသည့် လုပ်ငန်းစဉ်က သူတို့ မည်မျှအတိုင်းအတာအထိ ရှေ့ဆက်လျှောက်နိုင်မည်ကို အကြမ်းဖျဉ်းအားဖြင့် ဖော်ပြပေးလိမ့်မည်။ ယင်းက အကြွင်းမဲ့ မမှန်ကန်သော်လည်း အနည်းဆုံးတော့ ခန့်မှန်းနိုင်စေလိမ့်မည်။

" ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို တတ်လှမ်းခြင်းရဲ့ အဓိကသော့ချက်က ကိုးကြိမ်ထုတ်လွှတ်ခြင်းနဲ့ အင်မော်တယ်အခြေခံအုတ်မြစ်ပဲ ”

ကြယ်တာရာစက်ဝန်းက ရွှီချင်း၏ အဆင့်ချိုးဖြတ်မှုကို ကြည့်လိုက်ပြီး စူးစမ်းလေ့လာလိုက်သည်။ သူ့ကို ပထမဆုံး အနိုင်ရခဲ့ပြီး သတ်နိုင်ခဲ့သော ဤကျင့်ကြံသူက ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ချိုးဖြတ်ရာတွင် မည်မျှအတိုင်းအတာအထိ ရောက်ရှိနိုင်မလဲ သူသိချင်သည်။

" ကိုးကြိမ်ထုတ်လွှတ်ခြင်းမှာ ဘယ်လောက်ထိ သူသွားနိုင်မလဲ ”

ကြယ်တာရာစက်ဝန်းက ထိုသို့တွေးနေစဉ် တူညီသော အတွေးက လူတိုင်း၏ နှလုံးသားထဲမှာလည်း ထွက်ပေါ်လာသည်။

အထူးသဖြင့် ကျိုးကျန်းလီဖြစ်သည်။

သူက ဤလူများထဲတွင် ရွှီချင်း၏ အဆင့်ချိုးဖြတ်မှုအပေါ် အာရုံအစိုက်ထားဆုံးလူ ဖြစ်သည်။

လူတိုင်း၏ အတွေးများကို အာရုံခံမိပြီးနောက် ရှဲလင်းဇီက ရုတ်တရက် ပြောသည်။

" အားလုံးပဲ ဘာလို့ ငါတို့တွေ အလောင်းအစား မလုပ်ကြတာလဲ… ရွှီချင်း ဘယ်နှစ်ကြိမ်ထုတ်လွှတ်နိုင်မလဲ… ကျိုးကျန်းလီ… မင်းက သူ့အပေါ် အရမ်းယုံကြည်ချက်ရှိနေမှတော့ ဘာလို့ မလောင်းတာလဲ ”

တခြားလူများက မတူညီသော အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။

ယင်းကို မြင်သောအခါ ရှဲလင်းဇီက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရယ်လိုက်သည်။

“ ငါကိုယ်တိုင် အဆင့်မတတ်ရသေးပေမဲ့ အုပ်ချုပ်သူတစ်ပါး ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို ချိုးဖြတ်တဲ့အခါ သူတို့ရဲ့ အင်မော်တယ်သန္ဓေသားလောင်းကို အပြင်ထုတ်လွှတ်ပေးရမယ်ဆိုတာ ငါသိတယ်… သာမန်ခြေလှမ်းဝက်အင်မော်တယ်တွေက သုံးကြိမ်ပဲ ထုတ်လွှတ်နိုင်ကြတယ်… ငါးကြိမ်ဆိုတာ အရမ်းရှားပါးတယ်… ခုနစ်ကြိမ်က ကောင်းကင်အရွေးချယ်ခံတစ်ယောက်ရဲ့ စံသတ်မှတ်ချက်ပဲ… ရှစ်ကြိမ်ထုတ်လွှတ်နိုင်တဲ့ လူတွေက ဖီးနစ်ငှက်မွှေးနဲ့ ယူနီကွန်းဦးချိုလိုမျိုး ရှားပါးကြတယ်… ကိုးကြိမ်ကတော့… အနာဂတ်မှာ အဆင့်နိမ့်အင်မော်တယ်တစ်ပါး သေချာပေါက်ဖြစ်လာဖို့ ကံပါလာကြတဲ့ လူတွေပဲ ရရှိနိုင်တယ် ”

“ တာအိုရောင်းရင်းယွင်ရှန်းက ဘယ်နှစ်ကြိမ် ထုတ်လွှတ်နိုင်ခဲ့လဲ ငါသိချင်မိတယ် ”

ရှဲလင်းဇီက ယွင်ရှန်းစုကို ကြည့်လိုက်သည်။

“ ရှစ်ကြိမ် ”

ယွင်ရှန်းစုက တည်ငြိမ်စွာ ပြောသည်။

ရှဲလင်းဇီက ပြုံးလိုက်ပြီး ကြယ်တာရာစက်ဝန်းကို ကြည့်လိုက်သည်။

ကြယ်တာရာစက်ဝန်းက သူ့ကို လျစ်လျူရှုလိုက်သည်။

ရှဲလင်းဇီက ယင်းကို စိတ်ထဲမထားပေ။ သူက ခေါင်းလှည့်လိုက်ပြီး ကျိုးကျန်းလီကို ကြည့်လိုက်သည်။

“ ဒါပေါ့… သေချာပေါက် ကိုးကြိမ်ပဲ ”

ကျိုးကျန်းလီက ပြုံးလိုက်သည်။

“ စောင့်ကြည့်ကြတာပေါ့ ”

ဘေးမှ လီမုန့်တုက ယင်းကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်စဉ် အတွေးနက်သွားသည်။ ထို့နောက် သူက ကျိုးကျန်းလီကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ ထုတ်လွှတ်တာတွေနဲ့ နှိုင်းယှဉ်ရင် တကယ်အရေးကြီးတာက အင်မော်တယ်အခြေခံအုတ်မြစ်ပဲ ”

“ ထုတ်လွှတ်တာတွေက အင်မော်တယ်သန္ဓေသားလောင်းရဲ့ သိပ်သည်းမှုကို အဆုံးအဖြတ်ပေးပြီး အင်မော်တယ်အခြေခံအုတ်မြစ်ကတော့ အနာဂတ် အင်မော်တယ်လမ်းစဉ်ရဲ့ အကွာအဝေးကို အဆုံးအဖြတ်ပေးတယ် ”

" ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို တတ်လှမ်းမယ့် ကျင့်ကြံသူတိုင်းက အင်မော်တယ်အခြေခံအုတ်မြစ်ကို လိုအပ်တယ်… အဲ့ဒါက နောက်ကျရင် အင်မော်တယ်အဖြစ် တတ်လှမ်းတဲ့အခါ ခြေနင်းကျောက်တုံးဖြစ်လာလိမ့်မယ် ”

" အဲ့ဒီအင်မော်တယ်အခြေခံအုတ်မြစ်က ဒြပ်ထည်ရှိတဲ့ဟာ ဖြစ်ရမယ်… ကိုယ်ပိုင်အာဏာစက်နဲ့ တုပဖန်တီးထားတဲ့ဟာ မဖြစ်ရဘူး… ဒါကြောင့် တချို့က အဆင့်တတ်လှမ်းဖို့အတွက် အင်မော်တယ်အခြေခံအုတ်မြစ်ကို စောစီးစွာ ပြင်ဆင်ထားကြတယ်… တချို့ကတော့ ပိုပြီးကြီးမားတဲ့ အရာကို ရည်မှန်းထားကြတယ် ”

“ ဒီတော့… ရွှီချင်းရဲ့ အင်မော်တယ်အခြေခံအုတ်မြစ်က ဘာဖြစ်မလဲ ငါသိချင်မိတယ် ”

လီမုန့်တု၏ စကားသံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ယင်းကို ကြားသောအခါ လူတိုင်းက အတွေးနက်သွားကြသည်။

သူတို့အတွက်တော့ အင်မော်တယ်အခြေခံအုတ်မြစ်က သူတို့၏ အနာဂတ် အင်မော်တယ်လမ်းစဉ်နှင့် သက်ဆိုင်နေလေရာ အလွန်အမင်း အရေးကြီးသည်။

ကြယ်တာရာစက်ဝန်းက ထိုစကားဝိုင်းနှင့် အလောင်းအစားထဲမှာ မပါဝင်သော်လည်း အဝေးရှိ မုန်တိုင်းကြားထဲမှ ရွှီချင်းကို သူကြည့်လိုက်သည့်အခါ အတိတ်၌ သူ၏ အဆင့်တတ်မှုကို ပြန်စဉ်းစားမိသွားသည်။

ထိုအချိန်တုန်းက သူက ကိုးကြိမ်ထုတ်လွှတ်မှုထိ ရရှိနိုင်ပေသည်။ သို့သော်လည်း ရွှီချင်းနှင့် ပဋိပက္ခဖြစ်ပြီးနောက် ပဉ္စမအလွှာထဲတွင် ယင်းကို ပြီးမြောက်အောင် သူမစွမ်းဆောင်နိုင်ခဲ့ပေ။

နောက်ဆုံးမှာတော့ သူက အပြင်မှာသာ အဆင့်တတ်ရန် ရွေးချယ်ခဲ့ရသည်။

ထို့ကြောင့် သူက ရှစ်ကြိမ်ထုတ်လွှတ်မှုသာ ရရှိခဲ့သည်။

နောက်ဆုံးမှာတော့ သူက ‘ သေဆုံးပြီးနောက် ပြန်လည်မွေးဖွားခြင်း ’ကို အသုံးပြု၍ နောက်ဆုံးအကြိမ် ထုတ်လွှတ်ခြင်းကို လဲလှယ်ခဲ့ပြီး သူ၏ အင်မော်တယ်အခြေခံအုတ်မြစ်ကို ပြီးပြည့်စုံစေခဲ့သည်။ သို့သော်လည်း ယင်းကို သူပြန်စဉ်းစားလိုက်သည့်အခါ နှလုံးတုန်လှုပ်သွားဆဲပင်။

‘ ဒါပေမဲ့… အဲ့ဒီတုန်းက ပဉ္စမအလွှာထဲမှာ အဆင့်ချိုးဖြတ်ဖို့ ငါရွေးချယ်ခဲ့တာက အဲ့ဒီက ပတ်ဝန်းကျင်က ငါ့ကို ကိုးကြိမ်အထိ ထုတ်လွှတ်နိုင်အောင် ကူညီပေးနိုင်လို့ပဲ မဟုတ်ဘူး… ငါ့ရဲ့ တကယ့်ရည်ရွယ်ချက်က အင်မော်တယ်အခြေခံအုတ်မြစ်ပဲ ’

‘ ငါက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်… ဒါကြောင့် ပဉ္စမအလွှာထဲမှာ သူ့ရဲ့ အရိုးစုကို ငါရှာဖွေခဲ့ပြီး ငါ့ရဲ့ ကိုယ်ပိုင်အင်မော်တယ်အခြေခံအုတ်မြစ်အဖြစ် သိုလှောင်ခဲ့တယ် ’

‘ ရွှီချင်းရဲ့ အင်မော်တယ်အခြေခံအုတ်မြစ်က ဘာဖြစ်မလဲ ’

ကြယ်တာရာစက်ဝန်းက ယခင်တိုက်ပွဲများအတွင်းမှာ ရွှီချင်းအသုံးပြုခဲ့သော ခေါင်းလောင်းနှင့် သံတုတ်ကို စဉ်းစားမိသွားသည်။

ချမ်ကျွမ်းနှင့် ပိုင်ရီက ခန္ဓာကိုယ်တုန်ယင်သွားကြပြီး တိတ်တဆိတ် အနောက်ဆုတ်သွားကြသည်။ သို့သော်လည်း ယင်းက သိပ်မလုံခြုံသေးကြောင်း သူတို့ခံစားမိသွားသောအခါ နောက်ထပ် အနည်းငယ် အနောက်ဆုတ်သွားကြသည်။

သူတို့က ကြောက်ရွံ့သွားကြသည်။

သူတို့အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း မုန်တိုင်းအလယ်မှ ဥက္ကာပျံပေါ်မှာ တရားထိုင်နေသော ရွှီချင်းက ရုတ်တရက် တုန်ယင်သွားသည်။

ကျယ်လောင်သော မိုးခြိမ်းသံက အရပ်မျက်နှာအဘက်ဘက်မှာ ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာ ရွှီချင်းနှင့် တစ်ပုံစံတည်း ဆင်တူသော ပေတစ်ထောင်မြင့်မားသည့် အင်မော်တယ်သန္ဓေသားလောင်းက ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။

" အဲ့ဒါ စတင်ပြီ "

လီမုန့်တု၏ မျက်လုံးထဲမှာ မျှော်လင့်စောင့်စားမှုဖြင့် ပြည့်နှက်သွားစဉ် လူတိုင်းက အာရုံစိုက်လိုက်ကြသည်။

နောက်အခိုက်အတန့်မှာ အလင်းရောင်က မျက်စိကျိန်းစပ်လုနီးပါး စူးရှတောက်ပလာသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ ပေတစ်ထောင်မြင့်မားသော အင်မော်တယ်သန္ဓေသားလောင်းက ကမ္ဘာတုန်ဟီးစေနိုင်သော အင်အားကို ထုတ်လွှတ်လိုက်သည်။

နားကွဲလုမတတ် အလွန်ကျယ်လောင်သော မြည်ဟိန်းသံက ပဲ့တင်ထပ်သွားသည်။

ထို့နောက် ပေတစ်ထောင်မြင့်မားသော အင်မော်တယ်သန္ဓေသားလောင်းက ဆယ်ဆပိုကြီးမားသွားပြီး ပေတစ်သောင်းအမြင့်သို့ ရောက်ရှိသွားသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက ဘေးပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေပြီး ၎င်းထံမှ ဖိအားက ဤနေရာမှ လူတိုင်းကို နှလုံးတုန်ယင်သွားစေသည်။

ယင်းက ပထမအကြိမ် ထုတ်လွှတ်ခြင်း ဖြစ်သည်။

ယင်းက အဆုံးသတ် မဟုတ်သေးပေ။ မျက်တောင်တစ်ခတ်အတွင်းမှာ ပေတစ်သောင်းမြင့်မားသော အင်မော်တယ်သန္ဓေသားလောင်းက နောက်တစ်ကြိမ် တုန်လှုပ်သွားသည်။ ထို့နောက် ပိုပြီးကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အင်မော်တယ်သန္ဓေသားလောင်းထံမှ ထွက်ပေါ်လာသည်နှင့် ၎င်း၏ အရွယ်အစားက နောက်ထပ်ဆယ်ဆ ပိုကြီးမားသွားပြီး ပေတစ်သိန်းအမြင့်သို့ ရောက်ရှိသွားသည်။

တတိယအကြိမ်ထုတ်လွှတ်မှုတွင် ပေတစ်သန်းအမြင့်…

ထို့နောက် စတုတ္ထအကြိမ်ထုတ်လွှတ်မှုတွင် ပေပေါင်းဆယ်သန်းအမြင့်…

ယင်းက ဆက်လက် ဖြစ်ပွားနေသည်။

တစ်ချိန်တည်းမှာ အင်မော်တယ်စွမ်းအင်က ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။ နောက်အခိုက်အတန့်မှာ ပေပေါင်းသန်းတစ်ရာမြင့်မားသော ဧရာမခန္ဓာကိုယ်က ကြယ်တာရာကောင်းကင်ထဲမှာ ထွက်ပေါ်လာသည်။

" ရွှီချင်းရဲ့ တစ်ကြိမ်ထုတ်လွှတ်မှုက အရင်တစ်ကြိမ်ထက် ဆယ်ဆပိုကြီးမားတယ် ”

" ဆယ်ဆလား… ပုံမှန်ဆိုရင် နှစ်ဆသုံးဆလောက်ပဲ အစွမ်းတိုးမြှင့်နိုင်တာ… အခုဟာက ဆယ်ဆတောင်လား ”

“ ပြီးတော့ အခုက ပဉ္စမအကြိမ်ထုတ်လွှတ်မှုပဲ ရှိသေးတယ် ”

" ပဉ္စမအကြိမ်ထုတ်လွှတ်မှုပဲဆိုပေမဲ့… အဲ့ဒါက ခြေလှမ်းဝက်အင်မော်တယ်အများစုထက် သာလွန်နေပြီ ”

လူတိုင်း၏ စိတ်ထဲမှာ ထိုအတွေးများ ထွက်ပေါ်လာစဉ် ထုတ်လွှတ်မှုက ဆက်လက် ဖြစ်ပွားနေသည်။

ချက်ချင်းဆိုသလို ဆဌမအကြိမ်ထုတ်လွှတ်မှုတွင် ပေပေါင်းဘီလီယံရှိသော ဧရာမခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

ယင်းက ရွှီချင်း၏ အခြေခံအုတ်မြစ်က မည်မျှခိုင်မာကြောင်း သက်သေပြနေလေသည်။

လူတိုင်းက အဝေးသို့ အနောက်ဆုတ်သွားကြသည်။ သူတို့မော့ကြည့်လိုက်သည့်အခါ ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက နတ်ဘုရားသဖွယ် တည်ရှိနေကြောင်း မြင်တွေ့သွားကြသည်။ ကြယ်တာရာကောင်းကင်ထဲတွင် ၎င်းက သာလွန်မြင့်မြတ်စွာ တည်ရှိနေသည်။

ခုနစ်ကြိမ်မြောက် ထုတ်လွှတ်မှုက ထွက်ပေါ်လာသည်။

တစ်ဆက်တည်းမှာ ရှစ်ကြိမ်မြောက် ထုတ်လွှတ်မှုက လိုက်လာသည်။

ထိုအခါ အင်မော်တယ်သန္ဓေသားလောင်း၏ အရွယ်အစားက ပေပေါင်းဘီလီယံတစ်ရာအထိ ကြီးမားသွားသည်။

၎င်း၏ အရွယ်အစားက ကြယ်အဖွဲ့အစည်းတစ်ခုနှင့် နှိုင်းယှဉ်လျှင် သေးငယ်နေဆဲဖြစ်သော်လည်း ဘေးပတ်ဝန်းကျင်မှ ကြယ်ဂြိုလ်များသည်တော့ ၎င်းအတွက် စပါးစေ့များသာ ဖြစ်ကြသည်။

အဝေးသို့ အနောက်ဆုတ်သွားနေကြသော တတ်လှမ်းသူများသည်တော့ ကြယ်တာရာကောင်းကင်ထဲ၌ သာလွန်မြင့်မြတ်စွာ တည်ရှိနေသော ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းကို မော့ကြည့်လိုက်သည့်အခါ အပြင်းအထန် နှလုံးတုန်ယင်သွားကြသည်။

ရှဲလင်းဇီက ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ကျိုးကျန်းလီက စိတ်လှုပ်ရှားသွားပြီး ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကြယ်တာရာစက်ဝန်းက မထူးမခြားနားအမူအရာဖြင့် ရှိနေသော်လည်း သူ၏ သူငယ်အိမ်က ကျုံ့နေသည်။ ယွင်ရှန်းစုက နှုတ်ဆိတ်နေသည်။

တခြားလူများသည်တော့ သူတို့၏ နှလုံးသားထဲမှာ ဖရိုဖရဲမုန်တိုင်းတစ်ခု ထွက်ပေါ်လာသည့်အလား ခံစားမိသွားကြသည်။

လူတိုင်းက မတူညီသော ခံစားချက်အမျိုးမျိုးဖြင့် အံ့ဩထိတ်လန့်နေကြစဉ် ရွှီချင်း၏ ထုတ်လွှတ်မှုက တစ်ခဏ ရပ်တန့်သွားသည်။

သို့သော်လည်း ယင်းက တစ်ခဏမျှသာ ဖြစ်၏။

ထို့နောက် ကောင်းကင်မြေပြင် အက်ကွဲစေနိုင်သော ဝုန်းခနဲ မြည်သံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ရွှီချင်း၏ ကြောက်မက်ဖွယ်ကောင်းပြီးသား အင်မော်တယ်သန္ဓေသားလောင်းက နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သည်။

ကိုးကြိမ်မြောက် ထုတ်လွှတ်ခြင်း…

ကြယ်တာရာကောင်းကင်က မည်းမှောင်သွားသည်။ ကြယ်အဖွဲ့အစည်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော ဧရာမခန္ဓာကိုယ်က ကြယ်တာရာကောင်းကင်ထဲမှာ ထွက်ပေါ်လာသည်။ ၎င်း၏ ဘေးပတ်ပတ်လည်မှ ကြယ်ဂြိုလ်များက စပါးစေ့အရွယ်အစား မဟုတ်ကြတော့ချေ။ ယင်းအစား ဖုန်မှုန့်များအဖြစ် သေးငယ်သွားကြသည်။

တတ်လှမ်းသူအားလုံးက ဆွံ့အသွားကြသည်။

နောက်အခိုက်အတန့်မှာ ဂလက်စီတစ်ခုအရွယ်အစားရှိသော ထိုအင်မော်တယ်သန္ဓေသားလောင်းက ချက်ချင်း ကျုံ့သွားသည်။ ၎င်း၏ ကျုံ့သွားသော အလျင်က အလွန်မြန်ဆန်လေရာ အကြွင်းအကျန်ပုံရိပ်များက ကြယ်တာရာကောင်းကင်ထဲမှာ ထွက်ပေါ်လာကြသည်။

နောက်ဆုံးမှာတော့ ထိုအင်မော်တယ်သန္ဓေသားလောင်းက ပုံမှန်အရွယ်အစားသို့ ပြန်ရောက်သွားပြီး ရွှီချင်း၏ မူလခန္ဓာကိုယ်ဖြင့် ပေါင်းစပ်သွားသည်။

၎င်း၏ အစစ်အမှန်အသွင်သဏ္ဍာန်နှင့် ထုတ်လွှတ်မှုများက အင်မော်တယ်သန္ဓေသားလောင်း၏ စွမ်အင်အတိုင်းအတာ ဖြစ်သည်။

တစ်နည်းဆိုရသော် ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ကြယ်အဖွဲ့အစည်းတစ်ခုလုံးနှင့် နှိုင်းယှဉ်နိုင်သည်။

" ပြိုင်ဘက်ကင်း... "

ကြယ်တာရာစက်ဝန်းက တီးတိုးရေရွတ်လိုက်သည်။ သူသည်ပင် ဦးရေပြားစပ်ဖျင်းဖျင်း ခံစားမိသွားသည်။

တခြားလူများသည်လည်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

“ ဒါမူမမှန်ဘူး… ပုံမှန်အခြေအနေမှာဆိုရင် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးရဲ့ အင်မော်တယ်သန္ဓေသားလောင်းက ဒီလိုမဖြစ်နိုင်ဘူး… ဆယ်ဆအစွမ်းတိုးမြှင့်ခြင်းနဲ့ ကိုးကြိမ်ထုတ်လွှတ်မှု… အဲ့ဒါက သမိုင်းစာအုပ်တွေထဲမှာတောင် မရှိဘူး ”

“ ရွှီချင်းရဲ့ အခြေခံအုတ်မြစ်က ဘယ်လောက်ပဲ ခိုင်မာပါစေ… သူအဲ့လိုလုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ”

“ ဒီဟာက သာမန်အသိအမြင်ထက် ကျော်လွန်နေတယ် ”

“ ဒီထဲမှာ တခြားကမ္မရှိရမယ် ”

ကြယ်တာရာစက်ဝန်းမျှော်စင်မှာ မွေးဖွားလာခဲ့ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ယခင်နံပါတ်တစ်ကြယ်ပွင့်ဖြစ်ခဲ့သူအနေဖြင့် ကြယ်တာရာစက်ဝန်း၏ အတွေ့အကြုံများက အမှန်တကယ် သာလွန်ထူးခြားပေသည်။ သို့ဖြစ်၍ အချိန်တစ်ခဏကြာ မင်သက်သွားပြီးနောက် တစ်စုံတစ်ခုလွဲမှားနေကြောင်း သူရှာတွေ့သွားသည်။

သူနှင့် ရွှီချင်းကြားတွင် ကွာဟမှုရှိကြောင်း သူသိသည်။ သို့သော်လည်း ထိုကွာဟမှုက ထိုမျှကြီးမားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

နောက်အခိုက်အတန့်မှာ ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သူက နှလုံးတုန်ယင်သွားသည်။ ထိုခန့်မှန်းမှုက သူ့အား ကျိုးကျန်းလီထံသို့ ဆတ်ခနဲ ခေါင်းလှည့်ကြည့်မိစေသည်။

ရှဲလင်းဇီသည်လည်း တုံ့ပြန်လိုက်သည်။ ယွင်ရှန်းစုနှင့် တခြားလူများသည်လည်း နှလုံးတုန်ယင်သွားပြီး ကျိုးကျန်းလီကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

ကျိုးကျန်းလီ ယခင်က ပြောခဲ့သော စကားများက သူတို့၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ ကျိုးကျန်းလီက အလွန်စိတ်လှုပ်ရှားနေသည်။

“ ဘာလို့လဲဆိုတော့… ဒီနေရာက မိုးသောက်ကောင်းကင်ဘုံအလွန်ဖြစ်နေလို့ပဲ ”

" ဘာလို့လဲဆိုတော့… သူနဲ့ မိုးသောက်ကောင်းကင်ဘုံအလွန်ကြားမှာ ကြီးမားတဲ့ ကမ္မဆက်သွယ်မှုတစ်ခု ရှိတယ်… တစ်ယောက်ယောက်က သူ့ကို ဒီကောင်းကင်ဘုံအလွန်ကို ပေးခဲ့တယ် ”

“ ဒီတော့… အဲ့ဒါက ပိုင်ရှင်မဲ့နေတဲ့ ဒီကောင်းကင်ဘုံအလွန်ရဲ့ ကောင်းချီးပေးမှုပဲ ”

…...

ထိုအခိုက်အတန့်မှာ နတ်ဘုရားများဖြင့် ပြည့်နှက်နေသော အမှတ်လေးကြယ်တာရာစက်ဝန်းထဲတွင် လှေတစ်စင်းက ကြယ်တာရာကောင်းကင်ထဲမှာ မျောလွင့်နေသည်။

လှေက ထူးဆန်းပြီး နတ်ဘုရားများ၏ အာရုံခံမှုကို လှည့်စားနိုင်သည်။ လှေပေါ်တွင်တော့ လူနှစ်ယောက်ရှိပြီး သူတို့၏ ကျင့်ကြံခြင်းက အလွန်အံ့ဖွယ်ကောင်းသည်။

အကယ်၍ သူတို့သာ သတိထားမည်ဆိုလျှင် အမှတ်လေးကြယ်တာရာစက်ဝန်းထဲ၌ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

" သူရသွားပြီ ”

သိမ်မွေ့နူးညံ့သော အသံက လှေထဲမှ ပျံ့လွင့်လာသည်။

စကားပြောလိုက်သူက မိုးသောက်သခင်လေးမှလွဲ၍ တခြားလူမဟုတ်ပေ။ သူ၏ ဘေးမှ မိန်းကလေးသည်တော့ သူ၏ ဇနီး ဝိညာဉ်ဖီးနစ်နတ်သမီး ဖြစ်သည်။

သူ့ခင်ပွန်း၏ လက်ကို ဆုပ်ကိုင်ထားရင်း ဝိညာဉ်ဖီးနစ်နတ်သမီးက ပြုံးလိုက်သည်။

“ အဲ့ဒီအချိန်တုန်းက ရှင်သူ့ကို ပေးလိုက်တာ အင်မော်တယ်နန်းတော်ပဲ မဟုတ်ဘူးဆိုတာ ကျွန်မသိတယ် ”

မိုးသောက်သခင်လေးက သူ၏ ဇနီးကို ချစ်ရည်ရွှမ်းသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

“ အင်မော်တယ်နန်းတော်တစ်ခုက အဲ့လောက်ကြီးမားတဲ့ မဟာကျေးဇူးတရားအတွက် ဘယ်လိုလုပ် လုံလောက်မှာလဲ… ဒါကြောင့် အဲ့ဒီကောင်းကင်ဘုံအလွန်ကိုပါ သူ့ကို ငါပေးလိုက်တယ် ”

All Chapters