အသန်မာဆုံးအဖွဲ့
Vol. 111 Ch. 1697
သူတော်စင်ငြိမ်းချမ်းခြင်းနတ်ဘုရားအကျဉ်းထောင်…
ထိုအကျဉ်းထောင်က မိုးသောက်ကောင်းကင်ဘုံအလွန်နှင့် ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်ကြားရှိ ကောင်းကင်မဲ့ဇုန်အတွင်းမှာ တည်ရှိသည်။
ယင်း၏ ပုံသဏ္ဍာန်က အရွယ်အစား အလွန်ကြီးမားသော ပင့်ကူရုပ်တုနှင့် ဆင်တူသည်။
ရုပ်တု၏ အတွင်းဘက်က အကျဉ်းထောင်ဖြစ်ပြီး ရုပ်တု၏ အပြင်ဘက်တွင် အရေအတွက်များပြားသော မဟာခန်းမများ ရှိကြသည်။
အဝေးမှကြည့်လျှင် ထိုခန်းမများက ပုံမှန်မဟုတ်ကြပေ။ ယင်းတို့က သံချောင်းများနှင့်ဆင်တူပြီး ချိပ်တံဆိပ်အစွမ်းကို ထုတ်လွှတ်နေကြသည်။
ရုပ်တုကိုယ်၌က အနက်ရောင်ဖြစ်ပြီး အရွယ်အစား အလွန်ကြီးမားသည်။ ၎င်းက ကောင်းကင်ခန္ဓာကိုယ်တစ်ခု၏ အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သည်။
ရုပ်တုက ဟင်းလင်းပြင်ဖုန်မှုန့်မှ ဖွဲ့စည်းသွားသော ကြယ်ဝဲကတော့တစ်ခုထဲ၌ ဖုံးကွယ်ခံထားရပြီး ဟင်းလင်းပြင်ထဲမှာ မျောလွင့်နေသော မူလအနှစ်သာရများကို အမွှေးများဖြင့် ပြည့်နှက်နေသော ၎င်း၏ ခြေထောက်ရှစ်ချောင်းမှတဆင့် စုပ်ယူနေသည်။
ထိုနတ်ဘုရားအကျဉ်းထောင်က နှစ်ထောင်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့သည်။
အတိတ်မှာ ယင်းကို ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်မှ စကြာဝဠာ(၁၇)ခု၏ တော်ဝင်မိသားစုများက အင်အားစုပေါင်းပြီး တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
သို့ဖြစ်၍ ထိုနတ်ဘုရားအကျဉ်းထောင်က တော်ဝင်မိသားစု(၁၇)ခု၏ ကိုယ်ပိုင်အကျဉ်းထောင် ဖြစ်သည်။ ထိုအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရသော နတ်ဘုရားများက နည်းလမ်းအမျိုးမျိုးဖြင့် ၎င်းတို့လုယက်ခဲ့ပြီး ဝယ်ယူထားခဲ့သော နတ်ဘုရားများသာ ဖြစ်ကြသည်။
အမှန်မှာ ထိုထဲမှ နတ်ဘုရားအများစုက အစက မိုးသောက်ကောင်းကင်ဘုံအလွန်ထဲ၌ အကျဉ်းချခံထားရသော နတ်ဘုရားများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့ကို ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်ထဲမှ မျိုးနွယ်စုများက နည်းလမ်းအမျိုးမျိုးဖြင့် လက်လွှဲယူခဲ့ကြသည်။
ဤနတ်ဘုရားအကျဉ်းထောင်၏ တမူထူးခြားသော သဘာဝကြောင့် ယင်းကို ကောင်းကင်မဲ့ဇုန်ထဲမှာ တည်ဆောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤအကျဉ်းထောင်ထဲ၌ နတ်ဘုရားများကို ထိန်းသိမ်းထားရန် အတိုင်းအတာတစ်ခုထိ အသက်ဓာတ် ထောက်ပံ့ပေးရလိမ့်မည်။ သို့မှသာ ၎င်းတို့က နက်ရှိုင်းစွာ အိပ်မောကျသွားနိုင်လိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ ယင်းကို အင်မော်တယ်ဝိညာဉ်အရှိန်အဝါဖြင့် ပြည့်နှက်နေသော ကောင်းကင်ဘုံအလွန်ထဲမှာ မတည်ဆောက်နိုင်ပေ။ အကယ်၍ ထိုအတိုင်း တည်ဆောက်ခဲ့သော် နတ်ဘုရားများက ပိုပြီးနှစ်ချိုက်စွာ အိပ်မောကျသွားလိမ့်မည်။
ထိုအခြေအနေကို ထိန်းသိမ်းထားရသည့် ရည်ရွယ်ချက်က နတ်ဘုရားများ၏ မသေမျိုးစွမ်းရည်ကို သုတေသနလုပ်ဆောင်ရန် ဖြစ်သည်။
အကျဉ်းထောင်၏ အုပ်ချုပ်ခွင့်ကို သူတို့က အခြေခံအားဖြင့် ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်ဆီသို့ တင်ပြခဲ့ကြသည်။ ထို့ပြင် ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်မှာလည်း ယင်းနှင့်ပတ်သက်သော မှတ်တမ်းများ ရှိသည်။
သို့ဖြစ်၍ အကျဉ်းထောင်က တစ်ချိန်တည်းမှာ ကောင်းကင်ဘုံအလွန်နှစ်ခု၏ ခွင့်ပြုမိန့်ကို ရရှိထားသည်။
ထိုသို့အခြေအနေများကြောင့် အကျဉ်းထောင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိထားသည်။ ထို့ပြင် ယင်းက ကောင်းကင်ဘုံအလွန်နှစ်ခု၏ ပူးပေါင်းကြီးကြပ်မှုအောက်မှာရှိပြီး ထိုအကျဉ်းထောင်၏ အဓိကရည်ရွယ်ချက်က နတ်ဘုရားများ၏ မသေမျိုးစွမ်းရည်ကို သုတေသနပြုလုပ်ရန်ဖြစ်သောကြောင့် ရိက္ခာထိန်းသိမ်းသူဌာန၏ ဩဇာအာဏာက ယင်းအပေါ် မသက်ရောက်ပေ။
နှစ်ပေါင်းများစွာကြာပြီးနောက် မည်သည့်ရိက္ခာထိန်းသိမ်းသူမှ ဤအကျဉ်းထောင်ထံမှ အရင်းအမြစ်သိမ်းယူရန် တာဝန်ပေးအပ်ခြင်း မခံခဲ့ရပေ။
သို့ဖြစ်၍ ဤနေရာက အတော်လေး တိတ်ဆိတ်ငြိမ်းချမ်းသည်။
ထောင်မှူးများထဲတွင် ထောင်မှူးကြီးနှစ်ယောက်မှလွဲ၍ ကျန်ကျင့်ကြံသူများက တော်ဝင်မိသားစု(၁၇)ခုမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ ၎င်းတို့က အရေအတွက်အားဖြင့် တစ်ထောင်ခန့် ရှိသည်။
ဤအခိုက်အတန့်မှာ ဧရာမပင့်ကူရုပ်တု၏ အလယ်ဗဟိုရှိ အခမ်းနားဆုံး ခန်းမထဲတွင် တေးသံများက ပျံ့လွင့်နေသည်။
မျိုးနွယ်ခြားကျေးကျွန်များက သီချင်းဆိုပြီး ကခုန်နေကြသည်။ သွေးကြောများထဲ၌ နတ်ဘုရားသွေးဆက် ကြွင်းကျန်နေသေးသော နတ်ဘုရားကျေးကျွန်များသည်တော့ ရှေးဟောင်းတူရိယာများကို တီးခတ်နေကြသည်။ သံကြိုးချည်နှောင်ခံထားရသော အစေခံများက ဝိုင်ခွက်များတင်ထားသော လင်ဗန်းများကို သယ်ဆောင်ထားကြသည်။ ထိုဝိုင်ခွက်များထဲတွင် မူလအနှစ်သာရကို ထည့်သွင်းထားသည်။
ခန်းမ၏ ဘေးပတ်ပတ်လည်တွင် ကျင့်ကြံသူဒါဇင်ခန့် ရှိကြသည်။ ၎င်းတို့ထဲတွင် အလယ်မှ နှစ်ယောက်သည်သာ လူသားများဖြစ်ပြီး တခြားလူများသည်တော့ အစွမ်းထက်မျိုးနွယ်ခြားများ ဖြစ်ကြသည်။
၎င်းတို့တစ်ယောက်စီက နှစ်သက်သဘောကျသော အမူအရာဖြင့် ထိုင်နေကြပြီး သီချင်းသံနှင့် ကခုန်ခြင်းမှာ စိတ်နစ်မြှုပ်ထားကြသည်။
အလယ်မှ လူသားနှစ်ယောက်တွင်တော့ တစ်ယောက်က အဖိုးအိုဖြစ်ပြီး တခြားတစ်ယောက်က သက်လတ်ပိုင်းအမျိုးသား ဖြစ်သည်။
အဖိုးအိုက ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်မှဖြစ်ပြီး လူငယ်က ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်မှ ဖြစ်သည်။
သူတို့နှစ်ယောက်က ဤနတ်ဘုရားအကျဉ်းထောင်၏ ထောင်မှူးကြီးများ ဖြစ်ကြသည်။
" တစ်နေ့ပြီးတစ်နေ့… တစ်နှစ်ပြီးတစ်နှစ်… အကိုနဲ့ ကျုပ်က ဒီနေရာမှာ သက်တောင့်သက်သာဘဝကို နေနေရတယ် ”
" မူလအနှစ်သာရကို မကုန်ခမ်းနိုင်အောင် ရတဲ့အပြင် မျိုးနွယ်ခြားကျေးကျွန်တွေရဲ့ အပြုအစုကိုလည်း ခံရသေးတယ်… ဒါ့အပြင် စစ်ပွဲကိုလည်း ရှောင်ရှားနိုင်သေးတယ်… ဒီလိုနေရာကိုမှ နိဗ္ဗာန်လို့မခေါ်ရင် ဘယ်နေရာကို ခေါ်တော့မှာလဲ ”
" ဟား ဟား… စကြာဝဠာရဲ့ ထောင့်တစ်နေရာမှာ အခုလို ငြိမ်းငြိမ်းချမ်းချမ်း နေရတာက ဘဝရဲ့ အနှစ်သာရပဲ ”
လူသားနှစ်ယောက်က အချင်းချင်း ခွက်တိုက်လိုက်ပြီး ရယ်မောစွာ စကားပြောလိုက်ကြသည်။ သူတို့က ဤနေရာ၌ တာဝန်ကျနေသည်မှာ နှစ်ပေါင်းသုံးရာရှိသွားပြီ ဖြစ်သည်။ ဤအတောအတွင်းမှာ သူတို့က အေးအေးဆေးဆေး နေထိုင်ရင်း အကျိုးအမြတ်များကို ရရှိခဲ့ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံက အလယ်အလတ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်သို့ တတ်လှမ်းသွားခဲ့သည်။ ယခု သူတို့က နှောင်းပိုင်းအဆင့် ခြေလှမ်းဝက်အင်မော်တယ်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာကြတော့သည်။
" ဒါပေမဲ့ အဆုံးသတ်က အရာအားလုံးမှာ ရှိစမြဲပဲ… နှစ်ခြောက်ဆယ်ကြာပြီးရင် ငါတို့ရဲ့ တာဝန်က ပြီးဆုံးပြီ… အဲ့ဒီအခါကျရင် ငါတို့က ကိုယ့်လမ်းကိုယ် လျှောက်ကြရလိမ့်မယ်… နှစ်တွေဘယ်လောက်ကြာမှ ငါတို့ထပ်တွေ့နိုင်မလဲ မသိဘူး ”
“ အနာဂတ်ကို မစဉ်းစားပါနဲ့… လက်ရှိကိုပဲ ပျော်အောင် နေကြမယ် ”
သူတို့နှစ်ယောက်က ရယ်မောလိုက်ကြပြီး နောက်တစ်ကြိမ် ခွက်တိုက်လိုက်ကြသည်။ ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ခြားထောင်စောင့်များသည်တော့ ပြုံးလိုက်ကြပြီး ထိုလူသားနှစ်ယောက်ကို ဖော်လံဖားလိုက်ကြသည်။
ထို့နောက် လူတိုင်းက သေရည်သောက်ရန် ပြင်လိုက်ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကြမ်းတမ်းသော လေပြင်းက ခန်းမကို ရုတ်တရက် တိုက်ခတ်သွားပြီး ပျော်ရွှင်မြူးကြွသော လေထုကို ချက်ချင်း အေးစက်သွားစေသည်။
အေးစက်စက်လေထဲတွင် မျိုးနွယ်ခြားအမျိုးသမီးကျင့်ကြံသူတစ်ယောက်က ကြော့ရှင်းတင့်တယ်စွာ ထွက်ပေါ်လာသည်။ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ထောင်မှူးကြီးနှစ်ယောက်ကို အရိုအသေပေးလိုက်ပြီး အလျင်စလို ပြောသည်။
" ဆရာတို့… လူသားကျင့်ကြံသူတစ်ရာနီးပါးက နတ်ဘုရားအကျဉ်းထောင်ဆီ ချဉ်းကပ်လာနေတာကို ငါတို့အာရုံခံမိပါတယ်… အပြင်ဘက်က ထောင်မှူးတွေက သတိပေးချက်ကို ထုတ်ပြန်ပြီး အကာအကွယ်အလွှာကို အသက်သွင်းလိုက်ပါတယ် ”
“ ဒါပေမဲ့… ”
အမျိုးသမီးကျင့်ကြံသူ၏ စကားမဆုံးခင် ကျယ်လောင်သော မြည်သံက ကောင်းကင်မြေပြင်အက်ကွဲသံပမာ ထွက်ပေါ်လာသည်။
အကာအကွယ်အလွှာက ကျိုးပြတ်သွားသည်။
နောက်အခိုက်အတန့်မှာ အပြင်လောကထံမှ အရှိန်အဝါက ဤနေရာမှာ ပြည့်နှက်သွားသည်။
ခန်းမထဲမှ ကျင့်ကြံသူများ၏ အမူအရာက ပြောင်းလဲသွားသည်။ ခြေလှမ်းဝက်အင်မော်တယ် လူသားကျင့်ကြံသူနှစ်ယောက်သည်တော့ မျက်မှောင်ကြုတ်လိုက်ကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်က ဝေဝါးသွားသည်။
ချက်ချင်းဆိုသလို သူတို့က ခန်းမ၏ အပြင်ဘက်မှာ ပြန်ထွက်ပေါ်လာကြသည်။ သူတို့ခေါင်းမော့လိုက်သည့်အခိုက် အပြင်ဘက်မှ ကျူးကျော်သူများ၏ ဝတ်စုံကို မြင်တွေ့သွားပြီး မျက်နှာမည်းမှောင်သွားကြသည်။
သူတို့၏ အကြည့်ရှေ့တွင် မရေမတွက်နိုင်သော သက်တံ့များက ကြယ်ပျံများသဖွယ် ဆင်းသက်လာနေကြောင်း မည်သူမဆို မြင်နိုင်ပေသည်။ သူတို့၏ ဆင်းသက်လာမှုက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်နှင့် ဖိအားကို ဖြစ်ပေါ်စေသည်။
သူတို့က လမ်းကြောင်းအရှေ့မှာရှိသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူတို့ထဲမှ ခုနစ်ယောက်ရှစ်ယောက်က ထောင်မှူးကြီးနှစ်ယောက်၏ အရှေ့မှ ရုပ်တုပေါ်သို့ အကြမ်းပတမ်း ဝင်ဆောင့်သွားကြသည်။
ရုပ်တုက တုန်ယင်သွားသည်။
မြေပြင်ပေါ်တွင် မုန်တိုင်းတစ်ခု အစပျိုးလာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရိုက်ခတ်သွားသည်။ လေပြင်မုန်တိုင်းက အကြမ်းပတမ်း တိုက်ခတ်လာသည်နှင့် ပိုမိုများပြားသော ဥက္ကာပျံများက ကျဆင်းလာကြသည်။ ယင်းက မြေပြင်ကို ကြမ်းတမ်းစွာ တုန်ခါသွားစေသည်။
ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ခြားကျင့်ကြံသူများက ချက်ချင်း သတိထားလိုက်ကြသည်။ ထိုကျူးကျော်သူများမှာ အရေအတွက်သော်လည်းကောင်း သို့မဟုတ် ကျင့်ကြံခြင်းအခြေခံသော်လည်းကောင်း အားသာချက်ရှိသည်။
ထို့ပြင် ၎င်းတို့ကို ပိုပြီးမျက်နှာမည်းမှောင်သွားစေသည်မှာ ယခု ထွက်ပေါ်လာကြသော ထိုလူသားကျင့်ကြံသူများက မထူးမခြားနားအမူအရာဖြင့် ရှိနေကြပြီး မောက်မာထောင်လွှားကြပုံပေါ်သည်။
သူတို့ထဲမှ တစ်ယောက်ဆိုလျှင် အလွန်အားကောင်းသော နတ်ဆိုးစွမ်းအင်ဖြင့် ဖုံးလွှမ်းခံထားရသည်။
သို့တိုင် ကြောက်မက်ဖွယ်ကောင်းသော ထိုနတ်ဆိုးကျင့်ကြံသူက မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် နှုတ်ဆိတ်သွားပြီး ဘေးသို့ လျှောက်သွားသည်။
သေချာဂရုတစိုက်ကြည့်မည်ဆိုလျှင် ထိုပုံရိပ်များ၏ ထွက်ပေါ်လာမှုက အစီအစဉ်မကျသော်လည်း သူတို့၏ နေရာယူထားပုံက စည်းချအစီအရင်တစ်ခုနှင့် ဆင်တူပေသည်။ ဤသည်မှာ သူတို့က တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်အလားပင်။
နတ်ဆိုးကျင့်ကြံသူသည်ပင် နှုတ်ဆိတ်နေပြီး ဘေးမှာ ရပ်နေရသည်။
တစ်ခဏကြာပြီးနောက် ပိုမိုများပြားသော ဥက္ကာပျံများက ဆင်းသက်လာကြသည်။ သူတို့တစ်ယောက်စီက ဆင်းသက်လာပြီးနောက် စည်းချအစီအရင်ထဲသို့ ပူးပေါင်းသွားကြသည်။ နောက်ဆုံးမှာတော့ ဥက္ကာပျံအားလုံးနီးပါး ဆင်းသက်လာပြီးနောက် နောက်ဆုံးဥက္ကာပျံက ကောင်းကင်တုန်လှုပ်စေနိုင်သော အင်အားနှင့်အတူ ထွက်ပေါ်လာသည်။ ယင်းက ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပပြီး အဆင့်နိမ့်အင်မော်တယ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုဥက္ကာပျံ ဆင်းသက်လာသည်နှင့် ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က တုန်ခါသွားသည်။
ဥက္ကာပျံက ရုပ်တုအနားသို့ ရောက်ရှိလာသည့်အခိုက် မျိုးနွယ်ခြားကျင့်ကြံသူအားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထောင်မှူးကြီးနှစ်ယောက်သည်ပင် အမူအရာပျက်ယွင်းသွားကြသည်။
သူတို့က ထိတ်လန့်ဖွယ်ကောင်းသော ထိုအရှိန်အဝါအောက်မှာ ချက်ချင်း အနောက်ဆုတ်သွားကြသည်။
“ အဆင့်နိမ့်အင်မော်တယ်လား ”
" အဲ့လိုတော့ မခံစားရဘူး… ဒါပေမဲ့ ဒီအရှိန်အဝါက... "
သူတို့နှစ်ယောက်က ထိတ်လန့်ချောက်ချားနေစဉ် ကြောက်မက်ဖွယ်ကောင်းသော ထိုဥက္ကာပျံက မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
ထို့နောက် ၎င်းက လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
သူ၏ အဝတ်အစားက အနက်ရောင်ဖြစ်ပြီး သူ၏ ဆံပင်ရှည်က အနက်ရောင်ဖြစ်သည်။ သူ၏ အရှိန်အဝါက ကြောက်မခန်းလိလိ အံ့ဖွယ်ကောင်းသည်။
ထိုအရှိန်အဝါအောက်မှာ အကျဉ်းထောင်က အပြင်းအထန် တုန်ခါသွားသည်။
ထောင်စောင့်များနှင့် ထောင်မှူးကြီးနှစ်ယောက်က နှလုံးတုန်ယင်သွားစဉ် အစောနက ဦးစွာဆင်းသက်လာခဲ့သော နတ်ဆိုးကျင့်ကြံသူက အရှေ့သို့ ဖြည်းညင်းစွာ ထွက်လျှောက်လာသည်။ သူက ဘေးပတ်ဝန်းကျင်မှ လူများကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ ငါက ရှဲလင်းဇီ… ဒီနေရာက နတ်ဘုရားတချို့က အကျဉ်းထောင်ဖောက်ဖို့ ကြိုးစားနေတယ်လို့ ငါ့အရှင်က လျှို့ဝှက်သတင်းရထားတယ်… ဒါကြောင့် ငါတို့က သူတို့ကို ဖိနှိပ်ဖို့ ရောက်လာတာပဲ ”
သူ၏ စကားဆုံးသည်နှင့်ချက်ချင်း ထောင့်စောင့်များ၏ အမူအရာက ပျက်ယွင်းသွားသည်။ ထောင်မှူးကြီးနှစ်ယောက်သည်တော့ နောက်ဆုံးမှ ရောက်ရှိလာသော ဝတ်စုံနက်လူငယ်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။ သူတို့က တုံ့ဆိုင်းသွားကြသည်။
တစ်ခဏကြာပြီးနောက် သူတို့ထဲမှ တစ်ယောက်က ရိုသေလေးစားစွာ ပြောသည်။
“ ရိက္ခာထိန်းသိမ်းသူများခင်ဗျာ… ဒီနေရာက ကမ်းစပ်ကိုးခုကောင်းကင်ဘုံနဲ့ ဝိညာဉ်အလင်းကောင်းကင်ဘုံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်… ဒီနေရာမှာ ဘာပုန်ကန်မှုမှ မရှိပါဘူး ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ရွှီချင်း၏ ဘေးမှာ ရပ်နေသော ကျိုးကျန်းလီက သိမ်မွေ့နူးညံ့စွာ ပြုံးလိုက်သည်။
" ခင်ဗျားက ထောင်မှူးကြီးလား… ဘာမှမကြောက်ပါနဲ့… ကျုပ်တို့က လာစစ်ဆေးရုံပါပဲ… တကယ်လို့ ဘာပုန်ကန်မှုမှမရှိဘူးဆိုရင် ကျုပ်တို့ ထွက်သွားမှာပါ ”
ယင်းကို ထောင်မှူးကြီးနှစ်ယောက် ကြားသောအခါ သူတို့က ဒေါသထွက်သွားကြသည်။ သို့သော်လည်း သူတို့၏ အကြည့်က ရွှီချင်းထံသို့ ကျရောက်သွားသည့်အခါ တုံ့ဆိုင်းသွားကြသည်။
တစ်ချိန်တည်းမှာ လူအုပ်ထဲမှ ကြယ်တာရာစက်ဝန်းက သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး အပြင်သို့ လျှောက်သွားသည်။
သူ၏ အေးစက်စက်အသံက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားသည်။
" ငါတို့က တာဝန်ကြောင့် ရောက်လာတာ… ဘာစကားမှ ပြောနေစရာမလိုဘူး… အားလုံးပဲ ငါ့နောက်လိုက်ပြီး အကျဉ်းထောင်ကို စစ်ဆေးကြမယ် ”
သူက စကားပြောနေရင်း ဘေးပတ်ဝန်းကျင်မှ ထောင်စောင့်များကို လျစ်လျူရှုထားပြီး ရုပ်တု၏ အတွင်းပိုင်းဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ ရွှီချင်း၏ ခေါင်းညိတ်မှုကို မြင်တွေ့ပြီးနောက် ကျင့်ကြံသူဒါဇင်ခန့်က ကြယ်တာရာစက်ဝန်း၏ အနောက်သို့ လိုက်သွားကြသည်။
ထိုအခါ ထောင်စောင့်များက ၎င်းတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ ထောင်မှူးကြီးနှစ်ယောက်သည်လည်း အံတင်းတင်းကြိတ်လိုက်ပြီး သူတို့ကို တားဆီးရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်မှာ ကျိုးကျန်းလီက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။
နောက်အခိုက်အတန့်မှာ လူတိုင်းက ဤနေရာသို့မလာခင် သူတို့သဘောတူထားခဲ့သည့်အတိုင်း ဆောင်ရွက်လိုက်ကြသည်။ သူတို့အားလုံးက တမူထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် သရုပ်တုံကင်များကို ထုတ်ယူလိုက်ကြပြီး အော်ပြောလိုက်ကြသည်။
" ငါတို့ဆရာစိမ်းပြာက အဆင့်နိမ့်အင်မော်တယ်တစ်ပါးပဲ ”
" ငါ့ရဲ့ ဆရာက ရိက္ခာထိန်းသိမ်းသူဌာနရဲ့ အကြီးအကဲပဲ… လူအများစုက သူ့ကို အဆိပ်ဘုရင်လို့ ခေါ်ကြတယ် ”
“ ငါ့ရဲ့ သွေးမျိုးဆက်က သူတော်စင်အဆောင်သခင်ဆီကနေ ဆင်းသက်လာတာ ”
“ ငါက ချန်းမိသားစုအတွက် ပြင်ပတာအိုမျိုးစေ့အဖြစ် ဆောင်ရွက်မယ်လို့ ကတိပေးထားတယ် ”
“ လူသားအင်မော်တယ်ဂိုဏ်းက ငါ့ကို တပည့်အဖြစ် လက်ခံထားတယ် ”
“ ငါက တာအိုပညာရှင်ရှန်ထျန်းနဲ့ အပေးအယူတစ်ခု လုပ်ထားတယ် ”
သရုပ်တုံကင်များ၏ မတူညီသော အလင်းရောင်များက လေထဲမှာ ပျံ့နှံ့သွားသည်နှင့် အော်သံတစ်သံပြီးတစ်သံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ထောင်မှူးကြီးနှစ်ယောက်၏ အမူအရာကို သိသာစွာ ပျက်ယွင်းသွားစေသည်။