← Chapters

မမျှော်လင့်ထားသော

Vol. 111 Ch. 1698-1699

မမျှော်လင့်ထားသော

Vol. 111 Ch. 1698-1699

မည်သည့်အဖွဲ့အစည်းတွင်မဆို အချိန်ကာလတစ်ခုကြာပြီးနောက် တောင့်တင်းခိုင်မာသော ဖွဲ့စည်းမှုတစ်ခု ရှိလာလိမ့်မည်။ မရေမတွက်နိုင်သော ဌာနခွဲများက ယင်းကို ပံ့ပိုးပေးလိမ့်မည်။

ထိုဖွဲ့စည်းမှုထဲတွင် တစ်စုံတစ်ယောက်မှာ ကောင်းကင်ဘုံဆန့်ကျင်နိုင်သော အင်အားမရှိလျှင် သူတို့က စည်းမျဉ်းဥပဒေများကို လိုက်နာရလိမ့်မည်။ ထိုစည်းမျဉ်းဥပဒေများက ဌာနခွဲများကို တည်တံ့ခိုင်မြဲစေရန် ပြုလုပ်ပေးလိမ့်မည်။

မည်သို့ဖြစ်ပါစေ ဤဖွဲ့စည်းမှုထဲမှာ ပါဝင်ကြသော ဌာနခွဲအားလုံးသည် ကိုယ်စီအင်အားရှိကြသည်။

ထို့ပြင် ထိုဌာနခွဲများကို ရံဖန်ရံခါ အရေအတွက်ဒါဇင်ခန့်၊ တစ်ရာခန့်၊ သို့မဟုတ် ပိုမိုများပြားသော မျိုးဆက်များဖြင့် စုဖွဲ့ထားနိုင်သည်။ ထိုသို့အစုအဖွဲ့က စည်းမျဉ်းဥပဒေများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် ကောင်းကင်ဘုံအလွန်(၁၁)ခုက ထိုဖွဲ့စည်းမှု၏ အကြီးမားဆုံး ဌာနခွဲများ ဖြစ်ကြသည်။

ထိုကောင်းကင်ဘုံအလွန်များထဲတွင် မရေမတွက်နိုင်သော အင်အားစုများ တည်ရှိကြပြီး ၎င်းတို့က ကာကွယ်စောင့်ရှောက်သူများအဖြစ် သို့မဟုတ် အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြလိမ့်မည်။ ထိုနည်းဖြင့် ၎င်းတို့က အဖွဲ့အစည်းကို ထောက်ပံ့ပေးကြလိမ့်မည်။

၎င်းတို့၏ လုပ်ဆောင်ပုံက ကြီးမားသော ဝဲကတော့များနှင့် ဆင်တူပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ သက်ရှိအားလုံးနှင့် တည်ရှိမှုအားလုံးအပေါ် သက်ရောက်နိုင်သည့် ဆွဲငင်အားကို ထုတ်လွှတ်ပေးနေသည်။

သို့ဖြစ်၍ သာမန်ကျင့်ကြံသူများသည် ထိုသို့အင်အားစုများကို မဆန့်ကျင်နိုင်ကြပေ။

ထို့ကြောင့် ကျိုးကျန်းလီ ချောင်းဟန့်လိုက်သည့်အခိုက် သူတို့အုပ်စုထဲမှ အဖွဲ့သားတစ်ယောက်ပြီးတစ်ယောက်၏ စကားသံများက နတ်ဘုရားမန္တန်များသဖွယ် ထွက်ပေါ်လာပြီး ထောင်မှူးများ၏ စိတ်ထဲသို့ တိုက်ရိုက် ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ ဥက္ကာပျံတစ်စင်းက ပင်လယ်ပြင်ပေါ်သို့ ကျရောက်သွားသည့်အလားပင်။

စကားတစ်ခွန်းစီက သူတို့ကို နှလုံးတုန်ယင်သွားစေသည်။

ထို့ပြင် သရုပ်တုံကင်များမှ ထုတ်လွှတ်နေသော အလင်းရောင်များက မျိုးနွယ်ခြားထောင်စောင့်များ၏ နှလုံးသားထဲတွင်လည်း ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။ ထိုလှိုင်းဂယက်များက တဖြည်းဖြည်း ပိုမိုများပြားစွာ စုပုံလာသည့်အခါ မုန်တိုင်းအဖြစ် ပြောင်းလဲသွားသည်။

ဒီလိုနောက်ခံအင်အား… ဒီလိုအဖွဲ့အစည်း…

အကူအညီမဲ့မှုက ထောင်မှူးကြီးနှစ်ယောက်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ထိုအုပ်စုက လေလွင့်ခွေးများနှင့်မခြားကြောင်း သူတို့ပြောနိုင်သည်။

သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းနှင့် ပါရမီက သာမန်လူများထက် အများကြီး သာလွန်သည်။

ယေဘုယျအားဖြင့်ဆိုရလျှင် ထိုသို့တည်ရှိမှုများသည် များသောအားဖြင့် အင်မော်တယ်မြို့တော်ထံမှ တတ်လှမ်းသူများ ဖြစ်ကြသည်။

အပေါ်ယံကြည့်မည်ဆိုလျှင် အင်မော်တယ်မြို့တော်ထဲတွင် မဟာဂိုဏ်းတော်ကြီးအနည်းစုသာ ရှိကြသည်။ သို့သော်လည်း အမှန်မှာ ထိုနေရာတွင် ပုန်းကွယ်နေသော အင်အားစုများနှင့် အကျိုးအမြတ်ယှဉ်ပြိုင်မှုများ ရှိသည်။

အနာဂတ်မျိုးဆက်သစ်ပါရမီရှင်များကို မွေးထုတ်ပေးသော သတ်ပုတ်ကွင်းတစ်ခုအနေနှင့် ကောင်းကင်ဘုံအလွန်တိုင်းမှာ လူသိရှင်ကြားဖြစ်စေ သို့မဟုတ် ပုန်းလျှိုးကွယ်လျှိုးဖြစ်စေ အဆက်အသွယ်များ ရှိကြသည်။ ထိုအင်အားစုများ၏ စိတ်အာရုံကို မဆွဲဆောင်ရသေးသော ပါရမီရှင်များသည်ပင် အင်မော်တယ်မြို့တော်၏ အပြင်ဘက်သို့ ခြေချလိုက်သည့်အခိုက် တခြားအင်အားစုများ၏ ခေါ်ယူစုဆောင်းခြင်းခံရလိမ့်မည်။

ထောင်မှူးကြီးနှစ်ယောက်က ယင်းကို ရှင်းလင်းစွာ နားလည်ထားကြသည်။

သို့သော်လည်း သူတို့ကို ဇဝေဇဝါဖြစ်စေသော အချက်တစ်ချက်က…

တတ်လှမ်းသူအသစ်များသည် ပုံမှန်အားဖြင့် ဌာနတစ်ခုတည်းမှာ ကျလေ့မရှိပေ။ သူတို့အားလုံးကို အဖွဲ့တစ်ခုတည်းမှာ မြင်တွေ့ရခြင်းက အလွန်ရှားပါးသည်။

သို့သော်လည်း ယခု…

ထောင်မှူးကြီးနှစ်ယောက်က သူတို့အရှေ့မှ အုပ်စုကို ကြည့်လိုက်သည့်အခါ သူတို့၏ နှလုံးသားထဲမှ အကူအညီမဲ့မှုက ပိုပြီးထင်ရှားလာသည်။

တစ်ဖက်အုပ်စု၏ တိုက်ပွဲစွမ်းအားက ရှိန်လောက်စရာကောင်းသည်။

သူတို့၏ နောက်ခံအင်အားကိုတော့ ပြောနေစရာပင် မလိုချေ။

" ဒါ့အပြင် သူတို့က ရိက္ခာထိန်းသိမ်းသူတွေ… "

ထောင်မှူးကြီးနှစ်ယောက်က ခါးသီးသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

တစ်ချိန်တည်းမှာ ကြယ်တာရာစက်ဝန်းက တတ်လှမ်းသူဒါဇင်ခန့်ကို ဦးဆောင်၍ ရုပ်တုထဲမှ အကျဉ်းထောင်ဆီသို့ ထိုးဖောက်သွားကာ တာဝန်စတင်လိုက်သည်။

ထို့နောက် ရှဲလင်းဇီ၊ ယွင်ရှန်းစု၊ ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း ရွေ့လျားသွားကြသည်။ တချို့က အကျဉ်းထောင်ထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွားစဉ် တချို့က တခြားလူများနှင့် အုပ်စုဖွဲ့ပြီး တခြားဝင်ပေါက်များဆီသို့ ဦးတည်သွားကြသည်။ လီမုန့်တုသည်လည်း သူတို့ထဲမှာ ပါဝင်သည်။

အလုပ်တာဝန်ခွဲဝေမှုက ရိုးရှင်းသည်။

ဒါဇင်ခန့်သာလျှင် အပြင်မှာ ကျန်နေခဲ့ကြသည်။

ထုံးစံအားဖြင့် ရွှီချင်းက သူကိုယ်တိုင် အထဲသွားရန် မလိုပေ။ ကျိုးကျန်းလီက တစ်ခဏ တွေးတောပြီးနောက် ရွှီချင်း၏ ဘေးမှာ ရှိနေရန် ရွေးချယ်လိုက်သည်။

ပင်လယ်ရေမှော်သည်လည်း အကျဉ်းထောင်ထဲသို့ မဝင်သွားချေ။

၎င်းက အကျဉ်းထောင်ရုပ်တုကို ဝန်းရံလိုက်ပြီး အကျဉ်းထောင်၏ မူလခုခံကာကွယ်မှုစနစ်မှာ နေရာယူလိုက်သည်။ ထို့နောက် ပင်လယ်ရေမှော်က ၎င်း၏ ဖိအားကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ နတ်ဘုရားစိတ်အာရုံဖြင့် လူတိုင်းကို ကူညီထောက်ပံ့ပေးလိုက်သည်။ ၎င်း၏ ကူညီပေးမှုအောက်မှာ သူတို့က အကျဉ်းထောင်ကို ပိုပြီးစေ့စပ်စွာ စူးစမ်းလေ့လာနိုင်လိမ့်မည်။

ထိုရင်းနှီးသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ထောင်စောင့်များနှင့် ထောင်မှူးကြီးနှစ်ယောက်က အံ့ဩသွားကြသည်။ ထိုအုပ်စုက ဤသို့လုပ်ဆောင်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း သူတို့ခံစားမိသွားကြသည်။ ဖရိုဖရဲကောင်းကင်စကြာဝဠာမှ အတွေ့အကြုံများပြီးနောက် ရွှီချင်းနှင့် တခြားလူများသည် ပူးပေါင်းဆောင်ရွက်ခြင်းတွင် အတိုင်းအတာတစ်ခုထိ အချင်းချင်း နားလည်မှုရှိလာကြသည်။

တခြားလူများက အကျဉ်းထောင်ထဲသို့ ဝင်ရောက်သွားကြကြောင်း ရွှီချင်းမြင်သောအခါ သူက ရိုးရှင်းစွာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ကျင့်ကြံခြင်းအခြေခံကို အားဖြည့်နေရင်း ဤကိစ္စပြီး နောက်ဆက်တွဲကိစ္စများကို မည်သို့ဆောင်ရွက်သင့်ကြောင်း တိတ်တဆိတ် တွေးတောလိုက်သည်။

ထိုသို့ကိစ္စကို ဆောင်ရွက်ခြင်းက သေချာပေါက် တန်ပြန်ဆိုးကျိုးရှိသည်။ သူက အနာဂတ်မှာ ထိုအတွက် သေချာပေါက် တာဝန်ယူရလိမ့်မည်။

ယင်းကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများစွာရှိသော်လည်း အရိုးရှင်းဆုံးနည်းလမ်းက ကိုးရောင်ခြယ်ရေခဲကို ရှာတွေ့ရန် ဖြစ်သည်။

" ဒါပေမဲ့… လူတိုင်းက သူတို့ရဲ့ နောက်ခံတွေကို ဖော်ထုတ်လိုက်တယ်ဆိုတော့ ဒီကိစ္စက ငါတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်တော့ဘူး… ဒီဟာက လူတိုင်းရဲ့ စိတ်ဆန္ဒပါဝင်တဲ့ စုပေါင်းဆုံးဖြတ်ချက်ဖြစ်သွားပြီ ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

အချိန်က ထိုသို့ဖြင့် နှေးကွေးစွာ ကုန်ဆုံးသွားသည်။

ကျိုးကျန်းလီသည်လည်း ဘေးမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ၏ ဘေးတွင် အကျဉ်းထောင်ထဲသို့ လိုက်မဝင်သွားကြသော ကျင့်ကြံသူဒါဇင်ခန့်က တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ သို့သော်လည်း သူတို့က ရံဖန်ရံခါ မျက်လုံးဖွင့်လိုက်ပြီး အကျဉ်းထောင်၏ ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ရှင်းလင်းစွာပင် သူတို့သည်လည်း အထဲဝင်ချင်ကြသည်။

သို့သော်လည်း သူတို့၏ အစီအစဉ်အရ အရေးပေါ်အခြေအနေများကို ကာကွယ်စောင့်ကြပ်ရန် အပြင်မှာ သူတို့ရှိနေမှ ဖြစ်လိမ့်မည်။ သို့မှသာ သူတို့၏ အစီအစဉ်က အဆင်ပြေချောမွေ့လိမ့်မည်။

သူတို့က ဝင်ပေါက်ဆီသို့ ရံဖန်ရံခါ လှမ်းကြည့်နေစဉ် ထောင်စောင့်များနှင့် ထောင်မှူးကြီးနှစ်ယောက်၏ အမူအရာက ပိုပြီးမည်းမှောင်သွားသည်။ ထိုစဉ် ပုံရိပ်တစ်ခုက ဝင်ပေါက်များစွာအနက် ဝင်ပေါက်တစ်ခုထဲမှ အလွန်မြန်ဆန်သော အလျင်နှင့်အတူ ပြေးထွက်လာသည်။

ထိုလူက ရွှီချင်း၏ အဖွဲ့ထဲမှ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ယင်းအစား ၎င်းက မျိုးနွယ်ခြားထောင်စောင့်တစ်ယောက် ဖြစ်သည်။ ၎င်းက ထွက်ပေါ်လာပြီးနောက် ထောင်မှူးကြီးနှစ်ယောက်၏ အရှေ့မှာ ဒူးထောက်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။

" ဆရာတို့… သူတို့က အကျဉ်းထောင်ထဲ ဝင်ရောက်ပြီးတဲ့နောက် အစပိုင်းမှာ စစ်ဆေးရှာဖွေနေသလိုမျိုး ဟန်ဆောင်ကြပါတယ်… ဒါပေမဲ့ အကျဉ်းချခံထားရတဲ့ နတ်ဘုရားတွေကို မြင်ပြီးတဲ့နောက်မှာ… "

" သူတို့က နတ်ဘုရားတွေကို စစ်ဆေးမေးမြန်းပြီး မဟုတ်မမှန်တဲ့ အကြောင်းပြချက်တွေနဲ့ မူလအနှစ်သာရတွေကို ဆွဲထုတ်နေကြပါတယ်… အခု အကျဉ်းချခံထားရတဲ့ နတ်ဘုရားဒါဇင်ကျော်ရဲ့ မူလအနှစ်သာရအမြူတေတွေက အက်ကွဲသွားကြပါပြီ ”

“ တကယ်လို့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်… "

ထောင်စောင့်က တုံ့ဆိုင်းသွားသည်။

ယင်းကို ထောင်မှူးကြီးနှစ်ယောက် ကြားသောအခါ သူတို့၏ အမူအရာက ပိုပြီးအရုပ်ဆိုးသွားသည်။ သို့ဖြစ်၍ သူတို့က ခေါင်းမော့လိုက်ပြီး ရွှီချင်းနှင့် တခြားလူများကို ကြည့်လိုက်ကြသည်။

သူတို့ထဲမှ အဖိုးအိုက နက်ရှိုင်းသော လေသံဖြင့် ပြောသည်။

“ တာအိုရောင်းရင်း… ဒီနေရာက ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်ရဲ့ မျိုးနွယ်စု(၁၇)စုရဲ့ ကိုယ်ပိုင်နတ်ဘုရားအကျဉ်းထောင်ပါ… ဒါ့အပြင် ဒီနေရာက ကောင်းကင်ဘုံအလွန်နှစ်ခုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်… အဲ့ဒါကြောင့် အခုလို အတင်းအဓမ္မ လုယက်တာက သေချာပေါက် စုံစမ်းခံရပြီး အပြစ်ပေးခံရလိမ့်မယ် "

" ဒါ့အပြင် ဒီနေရာကို ကျုပ်တို့စောင့်ကြပ်ပေးနေတာ နှစ်ပေါင်းရာချီနေပါပြီ… ဒီနေရာက အလုပ်လုပ်ပုံအားလုံးကို ကျုပ်တို့ ရင်းနှီးသိကျွမ်းပါတယ်… ဒီနေရာမှာ အကျဉ်းထောင်ဖောက်တာရော ပုန်ကန်တာရော လုံးဝမရှိပါဘူး… အခုလို အကြောင်းပြချက်ပေးပြီး လုယက်တာက ရယ်စရာကောင်းမနေဘူးလား "

ရွှီချင်းက နှုတ်ဆိတ်နေသည်။ မည်သို့ဖြစ်ပါစေ ဤအကြောင်းပြချက်က ကျိုးကျန်းလီ လက်တန်းပြောခဲ့သောအရာ ဖြစ်သည်။

အပြင်ဘက်၌ တင်ပျဉ်ခွေထိုင်နေကြသော ကျင့်ကြံသူများထဲတွင် မည်သူကမှ အလွယ်တကူ အရှက်ရကြမည့်လူများ မဟုတ်ပေ။ မည်သို့ဖြစ်ပါစေ ဤနေရာသို့ သူတို့ရောက်လာရသည့် ရည်ရွယ်ချက်က မူလအနှစ်သာရကို လုယက်ရန် မဟုတ်ပါလော။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူတို့က မည်သည့်အမူအရာမှ မထုတ်ဖော်ဘဲ အေးဆေးတည်ငြိမ်စွာ ရှိနေကြသည်။

ကျိုးကျန်းလီက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ ဆရာတို့ပြောတာ မှန်ပါတယ်… ငါ့အဖွဲ့သားတွေရဲ့ လုပ်ရပ်က နည်းနည်း ကြမ်းသွားတယ်… အခုပဲ သူတို့နဲ့ ငါသွားဆွေးနွေးလိုက်ပါ့မယ် ”

“ တာအိုရောင်းရင်းတို့… သူတို့ကို ကြီးကြပ်ပေးရအောင် ငါနဲ့အတူ အထဲလိုက်ခဲ့ကြပါ ”

ကျိုးကျန်းလီက သူ့စကားဆုံးသည်နှင့် အပြင်ဘက်၌ စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသော တတ်လှမ်းသူများကို ကြည့်လိုက်သည်။

ယင်းကို ကြားသောအခါ သူတို့က မျက်နှာတည်ကြည်သွားပြီး တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြသည်။

" အဲ့ဒါ ဟုတ်တယ် "

" ဒီလိုလုပ်တာ နည်းနည်းတော့ လွန်သွားပြီ "

" ငါတို့ သူတို့ကို သွားကြီးကြပ်ပေးရမယ် ”

ထိုသို့ပြောပြီးနောက် တတ်လှမ်းသူဒါဇင်ခန့်က ချက်ချင်း ပျံသန်းသွားပြီး အကျဉ်းထောင်၏ ဝင်ပေါက်များဆီသို့ ဦးတည်သွားကြသည်။

ထောင်မှူးကြီးနှစ်ယောက်က ငတုံးများမဟုတ်လေရာ ထိုမြင်ကွင်းက တစ်စုံတစ်ခု မသင်္ကာစရာကောင်းကြောင်း မည်သို့ကြောင့် သူတို့မသိဘဲနေမည်နည်း။ သို့ဖြစ်၍ သူတို့၏ နှလုံးသားထဲမှ ဒေါသက ပိုပြီးကြီးမားလာသည်။ သို့သော်လည်း သူတို့၏ တိုက်ပွဲစွမ်းအားက မလုံလောက်ကြောင်း သိသည်။

သို့ဖြစ်၍ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်ပြီးနောက် သူတို့က စိတ်ဆုံးဖြတ်လိုက်ကြသည်။

“ ဒီအုပ်စုက အရမ်းအရှက်မဲ့လွန်းတယ်… ငါတို့ ဒီကိစ္စကို အထက်ကို တင်ပြရမယ်… ရိက္ခာထိန်းသိမ်းသူဌာနက အတိတ်မှာ လူတွေအများကြီးကို ရန်ပြုခဲ့တယ်… ဒီတစ်ကြိမ် သူတို့ရဲ့ လုပ်ရပ်က အရမ်းလွန်သွားပြီ "

" ဒီကိစ္စကို မင်းက ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်က အရှင်သခင်(၁၇)ပါးဆီ တင်ပြပါ… ငါကတော့ ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်က တခြားအင်အားစုတွေဆီ အကြောင်းကြားလိုက်မယ်… ဒီအုပ်စုရဲ့ အနောက်မှာ ကြီးမားတဲ့ နောက်ခံအင်အားတွေရှိရင်တောင် ဒီလိုလုပ်ရပ်က သေချာပေါက် အပြစ်ပေးခံရလိမ့်မယ် "

ဆုံးဖြတ်ချက်ချပြီးနောက် ထောင်မှူးကြီးနှစ်ယောက်က ကျောက်စိမ်းတုံကင်များကို ချက်ချင်း ထုတ်လိုက်ကြပြီး ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်လိုက်ကြသည်။

ရိတ်သိမ်းမှုသည်တော့ ဆက်လက် ဖြစ်ပွားနေသည်။

အကျဉ်းထောင်ထဲသို့ ပိုမိုများပြားသော တတ်လှမ်းသူများ ဝင်ရောက်လာသည့်အခါ မူလအနှစ်သာရ ရိတ်သိမ်းနိုင်သော ဧရိယာက ပိုပြီးကျယ်ပြောလာသည်။ ဤနေရာမှ ထောင်စောင့်များက သူတို့ကို လုံးဝမရပ်တန့်နိုင်ကြပေ။

မည်သို့ဖြစ်ပါစေ ဤနေရာမှ စည်းချအစီအရင်က နတ်ဘုရားများကိုသာ အဓိကပစ်မှတ်ထားသည်။ ယင်းက ကျင့်ကြံသူများ အထူးသဖြင့် လူသားကျင့်ကြံသူများအပေါ်တွင် အများကြီး သက်ရောက်မှုမရှိပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အကျဉ်းထောင်၏ အနက်ပိုင်းထဲတွင် ကြယ်တာရာစက်ဝန်းနှင့် တခြားလူများ မစူးစမ်းရသေးသော ဧရိယာတစ်ခုထဲတွင် ဒြပ်နှောများက လေထဲမှာ အလွန်သိပ်သည်းစွာ ပြည့်နှက်နေသည်။ ထို့ပြင် နတ်ဘုရားမှော်သင်္ကေတများက ဘေးပတ်ဝန်းကျင်၌ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

ယင်းက ဤနေရာကို အပြင်လောကထဲမှ သီးခြားတည်ရှိစေသည်။ သူတို့မြင်နိုင်သည်မှာ အလွန်ထူထဲသော မြူခိုးထုသာ ဖြစ်သည်။

မြူခိုးထု၏ အနက်ပိုင်းထဲတွင် ယဇ်ပလ္လင်တစ်ခု ရှိသည်။

ထိုယဇ်ပလ္လင်ကို နတ်ဘုရားအရိုးများဖြင့် တည်ဆောက်ထားသည်။ ထို့ပြင် ဝေဝါးနေသော ပုံရိပ်လေးခုက ယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေကြသည်။

၎င်းတို့၏ ချောက်ချားဖွယ်ကောင်းသော ခန္ဓာကိုယ်များက လက်တံအများအပြားဖြင့် လှုပ်ယမ်းနေကြသည်။ ၎င်းတို့တင်ပျဉ်ခွေထိုင်နေစဉ် မထင်ရှားသော နတ်ဘုရားစွမ်းအင်က ၎င်းတို့ထံမှ တိတ်တဆိတ် ထွက်ပေါ်နေသည်။

" ငါတို့အစီအစဉ်ကို လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့တယ်… ဒီနေရာက အဆင့်နိမ့်မျိုးနွယ်စုတွေလည်း အဲ့ဒါကို မသိကြဘူး… အရာအားလုံးက ဖုံးကွယ်ခံထားရတယ်… ”

“ အဲ့ဒီခြေလှမ်းဝက်အင်မော်တယ် လူသားကျင့်ကြံသူနှစ်ယောက်တောင်မှ ငါတို့ဆရာကြောင့် အသိအမြင်လှည့်စားခံထားရတယ် ”

“ အဲ့ဒါကို… အပြင်လောကက ဘယ်လိုလုပ် သတင်းရသွားတာလဲ ”

နတ်ဘုရားလေးပါး၏ နတ်ဘုရားအသံများက ၎င်းတို့အချင်းချင်း၏ နတ်ဘုရားအခွင့်အာဏာအတွင်း၌ ပဲ့တင်ထပ်သွားသည်။

" အဲ့ဒီလူသားတွေက အမှန်တရားကို အပြည့်အဝ နားမလည်သေးတဲ့ပုံပဲ… သူတို့ရဲ့ လုပ်ရပ်က သံသယဝင်စရာကောင်းတယ် ”

" သူတို့က ဒီနေရာကို အာရုံမခံမိသေးပေမဲ့ သူတို့ရဲ့ ရှာဖွေမှုက ပိုပြီးနက်ရှိုင်းလာနေတယ် ”

" ဟုတ်တယ်… ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံထဲမှာ လူအများကြီးကို အာရုံခံမိတယ်… သူတို့က နတ်ဘုရားတွေကို စစ်ဆေးမေးမြန်းပြီး မူလအနှစ်သာရတွေကို ရိတ်သိမ်းနေကြတယ် ”

" ဒီအတိုင်းဆက်သွားမယ်ဆိုရင် သူတို့က ဒီနေရာကို သေချာပေါက် ရှာတွေ့သွားလိမ့်မယ် ”

“ ဒီတော့… ငါတို့တွေ တိတ်တဆိတ် ဆက်ပြီး စောင့်ကြည့်နေသင့်လား… ဒါမှမဟုတ် အစီအစဉ်ကို အရှိန်မြှင့်တင်သင့်လား ”

နတ်ဘုရားလေးပါးက နှုတ်ဆိတ်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် နတ်ဘုရားအသံက ထပ်မံ ပဲ့တင်ထပ်လာသည်။

“ ဒါပေမဲ့ အရှင်သခင်က အပြည့်အဝ ပြန်မရောက်သေးဘူး… အခုချိန်မှာ ဆက်သွယ်မှုအမျှင်တန်းတစ်ခုပဲ ရှိသေးတယ်… ငါတို့သေချာမပြင်ဆင်ရသေးဘူး… တကယ်လို့ အလျင်စလို ငါတို့ဆောင်ရွက်လိုက်ရင် အရှင်သခင်ပြန်ရောက်လာတဲ့အခါ အားနည်းနေလိမ့်မယ် ”

" ဒါပေမဲ့ အခုမဆောင်ရွက်ဘူးဆိုရင် အရှင်သခင် ပြန်ရောက်လာနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ် ”

“ ဒီအတွက် ငါတို့က နှစ်ပေါင်းများစွာကြာအောင် ပြင်ဆင်ထားခဲ့တာ… ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ… သူတို့က ဘယ်လို သတိထားမိသွားတာလဲ ”

နတ်ဘုရားလေးပါးက ထပ်မံ နှုတ်ဆိတ်သွားကြသည်။

အပြင်လောကထံမှ ရုတ်တရက် စစ်ဆေးရှာဖွေမှုက ၎င်းတို့ကို သတိလက်လွတ်ဖြစ်စေသည်။ ထို့ပြင် ထိုလူများက အကျဉ်းထောင်ဖောက်ခြင်းနှင့် နတ်ဘုရားများ၏ ပုန်ကန်မှုကို တားဆီးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့သိထားကြသည်။

သို့ဖြစ်၍ ၎င်းတို့က နှလုံးတုန်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် အကယ်၍ ၎င်းတို့သာ မူလအစီအစဉ်အတိုင်း ဆောင်ရွက်နိုင်မည်ဆိုလျှင် မည်သည့်ပြဿနာမှ ရှိလာလိမ့်မည် မဟုတ်ချေ။ ထိုအချိန်ကျလျှင် ၎င်းတို့၏ အရှင်သခင်က အထွတ်အထိပ်စွမ်းအားဖြင့် ပြန်ရောက်လာပြီး ၎င်းတို့ကို ခေါ်ဆောင်၍ ကြယ်တာရာစက်ဝန်းထံမှ လမ်းညွှန်မှုနှင့်အတူ ဤအမှတ်ငါးကြယ်တာရာစက်ဝန်း၏ အပြင်ဘက်ဆီသို့ တည်နေရာပြောင်းရွှေ့သွားလိမ့်မည်။

သို့သော်လည်း ယခု…

“ ဘာမှစဉ်းစားမနေနဲ့တော့ အစီအစဉ်ကို အရှိန်မြှင့်တင်ဖို့ ငါသဘောတူတယ် ”

" ဒါဆို အခုပဲ စရအောင် ”

နတ်ဘုရားလေးပါး၏ ခန္ဓာကိုယ်က ရွှေရောင်ထွန်းလင်းတောက်ပလာသည်။ ၎င်းတို့၏ နတ်ဘုရားအသံများက ပေါင်းစပ်သွားသည်နှင့် ၎င်းတို့က သဘောတူညီမှုတစ်ခု ပြုလုပ်နိုင်သွားကြသည်။ ထို့နောက် ၎င်းတို့က တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြပြီး ယဇ်ပလ္လင်ပေါ်သို့ ဖိချလိုက်ကြသည်။

နောက်အခိုက်အတန့်မှာ ယဇ်ပလ္လင်က ဝုန်းခနဲ မြည်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ယဇ်ပလ္လင်ထံမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ ထို့နောက် ရွှေရောင်မုန်တိုင်းတစ်ခုက အကျဉ်းထောင်၏ ကောင်းကင်ယံတွင် တိုက်ရိုက် ထွက်ပေါ်လာသည်။

ထိုစဉ် အကျဉ်းထောင်၏ အလယ်ပိုင်းဧရိယာထဲတွင် ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက ခြောက်သွေ့ခါနီးနေသော နတ်ဘုရားထံမှ မူလအနှစ်သာရကို ဆွဲထုတ်နေကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဝုန်းခနဲ မြည်သံက အကျဉ်းထောင်ထဲမှာ ပေါက်ကွဲသွားပြီး ဒြပ်နှောများက လေထဲမှာ ချက်ချင်း ပြည့်နှက်သွားသည်။ ယင်းက အကျဉ်းထောင်တစ်ခုလုံးကို အမှောင်ဖုံးလွှမ်းသွားစေသည်။

တိုးညင်းသော ဟိန်းသံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

နတ်ဘုရားများက စတင်ပုန်ကန်လိုက်ကြသည်။

ကြယ်တာရာစက်ဝန်းက ယင်းကို ချက်ချင်း အာရုံခံမိသွားသည်။ သူက တဒင်္ဂမင်သက်သွားပြီးနောက် ချက်ချင်း မျက်နှာတည်ကြည်သွားသည်။ သူက စိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ဖြန့်ကြက်လိုက်သည်။ ထိုအခါ ရွှေရောင်အလင်းတိုင်လုံးများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားနေကြောင်း သူမြင်တွေ့သွားသည်။

ပြန်လည်ရှင်သန်နေသော အားလှိုင်းအတတ်အကျများသည်လည်း ထွက်ပေါ်လာသည်။

“ တကယ်ပဲ ပုန်ကန်မှုရှိတာလား ”

ကြယ်တာရာစက်ဝန်းက မယုံကြည်နိုင်မှုနှင့်အတူ နှလုံးတုန်သွားသည်။

သို့သော်လည်း ဤကိစ္စက အလွန်အရေးကြီးကြောင်း သူသိသည်။ သို့ဖြစ်၍ သူက လူတချို့ကို အပြင်သို့ စေလွှတ်လိုက်ပြီး ဤအကြောင်းကို သတင်းပို့စေသည်။

အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးချိန်ကြာပြီးနောက်…

နတ်ဘုရားအကျဉ်းထောင်တည်ရှိသော ရုပ်တုပေါ်တွင် ထောင်မှူးကြီးနှစ်ယောက်က ဖြစ်စဉ်ကို မှတ်တမ်းယူနေပြီး ရွှီချင်းနှင့် တခြားလူများအား အပြစ်ပေးနိုင်ရန်အလို့ငှာ သူတို့၏ သက်ဆိုင်ရာကောင်းကင်ဘုံအလွန်များထံသို့ အကြောင်းကြားရန် ပြင်ဆင်လိုက်ကြသည်။

ရွှီချင်းသည်တော့ တင်ပျဉ်ခွေထိုင်လျက် မျက်လုံးမှိတ်ထားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး အောက်သို့ စိုက်ကြည့်လိုက်လေရာ သူ၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်သော အမူအရာ ထွက်ပေါ်လာသည်။

ရွှီချင်းကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ပုံရိပ်နှစ်ခုက အပြင်ဘက်သို့ တစ်ပြိုင်နက်တည်း ပျံသန်းထွက်လာကြသည်။ တစ်ယောက်က ထောင်စောင့်ဖြစ်ပြီး တခြားတစ်ယောက်က တတ်လှမ်းသူဖြစ်သည်။

သူတို့နှစ်ယောက်၏ အလျင်က တူညီသည်။ သူတို့က သက်ဆိုင်ရာအင်အားစုထံသို့ အလျင်စလို ပျံသန်းသွားကြသည်။ သူတို့က အနားသို့ ရောက်ရှိသွားသည့်အခါ တည်ကြည်လေးနက်သော အမူအရာဖြင့် အော်ပြောလိုက်ကြသည်။

" ဆရာတို့… နတ်ဘုရားတွေက အကျဉ်းထောင်ဖောက်ဖို့ တကယ်ပဲ လုပ်ဆောင်နေကြပါတယ် ”

ယင်းကို ရွှီချင်းကြားသောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး ကျိုးကျန်းလီကို ကြည့်လိုက်သည်။

ကျိုးကျန်းလီသည်လည်း အံ့ဩသွားသည်။

ဤအခိုက်အတန့်မှာ အစက ရွှီချင်းနှင့် တခြားလူများကို ဒေါသထွက်နေသော ထောင်မှူးကြီးနှစ်ယောက်သည်လည်း ဆွံ့အသွားကြသည်။

ကျယ်လောင်သော ဝုန်းခနဲ မြည်သံက သူတို့၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ဤအခိုက်အတန့်မှာ သူတို့က ဆက်ပြီး မှတ်တမ်းမတင်နိုင်ကြတော့ပေ။ မယုံကြည်နိုင်မှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာစဉ် ချွေးစေးများက သူတို့၏ နဖူးပေါ်မှ စီးကျလာသည်။

အကျဉ်းထောင်ဖောက်မှုက အမှန်တကယ် ဖြစ်ပေါ်လာသည်။

သူတို့ဘာမှမလုပ်ဆောင်နိုင်ခင် မြေပြင်က အပြင်းအထန် တုန်ခါသွားသည်။ ရွှေရောင်အလင်းတိုင်လုံးများက မြေကြီးထဲမှ မြှောက်တတ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။

ဒြပ်နှောများက ဤအခိုက်အတန့်မှာ ပိုပြီးသိပ်သည်းလာသည်။

ထောင်မှူးကြီးနှစ်ယောက်က အသက်ရှူမြန်လာပြီး ရွှီချင်းကို အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။ အစောနက သူတို့၏ နှလုံးသားထဲမှ မကျေနပ်မှုနှင့် ဒေါသက ယခု လုံးဝပျောက်ကွယ်သွားသည်။

နတ်ဘုရားများ၏ အကျဉ်းထောင်ဖောက်မှုက အလွန်အရေးကြီးသော ကိစ္စဖြစ်ကြောင်း သူတို့နှစ်ယောက်သိသည်။ အထူးသဖြင့် နတ်ဘုရားများ လွတ်မြောက်သွားလျှင် အကျိုးဆက်က ပိုပြီးဆိုးဝါးလိမ့်မည်။

" ဆရာ "

သူတို့နှစ်ယောက်က စိုးရိမ်ကြောင့်ကြလာပြီး တစ်ချိန်တည်းမှာ ပြောသည်။ သူတို့က ရွှီချင်းတို့အဖွဲ့၏ ရည်ရွယ်ချက်အမှန်ကို အပြည့်အဝ မယုံကြည်နိုင်သော်လည်း အကျဉ်းထောင်ဖောက်မှုက အမှန်တကယ် ဖြစ်ပွားလာပြီ မဟုတ်ပါလော။ သို့ဖြစ်၍ ယင်းကို သူတို့ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အရေးမကြီးတော့ပေ။

ယခု အရေးကြီးဆုံးက အကျဉ်းထောင်ဖောက်မှုကို ဖြေရှင်းရန် ဖြစ်သည်။

ရွှီချင်း၏ အကြည့်က နက်မှောင်သွားပြီး သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

ဤအခိုက်အတန့်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံက အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ကမ္ဘာတုန်ဟီးစေနိုင်သော ဖိအားကို ထုတ်လွှတ်လိုက်သည်။ သူက ထိုဖိအားကို အသုံးပြု၍ ရွှေရောင်အလင်းနှင့် ရုပ်တုထံမှ ထုတ်လွှတ်နေသော ဒြပ်နှောများကို ဖိနှိပ်လိုက်သည်။

ရုပ်တုက တုန်ယင်သွားသည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ လေးနက်သော အသံက ပဲ့တင်ထပ်သွားသည်။

“ ဒီအကျဉ်းထောင်ကို ငါတို့အဖွဲ့ ယာယီသိမ်းယူမယ် ”

“ ကျိုးကျန်းလီ… ပုန်ကန်ဖို့ ကြိုးစားနေတဲ့ နတ်ဘုရားတွေကို ဖိနှိပ်ဖို့ လူတိုင်းကို အကြောင်းကြားလိုက်ပါ ”

All Chapters