← Chapters

ရွှီချင်း ဒေါသထွက်ပြီ

Vol. 111 Ch. 1704

ရွှီချင်း ဒေါသထွက်ပြီ

Vol. 111 Ch. 1704

ဝမ်ကူးကုန်းမြေ၏ လေထုက ရင်းနှီးကျွမ်းဝင်သော လူသားသဘာဝကို ဆောင်ကြဉ်းလျက် အတိတ်မှ မှတ်ဉာဏ်များကို လှုံ့ဆော်ပေးနေသည်။

လေက အဆုံးမဲ့ပင်လယ်မှ တိုက်ခတ်လာနေသည်။

ဒြပ်နှောများက ဤလောကထဲမှ နေရာတိုင်းမှာ ပြည့်နှက်နေသည်။

ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် လုံးဝကွာခြားသည်။

ယင်းတို့အားလုံးကို အာရုံခံမိပြီးနောက် ရွှီချင်းက ပါးစပ်ဟလိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ ပြောမထွက်လာပေ။

သူ၏ မျက်လုံးထဲမှ လောကက အနည်းငယ် ဝေဝါးနေသည်။ ဖြစ်နိုင်သည်မှာ ဒြပ်နှောက ဤနေရာမှ အရာအားလုံးကို ဝေဝါးစေပြီး ပုံပျက်တွန့်လိမ်စေဟန် ရ၏။ သို့မဟုတ် နတ်ဘုရားများက ဝမ်ကူးကုန်းမြေ၏ အရာအားလုံးကို သိမ်းပိုက်ထားသောကြောင့် ဖြစ်နိုင်၏။

သူ၏ အရှေ့မှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဖွားအိုသည်သာ ရွှီချင်း၏ မျက်လုံးထဲတွင် ရှင်းလင်းထင်ရှားသည်။

အဖွားအို၏ မျက်နှာပေါ်မှ အရေးအကြောင်းများက အချိန်ကာလ၏ အမှတ်အသားများနှင့် ဆင်တူသည်။ သူက ကံကြမ္မာ၏ ကျီစယ်မှုနှင့် လောကဓံ၏ သဘောတရားကို တွေ့ကြုံခံစားခဲ့ရကြောင်း ယင်းတို့က ဖော်ပြပေးနေသည်။

ရွှီချင်းသည် အတိတ်မှာ သူတွေ့ဆုံခဲ့သော လိပ်ပြာလေးကို မှတ်မိနေဆဲပင်။

သူ၏ မှတ်ဉာဏ်များထဲတွင် တစ်ဖက်လူက ဖျတ်လတ်တတ်ကြွသော မိန်းကလေးဖြစ်ပြီး သူနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ထိုမိန်းကလေးက သူ့ကို နွေဦးအင်မော်တယ်နန်းတော်ဆီသို့ ပထမဆုံးအကြိမ် ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာမှာ သူက လူသားမျိုးနွယ်ထဲမှ နွေဦးအင်မော်တယ်နန်းတော်သခင်ဖြင့် တွေ့ဆုံခဲ့သည်။

သို့တိုင် ထိုမှတ်ဉာဏ်အပိုင်းအစများက ယခု သူမြင်လိုက်ရသော အမှန်တရားနှင့် ယှက်ထွေသွားသည့်အခါ ရွှီချင်းက လက်မခံနိုင်ခြင်းကို ခံစားမိသွားသည်။

“ ငါ့ဆရာ မကွယ်လွန်ခင်မှာ… အစွန်းရောက်နာကျင်မှုကို မခံစားဖူးတဲ့ လူတွေက အဲ့ဒါကို ဘယ်တော့မှ တကယ်နားလည်နိုင်မှာ မဟုတ်ဘူးလို့ ဆရာပြောခဲ့ဖူးတယ်… အဲ့ဒါက နင်မယုံကြည်ချင်တဲ့ စိတ်ခံစားမှုတစ်မျိုးပဲ… အဲ့ဒါက သဘာဝအလျောက် ကိုယ့်ကိုယ်ကိုယ် လိမ်ညာလှည့်စားခြင်းပဲ… တကယ်မဖြစ်ပျက်ခဲ့ဘူးလို့ ကိုယ့်ဘာသာ အတင်းဟန်ဆောင်စေတယ် ”

“ ဒါပေမဲ့ အစွန်းရောက်နာကျင်မှု ပြီးသွားတဲ့အခါ ဟင်းလင်းပြင်ပဲ ကျန်နေမယ် ”

အဖွားအိုက ခါးသက်သက် ရယ်မောလိုက်သည်။

“ ကပ်ဘေးကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ပြီးတဲ့နောက်… ဆုံးရှုံးမှုကို ငါကိုယ်တိုင် ခံစားရလိုက်တဲ့နောက်… ဆရာပြောခဲ့တဲ့ စကားကို ငါနားလည်သွားခဲ့တယ်… အစွန်းရောက်နာကျင်မှုကို အမှန်တကယ် ငါခံစားမိခဲ့တယ်… ပြီးတော့ နှစ်ပေါင်းတစ်ထောင်ကြာသွားတာတောင် အဲ့ဒါကို ငါမဖယ်ရှားနိုင်ခဲ့ဘူး ”

“ ဒီနေ့… နင့်ကို ငါမြင်လိုက်ရတယ်… နင် တစ်နေ့နေ့မှာ အဲ့ဒါကို ကျော်လွှားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် ”

သူ၏ စကားများထဲမှာ နက်ရှိုင်းသော ဝမ်းနည်းမှုနှင့် စိုးရိမ်ကြောင့်ကြမှု တစ်စွန်းတစ်စ ကိန်းအောင်းနေသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး အဝေးသို့ စတင်လျှောက်သွားသည်။ သူ၏ ပုံရိပ်က ယိုယွင်းပျက်စီးနေပုံပေါ်ပြီး အထီးကျန်မှုဖြင့် ပြည့်နှက်နေဟန် ရ၏။ ဤသည်မှာ သူက သက်ရှိအလောင်းကောင်ဖြစ်သည့်အလားပင်။

ရွှီချင်းက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး အဝေးသို့ လျှောက်သွားနေသော အဖွားအိုကို ကြည့်လိုက်သည်။ သူက ရုတ်တရက် ပြောသည်။

“ ငါ့ဆရာရော… စီနီယာအကိုကြီးရော… ကျစ်ရွှမ်းနဲ့ လင်းအာရော… ပြီးတော့ ငါ့မိတ်ဆွေတွေနဲ့ တာအိုရောင်းရင်းတွေရော… သူတို့… သူတို့တွေ ဘာဖြစ်သွားကြလဲ ”

အက်ရှရှအသံက ရွှီချင်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ အကယ်၍ ရွှီချင်းနှင့် ရင်းနှီးကျွမ်းဝင်သော လူများသာ သူ၏ ထိုအသံကို ကြားလိုက်ရမည်ဆိုလျှင် သေချာပေါက် ဆွံ့အသွားကြလိမ့်မည်။ ဤသည်မှာ ထိုအသံက မရေမတွက်နိုင်သော သဲမှုန်များနှင့် ကျောက်ခဲများကို ကြိတ်ခြေပစ်ခြင်းမှ ထွက်ပေါ်လာသည့်အလားပင်။

ရွှီချင်းက ထိုမေးခွန်းကို မမေးဝံ့ပေ။ သို့သော်လည်း သူက မေးဖြစ်အောင် မေးလိုက်ဆဲပင်။ သူ၏ အသံက အက်ရှနေပြီး တုန်ယင်နေသည်။

အဖွားအို၏ ခြေလှမ်းက ရပ်တန့်သွားသည်။ သူက ရွှီချင်းကို နောက်ကျောပေးလျက် အချိန်တစ်ခဏကြာအောင် တိတ်ဆိတ်သွားသည်။ ထို့နောက် အချိန်အငွေ့အသက်နှင့် သမိုင်းပုံရိပ်များကို သယ်ဆောင်ထားဟန်ရသော သူ့အသံက ရှေးဟောင်းပုလွေထံမှ လွမ်းချင်းတေးသံပမာ ထွက်ပေါ်လာသည်။

“ လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ရှေးဟောင်းအင်မော်တယ်က ဒီလောကပေါ် ဆင်းသက်လာပြီး တစ်စုံတစ်ခုကို ရှာဖွေခဲ့တယ် ”

“ ပထမဆုံး သူက လူသားမျိုးနွယ်ဆီ သွားရောက်ခဲ့ပြီး ဓားကိုင်ဧကရာဇ်ရဲ့ ရုပ်တုဆီ အလည်သွားခဲ့တယ်… အဲ့ဒီနောက် သူက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့တယ် ”

“ ဧကရီလို အစွမ်းထက်ပုဂ္ဂိုလ်တောင်မှ ရှေးဟောင်းအင်မော်တယ်ရဲ့ အရှေ့မှာ ဂျူနီယာတစ်ယောက်နဲ့ ဘာမှမခြားဘူး… ဧကရီရဲ့ မှတ်ဉာဏ်တွေက ဖျက်ဆီးခံလိုက်ရပြီး သူက ရှေးဟောင်းအင်မော်တယ်ရဲ့ ဘေးမှာ နတ်ဘုရားကျေးကျွန်အဖြစ် ပြောင်းလဲခံလိုက်ရတယ် ”

“ နင့်ဆရာက အစကတော့ ကြားဝင်မစွက်ဖက်ခဲ့ဘူး… သူ့အတွက်တော့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက ဘာမှအရေးမပါဘူး… သူက သူလက်လှမ်းမီနိုင်တဲ့ အရာတွေကိုပဲ ဂရုစိုက်တယ် ”

“ ရှေးဟောင်းအင်မော်တယ်က နန်းဟွမ်ကုန်းမြေအပေါ် ဘယ်တုန်းကမှ ခြေမချခဲ့ဘူး… နင့်ဆရာနဲ့ သူ့ကြားက ကမ္မဆက်နွယ်မှုက နန်းဟွမ်ကုန်းမြေကို ဘေးကင်းလုံခြုံစေခဲ့တဲ့ပုံပဲ ”

“ ဒါပေမဲ့ နောက်ဆုံးမှာတော့ နင့်ဆရာက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီး ရှေးဟောင်းအင်မော်တယ်နဲ့ တိုက်ခိုက်ခဲ့တယ်… သူက ရှေးဟောင်းအင်မော်တယ်ရဲ့ ရှာဖွေမှုကို တားဆီးချင်တယ်… ဘာကြောင့်လဲဆိုတော့ ရှေးဟောင်းအင်မော်တယ် ရှာဖွေနေတဲ့အရာက နင့်ရဲ့ စီနီယာအကိုကြီးဖြစ်နေလို့ပဲ ”

“ နင့်ရဲ့ ဆရာက သူ့တပည့်အတွက် တိုက်ခိုက်ခဲ့တယ်… နင့်ရဲ့ စီနီယာအကိုကြီးလည်းပဲ ဟွမ်ကောင်းကင်ဘုံကနေ ပြန်ရောက်လာပြီး သူ့ဆရာနဲ့ ဘေးချင်းယှဉ်ရပ်ခဲ့တယ်… သူက ခြေလှမ်းဝက်အင်မော်တယ်အဆင့်ရဲ့ အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်ခဲ့ပြီး သူ့ဆရာနဲ့အတူ ရှေးဟောင်းအင်မော်တယ်ကို ရင်ဆိုင်ခဲ့တယ်… ဒါပေမဲ့ ရလဒ်က မပြောင်းလဲသွားဘူး ”

“ အဲ့ဒီတိုက်ပွဲမှာ နင့်ဆရာက သေဆုံးသွားပြီး နင့်ရဲ့ စီနီယာအကိုကြီးက ရူးသွပ်သွားတယ်… နောက်ဆုံးမှာတော့ သူက ရှေးဟောင်းအင်မော်တယ်ရဲ့ တာအိုအတွက် ယဇ်ပူဇော်မှုဖြစ်လာတယ် ”

“ အဲ့ဒီနောက် နင့်ရဲ့ ချီယွဲ့ထုံဂိုဏ်းက ဖျက်ဆီးခံလိုက်ရတယ်… နင့်ရဲ့ တခြားစီနီယာအကိုတွေနဲ့ စီနီယာအမတွေအားလုံး သေဆုံးသွားကြတယ်… နန်းဟွမ်ကုန်းမြေက အဆုံးမဲ့ပင်လယ်ထဲမှာ နစ်မြုပ်သွားပြီး မီးတောက်ဖီးနစ်က အလောင်းဖြစ်လာတယ် ”

“ အဲ့ဒီနောက် ရှေးဟောင်းအင်မော်တယ်က ထွက်သွားတယ်… ဟွမ်ကောင်းကင်ဘုံက ပရမ်းပတာဖြစ်သွားပြီး နောက်ပိုင်းမှာ အသစ်တဖန် ပြန်နိုးထလာတယ်… အဲ့ဒီအချိန်မှာ ရှေးဟောင်းဝိညာဉ်အင်ပါယာက သူ့ရဲ့ ဩဇာအာဏာကို ပြန်သိမ်းယူခဲ့ပြီး ဝမ်ကူးကုန်းမြေကို ပိုပြီးပရမ်းပတာဖြစ်စေခဲ့တယ် ”

“ ကျစ်ရွှမ်းကတော့… သူ့ကို ငါကောင်းကောင်း မှတ်မိနေသေးတယ်… သူက ပရမ်းပတာဖြစ်နေတဲ့ ဝမ်ကူးကုန်းမြေမှာ အသက်ရှင်ဖို့အတွက် ရုန်းကန်ခဲ့တယ်… ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက အသစ်ထွက်ပေါ်လာတဲ့ နတ်ဘုရားတစ်ပါးရဲ့ အစာဖြစ်သွားတယ် ”

“ ပြီးတော့ လင်းအာ… သူ့ကိုလည်း ငါမှတ်မိတယ်… သူက ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ ဝါးမျိုခံခဲ့ရတယ်… လင်းအာရဲ့ ကမ္မနဲ့ ကံကြမ္မာက သူ့ဆီ ပြန်ရောက်သွားတယ် ”

“ နင့်ရဲ့ မိတ်ဆွေတွေကတော့… အများစုက ဒီနှစ်တစ်ထောင်အတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားခဲ့ကြတယ် ”

ရွှီချင်းက ခေါင်းငုံ့လိုက်သည်။

အဖွားအိုက နောက်ထပ် မပြောတော့ပေ။

ယင်းက လူတိုင်း၏ အဆုံးသတ်ဖြစ်သည်။

လေက တဝီဝီမြည်သံနှင့်အတူ အဝေးမှ တိုက်ခတ်လာသည်။ လေက ဖုန်မှုန့်ကို ပင့်မြှောက်လိုက်ပြီး ရွှီချင်း၏ ဆံပင်ရှည်ကို တဖျပ်ဖျပ်လွင့်မျောသွားစေသည်။ သို့သော်လည်း လေက သူ၏ နှလုံးသားထဲမှ တိတ်ဆိတ်မှုကို အဝေးသို့ မသယ်ဆောင်သွားနိုင်ပေ။

ယင်းက လူတိုင်း၏ အဆုံးသတ်ဖြစ်သည်။

အဖွားအို၏ သက်ပြင်းချသံက လေထဲသို့ ရောယှက်သွားသည်နှင့် သူက နူးညံ့စွာ ပြောသည်။

“ ဝမ်ကူးကုန်းမြေမှာ နင်ချန်ထားခဲ့တဲ့ အရာကြောင့်မဟုတ်ရင် နင်က တခြားလောကမှာ သေဆုံးသွားပြီလို့ ငါတွေးမိလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် သူက တိတ်တဆိတ် ခေါင်းယမ်းလိုက်ပြီး အဝေးသို့ အထီးကျန်စွာ လျှောက်သွားသည်။

သူ၏ ဆရာက ထွက်သွားပြီဖြစ်သော်လည်း နွေဦးအင်မော်တယ်နန်းတော်၏ သမိုင်းပေးတာဝန်က သူ၏ ပခုံးပေါ်မှာ ကျန်ရှိနေဆဲပင်။ သို့တိုင် ထိုတာဝန်က ယခုအချိန်မှာ အဓိပ္ပာယ်တစ်ခုခု ရှိနေသေးသလော သူကိုယ်တိုင် မသိတော့ပေ။

သို့သော်လည်း ယင်းက သူ့ဆရာ၏ နောက်ဆုံးဆန္ဒ ဖြစ်သည်။

သူက ဖြည်းညင်းစွာ ထွက်သွားပြီး ဝေဝါးနေသော လောကထဲ၌ ပျောက်ကွယ်သွားသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ရွှီချင်းက နေရာမှာ ရပ်နေသည်။ ယခု သူက မည်သည့်အခြေအနေမှာရှိနေကြောင်း သူမသိပေ။ သူသိသည်မှာ သူက မည်သည့်အရာကိုမှ မတွေးတောနိုင်တော့ပေ။ သူနှင့်ပတ်သက်သော အရာအားလုံးက ရပ်တန့်သွားဟန် ရ၏။

ထိုထဲမှာ သူ၏ ဝိညာဉ်လည်း ပါဝင်သည်။

လေတိုးဝှေ့သံသည်သာ ဆက်လက် ပျံ့လွင့်နေသည်။ သို့သော်လည်း သူနားထောင်နေစဉ် လေသံက ဝမ်းနည်းဖွယ်ကောင်းသော ညည်းညူသံအဖြစ် ပြောင်းလဲသွားဟန် ရသည်။

ထို့နောက် အဆုံးမဲ့သော နာကျင်မှုက သူ့အား ဒီရေသဖွယ် လွှမ်းခြုံသွားသည်။

သူ၏ အရှေ့မှ အရာအားလုံးက သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။

သူ၏ မျက်လုံးထဲမှ သူငယ်အိမ်များက နီရဲလာသည်။

သူက ပါးစပ်ဟလိုက်ပြီး တီးတိုးရေရွတ်ချင်သည်။ သို့သော်လည်း စကားလုံးများအစား သွေးက သူ၏ ပါးစပ်ထဲမှ ဒလဟော စီးကျလာသည်။

သူက ဒယိမ်းဒယိုင် အနောက်ဆုတ်သွားသည်။

“ ဒီတော့ နာကျင်မှုက အဆုံးစွန်ထိ ရောက်သွားတဲ့အခါ ဟင်းလင်းပြင်ဖြစ်လာတယ်… ”

သူက မျက်ရည်မကျနိုင်ပေ။ ဤသည်မှာ သူက အရာအားလုံးကို ဆုံးရှုံးသွားသည့်အလားပင်။

သူ၏ နှလုံးသားထဲမှ ဗလာနတ္ထိက အာကာသတွင်းနက်ပမာ ပြောင်းလဲသွားဟန်ရပြီး အရာအားလုံးကို စုပ်ယူဝါးမျိုနေသည်။

ထိုအာကာသတွင်းနက်နှင့်ပတ်သက်ပြီး အစမရှိသလို အဆုံးမရှိပေ။

ထိုခံစားချက်ကို ရင်းနှီးသည်ဟု ရွှီချင်း ခံစားမိသည်။ ဤသည်မှာ ဖရိုဖရဲအချိန်လေဟာနယ်ပင်လယ်ထဲမှာ သူရှိနေခဲ့စဉ်က ထိုသို့ခံစားမိခဲ့သည့်အလားပင်။ သို့သော်လည်း အတိတ်မှ ထိုအခြေအနေကို သူပြန်မစဉ်းစားနိုင်ပေ။

သူ၏ နှလုံးသားထဲတွင် အစောနက အဖွားအိုမထွက်သွားခင် သူချန်ထားခဲ့သော သက်ပြင်းချသံသည်သာ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသည်။

တဖြည်းဖြည်း ထိုအသံများထဲမှ စကားလုံးတချို့က မီးပွားများဖြစ်လာပြီး သူ၏ မျက်လုံးထဲမှာ ဖြည်းညင်းစွာ စုဝေးသွားကြသည်။

“ နင့်ရဲ့ စီနီယာအကိုကြီးက ရူးသွပ်သွားပြီး ရှေးဟောင်းအင်မော်တယ်ရဲ့ တာအိုအတွက် ယဇ်ပူဇော်မှုဖြစ်လာတယ် ”

“ လင်းအာက ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ ဝါးမျိုခံလိုက်ရပြီး သူ့ရဲ့ ကမ္မနဲ့ ကံကြမ္မာက ပိုင်ရှင်ဆီ ပြန်ရောက်သွားတယ် ”

“ နွေဦးထွက်ခွာဧကရီက မှတ်ဉာဏ်တွေ ဖယ်ရှားခံလိုက်ရပြီး နတ်ဘုရားကျေးကျွန်ဖြစ်လာတယ် ”

“ ဝမ်ကူးကုန်းမြေမှာ နင်ချန်ထားခဲ့တဲ့ အရာကြောင့်မဟုတ်ရင်… ”

မီးပွားများက တဖြည်းဖြည်း အလင်းရောင်ကို ထုတ်လွှတ်ပေးလာသည်။

ရွှီချင်း၏ ဦးခေါင်းက အနည်းငယ် လှုပ်ယမ်းသွားသည်။

“ စီနီယာအကိုကြီးက မသေလောက်သေးဘူး ”

“ လင်းအာကတော့… သူ့ရဲ့ အနှစ်သာရကို ရှေးဟောင်းဝိညာဉ်အင်ပါယာဆီကနေ ခွဲထုတ်လို့ ရနိုင်သေးတယ် ”

“ နွေဦးထွက်ခွာဧကရီအတွက်လည်း မျှော်လင့်ချက်ရှိသေးတယ် ”

“ ကျစ်ရွှမ်းအတွက် နောင်ဘဝရှိနိုင်သေးတယ်… ”

“ ငါရှေ့ဆက်လျှောက်ရမယ့် လမ်းက အရှည်ကြီး ကျန်နေသေးတယ်… ပြီးတော့ ဒီဟာက တစ်စုံတစ်ယောက်ပြောသွားတဲ့ စကားတွေပဲ… အဲ့ဒါတွေက အမှန်မဟုတ်တာလည်း ဖြစ်နိုင်တယ် ”

ဤအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးထဲမှ မီးပွားများက မီးတောက်အဖြစ် ပြောင်းလဲသွားသည်။

“ ပြီးတော့ ငါချန်ထားခဲ့တဲ့အရာ ရှိနေသေးတယ်… ”

ရွှီချင်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ဟန် ရသည်။ တစ်ချိန်တည်းမှာ သူ၏ နတ်ဘုရားစိတ်အာရုံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

သူ၏ စိတ်အာရုံအောက်မှာ သူရင်းနှီးသော်လည်း မရင်းနှီးဟန်ရသည့် ဤလောကထဲတွင် အပျက်အစီးများက နေရာတိုင်းမှာရှိနေပြီး နတ်ဘုရားများက နေရာအနှံ့မှာ ကျင်လည်ကျက်စားနေကြသည်။ သူ၏ နှလုံးသားမှ အော်ခေါ်လိုက်သည့်အခါ သူ၏ ဝိညာဉ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။

အချိန်အတန်ကြာပြီးနောက် အလွန်အားနည်းပြီး ပျောက်ကွယ်ခါနီးနေသော တုံ့ပြန်သံက အဆုံးမဲ့ပင်လယ်ထံမှ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။

…..

အဆုံးမဲ့ပင်လယ်အောက်မှ အလွန်နက်ရှိုင်းသော နုန်းမြေထဲတွင် အရေအတွက်များပြားသော ပင်လယ်မြွေနဂါးများက လူးလွန့်နေကြသည်။

အလွန်သိပ်သည်းသော နတ်ဘုရားအရှိန်အဝါက ၎င်းတို့တစ်ကောင်စီမှ ထုတ်လွှတ်နေသည်။ သေချာအနီးကပ်ကြည့်မည်ဆိုလျှင် ထိုပင်လယ်မြွေနဂါးများက အလွန်အရုပ်ဆိုးပြီး ၎င်းတို့၏ မျက်နှာက တစ္ဆေသရဲနှင့်ဆင်တူကြောင်း မြင်ရလိမ့်မည်။

နုန်းမြေ၏ အနက်ပိုင်းထဲတွင် အရိုးစုတစ်ခု မြှုပ်နှံခံထားရသည်။

အရိုးစု၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည်သာ အကောင်းတိုင်း ကျန်ရှိတော့သည်။ ၎င်း၏ ခါးအောက်ပိုင်းသည်တော့ ယိုယွင်းပျက်စီးနေသည်။

အကောင်းတိုင်း ကျန်ရှိနေသော ထိုခန္ဓာကိုယ်အပေါ်ပိုင်းမှာလည်း အပေါက်များဖြင့် ပြည့်နှက်နေပြီး အသွေးအသားအများကြီး မကျန်ရှိတော့ပေ။ မည်သို့ကြည့်ပါစေ ၎င်းက အလောင်းတစ်ခုနှင့် မခြားပေ။

ဤသည်မှာ အရိုးစုက ဤနေရာမှာ ချိပ်ပိတ်ခံထားရသည့်အလားပင်။ ၎င်းက ယိုယွင်းပျက်စီးနေသော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအတတ်ပညာလှိုင်းအတတ်အကျများက ထင်ရှားစွာ ရှိနေဆဲပင်။ နတ်ဘုရားအတတ်ပညာ၏ သက်ရောက်မှုအောက်မှာ ၎င်း၏ ခန္ဓာကိုယ်က နတ်ဘုရားအဖြစ်မှ တဖြည်းဖြည်း ဆုတ်ယုတ်သွားနေသည်။ ယခု ၎င်းက သာမန်လူသားတစ်ယောက်၏ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားရန် သိပ်မလိုတော့ချေ။

ဘေးပတ်ဝန်းကျင်မှ မြွေနဂါးများက ရံဖန်ရံခါ ဤနေရာသို့ ရောက်လာကြပြီး ၎င်း၏ အကြွင်းအကျန် အသွေးအသားများကို ဝါးမျိုကြဟန် ရသည်။

အကယ်၍ မမျှော်လင့်ထားသော ကိစ္စတစ်စုံတစ်ခု မဖြစ်ပေါ်လာဘဲ ဤနေရာမှ အရာအားလုံးက ပုံမှန်အတိုင်း ဆက်သွားနေမည်ဆိုလျှင် အရိုးစုပျောက်ကွယ်သွားရန် အချိန်တစ်ခုသာ လိုလိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ လှိုင်းဂယက်များက မည်းမှောင်ပြီး ငြိမ်သက်နေသော ပင်လယ်ကြမ်းပြင်အောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤသည်မှာ လေဟာနယ်က အက်ကွဲသွားသည့်အလားပင်။

ဤနေရာမှ ဒြပ်နှောသော်လည်းကောင်း သို့မဟုတ် ဖိအားသော်လည်းကောင်း ယင်းတို့အားလုံးက ချက်ချင်း ဖယ်ရှားခံလိုက်ရသည်။

နောက်အခိုက်အတန့်မှာ ပုံရိပ်တစ်ခုက လေထဲမှ ထွက်လျှောက်လာသည်။

သူက ရွှီချင်း ဖြစ်သည်။

သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း ပင်လယ်ထဲမှ အရာအားလုံးက တုန်လှုပ်သွားကြသည်။ ဤနေရာမှာ နတ်ဘုရားများ ရှိသည်ဆိုလျှင်ပင် ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက တိတ်ဆိတ်နေရန် ရွေးချယ်ကြလိမ့်မည်။

ယင်းက ပင်လယ်မြွေနဂါးနုန်းမြေဆီသို့ သူရောက်ရှိသွားသည်အထိ ကြာမြင့်ခဲ့သည်။

သူလှမ်းကြည့်လိုက်သည့်အခိုက် မြွေနဂါးအားလုံးက တုန်ယင်သွားကြသည်။ နုန်းမြေသည်လည်း ပရမ်းပတာ လှုပ်ခတ်သွားပြီး အနက်ပိုင်းထဲ၌ နစ်မြှုပ်ခံထားရသော အရိုးစုက ပြန်ပေါ်လာသည်။

အရိုးစုကို သူကြည့်လိုက်သည်နှင့် ရွှီချင်းက နှလုံးတုန်ယင်သွားသည်။

အရိုးစုက သူ၏ နတ်ဘုရားကိုယ်ပွားဖြစ်သည်။

သို့သော်လည်း နတ်ဘုရားကိုယ်ပွားထဲတွင် သူချန်ထားခဲ့သော ဝိညာဉ်သည်တော့ လေထဲမှ ဖယောင်းတိုင်မီးသဖွယ် အချိန်မရွေး ငြိမ်းသတ်သွားတော့မည့်ဟန် ရ၏။

သို့သော်လည်း အရိုးစုပေါ်မှ ဒဏ်ရာများမှတဆင့် သူ၏ နတ်ဘုရားကိုယ်ပွားက အတိတ်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရွှီချင်း ပြောနိုင်သည်။ တစ်နည်းဆိုရလျှင် သူ၏ နတ်ဘုရားကိုယ်ပွားက အတိတ်မှာ ကပ်ဘေးတစ်ခုဖြင့် တွေ့ကြုံခဲ့ရသည်။

“ ဒီနတ်ဘုရားကိုယ်ပွားကို ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်စေပြီး မူလခြေရာခံခြင်းနည်းလမ်းကို အသုံးပြုလိုက်မယ်ဆိုရင် အတိတ်မှာ ဒီကိုယ်ပွား တွေ့ကြုံခဲ့ရတဲ့ အရာအားလုံးကို ငါမြင်နိုင်လိမ့်မယ် ”

ထိုအတွေးက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ယိုယွင်းပျက်စီးနေသော အရိုးစုထံသို့ ချဉ်းကပ်သွားသည်။ ထို့နောက် သူက နတ်ဘုရားကိုယ်ပွားနှင့် ပေါင်းစပ်ရန် သူ၏ ညာလက်ကို မြှောက်လိုက်သည်။

သို့သော်လည်း သူက လက်မြှောက်လိုက်ပြီး အောက်သို့ ဖိချရန် ဟန်ပြင်လိုက်စဉ် ရွှီချင်း၏ ခန္ဓာကိုယ်က ရုတ်ချည်း ရပ်တန့်သွားသည်။ သူက သူ့အရှေ့မှ နတ်ဘုရားကိုယ်ပွားကို သေချာစိုက်ကြည့်လိုက်သည့်အခါ သူ၏ အမူအရာက ရုတ်တရက် ထူးဆန်းသွားသည်။

“ ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်က နတ်ဘုရားမျက်နှာပျက်ကြီးဆီကနေ ဆင်းသက်လာတာပဲ… ငါ့ဝိညာဉ်က ဖျက်ဆီးခံလိုက်ရမယ်ဆိုရင်တောင် ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်နိုင်မှာလဲ… ပြီးတော့ နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အသွေးအသားနဲ့ ဖန်တီးထားတဲ့ ရုပ်ခန္ဓာကိုယ်ကို ဘယ်လိုနတ်ဘုရားအတတ်ပညာက အလွယ်တကူ ချိပ်ပိတ်နိုင်မှာလဲ ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က အဆုံးမဲ့ပင်လယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ထိုနေရာတွင် နတ်ဘုရားမျက်နှာပျက်ကြီး မရှိပေ။

အစောနက ယင်းကို သူသံသယမဝင်ခဲ့ပေ။

တစ်ချိန်တည်းမှာ သူက ယခင်အတွေ့အကြုံအားလုံးကို ပြန်စဉ်းစားလိုက်သည်။ စစ်မြေပြင်မှာသော်လည်းကောင်း သို့မဟုတ် နတ်ဘုရားအရှင်သခင်နှင့် တိုက်ပွဲမှာသော်လည်းကောင်း ယင်းတို့ကို အလေးအနက် သူမတွေးခဲ့ပေ။ ဝမ်ကူးကုန်းမြေက ဝေဝါးနေသည့်တိုင် ယင်းကို သူက အထူးတလည် မစဉ်းစားခဲ့ပေ။

ဤအခိုက်အတန့်မှာ ထိုအတွေးအားလုံးက ကြေးမုံများနှင့် ဆင်တူလာသည်။ ရွှီချင်း၏ အတွေးများက မြန်ဆန်စွာ ရွှေ့ပြောင်းသွားနေစဉ် သူက ရုတ်တရက် အော်ပြောလိုက်သည်။

“ မိုးသောက်အင်မော်တယ်နန်းတော်… ကောင်းကင်ဘုံအလွန်… ”

“ ဖိနှိပ်စမ်း ”

သူ၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း လောက၏ အရောင်က ပြောင်းလဲသွားပြီး အဆုံးမဲ့ပင်လယ်က လှိုင်းတဝုန်းဝုန်း ထသွားသည်။ ဝမ်ကူးကုန်းမြေက အပြင်းအထန် တုန်ယင်သွားသည်။

အက်ကွဲသံများက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

ဤသည်မှာ အင်မော်တယ်နန်းတော်က တခြားလောကမှ ဆင်းသက်လာနေသည့်အလားပင်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အရှေ့မှ အရာအားလုံးက ပေါက်ထွက်သွားသော ရေပူဖောင်းတစ်လုံးနှယ် ပျောက်ကွယ်သွားသည်။ ဖောက်ဟူသော မြည်သံနှင့်အတူ အရာအားလုံးက အက်ကွဲသွားသည်။

အရာအားလုံးက ကြယ်တာရာကောင်းကင်နှင့် ထွန်းလင်းတောက်ပသော ကြယ်အလင်းရောင်ဖြင့် အစားထိုးခံလိုက်ရသည်။ ဤအခိုက်အတန့်မှာ အင်မော်တယ်နန်းတော်၏ စွမ်းအားက ထွက်ပေါ်လာသည်။

ယင်းက ပုံရိပ်ယောင်အားလုံးကို ဖယ်ရှားလိုက်ပြီး အစစ်အမှန်ကို ထွက်ပေါ်လာစေသည်။

လောကက သိသာစွာ ပြောင်းလဲသွားသည်။

ရွှီချင်းက အရာအားလုံးကို ရှင်းလင်းစွာ မြင်သွားသည်။

ဒီနေရာက ဘယ်လိုလုပ် ဝမ်ကူးကုန်းမြေဖြစ်မှာလဲ… ဒီနေရာက ကောင်းကင်ဘုံအလွန်ထဲမှာပဲ…

သူ့အရှေ့မှ အရိုးစုက သူ၏ နတ်ဘုရားကိုယ်ပွား မဟုတ်ပေ။ ယင်းအစား လူသားတစ်ပိုင်း ပင့်ကူတစ်ပိုင်းဖြစ်သော အစစ်အမှန်နတ်ဘုရား ဖြစ်သည်။

အစစ်အမှန်နတ်ဘုရားက ရွှီချင်းကို ၎င်းအား အရင်ဦးစွာ လာရောက်ပေါင်းစပ်စေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုနည်းဖြင့်ဆိုလျှင် ၎င်းက ကြားခံနယ်ကို ပြောင်းလဲပစ်ပြီး အပြည့်အဝ ပြန်ရှင်သန်နိုင်ရန်အလို့ငှာ ရွှီချင်း၏ ခန္ဓာကိုယ်ကို ချေးငှားနိုင်လိမ့်မည်။

သို့သော် ရွှီချင်းက ပြန်နိုးလာခဲ့သည်။

သူ၏ ပြန်နိုးလာမှုက အစစ်အမှန်နတ်ဘုရားကို ကြီးမားသော တန်ပြန်ဆိုးကျိုးအား ခံစားရစေသည်။ အထူးသဖြင့် ၎င်းက အင်မော်တယ်နန်းတော်နှင့် ကောင်းကင်ဘုံအလွန်၏ ဖိနှိပ်ခြင်းကိုလည်း ခံလိုက်ရသေးသည်။

ယင်းက အစစ်အမှန်နတ်ဘုရားကို အကြီးအကျယ် အမူအရာပျက်ယွင်းသွားစေသည်။ ပမာဏများပြားသော ရွှေရောင်သွေးက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ဒလဟော စီးကျလာသည်။ အော်ဟစ်ညည်းညူသံသည်ပင် အရပ်ရှစ်မျက်နှာဆီသို့ ပျံ့လွင့်သွားသည်။

“ မင်း ဘယ်လိုလုပ် နိုးလာတာလဲ ”

သို့သော်လည်း ၎င်းမြင်တွေ့လိုက်ရသည်မှာ ဒေါသမာန်ဟုန် တောက်လောင်နေသော ရွှီချင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ ဒေါသက ရှားရှားပါးပါး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

All Chapters