ကမ္ဘာမြေမှ ထွက်ခွာခြင်း
Vol. 4 Ch. 53
"ဘာ? မင်း ခွင့်တိုင်ချင်တာလား?" ရုံးခန်းအတွင်း၊ အတန်း ၁၇ ၏ အမျိုးသမီးအတန်းပိုင်ဆရာမက မေးလိုက်သည်။ သူမ ဖုန့်လင်းကို တင်းမာသည့်မျက်နှာဖြင့် စိုက်ကြည့်နေခဲ့သည်။
မင်းက တစ်ပတ်လုံး အကြောင်းပြချက်လေးတောင်မပေးဘဲ ကျောင်းပျက်နေတယ်။ ငါ မင်းဆီကဖြေရှင်းချက်တောင်းဖို့တောင် မစဉ်းစားရသေးဘူး။
နောက်ဆုံးမှာ ပြန်လာပြီး မင်း ငါ့ကိုပြောတာက ခွင့်ယူမလို့တဲ့လား?
မင်း ကျောင်းရဲ့စည်းကမ်းတွေကိုရော ဂရုစိုက်သေးလား?
ဒီစာသင်နှစ်က သုံးပတ်အတွင်း ကုန်ဆုံးတော့မယ်။ ဒီအချိန်မှာ ခွင့်တောင်းဖို့ ရုတ်တရက်ဆုံးဖြတ်တာက ဘာအဓိပ္ပါယ်လဲ?
...
အမျိုးသမီးအတန်းပိုင်ဆရာမသည်
ဖုန့်လင်း၏ စိတ်ထဲမှ အကြံအစည်ကို သိလိုသည့်အတွက် သူ့ကိုစူးစိုက်ကြည့်နေသည်။
"ဒါ အမှန်ပါပဲ! သီးသန့်နေရာတစ်ခုမှာ လေ့ကျင့်ဖို့ပါ !" ဖုန့်လင်း ဤစကားကို အေးဆေးတည်ငြိမ်စွာ ပြောနေရင်း သူ့စကားလုံးများထဲတွင် ခိုင်မာသောဆုံးဖြတ်ချက်တို့ပြည့်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အတန်းပိုင်ဆရာမ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သူ ထွက်ခွာမည်သာဖြစ်သည်။
သူ ခွင့်တောင်းရန် လာရောက်ရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းမှာ အတန်းပိုင်ဆရာမက ပိုမိုလိုက်လျောပေးနိုင်မည်ဟု မျှော်လင့်သောကြောင့်ဖြစ်ပြီး ယင်းက သူ့အတွက် ပြဿနာအများအပြားကို ဖယ်ရှားပေးနိုင်လိမ့်မည်။
ဒါ ဘယ်လို လေသံမျိုးလဲ?
အမျိုးသမီးအတန်းပိုင်ဆရာမသည် သူ့ပြောဆိုချက်ကိုကြားလိုက်ရသည်နှင့် အလွန်စိတ်မသက်မသာ ခံစားလိုက်ရသည်။
"မဖြစ်နိုင်..." သူမ၏ဒေါသသည် အထွတ်အထိပ်ရောက်နေပြီး ငြင်းဆိုရန် ကြံနေစဉ် ကျောင်းအုပ်ကြီး၏
အရင်က ပြောခဲ့သည့်စကားကို ရုတ်တရက်သတိရသွားသဖြင့် သူအ၏ စကားများကို မြိုချလိုက်သည်။
ကျောင်းအုပ်ကြီးက ဖုန့်လင်းသည် ကျောင်းမှ အထူးပျိုးထောင်မည့် အထူးကျောင်းသားတစ်ဦးဖြစ်ကြောင်း ညွှန်ကြားထားသည်။ အကယ်၍ သူ့ကျင့်ကြံမှုအတွက် တောင်းဆိုချက်များရှိပါက ဆရာမအနေဖြင့် အပြည့်အဝဖြည့်ဆည်းပေးရမည်ဖြစ်သည်။
ယခု ဖုန့်လင်းက ကျင့်ကြံမှုအတွက် ခွင့်တောင်းနေသည်မှာ အလွန်ကျိုးကြောင်းသင့်ပြီး သူမအနေဖြင့် ကန့်ကွက်ရန် အကြောင်းမရှိပေ။
သူမအနေဖြင့် မကျေနပ်ချက်ကို ထိန်းချုပ်ပြီး ပြောလိုသည်အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ကောင်းပြီ! အကြောင်းပြချက်က မင်းရဲ့ကျင့်ကြံမှုအတွက်ဆိုတော့ ငါသဘောတူတယ်။ မင်းက အစမ်းစာမေးပွဲအောင်ပြီးသားဖြစ်တဲ့အတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ အခွင့်အရေးရှိနေပြီ။ ဒါကြောင့် နောက်ဆုံးစာမေးပွဲတွေအတွက် မလာရင်တောင် ပြဿနာမရှိဘူး။ စိတ်ချလက်ချနဲ့ ကျင့်ကြံပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပိုကောင်းတဲ့ရလဒ်ရအောင် ကြိုးစားပါ!"
"ဟမ်?" ဖုန့်လင်းသည် ဤအရာကို ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူအနေနဲ့ အငြင်းခံရမည်ကို ကြိုတင်ပြင်ဆင်ထားပြီး အတင်းထွက်ခွာရန် အစီအစဉ်ရှိနေခဲ့သည်။ အတန်းပိုင်ဆရာမက ရုတ်တရက် စိတ်ပြောင်းသွားပြီး သဘောကောင်းစွာ သူနှင့်စကားပြောမည်ကို မျှော်လင့်
မထားခဲ့ပေ။ သူ့အနေဖြင့် နောက်ဆုံးစာမေးပွဲများကိုပင် ဖြေဆိုရန်မလိုတော့ပေ။
သူမက ယခင်က ခေါင်းမာလှသော ဂိုဏ်းချုပ်ကြီး မြဲ့ကြွယ် [1] ဟုတ်သေးလားဟ?
ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကို သူ နားမလည်သော်လည်း ကောင်းသောအရာဖြစ်သည့်အတွက် ထပ်မံမစဉ်းစားလိုတော့ပေ။
"ကျေးဇူးတင်ပါတယ် ဆရာမ!"
ဖုန့်လင်း ယဉ်ကျေးစွာပြောပြီး ရုံးခန်းမှ ထွက်သွားခဲ့သည်။ ကျန်ရှိသော အတန်းများကိုပင် တက်ရောက်ခြင်းမရှိဘဲ ခြေလှမ်းကျဲကြီးနှင့် ထွက်ခွာသွားခဲ့သည်။
သူ၏ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း အမျိုးသမီးအတန်းပိုင်ဆရာမသည် တစ်စုံတစ်ရာပြောလိုဟန်ရှိသော်လည်း ထိန်းချုပ်လိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချကာ စကားတစ်ခွန်းမျှမပြောခဲ့ပေ။
ဤကလေးသည် ယခင်က အတန်းတွင် အဆိုးဆုံးစာမေးပွဲဖြေဆိုသူများထဲမှ တစ်ဦးဖြစ်ခဲ့ပြီး သူမအနေဖြင့် သူ့ကို သိပ်မသင်ကြားပေးခဲ့ဖူးပေ။သူ၏ရုတ်တရက်ထွက်ပေါ်လာသော အောင်မြင်မှုတွင် သူမ၏အခန်းကဏ္ဍ
မရှိသလို သူ၏ကိစ္စရပ်များတွင်လည်း ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ!
ထို့အပြင် ကျောင်းအုပ်ကြီးကလည်း သူ့ကို စိတ်ဝင်စားနေပြီဖြစ်သဖြင့်
ဖုန့်လင်းအနေဖြင့် ဘာကိုမှကြောက်ရန်မလိုတော့ပေ။ သူမအနေဖြင့် သူ့ကိုထိန်းချုပ်ရန် နည်းလမ်းမရှိတော့ချေ!
သူမမှာ အတန်းပိုင်ဆရာမဖြစ်သော်လည်း မိမိ၏ကျောင်းသားတစ်ဦးကို ကိုယ်တိုင်အုပ်ချုပ်ခွင့်မရှိခဲ့ပေ။
အမျိုးသမီးအတန်းပိုင်ဆရာမအနေ
ဖြင့် ရုတ်တရက် အလွန်ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။
ကျောင်းမှထွက်ခွာပြီးနောက် ဖုန့်လင်း သံလိုက်ရထားကိုစီးကာ ဟွာရှ ၏ "တိုက်ကြီးကိုးခု" အာကာသလွန်းပျံ
ယာဥ်လေဆိပ်သို့ ဦးတည်သွားခဲ့သည်။
သံလိုက်ရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ကျော်နှုန်းဖြင့် ဆယ်မိနစ်အတွင်း လျင်မြန်စွာ ခရီးနှင်ခဲ့သည်။ ရထားမှဆင်းပြီးနောက် ခမ်းနားထည်ဝါသော အဆောက်အဦကြီးတစ်ခုက ဖုန့်လင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။ အာကာသလွန်းပျံယာဉ်ပေါင်း ၃၀ ကျော်သည် ထိုနေရာတွင် ရပ်နားထားပြီး ၎င်းတို့တစ်ခုချင်းစီသည် ရှေးခေတ်ကမ္ဘာပေါ်က လေယာဉ်တင်သင်္ဘောများ၏အရွယ်အစားခန့်ရှိသည်။
ထိုထဲမှ ထင်ရှားသော အာကာသလွန်းပျံယာဉ်တစ်စင်းမှာ အမည်းနှင့်ရွှေရောင်ကိုသုံကာ အချိုးကျဆေးခြယ်ထားပြီး မျက်နှာပြင်တွင် အာကာသယာဥ်သုံးပစ္စည်းများဖြင့် အလွှာလိုက်မွမ်းမံထားကာ အလင်းများ ပြန်နေခဲ့သည်။ ထိုယာဥ်တွင် ကြီးမားသော အတောင်ပံတစ်စုံပါရှိပြီး နည်းပညာဆန်းကြယ်မှု၏ အထူးခြားဆုံးသော အလှတရားကို ဖော်ကျူးထားသည်။
ဤသည်မှာ ဖုန့်လင်း လိုက်ပါရမည့် ဟာလေ-989 ဇိမ်ခံခရီးသည်တင် အာကာသလွန်းပျံယာဉ်ဖြစ်ပြီး ယင်း၏တောင်ပံများမှာ လေယာဉ်အတောင်ပံများနှင့်ဆင်သော်လည်း ကိုယ်ထည်မှာ သင်္ဘောကြီးတစ်စင်းအရွယ်အစားရှိသည်။
အာကာသလွန်းပျံယာဉ်များသည် အာကာသပြင်ပတွင် ခရီးသွားကြပြီး လေယာဉ်များကဲ့သို့ လေထဲမှ အရွေ့စွမ်းအင်ကို အသုံးပြုရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ဤဒီဇိုင်းဖြင့် ထုထည်တူသော်လည်း ပိုမိုကြီးမားသောကြောင့် ခရီးသည်အရေအတွက် ပိုမိုတင်ဆောင်နိုင်သည်။
လက်မှတ်စစ်ဆေးရန်နေရာတွင် အပြာရောင်အလင်းများ ခပ်မှိန်မှိန်တောက်ပနေပြီး အဆက်မပြတ် စကင်ဖတ်နေခဲ့သည်။ တစ်စုံတစ်ဦးအနေဖြင့် လက်မှတ်ပြပြီးမှသာ ဝင်ရောက်ခွင့်ရမည်ဖြစ်ကာ အကယ်၍ အတင်းဝင်ရောက်ပါက အချက်ပေးသံမြည်လာမည်ဖြစ်ပြီး နှစ်ဖက်စလုံးရှိ ရိုဘော့ရဲများ လှုပ်ရှားလာမည်။ ဤရိုဘော့ရဲများကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ ၎င်းတို့၏ အနီရောင်အီလက်ထရွန်းနစ်မျက်လုံးများမှ လျှပ်စစ်လှိုင်းများထုတ်လွှတ်ကာ ခြိမ်းခြောက်သူကို ချက်ချင်း နှိမ်နင်းနိုင်သည်။
ဖုန့်လင်း ရှေ့သို့တက်ကာ သူ၏အထောက်အထားမိုက်ခရိုချစ်ပ်ပေါ်ရှိ ပုံရိပ်ယောင် လက်မှတ်ကို စက်ဖြင့်စကင်ဖတ်စေခဲ့သည်။ စက်မှအသံချက်ချင်းမြည်လာခဲ့သည်။
"ကြိုဆိုပါတယ်၊ ခရီးသည် ဖုန့်လင်း။ ဟာလေ-989 ခရီးသည်တင် အာကာသလွန်းပျံယာဉ်မှ သင့်အား ဝမ်းမြောက်စွာဖြင့် ဝန်ဆောင်မှုပေးမှာပါ။ ဤယာဉ်က ကမ္ဘာမှ အင်္ဂါဂြိုဟ်သို့ တိုက်ရိုက်ပျံသန်းမည်ဖြစ်ပြီး ခရီးစဉ်မှာ ၆ နာရီနှင့် ၅ မိနစ်ကြာပါမယ်။ ယာဉ်ပေါ်တွင် အခမဲ့ အစားအစာ၊ အချိုရည်များနှင့်
ပုံရိပ်ယောင် ဖျော်ဖြေရေးစနစ်များ ပါရှိပါတယ်။ ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ပါစေ..."
ဖုန့်လင်း အာကာသလေယာဉ်အတွင်းသို့ဝင်ခဲ့ပြီး ယာဥ်၏ ဦးခေါင်းပိုင်းဆီသို့ ဦးတည်သွားခဲ့သည်။ နန်းတော်တစ်ခုကဲ့သို့ အလွန်ခမ်းနားသော ခရီးသည်အခန်းတစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ဤအခန်းရှိ ခရီးသည်များမှာ ချမ်းသာသည့်သူများ သို့မဟုတ် အဆင့်မြင့်လူတန်းစားများသာ ဖြစ်ကြသည်။
ဖုန့်လင်း၏ အသွင်အပြင်ကိုမြင်ပြီးနောက် သူတို့၏ သဘာဝအတိုင်း အကဲဖြတ်မှုများကို စတင်လိုက်ကြပြီး သာမန်အဝတ်အစားများကိုမြင်လိုက်သည့်အခါ ၎င်းတို့၏မျက်လုံးများတွင် ပြင်းထန်သော စိတ်ရှုပ်မှုများ ထင်ဟပ်လာခဲ့သည်။
ဒီလိုလူတစ်ယောက်က ဤဇိမ်ခံအခန်းတွင် မည်သို့ပေါ်လာနိုင်ခဲ့သနည်း။
ဖုန့်လင်း ထိုသူတို့အား လုံးဝဂရုမစိုက်ဘဲ တိတ်ဆိတ်စွာဖြင့် သူ၏ခုံနေရာကို ရှာဖွေခဲ့သည်။
ပထမတန်း အခန်းသည် ရိုးရိုးခုံတစ်လုံးသာမဟုတ်ဘဲ တစ်ဦးတည်းသုံး သီးသန့်အခန်းလေးတစ်ခုဖြစ်ပြီး စိတ်ကြိုက်ဖွင့်ပိတ်နိုင်သော တံခါးပါရှိသည်။
ဖုန့်လင်း တံခါးကိုပိတ်လိုက်ပြီး ပုံရိပ်ယောင်စနစ်များ၊ အိပ်ရာ၊ သီးသန့်ရေချိုးခန်း...စသည့် အဆင့်မြင့်သည့်ပုံစံကို တွေ့ရှိခဲ့ပြီးနောက် ဤသည်ကို လက်ဖွာလွန်းသည်ဟုသာဆိုနိုင်ခဲ့သည်။
သူ တိတ်ဆိတ်စွာဖြင့် မိနစ် ၃၀ ခန့်ကြာသည်အထိ စောင့်ဆိုင်းခဲ့သည်။
အာကာသလွန်းပျံယာဉ်သည် အနည်းငယ်တုန်ခါပြီးနောက် ဘွန်းဟူသည့်မြည်သံနှင့်အတူ စတင်အလုပ်လုပ်ခဲ့သည်။ အပြာရောင် မီးလျှံများသည် အောက်ခြေမှ ထွက်ပေါ်လာပြီး ပြင်းထန်သော တွန်းအားကြောင့် ကြီးမားသည့် အာကာသလွန်းပျံယာဉ်သည် တဖြည်းဖြည်း မြင့်တက်လာကာ အဆက်မပြတ် အရှိန်မြှင့်တင်လာခဲ့သည်။
"အချိန်ကျပြီ!" ဖုန့်လင်း ချက်ချင်းပင် သူ၏အထောက်အထား မိုက်ခရိုချစ်ပ်ကို ထုတ်ယူကာ အဆက်မပြတ် နှိပ်ခဲ့သည်။
မိုက်ခရိုချစ်ပ်ပေါ်ရှိ စာမျက်နှာများကို နောက်ဆုံးစီမံခန့်ခွဲမှု အင်တာဖေ့စ်သို့ ရောက်သည်အထိ လှန်နေခဲ့ပြီး အသိပေးချက်တစ်ခု ပေါ်လာခဲ့သည်။
"ဖုန့်လင်း၊ သင်က မိုက်ခရိုချစ်ပ်၏ အမြင့်ဆုံးအဆင့် ခွင့်ပြုချက်ကိုတောင်းဆိုထားပါတယ်။ စကားဝှက်ကို ထည့်သွင်းပါ!"
ဖုန့်လင်း အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းပြီးနောက် သူ့လက်ချောင်းများဖြင့် ရိုက်ထည့်လိုက်သည်။
"wsyzm22726723132..."
အခုပဲ သူ အထောက်အထား မိုက်ခရိုချစ်ပ်ကို သော့ဖွင့်နေခဲ့သည်။ အာကာသလွန်းပျံယာဉ်သည် စတင်ထွက်ခွာနေပြီဖြစ်သဖြင့် သူ့ကလန်မှ လူများက ဤအရာကို သိရှိသွားလျင်ပင် နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် အာကာသယာဉ်ပေါ်တွင်ရှိနေပြီဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် သူ့ကိုတားဆီးရန် မဖြစ်နိုင်တော့ပေ။
ဘိ... ဘိ... ဘိ...
ထိုအချိန်တွင် ဖုန့်လင်း၏လက်ချောင်းများက မိုက်ခရိုချစ်ပ်ပေါ်တွင် ရိုက်နှိပ်နေသည့် အသံများသာ ကြားနေခဲ့ရသည်။ စာလုံး ၆၀၀ ကျော်ပါဝင်သော စကားဝှက်ကို အချိန်တိုအတွင်း ရိုက်ထည့်ပြီးသွားခဲ့သည်။
"မိုက်ခရိုချစ်ပ်၏ သော့ခတ်မှုကို ဖြည်လိုက်ပါပြီ။ ဂုဏ်ယူပါတယ် ဖုန့်လင်း သင်အနေနဲ့ ဤမိုက်ခရိုချစ်ပ်၏ အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ရရှိပါပြီ!"
ဤငြီးငွေ့ဖွယ် အီလက်ထရွန်းနစ်အသံသည် သူ့အတွက် ကမ္ဘာ့အလှဆုံးတေးဂီတကဲ့သို့ နားဝင်ချိုနေခဲ့သည်။
ဖုန့်လင်း အသက်ရှုထုတ်လိုက်ပြီး တင်းမာနေသော အနေအထားမှ လုံးဝပြေလျော့သွားခဲ့သည်။ သူ ကုလားထိုင်ပေါ်တွင် လျှောထိုင်လိုက်ပြီး သူ့အပေါ်ရှိ မမြင်ရသောချည်နှောင်မှုများ ပြေလျော့သွားသည်ဟု ခံစားနေရသည်။
သူ ကြီးမားသည့် စိတ်ချမ်းသာမှုဖြင့် အသက်ရှုသွင်းလိုက်သည်။ ပိတ်ထားသော အခန်းအတွင်း၌ရှိနေသော်လည်း လေထုသည် အလွန်လန်းဆန်းနေသည်ဟု ခံစားနေရပြီး အလွန်ကျေနပ်နေခဲ့သည်။
ဤသည်မှာ လွတ်လပ်မှု၏ ရနံ့ဖြစ်သည်။
ကလန်က သူ့မိုက်ခရိုချစ်ပ်ကို သော့ဖွင့်ပြီးကြောင်း မည်သည့်အချိန်တွင် သတိထားမိပြီး ထိုအခါမှ ၎င်းတို့ မည်မျှဒေါသထွက်မည်ကို သူ ဂရုမစိုက်တော့ပေ။
အာကာသလွန်းပျံယာဉ်သည် အလျှင်အမြန်ပင် အရှိန်မြှင့်လိုက်ပြီး ငါးမိနစ်မှခြောက်မိနစ်အတွင်း လေထုအလွှာကို ဖြတ်ကျော်ကာ အကန့်အသတ်မဲ့ကျယ်ပြန့်သော အာကာသထဲသို့ ခုန်တက်သွားခဲ့သည်။
ဖုန့်လင်း ပြတင်းပေါက်မှတစ်ဆင့် နောက်ပြန်ကြည့်လိုက်ရာ လှပသောအပြာရောင် ဂြိုလ်တစ်ခုသည် အမှောင်လေဟာနယ်ထဲတွင် မျောပါနေပြီး အဆက်မပြတ် လည်ပတ်နေသည်ကို တွေ့မြင်ခဲ့သည်။ဤကဲ့သို့ လည်ပတ်နေခြင်းမှာ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကတည်းကပင်ဖြစ်သည်။ ၎င်းသည် သူ့မျက်လုံးအတွင်းတွင် တဖြည်းဖြည်းသေးငယ်လာပြီး အဝေးမှ တောက်ပသောကြယ်တစ်ပွင့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
နှုတ်ဆက်ပါတယ် ကမ္ဘာမြေ!
[1] "The Heaven Sword and Dragon Saber" မြန်မာလိုဆို တိမ်လွှာဓားနဲ့နဂါးနိုင်ဓား ဆိုသည့် ကျင်းယုံရဲ့ဝတ္ထုမှ ဇာတ်ကောင်တစ်ဦး။ မြဲ့ကြွယ် ဆိုသည်မှာ ကရုဏာကင်းမဲ့သော အဆုံးသတ်ဟု အဓိပ္ပါယ်ရပြီး ဝတ္ထုထဲတွင် အကြင်နာမဲ့သည့် ဇာတ်ကောင်ဖြစ်
သည့် အော်မေ့ဂိုဏ်းချုပ်ဆရာမကြီးဖြစ်သည်။