မျိုးဗီဇအမဲလိုက်နယ်မြေ
Vol. 4 Ch. 54
မီးလျှံများ ထွက်ပေါ်လာပြီး ပြင်းထန်သော တွန်းကန်အားကြောင့် အာကာသယာဉ်သည် ကြယ်တာရာများနှင့်ပြည့်နှက်နေသော ကောင်းကင်ထဲသို့ ဆက်လက်တိုးဝင်သွားခဲ့သည်။
ကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့သည် တူညီသော နေအဖွဲ့အစည်းအတွင်း၌ရှိပြီး အလင်းနှစ်များဖြင့် တိုင်းတာသော အာကာသခရီးစဉ်တွင် သိပ်ဝေးလှသောကြောင့် အာကာသတွင်းပေါက်များဖြင့် ခရီးသွားရန် မလိုအပ်ပေ။
ဤအကြောင်းကြောင့်ပင် ဖုန့်လင်းအနေဖြင့် ထိုသို့သော အလှပဆုံးရှုခင်းများကို ကြည့်ရှုနိုင်ခဲ့ခြင်းဖြစ်သည်။
မီးလုံးကြီးတစ်လုံးသည် မှောင်မိုက်နေသော အာကာသထဲတွင် လွင့်မျောနေပြီး အဆုံးမဲ့အလင်းနှင့် အပူစွမ်းအင်များကို ထုတ်လွှတ်နေသည်။ ဂျူပီတာ၊ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်... ဂြိုဟ်အားလုံးသည် နေကို ပတ်လျက် အဆက်မပြတ်လှည့်ပတ်နေကြသည်။ အဝေးမှ ကြယ်များကလည်း တောက်ပစွာ လင်းလက်နေပြီး မှောင်မိုက်သောကောင်းကင်ကို အလင်းပေးနေခဲလသည်။ စကြာဝဠာ၏ ကျယ်ပြန့်လှသော အံ့သြဖွယ် ခမ်းနားသည့် ဘက်ခြမ်းသည် ယခု သူ၏ရှေ့တွင် ရှိနေခဲ့သည်။
သို့သော် ရှုခင်းများ မည်မျှပင် လှပစေကာမူ အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့လာတတ်သည်။
ကြယ်တာရာများသည် လှပသော်လည်း အလွန်ရိုးရှင်းလွန်းပြီး လူသားတို့၏ အချိန်ကိုတိုင်းတာသည့်နည်းဖြင့် ၎င်းတို့၏ပြောင်းလဲမှုများကို ခံစားရန် ခက်ခဲသည်။
ခဏအကြာတွင် ဖုန့်လင်း သူ့အာရုံကို ပြန်သိမ်းလိုက်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဤမြင်ကွင်းကို စိတ်ဝင်စားစရာမရှိတော့ဟု ထင်ရသည့်အတိုင်း ပျင်းနေပုံရသည်။
ဖုန့်လင်းလည်း အနည်းငယ်ရှက်သွားပြီး သူ့အနေနဲ့ ထူးဆန်းသော တုံ့ပြန်မှုများ ထုတ်မပြမိသည်ကို ကျေးဇူးတင်လိုက်သည်။ မဟုတ်ပါက အခြားသူများက သူ့ကို ရယ်စရာအဖြစ် မြင်ကြမည်ဖြစ်သည်။
ကမ္ဘာမှ အင်္ဂါဂြိုဟ်သို့ ခရီးသွားရန် ခြောက်နာရီကြာမြင့်ကာ ဖုန့်လင်းမှာ ယခင်ညက လုံလောက်စွာ အနားယူထားပြီးဖြစ်သဖြင့် ထိုနေရာတွင် ဘာမျှမလုပ်ဘဲ ထိုင်နေရသည်မှာ အချိန်ဖြုန်းရာရောက်သည်။
ဖုန့်လင်းသည် ပုံရိပ်ယောင် စနစ်များကို ကြည့်လိုက်သည်။
ဇိမ်ခံအခန်းဖြစ်သည့်အတွက် စနစ်များမှာ အလွန်ကောင်းမွန်သည်။
သူသည် မနေ့က ပုံရိပ်ယောင်စကြာဝဠာကို သေချာမလေ့လာနိုင်ခဲ့သည်ကို နောင်တရနေဆဲဖြစ်ကာ ယခု ထိုအခွင့်အလမ်းရှိနေပြီဖြစ်သည်။
ခြောက်နာရီက လုံလောက်ပါတယ်။
လက်တွေ့ကမ္ဘာတွင် တစ်နာရီသည် ပုံရိပ်ယောင်စကြာဝဠာတွင် တစ်ရက်နှင့် ညီမျှသည်။
ဤအချက်အရ၊ သူသည် ခြောက်ရက်အထိ အတွင်းတွင် နေနိုင်မည်ဖြစ်ပြီး တရားဝင်စနစ်အရ အင်တာနက်မှ ဖြတ်တောက်ခံရသည့်အချိန်အထိ ဆက်လက်နေနိုင်မည်ဖြစ်သည်။
ဖုန့်လင်းသည် သူ့အခန်းတံခါးကို ပိတ်လိုက်ပြီး ပုံရိပ်ယောင် စနစ်များနှင့် ချိတ်ဆက်လိုက်သည်။
ရင်းနှီးကျွမ်းဝင်သော အချက်အလက်များသည် သူ့ရှေ့တွင် စီးဆင်းလာခဲ့သည်။ သူ သတိပြန်ရလာသောအခါ ပုံရိပ်ယောင်စကြာဝဠာအတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ပြီဖြစ်သည်။
လေဟာနယ်အတွင်း ခြေလှမ်းများလှမ်းရင်း ဖုန့်လင်း နောက်တစ်ဆင့်အနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို စဉ်းစားနေခဲ့သည်။
ဤသည်မှာ အမှန်တကယ် စဉ်းစားဖွယ်ကောင်းသော မေးခွန်းတစ်ခုဖြစ်သည်။
ပုံရိပ်ယောင်စကြာဝဠာသည် အမျိုးအစား စုံလင်သည့် ကမ္ဘာတစ်ခုဖြစ်သည်။ ၎င်းတွင် မရေမတွက်နိုင်သော အစိတ်အပိုင်းများပါဝင်ပြီး ပျော်ရွှင်မိုင်မည့် နည်းလမ်းများစွာရှိသည်။
လူတစ်ဦးသည် တစ်စုံတစ်ရာကို လုပ်ချင်ပါက သူတို့အနေဖြင့် ထိုအရာကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ရုပ်ရှင်ဇာတ်လမ်းတွဲများထဲမှ အဓိကဇာတ်ကောင်များနှင့် စုံတွဲများ ဖြစ်နိုင်ခြင်း၊ ဂိမ်းများအတွင်းမှ စမ်းသပ်မှုများကို လက်တွေ့ခံစားနိုင်ခြင်း၊ anime ဇာတ်လမ်းများအတွင်းသို့ စူးစမ်းလေ့လာနိုင်ခြင်း...ဤနေရာတွင် ကန့်သတ်ချက်များမရှိဘဲ အပြည့်အဝလွတ်လပ်မှုသာရှိသည်။ လူတစ်ထောင်တွင် ပျော်ရွှင်မှုရနိုင်မည့် နည်းလမ်းတစ်ထောင်ရှိပြီး အဆုံးမဲ့ဖြစ်နိုင်ချေများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤသည်မှာ ပုံရိပ်ယောင်စကြာဝဠာ သည် အဘယ်ကြောင့် ဤမျှဆွဲဆောင်မှုရှိနေရသည့် အကြောင်းရင်းလည်းဖြစ်သည်။ လူတစ်ဦးသည် ၎င်းကို ဘယ်သောအခါမျှ ငြီးငွေ့လာမည်မဟုတ်ပေ။
လူတစ်ဦးအနေဖြင့် ဖြစ်နိုင်ချေများကို တစ်ခုပြီးတစ်ခု စူးစမ်းလေ့လာပါက ရွေးချယ်စရာများလွန်းသဖြင့် ခေါင်းမူးလာမည်ဖြစ်ပြီး ၎င်းတို့၏ တစ်သက်တာလုံးသည်ပင် မလုံလောက်နိုင်ချေ။
ထို့ကြောင့် ရွေးချယ်မှုတစ်ခုပြုလုပ်ရန် လိုအပ်သည်။
ရုပ်ရှင်ဇာတ်ကောင်များနှင့် စုံတွဲများဖြစ်ခြင်း၊ ကာတွန်းဇာတ်လမ်းများ၏ ကမ္ဘာကို စူးစမ်းလေ့လာခြင်း၊ ဂိမ်းများကစားခြင်း... ဖုန့်လင်းသည် ဤအရာများတွင် စိတ်ဝင်စားမှုမရှိပေ။ ၎င်းတို့သည် ခွန်အားနှင့် အချိန်ကို ဖြုန်းရာရောက်ပြီး ဘာမှ အသုံးမဝင်ပေ။
သူသည် သူ့ဘဝကို အချည်းနှီးပြုန်းတီးသွားစေမည့် ဤအရာများတွင် အာရုံစိုက်ရန် မဖြစ်နိုင်ပေ။ အပျော်လွန်ခြင်းသည် ဘဝတက်လမ်းကို တားဆီးနိုင်သည်။
ပုံရိပ်ယောင်ကမ္ဘာသည် ပုံရိပ်ယောင်ကမ္ဘာသာဖြစ်ပြီး လက်တွေ့ကမ္ဘာကို အစားထိုးမရနိုင်ပေ။
သို့သော် ပုံရိပ်ယောင်စကြာဝဠာသည် လက်တွေ့ကမ္ဘာကို တုပရန် အသုံးပြုနိုင်သည်။
ထို့ကြောင့် ဖုန့်လင်းတွင် အကြံတစ်ခုရလာခဲ့သည်။ သူ့အတွက် အကျိုးရှိမည့်အရာများကိုသာလုပ်ရင်း ပျော်ရွှင်လိုသည်။
လက်တွေ့ဘဝတွင် သူသည် အလုပ်သင်ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ ဤ ပုံရိပ်ယောင်စကြာဝဠာထဲတွင် သူ့ကျင့်ကြံမှုကို အားဖြည့်ပေးနိုင်သည့် သို့မဟုတ် သူ၏ သဘောပေါက်နားလည်နိုင်စွမ်းကို အားကောင်းစေမည့် ဘယ်လိုအရာတွေရှိနိုင်မလဲ။
ဒါက အမှန်ပဲ!
ပုံရိပ်ယောင်စကြာဝဠာသည် လက်တွေ့ကမ္ဘာကို တုပထားသည်။ ဆိုလိုတာက မျိုးဗီဇတွေကိုလည်း တုပနိုင်မလား?
အဖြေမှာ အသေအချာပင် ဟုတ်တယ်
ဟု ဖြေရပေမည်။
ဤရည်မှန်းချက်ဖြင့် သူ အချက်အလက်အချို့ကို ရှာဖွေခဲ့သည်။ ပုံရိပ်ယောင်စကြာဝဠာသည် သူ့ဟာသူ အဆက်မပြတ်အသစ်ပြန်လည်ပြုပြင်နေပြီး လက်တွေ့ကမ္ဘာတွင်
စကင်ဖတ်ထားသောအရာများကို အချက်အလက်များအဖြစ် ပြောင်းလဲကာ တုပရန် ကြိုးစားခဲ့သည်။
ဒဏ္ဍာရီလာ မျိုးဗီဇများသည် အစစ်အမှန်စကြာဝဠာရှိ လူတိုင်း၏ နိုးထလိုသည့် အရာဖြစ်သည်။ ထို့ကြောင့် သူအနေနဲ့ ၎င်းကို လက်လွတ်မခံနိုင်ခဲ့ပေ။
သို့သော် ပုံရိပ်ယောင်စကြာဝဠာအတွင်း၌ နိုးထခြင်းသည် အစစ်အမှန်စကြာဝဠာနှင့် ကွဲပြားပြီး ၎င်းက
ဒေတာများပေါ်တွင် အလုံးစုံအခြေခံထားသည်။ ဂိမ်းတစ်ခုကဲ့သို့ပင် မျိုးဗီဇများသည် အမှန်တကယ်နိုးထလာခြင်းမဟုတ်ဘဲ ပုံရိပ်ယောင် ဒေတာအစိတ်အပိုင်းများသာဖြစ်သည်။
ကစားသမားများသည် မျိုးဗီဇအစိတ်အပိုင်းများကို သုံးပြီး လက်တွေ့ဘဝတွင် ၎င်းတို့၏စွမ်းရည်များကို အတုယူနိုင်သည်။ မျိုးဗီဇအစိတ်အပိုင်းများကို ပြောင်းလဲခြင်းဖြင့် မတူညီသော စွမ်းရည်များကိုလည်း အသုံးပြုနိုင်သည်။
ဖုန့်လင်းအတွက်တော့ အရာအားလုံးမှာ အသစ်အဆန်းနှင့် စိတ်ဝင်စားဖွယ်ရာများဖြစ်နေသည်ဟု ခံစားနေရသည်။ ဤမျိုးဗီဇများသည် လူအများအား မျိုးဗီဇစွမ်းရည်များ၏ ကွဲပြားမှုကို အတွေ့အကြုံရစေရန် မလွဲမသွေခွင့်ပြုပေးမည်ဖြစ်သည်။
သို့သော် ဗီဇအစိတ်အပိုင်းများကို မည်သို့ရရှိနိုင်မည်နည်း။
ဖုန့်လင်း ဤအချက်အလက်ကို စတင်ရှာဖွေခဲ့ပြီး အသုံးအများဆုံးနည်းလမ်းမှာ ငွေဖြင့်ဝယ်ယူခြင်းဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ပုံရိပ်ယောင်စကြာဝဠာအတွင်း၌ ငွေကုန်ခံနိုင်ပါက မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ဒဏ္ဍာရီနှင့်ရှေးဟောင်းရိုးရာပုံပြင်များမှ နတ်သမီးတစ်ဦးကိုပင် တုပဖန်တီးနိုင်ပြီး ၎င်း၏ချစ်သူအဖြစ် မခွဲမခွာနေထိုင်နိုင်ပြီး လုပ်ဆောင်နိုင်သည့် အရာများတွင် အကန့်အသတ်မရှိပေ။
ပုံရိပ်ယောင်စကြာဝဠာကို ပထမဆုံးအကြိမ်တည်ဆောက်ပြီး လူသားများအား ဒုတိယကမ္ဘာတစ်ခုဖန်တီးရန် ဖိတ်ခေါ်ခဲ့စဉ်က ကြော်ငြာတွင် အချိန်အတော်ကြာ လူသိများခဲ့သော စာသားတစ်ကြောင်းရှိခဲ့ကာ ကြယ်တာရာခေတ်လူသားတိုင်း ဤအကြောင်းကို သိကြသည်။
"လူငယ်လေး မင်းက ကြယ်တာရာတွေရဲ့ အထွတ်အထိပ်မှာ ရပ်တည်ပြီး မင်းဆန္ဒရှိတာတွေကို လုပ်ချင်လား? ဝယ်လိုက်!"
"လူငယ်လေး မင်းက အလှမယ်တွေနဲ့ အတူ သောက်စားပျော်ပါးပြီး တစ်ကမ္ဘာလုံးကို အုပ်စိုးချင်သလား? ဝယ်လိုက်!"
"လူငယ်လေး မင်းက စစ်သင်္ဘောတွေပိုင်ပြီး ကမ္ဘာကို သိမ်းပိုက်ချင်သလား? ဝယ်လိုက်!"
ရိုးရှင်းပြီး တိုက်ရိုက်ဆန်ကာ ကြမ်းတမ်းပြီး လူသားတို့၏ အလိုဆန္ဒများအားလုံးကို ဖော်ပြထားသည်။ ဤသည်မှာ ထင်ရှားသော ပေါ်တင်သွေးဆောင်မှုတစ်ရပ်ဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် ပုံရိပ်ယောင်စကြာဝဠာတွင် နာမည်ဂုဏ်သတင်းကျော်ကြားလိုပါက အလွန်အမင်းစဉ်းစားရန်မလိုဘဲ ဝယ်ယူရုံသာဖြစ်သည်။
မင်း ချမ်းသာရင်တောင် ဘာဖြစ်လဲ?!
ဖုန့်လင်း နှလုံးသားထဲတွင် မကျေနပ်စွာဖြင့် မနာလိုခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဝယ်ယူရန် ငွေကြေးအလုံအလောက်
မရှိသောကြောင့်ဖြစ်သည်...
သူအနေနဲ့ ဒုတိယနည်းလမ်းကိုသာ ရွေးချယ်နိုင်ခဲ့သည်။ ထိုနည်းလမ်းမှာ အလွန်ခက်ခဲသော မျိုးဗီဇစစ်မြေပြင်တွင် အမဲလိုက်ခြင်းပင်ဖြစ်သည်။
ဤသည်မှာ ပုံရိပ်ယေညင်စကြာဝဠာအတွင်းရှိ သီးခြားခွဲထားသော ထူးဆန်းသည့်နေရာတစ်ခုဖြစ်ပြီး စကြာဝဠာတစ်ခွင်ရှိ သက်ရှိမျိုးစုံကို ဤနေရာတွင် တုပဖန်တီးထားသည်။ လူသားများသည် ဤနေရာသို့ဝင်ရောက်ကာ အမဲလိုက်နိုင်ပြီး စကြာဝဠာရှိ သက်ရှိအမျိုးမျိုးနှင့် တိုက်ခိုက်သတ်ဖြတ်ရသည့် အတွေ့အကြုံကို ရရှိနိုင်ကာ မျိုးဗီဇအစိတ်အပိုင်းများကို ကျပန်းရရှိနိုင်သည်။
ဖုန့်လင်းသည် မျိုးဗီဇအစိတ်အပိုင်းများကို အတိအကျ မည်သို့ရနိုင်သည်ကို ရှာဖွေနိုင်ခြင်းမရှိသေးချေ။
လက်ရှိတွင် သူ၏ခန္ဓာကိုယ်သည် မျိုးဗီဇအစိတ်အပိုင်းများ တပ်ဆင်မထားသော ဗလာနေရာတစ်ခုသာဖြစ်သည်။
ဖုန့်လင်း ဤအကြောင်းကို သိပ်မစဉ်းစားခဲ့ဘဲ ကိုဩဒိနိတ်များထည့်သွင်းပြီး ထိုနေရာသို့ဝင်ရောက်ခဲ့သည်။
သူ့ပုံရိပ်ပြန်ပေါ်လာသောအခါ သူသည် အရာအားလုံး သေဆုံးနေပြီးတိတ်ဆိတ်ကာ ယိုယွင်းပျက်စီးနေသော ကန္တာရထဲတွင် ရပ်နေခဲ့ပြီဖြစ်သည်။ သဲနှင်ဖုန်မှုန့်များမှာ လှိုင်းထနေပြီး အဝါရောင်လေပြင်းများ တိုက်ခတ်နေခဲ့ကာ ယိုယွင်းပျက်စီးနေသော အခြေအနေတွင်ရှိနေခဲ့သည်။
ဤနေရာတွင် ဘာမှမရှိပေ။
ဖုန့်လင်းသည် ခိုင်မာသောအနေအထားဖြင့် ရပ်နေခဲ့သည်။ ကြယ်တာရာအမဲလိုက်နယ်မြေသည် စကြာဝဠာတစ်ခွင်ရှိ ကြောက်မက်ဖွယ်ကောင်းသော မျိုးနွယ်များဖြင့် ပြည့်နှက်နေပြီး သူ့အနေဖြင့် သတိမလျှော့သင့်ပေ။
သူသေဆုံးပြီးနောက် ပြန်လည်ရှင်သန်နိုင်သော်လည်း ထိုသို့ပြုလုပ်ရန် ငွေကြေးလိုအပ်မည်ဖြစ်သည်။
ဤ ပုံရိပ်ယောင်စကြာဝဠာသည် ငွေကြေးကို အလွန်အမင်းစွဲလမ်းသည်။
ဖုန့်လင်းအနေဖြင့် ပေါ့ဆမှုကြောင့် ကြယ်ဒင်္ဂါးများကို အလဟဿဖြုန်းတီးလိုခြင်းမရှိပေ။
ကျိ ကျိ ကျိ!
စူးရှသော အသံတစ်သီတစ်တန်းကြီး မြည်လာခဲ့သည်။
ဖုန့်လင်း ဆက်လက် သတိထားနေခဲ့စဥ် သဲပုံတစ်ခုသည် မြေပြင်မှ အလျင်အမြန်မြင့်တက်လာပြီး လေထဲတွင် ရုတ်တရက်ပေါက်ကွဲသွားခဲ့သည်။
တစ်မီတာကျော်အမြင့်ရှိသော ကင်းမြီးကောက်တစ်ကောင်သည် ခုန်တက်လာကာ ၎င်း၏ကြီးမားသော လက်မများနှင့် ချွန်ထက်သည့် အဆိပ်ပါသောအမြှီးကို မြှောက်ထားလျက်
ဖုန့်လင်းဆီသို့ ပစ်ဝင်လာခဲ့သည်။
"အချိန်ကိုက်ပဲ!" ဤတုပဖန်တီးသက်ရှိ၏ အသက်စွမ်းအားသည် ၁ သာရှိပြီး အခြားမျိုးဗီဇစွမ်းရည်များ မရှိသော်လည်း ဖုန့်လင်း၏ တိုက်ပွဲအသိသည် ရှိနေဆဲဖြစ်သည်။
သူ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ညာဘက်ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန်နင်းကာ "ကောင်းကင်လှေကားသို့တက်ခြင်း" အကွက်ကို အသုံးပြုခဲ့သည်။ သူ့ခြေထောက်ကို အမြင့်ဆုံးအထိ မြှောက်လိုက်ပြီး ကင်းမြီးကောက်၏ဝမ်းဗိုက်ကို ပြင်းထန်စွာကန်လိုက်ရာ ၎င်းကို လေထဲသို့ ပျံသန်းသွားစေခဲ့သည်။
ဖုန့်လင်း ရုတ်တရက်ခုန်တက်လိုက်ပြီး လေကဲ့သို့လျင်မြန်စွာ ရွေ့လျားကာ သူ့ဆီသို့ လှံတံကဲ့သို့ ဦးတည်လာသော ကင်းမြီးကောက်၏ အမြီးကို ဖက်ထားလိုက်သည်။ ထို့နောက် သူ၏ပြင်းထန်သည့်စွမ်းအားများကို ပေါက်ကွဲလိုက်ပြီး ကင်းမြီးကောက်ကို မြေပြင်ပေါ်သို့ အပြင်းအထန် ရိုက်ချလိုက်သည်။
ဘန်း ဘန်း ဘန်း!
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်...
သူ ကင်းမြီးကောက်ကြီးကို ကြီးမားသော တူတစ်ချောင်းကဲ့သို့ မြေပြင်ပေါ်သို့ ထုချလိုက်ပြီး သဲကန္တာရတွင် များစွာသော ချိုင့်ခွက်များဖြစ်ပေါ်စေကာ သဲများကို လွင့်စင်သွားစေခဲ့သည်။
မကြာမီပင် ကင်းမြီးကောက်မှာ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည်။ ၎င်းသည် ဒေတာစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ထို့နောက် အလင်းလုံးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
ဖုန့်လင်း ထိုအရာကို လက်ဖြင့်လှမ်းယူလိုက်ပြီး အချက်အလက်တစ်တန်းသည် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
=======
မျိုးဗီဇ - သဲမျိုးဗီဇ
အဆင့် - အလယ်အဆင့်အခြေခံမျိုးဗီဇ
စွမ်းရည် - သဲကိုထိန်းချုပ်နိုင်ခြင်း
=======
ဤသည်မှာ သဲမျိုးဗီဇအတွက် ဒေတာအစိတ်အပိုင်းဖြစ်ကြောင်း ဖြစ်သည်မှာ သိသာလှသည်။
ဖုန့်လင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
ဒါက ဘာလဲ?
မွန်းစတားတွေကိုသတ်ရင် ပစ္စည်းတွေကျတာလား?
မဟုတ်ဘူး ဒါက...
မွန်းစတားတွေကိုသတ်ရင် မျိုးဗီဇတွေကျတာ!