ဖရိုဖရဲ ကြယ်နယ်မြေ
Vol. 5 Ch. 63
လူသားမျိုးနွယ်သည် နေအဖွဲ့အစည်းမှ ထွက်ခွာလာသည့်အချိန်မှစ၍ ၎င်းတို့၏နည်းပညာမှာ အရှိန်မြင့်သွားကာ ဖွံ့ဖြိုးမှုကာလအသစ်တစ်ခုသို့ ဝင်ရောက်လာခဲ့သည်။ လူသားတို့သိမ်းပိုက်ထားသော နယ်မြေများမှာ နဂါးငွေ့တန်းအတွင်း အလျင်အမြန်ပျံ့နှံ့လာခဲ့သည်။
စကြဝဠာအတွင်းတွင် ဂြိုဟ်နှင့်နဂါးငွေ့တန်းမျိုးစုံရှိသော်လည်း၊ လူသားများမှာ ၎င်းတို့၏ကိုယ်ပိုင်နဂါးငွေ့တန်းအတွင်း၌သာ ကန့်သတ်ခံထားရပြီး အပြင်သို့မထွက်နိုင်ခဲ့ပေ။ သို့သော် နဂါးငွေ့တန်းတစ်ခုတည်းကပင် အလွန်ကြီးမားလှသည်။ လူသားတို့သိမ်းပိုက်ထားသော နယ်မြေမှာ အားလုံး၏မျှော်မှန်းချက်ထက်ပင်ကျော်လွန်နေပြီဖြစ်ကာ၊ ဆက်လက်ကျယ်ပျံ့နေဆဲဖြစ်သည်။
သို့သော်၊ လူသားတို့၏ယဉ်ကျေးမှုနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ၊ အခြားလူမျိုးများနှင့်ပေါင်းစည်းကာ တစ်စည်းတစ်လုံးတည်းဖြစ်မလာဘဲ၊ ကွဲပြားသွားခဲ့ပြီး နဂါးငွေ့တန်းတစ်ခုလုံးမှ ခွဲခြားခံထားရသည်။
"မျိုးနွယ်မတူတဲ့သူတွေက နှလုံးသားချင်းလည်းတူညီမည်မဟုတ်" ဆိုသော စကားမှာ လူသားများနှင့်စကြဝဠာအတွင်းရှိအခြားလူမျိုးများအကြားတွင်သာမက၊ လူသားအချင်းချင်းတွင်လည်း ကျုံးဝင်သည်။ လူသားများအတွင်းတွင်လည်း အမျိုးမျိုးသောကွဲပြားမှုများကြောင့် အဖွဲ့အစည်းများစွာ ကွဲပြားနေသည်။
မတူညီသောအုပ်စုများအကြား ကွဲပြားမှုများမှာ ယဉ်ကျေးမှု၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အယူအဆများကဲ့သို့သော နယ်ပယ်များတွင် ကွဲပြားမှုများရှိသည်။ တစ်ဖက်မှ အလျှော့မပေးပါက၊ ၎င်းတို့အား တစ်စည်းတစ်လုံးတည်းဖြစ်စေရန် အလွန်ခက်ခဲသည်။
မျိုးနွယ်များနှင့်အုပ်စုများအကြား မညီညွတ်ဆန့်ကျင်မှုအားလုံးတွင်၊ လူ့အဖွဲ့အစည်းအတွင်းရှိ မညီညွတ်မှုမှာ အကြီးမားဆုံးဖြစ်သည်!
လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက်၊ လူသားမျိုးနွယ်အသီးသီးသည် စကြဝဠာအတွင်းရှိအခြားလူမျိုးများကို ခုခံကာကွယ်ရန် စည်းလုံးနိုင်သော်လည်း၊ ၎င်းတို့အချင်းချင်းကြားတွင်မူ ကြီးမားသောမညီညွတ်မှုမှုများ ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏နယ်မြေများကို ခွဲဝေယူကြပြီး ကြီးမားလှသောနဂါးငွေ့တန်းကို အပိုင်းများစွာ ပိုင်းခြားလိုက်ကြသည်။
နဂါးငွေ့တန်း၏ဗဟိုတွင် ကြီးမားသော တွင်းနက်တစ်ခုရှိသောကြောင့်၊ မည်သူမျှ ထိုနေရာတွင်နေထိုင်နိုင်ခြင်းမရှိပေ။ သို့သော် အခြားနေရာများအားလုံးကို နယ်မြေလေးခု - အရှေ့၊ တောင်၊ အနောက်နှင့် မြောက်ဟူ၍ ပိုင်းခြားထားသည်။
ဤအထဲတွင်၊ ဟွာရှလူမျိုး (တရုတ်လူမျိုး) အများစုပါဝင်သော ဟွာရှကြယ်သမ္မတနိုင်ငံသည် ၎င်း၏များပြားလှသော လူဦးရေနှင့် အားကောင်းသည့် စည်းလုံးညီညွတ်မှုကို အခြေခံကာ နဂါးငွေ့တန်း၏ အရှေ့ပိုင်းနှင့်တောင်ပိုင်းတစ်ခုလုံးကို လွှမ်းမိုးထားသည်။
နဂါးငွေ့တန်း၏ အနောက်ပိုင်းကို နှစ်ပိုင်းခွဲထားပြီး၊ ၎င်း၏အဓိကနယ်မြေများကို လူဖြူများလွှမ်းမိုးသော ဥရောပမဟာမိတ်အဖွဲ့ နှင့် ရောမဖက်ဒရေးရှင်းတို့က သိမ်းပိုက်ထားသည်။
လူမျိုးပေါင်းစုံပါဝင်သော အမေရိကန်ပြည်ထောင်စုနိုင်ငံနှင့် မိမိတို့ကိုယ်ကို စစ်တိုက်သည့်လူမျိုးဟု ကြေငြာထားသော ဆိုဗီယက်ရုရှားတို့က နဂါးငွေ့တန်း၏မြောက်ပိုင်းနှင့်တောင်ပိုင်း၏ကြီးမားသောအပိုင်းကို ခွဲဝေယူထားသည်။
နဂါးငွေ့တန်း၏တောင်ပိုင်းတွင် နေအဖွဲ့အစည်းတည်ရှိပြီး၊ ထိုနေရာသည် လူသားမျိုးနွယ်၏မူလအစဖြစ်သည်။ လူသားအင်အားစုအားလုံးမှာ ဤနေရာကို စွန့်လွှတ်ရန် မလိုလားကြပေ။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင်နယ်မြေများကို ကြေငြာကာ ခွဲဝေယူထားကြသည်။ ထို့ကြောင့် အင်အားနည်းသောအုပ်စုများမှာ အသက်ရှင်ရပ်တည်ရန် ခက်ခဲပြီး၊ နေအဖွဲ့အစည်းတွင် တစ်ခုတည်းသောအင်ပါယာများ မရှိချေ။
အားနည်းသောလူသားမျိုးနွယ်အချို့မှာ နဂါးငွေ့တန်း၏ကွက်လပ်များတွင် ဂြိုဟ်ငယ်များကိုရှာဖွေကာ မိမိတို့၏အုပ်ချုပ်ရေးစနစ်များကို တည်ထောင်ကြသည်။ ဥပမာအားဖြင့်၊ ဒေါင်ယင်းကြယ်တာရာအင်ပါယာ၊ အိန္ဒိယဖက်ဒရေးရှင်း၊ ဖေးချိုးမဟာမိတ်အဖွဲ့ စသည်တို့ ရှိကြသည်...
ထို့ကြောင့် နဂါးငွေ့တန်းအတွင်းရှိ လူသားအင်အားစုများသည် ကြီးမားသောအင်အားစုကြီးလေးခုနှင့် အင်အားစုငယ်များစွာဖြင့် ကြယ်တာရာအနေအထားတစ်ရပ်ကို ဖွဲ့စည်းထားသည်။
နဂါးငွေ့တန်း၏တောင်ပိုင်းရှိ ကျန်ရစ်ခဲ့သော ပျက်သုဥ်းကြယ်စနစ်မှာ ပို၍ပင် ဖရိုဖရဲဖြစ်နေခဲ့သည်။ နယ်မြေအငြင်းပွားမှုများမှာ ရှုပ်ထွေးပြီး၊ ကျင့်ဝတ်သိက္ခာသို့မဟုတ် စည်းမျဉ်းစည်းကမ်းများ လုံးဝမရှိပေ။ ၎င်းတို့ကို ဖရိုဖရဲကြယ်နယ်မြေများဟု ရည်ညွှန်းကြသည်။ ထိုအထဲတွင် နာမည်ကျော် ဗိုက်ကင်းကြယ်၊ ကာရီဘီယံကြယ်နယ်မြေ၊ဘာမြူဒါကြယ်စနစ် စသည်တို့ ပါဝင်သည်...
ဤအထဲတွင် အထင်ရှားဆုံးသော ဖရိုဖရဲကြယ်နယ်မြေမှာ နေအဖွဲ့အစည်းပင် ဖြစ်သည်။
နေအဖွဲ့အစည်းသည် လူသားမျိုးနွယ်၏မူလအစဖြစ်ရာ၊ နှစ်ပေါင်း ၁၀,၀၀၀ ကြာ ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အရင်းအမြစ်များကို အပြည့်အဝအသုံးချပြီးဖြစ်သော်လည်း၊ ၎င်းတို့အတွက် အဓိပ္ပါယ်ကြီးမားစွာ ရှိနေဆဲဖြစ်သည်။ ဤနေရာမှာ လူသားမျိုးနွယ်၏ အစားထိုးမရနိုင်သော နိုင်ငံရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အခြားသော အထွတ်အထိပ်ကြယ်တာရာ
အင်ပါယာများမှာ သူတို့၏တရားဝင်မှုကို ကိုယ်စားပြုရန် သဘာဝအတိုင်း ဤနေရာကို သိမ်းပိုက်လိုကြသည်။ မည်သူမျှ ဤနေရာကို စွန့်လွှတ်လိုကြမည် မဟုတ်ပေ။ သို့သော် ယနေ့အချိန်အထိ မည်သူမျှ နေအဖွဲ့အစည်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
နေအဖွဲ့အစည်းသည် မည်သူမျှ စွန့်လွှတ်လိုချင်းမရှိသော အငြင်းပွားဖွယ်နယ်မြေတစ်ခုဖြစ်သည်။
ထို့ကြောင့် မည်သူမျှ ကြယ်စနစ်တစ်ခုအတွက် နဂါးငွေ့တန်းတစ်ခုလုံးအနှံ့ စစ်ပွဲကြီးတစ်ခုဖြစ်ပွားစေလိုကြမည် မဟုတ်ပေ။ အကယ်၍ မည်သူမဆို ဤသို့စဉ်းစားပါက၊ ၎င်းတို့သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံရန်သူဖြစ်လာမည်။ မည်သူမျှ ဤအရာ၏တန်ဖိုးကို မတတ်နိုင်ချေ။
ဤအကြောင်းကြောင့် မည်သူမျှ နေအဖွဲ့အစည်းကို မသိမ်းပိုက်နိုင်ခဲ့ဘဲ၊ နေအဖွဲ့အစည်းမှာ အထွတ်အထိပ်ကြယ်တာရာအင်ပါယာများအကြားတွင် လွတ်လပ်ရေးရသွားခဲ့သည်။ နယ်မြေအငြင်းပွားမှုများမှာ အလွန်ရှုပ်ထွေးပြီး ကစဉ့်ကလျားဖြစ်နေကာ၊ နေအဖွဲ့အစည်းညွှန်ပေါင်း အစိုးရဆိုသည်မှာ အကြီးစားနိုင်ငံများက ခြယ်လှယ်ထားသော ရုပ်သေးအစိုးရတစ်ရပ်သာဖြစ်ပြီး အမည်ခံသာရှိသည်။
...
မန်နေဂျာ ဖရန့် ၏ ဤမေးခွန်းကို ကြားပြီးနောက်၊ ဖုန့်လင်းသည် သူ ယခုနေရာတွင်ရှိနေသည့် အခြေအနေကို ချက်ချင်းနားလည်သွားခဲ့သည်။
မန်နေဂျာ ဖရန့် သည် သူ၏ စိတ်ရှုပ်နေသော မျက်နှာအမူအရာကို ကြည့်ကာ
ဖုန့်လင်း၏ နှလုံးသားထဲမှ မီးတောက်ကို လောင်စာထည့်လိုက်သည်။ "နေအဖွဲ့အစည်းဆိုတာက ဖရိုဖရဲကြယ်နယ်မြေတစ်ခုပဲ။ စည်းမျဉ်းစည်းကမ်းတွေဆိုတာ အပေါ်ယံသာ ရှိတာပါ - အောက်ခြေလူတန်းစားတွေကို လှည့်စားဖို့အတွက်ပဲလေ။ များသောအားဖြင့် လုံးဝအသုံးမဝင်ဘူးကွ။ ဒီလိုမှမဟုတ်ရင် လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး ကလန်သားတွေကို ခေါင်းပုံဖြတ်နေတဲ့ ဒီလိုသေးငယ်တဲ့ ကလန်တွေ အများကြီး ဘယ်လိုရှိလိမ့်မဟလဲ။ ဒါပေမယ့် အပြင်က ပတ်ဝန်းကျင်က ပိုဆိုးတယ်ကွ။ ဒါကြောင့် ကလန်သားတွေမှာ အဖွဲ့တွေထဲ ဝင်ဖို့ပဲ ရွေးချယ်စရာရှိတယ်။ ဝင်ငွေ ကောင်းကောင်းမရပေမယ့်၊ အနည်းဆုံးတော့ သူတို့ရဲ့ ဘေးကင်းမှုကိုတော့ အာမခံနိုင်တယ်လေ။ တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ စနစ်ကျမှုတွေ တည်ငြိမ်မှုတွေ၊ အထွတ်အထိပ်ကြယ်တာရာအင်ပါယာတစ်ခုမှာ ဒီလိုအရာတွေ ဖြစ်နိုင်မှာမဟုတ်ဘူး။
ဖုန့်လင်း မင်းကိုယ်တိုင်လည်း ဒီလိုပဲမဟုတ်လား? မင်းအနေနဲ့ ကလန်က ခေါင်းပုံဖြတ်ခံရပြီး စက်ရုံမှာ အလုပ်သင်ဝင်ဖို့ အတင်းအကျပ်ခိုင်းစေခံရတယ်။ မင်းက မခံနိုင်ဘူး၊ ဒါကြောင့် ထွက်ပြေးဖို့ပဲ ရွေးချယ်စရာရှိတယ်။ မင်းက ကြယ်တာရာကျင့်ကြံသူ ဖြစ်ပြီးမှ ပြန်လာချင်တယ်လား! မင်းမသိသေးတာက ဖရိုဖရဲ နေအဖွဲ့အစည်းမှာ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်လိုနေရာတွေကိုသာ ကောင်းတယ်လို့ ယူဆကြတာပါ။ ဂြိုလ်ပတ်လမ်း၊ အစွန်းအဖျားဒေသတွေ၊ စနေဂြိုဟ်... နဲ့ အခြားဝေးလံတဲ့ ဂြိုဟ်နယ်မြေတွေမှာ အင်အားကြီးပြီး သွေးဆာနေတဲ့ ကြယ်တာရာဓားပြတွေ မရေမတွက်နိုင်အောင်ရှိတယ်။ အပြင်မှာ ခွေးအချင်းချင်းစားနေတဲ့ ကမ္ဘာကြီးပါပဲ။ အင်အား၊ အင်အားတစ်ခုတည်းကသာ ဖရိုဖရဲကြယ်နယ်မြေရဲ့ တစ်ခုတည်းသော ဥပဒေပဲ။ မင်း အခု နားလည်ပြီလား?"
သူပြောသွားသော စကားလုံးတိုင်းသည် ထက်ရှသည့်ဓားတစ်ချောင်းစီကဲ့သို့
ဖုန့်လင်း၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်ကာ နေအဖွဲ့အစည်း၏ ဖရိုဖရဲဖြစ်မှုနှင့် ရက်စက်မှုများကို ထုတ်ဖော်ပြခဲ့လိုက်သည်။
ဖုန့်လင်း၏မျက်လုံးများ ကျဉ်းသွားခဲ့သည်။ "ခင်ဗျား ကျုပ်ကိုစုံစမ်းထားတာလား?"
"မင်းက ငါတို့ကုမ္ပဏီရဲ့ အဖွဲ့ဝင်ဖြစ်နေပြီဆိုတော့၊ မင်းကိုသေချာစုံစမ်းပြီးမှပဲ ငါတို့ စိတ်ချလက်ချ ခန့်ရမှာပေါ့။ တကယ်တော့ ဒီလိုသေးငယ်တဲ့ကိစ္စတွေကို စုံစမ်းဖို့ မခက်ခဲပါဘူး" ဟု မန်နေဂျာ ဖရန့် က လက်ကို ဝှေ့ယမ်းကာ ပြုံးလိုက်သည်။
ဖုန့်လင်း တိတ်ဆိတ်သွားခဲ့သည်။ အရာရာက မန်နေဂျာ ဖရန့် ပြောသလောက် ရိုးရှင်းမည် မဟုတ်ပေ။ ထိုစကားများနောက်ကွယ်တွင် ခြိမ်းခြောက်မှုသဘော အနည်းငယ်ပါနေသည်။
သူ အရင်ကအခက်အခဲမှ ထွက်ပြေးလာခဲ့သော်လည်း၊ ဧရာမဆေးဝါး ကုမ္ပဏီက သူ့အကြောင်းကို အသေးစိတ်သိရှိထားသည်။ သူ ချက်ချင်းပင် အကျဥ်းအကျပ်ထဲသို့ ရောက်ရှိသွားခဲ့သည်။
"ဘာကြောင့် ကုမ္ပဏီက နေအဖွဲ့အစည်းမှာ လူသားတွေနဲ့ စမ်းသပ်မှုတွေလုပ်နေတာလဲ?" ဖုန့်လင်း လက်မခံနိုင်ဘဲ မေးလိုက်သည်။
"ဒါက ရှင်းပါတယ်! နေအဖွဲ့အစည်းက လူသားမျိုးနွယ်ရဲ့ မူလအစဖြစ်ပြီး လူသားမျိုးနွယ်တွေရဲ့ ဘဏ္ဍာတိုက်လို့တောင် ဆိုနိုင်တယ်။ ဒီမှာ အသားအရောင်အမျိုးမျိုးရှိတဲ့လူတွေ ရှိတယ် - အသားမည်းတဲ့သူတွေ၊ အသားဖြူတဲ့သူတွေ၊ အသားဝါတဲ့သူတွေ၊ အသားညိုတဲ့သူတွေ... ဒါ့အပြင် သူတို့တစ်ယောက်ချင်းစီက သန့်စင်တဲ့သွေးသားတွေဖြစ်ပြီး ဗီဇပြုပြင်ထားခြင်း မရှိသေးဘူး။ ဒီနေရာကလူတွေကို စမ်းသပ်မှုတွေမှာ အသုံးပြုရင် အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး အချက်အလက်တွေ ရနိုင်တယ်။ တကယ်တော့ ငါတို့ ဧရာမဆေးဝါး ကုမ္ပဏီက သုံးခဲ့တဲ့ လူသားစမ်းသပ်ခံတွေက နေအဖွဲ့အစည်းညွှန်ပေါင်းအစိုးရက သေဒဏ်ပေးထားတဲ့ ပြစ်မှုကျူးလွန်သူတွေကိုပဲ အသုံးပြုထားတာပါ။ ငါတို့လုပ်တဲ့ လူသားစမ်းသပ်မှုတွေကိုလဲ အစိုးရက လက်ခံထားပါတယ်! ဒါကြောင့်ပဲ ငါတို့ ဧရာမဆေးဝါးကုမ္ပဏီက အင်္ဂါဂြိုဟ်ရဲ့ ရှီထိုက်မြို့မှာ အခြေစိုက်ရဲတာပေါ့" ဟု မန်နေဂျာ
ဖရန့် က လူသားစမ်းသပ်ခံများကိုအကြောင်း အရေးတယူမထားဘဲ ဘာမှမဖုံးကွယ်ဘဲ ပြောပြလိုက်သည်။
ဖုန့်လင်း တိတ်ဆိတ်သွားခဲ့သည်။ သူ၏မျက်နှာတွင် မဝေခွဲနိုင်သော အမူအရာပေါ်နေခဲ့ပြီး၊ အချိန်အကြာကြီးယူပြီးနောက်တွင်လည်း ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ခဲ့ပေ။
ဖရန့် သည် ဖုန့်လင်း ချက်ချင်းသဘောတူသည်ကို မမြင်ရသောအခါ၊ သူ၏အကြည့်မှာ မည်းမှောင်လာခဲ့သည်။ သူ အဓိပ္ပါယ်ပြည့်ဝသော လေသံနှင့် ဆက်လက်နားချလိုက်သည်၊
"ဖုန့်လင်း၊ မင်းမှာ ဗီဇပညာရှင်ဖြစ်ဖို့ သိပ်ကောင်းတဲ့ အရည်အချင်းရှိတယ်။ မင်း ငါတို့ကုမ္ပဏီကိုဝင်ရင်၊ မင်းကို အပြည့်အဝအားစိုက်ပြီး ပြုစုပျိုးထောင်ပေးမယ်။ မင်းက ဗီဇပညာရှင်တစ်ယောက်ဖြစ်ဖို့ အလားအလာ အရမ်းကောင်းတယ်ကွ! မင်းရဲ့စကားတွေကို ပြန်ရုပ်သိမ်းမှာလား? ကြယ်ဒင်္ဂါး ၅၀၀,၀၀၀ ဒဏ်ကြေးကို မင်းမတတ်နိုင်ပါဘူး!"
ဖုန့်လင်း အနည်းငယ်စိုးရိမ်နေခဲ့သည်။
ဤစကားများအားလုံးကို နားချသည့်သဘောမျိုးဖြင့် ပြောထားသော်လည်း၊ အမှန်တွင် ခြိမ်းခြောက်မှုများသာ ဖြစ်သည်။
ဖရန့်၏ သဘောထားမှာ ဖော်ရွေပြီး သူ့အပေါ်တွင် မြင့်မြင့်မှန်းထားသော်လည်း ဖုန့်လင်းသာ အမှန်တကယ် သဘောတူညီမှုကို နောက်ပြန်ဆုတ်ပါက၊ ဖရန့်အနေဖြင့် ဤသဘောထားကို ဆက်လက်ထိန်းသိမ်းနိုင်မည်လော?
တစ်ခဏခန့်စဥ်းစားပြီးနောက်၊ ဖုန့်လင်း အခြေအနေကို နားလည်ပြီး အလိုက်သင့် နေတတ်သူတစ်ဦးဖြစ်ရန် ဆုံးဖြတ်လိုက်သည်။
သူအနေဖြင့် လူသားများနှင့်စမ်းသပ်မှုများကို အလွန်ဒေါသထွက်သော်လည်း၊ ဤကိစ္စသည် မူလကပင် သူနှင့်
မသက်ဆိုင်ပေ။
နေအဖွဲ့အစည်းညွှန်ပေါင်းအစိုးရပင် ဤအရာကို လက်ခံထားပါက၊ သူတစ်ဦးတည်း ကန့်ကွက်နေရုံဖြင့် အကျိုးရှိမည်မဟုတ်ပေ။ သူအနေဖြင့် လူရယ်စရာသာ ဖြစ်လာလိမ့်မည်။
ဒီကိစ္စကြောင့် သူ့ကိုယ်သူ အခက်အခဲထဲ ရောက်အောင် ဘာလို့ လုပ်မှာလဲ?
ဖုန့်လင်း လုံအောင်းထျန်း [1] ကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်ပြီး သူ့အနားတွင် လှည့်ပတ်စေနိုင်သူအဖြစ် သူ့ကိုယ်သူ မမြင်ပေ။
သူ့အတွက် မည့်သည့်အရာက ကောင်းတယ်ဆိုတာ သိခဲ့ပြီး ခေါင်းညိတ်လိုက်သည်။ "ကျုပ် သဘောတူတယ်! ဧရာမဆေးဝါး ကုမ္ပဏီမှာနေပြီး သုတေသနကို အာရုံစိုက်မယ်!"
"ပါးနပ်တဲ့ရွေးချယ်မှုပဲ!"
ထိုစကားကိုကြားသောအခါ၊ မန်နေဂျာ ဖရန့် သည် အပြည့်အဝ ပြုံးလိုက်သည်။ သူ့လက်ကိုဆန့်ထုတ်ကာ သရော်သည့်ဟန်ဖြင့် ပြောလိုက်သည်၊ "ဒါဆိုရင် အခု ငါတို့က တစ်ဖက်တည်းမှာပဲ!"
ဖုန့်လင်း ပြန်မဖြေခဲ့ဘဲ လက်ကိုဆန့်ထုတ်လိုက်သည်။
နှစ်ဦးသား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
နှစ်ယောက်စလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်းပြုံးနေခဲ့ကြသည်။ နောက်ထပ် ဘာစကားမှ ထပ်မပြောခဲ့ပေမယ့် အားလုံးကို နားလည်ခဲ့ကြသည်။
မန်နေဂျာ ဖရန့်၏ မျက်လုံးအတွင်း ပိုင်းတွင် ဝမ်းမြောက်သည့်အရိပ်အယောင် အနည်းငယ်ပေါ်နေသည်ဟု ထင်ရသည်။
ဖုန့်လင်း မျက်လွှာချလိုက်ကာ သူ့အကြည့်ကို ဖုံးကွယ်လိုက်သည်။ သူ၏နက်မှောင်သောမျက်လုံးများအတွင်း နက်နဲသည့်အလင်းတစ်ခုက တဖျတ်ဖျတ်တောက်နေခဲ့ပြီး၊ နားလည်ရ ခက်နေခဲ့သည်။
တစ်နေ့မှာ၊ ငါ...
——————
လုံအောင်းထျန်း [1] အင်တာနက်ဗန်းစကား။ ဝတ္ထု၊ ကာတွန်းနှင့် အန်နီမေးရှင်းဇာတ်ကောင်များကို သရော်သည့်အနေဖြင့် အသုံးပြုလေ့ရှိသော ဇာတ်ကောင်အမျိုးအစား - အထူးသဖြင့် အလွန်အမင်း အစွမ်းထက်သည့် ဇာတ်ကောင်များကို ရည်ညွှန်းသည့်နေရာတွင် သုံးသည်။