ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်
Vol. 6 Ch. 86
"ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်သည် ရှေးဟောင်းကမ္ဘာမြေခေတ်မှ ရှေးကျသည့် သိုင်းပညာတစ်ခုဖြစ်ပြီး ၎င်း၏မူလအစကို တိတိကျကျမသိရသော်လည်း အမည်အရ ရှေးဟောင်းတရုတ်နိုင်ငံ၏ ခွန်းလွန်တောင်များမှ အထွတ်အထိပ်သိုင်းပညာတစ်ခုဖြစ်ဟန်တူသည်။ ဤသိုင်းပညာတွင် လမ်းကြောင်း 12 ခု ပါဝင်ကာ လက်သီးပညာရပ်၊ လက်ချောင်းပညာရပ်၊ ဖမ်းဆီးချုပ်နှောင်သည့်ပညာရပ်၊ ဓားပညာရပ်၊ ကျာပွတ်ပညာရပ်၊ ပုဆိန်ပညာရပ် အစရှိသော လက်နက်အမျိုးမျိုးမှ အစွမ်းထက်သည့် လှုပ်ရှားမှုအားလုံးကို စုစည်းထားသည့်အပြင် ၎င်းတို့အားလုံးကို ချိတ်ဆက်ပေါင်းစည်းနိုင်သည့် နည်းလမ်းများပါဝင်ကာ အသုံးပြုသူအား မရေမတွက်နိုင်သည့် အမျိုးမျိုးသော ကွဲပြားသည့် လှုပ်ရှားမှုများကို လေ့ကျင့်နိုင်စေသည်။
ဤခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်သည် မိုးကောင်းကင်အောက်ရှိ သိုင်းပညာအားလုံး၏ အစစ်အမှန် အနှစ်သာရများကို ပိုင်ဆိုင်ထားသည်ဟု ထင်ရသည်။ မည်သည့်သိုင်းပညာမဆို ဤပညာရပ်၏ လမ်းကြောင်း (၁၂)မျိုးအနက် တစ်ခုခုနှင့် သက်ဆိုင်နေမည်သာဖြစ်သည်။ဤခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်တွင် အရာအားလုံးပါဝင်ပြီး မည်သည့် တိုက်ကွက်ကိုမဆို တုံ့ပြန်နိုင်မည်ဖြစ်သည်။..."
ပုံတွင်ပြထားသော အရပ်ရှည်ရှည်နှင့်ပိန်ပါးသည့် အမျိုးသားမှာ သူ၏ ကျားသစ်ကဲ့သို့ ပေါက်ကွဲနိုင်စွမ်းရှိသည့် လျင်မြန်သော လှုပ်ရှားမှုများဖြင့် ဤရှေးဟောင်း သိုင်းပညာ၏ ကိုယ်ဟန်များကို သရုပ်ပြနေပြီး တစ်ခုချင်းစီ၏ လျှို့ဝှက်သောနည်းလမ်းများကို ရှင်းလင်းဖော်ပြနေခဲ့သည်။
ဖုန့်လင်း အာရုံစိုက်လေ့လာနေပြီး ဤပညာရပ်သည် ရှေးဟောင်းကမ္ဘာမြေခေတ်မှ ယနေ့အထိ လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်း သိုင်းပညာတစ်ခုဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူယခင်က ယူဆထားသည်နှင် မတူဘဲဗီဇသိုင်းပညာများနှင့် သက်ဆိုင်သော သိုင်းပညာမဟုတ်ပေ။
ဤသာမန်ဆန်သည့် ရှေးဟောင်း သိုင်းပညာ၏ အစွမ်းသည် ဤမျှထိ မြင့်မားပြီး ကမ္ဘာပေါ်ရှိ ကွဲပြားသည့် သိုင်းပညာအမျိုးမျိုး၏ အနှစ်သာရများကို ပေါင်းစပ်ထည့်သွင်းထားနိုင်ကာ အသုံးပြုသူအား တစ်စထက်တစ်စ ပိုမိုအားကောင်းလာစေနိုင်သည်။
ဤအချက်သည် အမှန်ပင်ဖြစ်ကြောင်း သူ သိထားသည်။ ဝတ်ရုံရှည်ဝတ်လူနှင့် အစောပိုင်းမှ တိုက်ကွက်များဖလှယ်ခဲ့စဥ်က သူ၏နည်းလမ်းများတွင် မရေမတွက်နိုင်သော အပြောင်းအလဲများ ပါဝင်နေခဲ့သည်။ ဤသိုင်းပညာရပ်သည် သာမန်ထက် သာလွန်သည့် အစွမ်းထက်သော ရှေးဟောင်း သိုင်းပညာတစ်ခုဖြစ်သည်မှာ မလွဲမသွေပင်။
ဖုန့်လင်းကို အံ့အားသင့်စေခဲ့သည်မှာ ဤခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်၏ ကိုယ်ဟန်များတွင် အဓိပ္ပါယ်ပြည့်ဝသည့် အမည်များ ရှိနေခြင်းဖြစ်သည်။ "နတ်ဘုရားရိုက်နှက်ခြင်း ကျာပွတ်တံဆိပ်တော်"၊ "မိုးကောင်းကင်ကို မှောက်လှန်သည့် တူတံဆိပ်တော်"၊ "ယင်-ယန် ကြေးမုံ တံဆိပ်တော်" အစရှိသည့် အမည်များသည် သူ့အား စိတ်ကူးယဉ် အတွေးများထဲသို့ ရောက်ရှိသွားစေခဲ့သည်။
ဖုန့်လင်း တဖြည်းဖြည်း နစ်မြှုပ်သွားခဲ့သည်။ ဖတ်ရှုလေ့လာရင်းဖြင့် ဤသိုင်းပညာသည် အလွန်ထူးခြားဆန်းကြယ်ကြောင်း တွေ့ရှိခဲ့သည်။ မည်သည့် အဆင့်သတ်မှတ်ချက် သို့မဟုတ် ဗီဇနည်းပညာမျှ မပါဝင်သော်လည်း ၎င်းတွင် သိုင်းပညာ၏ အနှစ်သာရနှင့်သက်ဆိုင်သော သဘာဝကျသည့် သဘောတရားများ ပါဝင်နေသည်။ စုစုပေါင်း လက်ဝါးတံဆိပ်တော် (၁၂)မျိုးရှိပြီး တစ်ခုချင်းစီတွင် အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်သည့် သဘောတရားများ ပါဝင်နေသည်။ ကျာပွတ်တံဆိပ်တော်သည် သူ၏တိုက်ခိုက်မှုများနှင့် အော်ရာကို လျင်မြန် ရက်စက်စေပြီး တူတံဆိပ်တော်သည် တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စေကာ ကြေးမုံတံဆိပ်တော်သည် ယင်နှင့် ယန်တို့အား အတူယှဉ်တွဲနေစေနိုင်ပြီး အချင်းချင်း ဖြည့်စွက်နိုင်စေသည်...
ဤရှေးဟောင်း သိုင်းပညာတွင် အဆင့်သတ်မှတ်ချက် မရှိသော်လည်း ၎င်းသည် သာမန်သိုင်းပညာရပ်တစ်ခုမဟုတ်သည်မှာ အသေအချာပင်။ ဤနည်းစနစ်များကို ထိပ်တန်း သိုင်းပညာရှင်များက နှစ်ပေါင်းသန်းချီ၍ လက်တွေ့စမ်းသပ်ခဲ့ကြပြီး ၎င်းတို့ထုတ်လွှတ်နိုင်သည့် စွမ်းအားများသည် ဗီဇနည်းပညာနှင့် သက်ဆိုင်သော သိုင်းပညာအချို့နှင့် ယှဉ်လျှင် အနည်းငယ်မျှ မနိမ့်ကျခဲ့ပေ။ ထို့ထက်ပို၍ ဖြစ်နိုင်သည်မှာ ၎င်း၏စွမ်းအားသည် အချို့သော ဗီဇနည်းပညာနှင့် သက်ဆိုင်သော သိုင်းပညာများကိုပင် ဖိနှိပ်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော် ဤရှေးဟောင်း သိုငပညာသည် ဒဏ္ဍာရီလာ ဗီဇများ၏ အထူးစွမ်းရည်များကို ပေါင်းစည်းနိုင်ခြင်း မရှိသောကြောင့် ပင်ကိုယ်အားနည်းချက်ရှိနေသည်။
ဖုန့်လင်း မြွေကလေးကို လက်တစ်ဖက်ဖြင့် ဆက်လက်ကိုင်ထားရင်း မာတိကာကို အလေးအနက်ဖတ်ရှုနေပြီး အခြားလက်ဖြင့် ပုံထဲရှိအကွက်များအတိုင်း မသိစိတ်မှ အလိုလို လိုက်လုပ်ကာ လက်ဝါးတံဆိပ်တော်တစ်ခုအတွင်းရှိ သိုင်းပညာ၏အနှစ်သာရကို နားလည်ရန် ကြိုးစားနေခဲ့သည်။
ရုတ်တရက် သူ၏မျက်လုံးထဲတွင် အနက်ရောင်အရိပ်တစ်ခု လက်သွားပြီး သူ့ဆီသို့ ပြေးဝင်လာသည်။
ဖုန့်လင်း၏ နှလုံးသားထဲတွင် သတိပေးချက်တစ်ခု ပေါ်ထွက်လာကာ သူ ယခု နားလည်ထားသည့် "နတ်ဘုရားကို ရိုက်နှက်သည့် ကျာပွတ်တံဆိပ်တော်" အကွက်ကို အလိုအလျောက် သုံးလိုက်မိသည်။ သူ့လက်မောင်းသည် ကျာပွတ်တစ်ချောင်းကဲ့သို့ လျင်မြန်စွာ ရိုက်ခတ်လိုက်ပြီး သူ့ဆီသို့ ပြေးဝင်လာသူကို နောက်ပြန်ဆုတ်သွားစေခဲ့သည်။ ဝတ်ရုံရှည်ဝတ်လူသည် ခြေလှမ်း (၁၀) လှမ်းကျော်ခန့် နောက်သို့ အတွန်းခံရပြီးမှသာ ရပ်တန့်နိုင်ခဲ့သည်။
"ဘာ? နတ်ဘုရားကို ရိုက်နှက်သည့် ကျာပွတ်တံဆိပ်တော်ကို မင်း ဒီလောက်မြန်မြန် တတ်သွားပြီလား?!" ဝတ်ရုံရှည်ဝတ်လူ၏ လက်ဖဝါးများ တုန်ရီနေခဲ့သည်။ အစောပိုင်း ထိတွေ့မှု၏ အင်အားသည် အလွန်ပြင်းထန်ပြီး သူ၏လက်မောင်းရိုးများ ကျိုးတော့မတတ် ခံစားလိုက်ရပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေခဲ့လေ၏။
"မင်း ဘာလုပ်တာလဲ?" ဖုန့်လင်း၏ မျက်လုံးများတွင် သတိထားမှုတို့ပြည့်နေပြီး ဝတ်ရုံရှည်ဝတ်လူကို စိုက်ကြည့်နေခဲ့သည်။ သူ အလိုအလျောက် လက်ကို တင်းကျပ်စွာ ညှစ်လိုက်ပြီး မြွေကလေးကို အသက်ရှူရပ်တန့်စေကာ မွန်းလိနီးပါး ဖြစ်သွားစေခဲ့သည်။
ဝတ်ရုံရှည်ဝတ်လူ အလျင်အမြန် ရပ်တန့်လိုက်ပြီး သူ့တွင်
မကောင်းသော ရည်ရွယ်ချက်မရှိကြောင်း ပြလိုက်သည်။ သူ မြွေကလေးကို ညွှန်ပြလျက် "မင်း သူ့ကို အခုချက်ချင်းမလွှတ်ရင် မင်းကြောင့် သူ သေသွားလိမ့်မယ်။ ငါ ပြေးဝင်လာတာက သူ့ကိုကယ်ဖို့ပါ" ဟု ညည်းညူလိုက်သည်။
သူ့မျက်လုံးများတွင် ဒေါသနှင့် အကူအညီမဲ့မှုတို့ဖြင့် ပြည့်နှက်နေပြီး
ဖုန့်လင်းကို စိုက်ကြည့်နေခဲ့သော်လည်း ဘာမှမပြောရဲပေ။
ဖုန့်လင်း အံ့သြသွားသည်။ သူ ခေါင်းမော့ကြည့်လိုက်ပြီး ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ကို လေ့လာရာတွင် အလွန်အာရုံစိုက်မိနေသည့်အတွက် အခြားလက်ကို လုံးဝဂရုမစိုက်မိခဲ့ကြောင်း သတိထားမိလိုက်သည်။ မြွေကလေး၏ လည်ချောင်းသည် သူ၏လက်ကြောင့် လုံးဝကြေမွနေလုနီးပါးဖြစ်နေပြီး မျက်လုံးများ မျက်ဖြူစိုက်နေကာ အသက်ရှူကျပ်၍ သေတော့မလိုပင်။
ထိုသို့ဆိုလျှင် အလွန်ကသိကအောက်နိုင်သော အခြေအနေ ဖြစ်သွားပေလိမ့်မည်...
ဖုန့်လင်းသည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ လက်မှအားကို လျှော့ချလိုက်သည်။
မြွေကလေး ချက်ချင်းပင် ရွှံ့တစ်ပုံကဲ့သို့ မြေပေါ်သို့ ပြုတ်ကျသွားပြီး အားအင်ကုန်ခမ်းစွာ လဲလျောင်းနေခဲ့ကာ ယခင်ကကဲ့သို့ ခေါင်းမာသော သဘောထားမျိုး မရှိတော့ပေ။ သူ အသက်ပြင်းပြင်းရှူနေခဲ့ပြီး လည်ချောင်းထဲမှ အသံများ ထွက်လာသည်။ သူ၏မျက်နှာတွင် ကြောက်ရွံ့မှုနှင့် လွတ်မြောက်၍ ဝမ်းသာရမှုတို့ ရောနှောနေခဲ့သည်။ စိတ်သက်သာရာရမှုကြောင့် မျက်ရည်နှင့် နှာရည်များမှာ သူ့မျက်နှာမှ မရပ်မနား စီးဆင်းနေခဲ့သည်။
"မြွေကလေး!" ဝတ်ရုံရှည်ဝတ်လူ ပြေးလာပြီး စစ်ဆေးကြည့်လိုက်သည်။ အဖွဲ့ဝင်တစ်ဦး အသက်မသေသေးသည်ကို တွေ့ရှိလိုက်သောအခါ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။
မြွေကလေး၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ရင်း ဖုန့်လင်း၏ မျက်နှာအမူအရာမှာလည်း သဘာဝမကျစွာ တောင့်တင်းသွားခဲ့သည်။ သူ လူတစ်ဦးကို မတော်တဆ သတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။
သူ ကတိမတည်တတ်သူမျိုး မဟုတ်ပေ။ သိုင်းပညာကို ရပြီဖြစ်သောကြောင့် သဘာဝအားဖြင့် သူ၏ ဓားစာခံကို သတ်မည်မဟုတ်ပေ။
ဤသိုင်းပညာကို ရယူပြီးနောက် သူရရှိခဲ့သော အကျိုးကျေးဇူးများသည် ယခင်က ရင်ဆိုင်ခဲ့ရသော အန္တရာယ်များထက်စာလျှင် အဆမတန် ပိုမိုများပြားပြီး ဖုန့်လင်း၏ ဒေါသလည်း ပြေပျောက်သွားခဲ့သည်။
ထိုအလုပ်သင်ကျင့်ကြံသူလေးကို သူ အလွယ်တကူသတ်နိုင်သော်လည်း ဤဝတ်ရုံရှည်ဝတ်လူမှာမူ အတွေ့အကြုံရင့်သော ကြယ်တာရာကျင့်ကြံ သူတစ်ဦးဖြစ်သည်။ သူ့အပေါ်တွင် အသာစီးရရန် လွယ်ကူသော်လည်း လုံးဝထိန်းချုပ်ရန်မူ မလွယ်ကူပေ။
ဖုန့်လင်းအနေနှင့် ကြယ်တာရာကျင့်ကြံသူအဖြစ်သ်ို့ ရောက်လာသည်မှာ မကြာသေးပေ။
ဒေါသထွက်နေတဲ့ ယုန်တစ်ကောင်ကတောင် လူကိုကိုက်တတ်ပါတယ်။ ဒေါသထွက်နေတဲ့ ကျင့်ကြံသူဆိုရင်တော့ ပြောစရာတောင် မလိုပါဘူး။
ဖုန့်လင်းမှာ သာမန်လူသားတစ်ဦးသာဖြစ်သည်။ ဧရာမဆေးဝါးကုမ္ပဏီအတွက် မားစ်ဂြိုလ်တော်လှန်ရေးတပ် နှင့် သေသည်အထိ ရန်ငြိုးဖွဲ့ရန် မလိုအပ်ဘဲ ဤသည်မှာ မတန်ပေ။
သို့သော် မားစ်ဂြိုလ်တော်လှန်ရေးတပ် က သူတို့အတွက် ဘာက ကောင်းတယ်ဆိုတာ မသိပဲ သူ့ကိုဆက်လက်လိုက်လံဖမ်းမည်ဆိုပါက သူအနေနှင့်လည်း သနားညှာတာမှု ပြလိမ့်မည်မဟုတ်ချေ။
"ဓားစာခံကို လွှတ်ပြီးပြီ၊ ဒီတစ်ခါတော့ မင်းတို့နှစ်ယောက်ကို လွှတ်လိုက်မယ်။ နောက်တစ်ခါ ငါ့ကိုထပ်ပြီးနှောင့်ယှက်ရင်တော့ အခုလိုကံကောင်းမှာမဟုတ်ဘူး!" ဖုန့်လင်း အေးစက်စွာ သတိပေးလိုက်ပြီး လျင်မြန်စွာ လှည့်ထွက်သွားသည်။ သူ မာစ်ဂြိုလ်တော်လှန်ရေးတပ် နှင့် နောက်ထပ်ဆက်ဆံရန် မလိုလားပေ။
ဤကဲ့သို့သော မြေအောက်အဖွဲ့အစည်းများသည် အမြဲတမ်း ပြဿနာကြီးများကို ကိုယ်စားပြုသည်။ ဖုန့်လင်းမှာ ၎င်းတို့နှင့် ရောထွေးရန် မလိုလားပေ။
ဖုန့်လင်း အမှန်တကယ်ပင် မြွေကလေးကို လွှတ်ပေးလိုက်သည်!
ဝတ်ရုံရှည်ဝတ်လူမှာလည်း စိတ်ထဲတွင် ပဟေဠိဖြစ်သွားသည်။ ဧရာမဆေးဝါးကုမ္ပဏီက သွေးအေး လူသတ်သမားတစ်ယောက်က တကယ်လွှတ်ပေးလိုက်တာလား။
သူ၏မျက်လုံးများ တောက်ပလာသည်နှင့်တပြိုင်နက် ဖုန့်လင်းကို လျင်မြန်စွာ ကြည့်လိုက်ပြီး ရုတ်တရက် သူ့ပုံရိပ်သည် ဖုန့်လင်းရှေ့တွင် ပေါ်လာကာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ "ခဏလေး!"
သူ၏လမ်းပိတ်ဆို့ခံရသည်ကို တွေ့ရသောအခါတွင် ဖုန့်လင်း၏မျက်နှာအမူအရာ မည်းမှောင်သွားသည်။ "မင်း ဘာလိုချင်တာလဲ? မင်းနဲ့ မင်းတပည့်ကို အသက် ချမ်းသာပေးပြီးပြီပဲ။ မင်း ကျေနပ်သင့်ပြီလေ ငါ့ကို မင်းတို့နှစ်ယောက်လုံးကို သတ်ဖို့ တကယ် တွန်းအားပေးနေတာလား?"
"ဆရာ၊ ခဏစောင့်ပါ။ ကျွန်တော့်ရည်ရွယ်ချက်ကို ဆရာ အထင်လွဲနေတာပါ!" ဝတ်ရုံရှည်ဝတ်လူမှာ ရုတ်တရက် အလွန်ယဉ်ကျေးသွားသည်။ "ကျွန်တော် ဆရာနဲ့ တိုင်ပင်ချင်တဲ့ ကိစ္စလေး တစ်ခုရှိပါတယ်။"
"ငါတို့ကြားမှာ တိုင်ပင်စရာ ဘာကိစ္စရှိမှာလဲ?" ဖုန့်လင်း ဖော်ရွေမှု မရှိသည့်အသံဖြင့် ပြောလိုက်သည်။
ဤသည်မှာ ရှင်းလင်းသော ငြင်းပယ်မှုတစ်ခုဖြစ်သော်လည်း ဝတ်ရုံရှည်ဝတ်ထားသူမှာ ဒေါသမထွက်ဘဲ ပြုံးကာ ဆက်ပြောလိုက်သည်။ "ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ဆရာက ဧရာမဆေးဝါးကုမ္ပဏီ ရဲ့ ဝန်ထမ်းအသစ်
ဖုန့်လင်းဖြစ်မယ်ထင်တယ်။ ဟုတ်တယ်မလား?"
"မင်း ငါ့နာမည်ကို ဘယ်လိုသိတာလဲ?" ဖုန့်လင်း၏ အကြည့်များ မည်းမှောင်လာခဲ့သည်။ အကယ်၍ ဤလူသာ သူ့ကို ကျေနပ်ဖွယ်ရာ ရှင်းလင်းချက်
မပေးနိုင်ပါက သူ ချက်ချင်းလုပ်ဆောင်လိုက်မည်ဖြစ်သည်။
သူ့နာမည်ကို တကယ် သိထားကြတာလား? ဤသည်မှာ အလွန်အန္တရာယ်များလှသည်။
ဝတ်ရုံရှည်ဝတ်လူ၏ မျက်နှာအမူအရာမှာ မူလအတိုင်း တည်ငြိမ်သွားခဲ့ပြီး သူ၏ လုပ်ပိုင်ခွင့်ကို ပြန်လည်ရရှိခဲ့သည်ဟု ခံစားခဲ့ရသည်။ သူ ပြုံးလိုက်ကာ "နာမည်တင်မကဘူး၊ ခင်ဗျားရဲ့အထောက်အထားနဲ့ ဇစ်မြစ်ကိုပါ ကျွန်တော် သိတယ်။ ခင်ဗျားက ကမ္ဘာပေါ်က သေးငယ်တဲ့ကလန်တစ်ခုကနေ လာခဲ့တာ။ ခင်ဗျားရဲ့ကလန်က ခင်ဗျားကို ခေါင်းပုံဖြတ်ခဲ့တယ်၊ ဒီကံကြမ္မာကို ခင်ဗျား လက်မခံနိုင်ဘူး... ဒါကြောင့် ခင်ဗျား ဧရာမဆေးဝါးကုမ္ပဏီ ကို လျှောက်ထားပြီး အလုပ်ခန့်ခံခဲ့ရတာ..."
ဝတ်ရုံရှည်ဝတ်လူသည် ဖုန့်လင်း၏ ဇစ်မြစ်ကို အေးအေးဆေးဆေး ရှင်းပြနေခဲ့သည်။
ဖုန့်လင်း၏ စိတ်မှာ အလျင်အမြန် လည်ပတ်နေခဲ့သည်။ "ငါ အင်္ဂါဂြိုဟ်ပေါ်မှာ အရင်က ဘယ်သူနဲ့မှ မဆက်ဆံဖူးဘူး။ ငါ့ဇစ်မြစ် ယအကြောင်းကို ဘယ်သူသိတာလဲ?"
ဝတ်ရုံရှည်ဝတ်လူ၏ မိုက်ခရိုချစ်ပ်မှ အလင်းများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။ ဝတ်ရုံရှည်ဝတ်လူသည် ၎င်းမှ အချက်အလက်များကို ဖတ်နေဟန်ရှိသည်။
ဖုန့်လင်း ရုတ်တရက် နားလည်သွားသည်။ "မင်းတို့တွေ ဧရာမဆေးဝါးကုမ္ပဏီ ထဲမှာ သူလျှိုတွေ ထည့်ထားတယ်မလား?"
ဝတ်ရုံရှည်ဝတ်လူသည် ရယ်မောလိုက်ပြီး ဝန်မခံခဲ့သလို ငြင်းလည်းမငြင်းပေ။ သို့သော် ဤအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ မလိုတော့ပေ။
ဖုန့်လင်း တိတ်ဆိတ်စွာ စဉ်းစားနေခဲ့သည်။ သူ ကမ္ဘာမှ အင်္ဂါဂြိုဟ်သို့ ရောက်ရှိလာပြီး ဧရာမဆေးဝါးကုမ္ပဏီ မှ လူများနှင့်သာ ထိတွေ့ဆက်ဆံခဲ့သည်။ ကုမ္ပဏီတစ်ခုတည်းကသာ သူ့အကြောင်း သတင်းအချက်အလက်များ ရှိလိမ့်မည်ဖြစ်သည်။
မားစ်ဂြိုလ်တော်လှန်ရေးတပ် မှ ဤဝတ်ရုံရှည်ဝတ်လူသည် သူ့အကြောင်း အချက်အလက်များကို ဤမျှအသေးစိတ် သိရှိထားသည်မှာ ဧရာမဆေးဝါးကုမ္ပဏီ အတွင်းတွင် သူလျှိုများ ရှိနေခြင်းကြောင့်သာ ဖြစ်နိုင်သည်။
အချက်အလက်များ ယိုစိမ့်မှု၏ အကြောင်းရင်းကို သိရှိပြီးနောက်
ဖုန့်လင်းမှာ ယခင်ကလောက် စိုးရိမ်ပူပန်မှု မရှိတော့ပေ။
တစ်ယောက်အနေဖြင့် အကူအညီမဲ့စွာပြောနိုင်သည်မှာ ကလန်များသည် ၎င်းတို့၏ အဖွဲ့ဝင်များကို အသုံးချကြသော်လည်း ၎င်းတို့ကို ကာကွယ်ပေးကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။
နေအဖွဲ့အစည်းသည် ဖရိုဖရဲကြယ်နယ်မြေ တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်မှာ အလွန်အန္တရာယ်မျာပြီး သာမန်လူသားများမှာ ဘေးကင်းစွာ အသက်ရှင်နိုင်ရန်အတွက် ၎င်းတို့၏ကလန်များ၏ ကာကွယ်မှုအပေါ်တွင်သာ မှီခိုနေရသည်။
"ငါ့မိဘတွေက ဖုန့်ကလန်ရဲ့ အကာအကွယ်အောက်မှာ ရှိနေတာမို့၊ မားစ်ဂြိုဟ်တော်လှန်ရေးတပ်ရဲ့ လက်တံတွေ ဘယ်လောက်ပဲ ရှည်ရှည် ငါ့မိသားစုဆီ မရောက်နိုင်ဘူး"**
ဖုန့်လင်းမှာ အဖွဲ့အစည်းနှစ်ခုကြားက ပဋိပက္ခကို လုံးဝစိတ်မဝင်စားပေ။ သူအင်္ဂါဂြိုဟ်ကိုရောက်ရတဲ့ အကြောင်းရင်းက ဗီဇပညာရှင်တွေအကြောင်း လေ့လာပြီး အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းအတွက် အခြေခံချဖို့ပါပဲ။ အင်္ဂါဂြိုဟ်က အင်အားစုတွေကြား အငြင်းပွားမှုတွေမှာ သူ မပါချင်ပါဘူး။
ထို့အပြင် ဖုန့်လင်းမှာ သူ့ကိုယ်သူ ကြယ်တာရာကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီး ကျင့်ကြံရေးလမ်းကြောင်းပေါ် ခြေချလိုက်သည့် လူသစ်တစ်ဦးမျှသာ။ သူ့အင်အားက သူ့လမ်းပေါ်က အရာအားလုံးကို ဖယ်ရှားနိုင်ဖို့ ဝေးနေပါသေးတယ်။
သူ ဘေးအန္တရာယ်ကို မဖိတ်ခေါ်ချင်ပါဘူး။
"မင်းတို့အဖွဲ့နဲ့ ဧရာမဆေးဝါးကုမ္ပဏီ ကြားက အငြင်းပွားမှုမှာ ငါ ဝင်ပါဖို့ ရည်ရွယ်ချက်မရှိဘူး။ နောက်တစ်ခါ ငါ့ကိုလာမရှာနဲ့ ဒါမှမဟုတ်ရင်တော့ ငါ့ကို မယဉ်ကျေးဘူးလို့ မပြောနဲ့!" ဖုန့်လင်း ထိုလူကို သတိပေးသည့်အကြည့်ဖြင့် အေးစက်စွာ ကြည့်လိုက်ပြီး နောက်တစ်ကြိမ် လှည့်ထွက်သွားခဲ့သည်။
သူ၏အရှိန်မှာ အလွန်မြန်ဆန်ပြီး ခြေတစ်လှမ်းတည်းဖြင့် ၁၀ မီတာကျော် ရွေ့လျားနိုင်သည်။ မျက်စိတစ်မှိတ်အတွင်း မီတာ ၁၀၀ အကွာအဝေးသို့ ရောက်ရှိသွားပြီး ဤနေရာမှ အပြီးတိုင် ထွက်ခွာသွားတော့မည်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဝတ်ရုံရှည်ဝတ်လူမှာ သူ့နောက်သို့ ထပ်မလိုက်တော့ပေ။ သူ့မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်သည့် အပြုံးတစ်ခု ပေါ်လာပြီး အဝေးမှ စကားလှမ်းပြောလိုက်သည်။ သို့သော် သူ၏စကားလုံးများက ဖုန့်လင်း၏ ခြေလှမ်းများကို ရပ်တန့်သွားစေခဲ့သည်။
" ဧရာမဆေးဝါးကုမ္ပဏီ ဆိုတာ သာမန်ဗီဇဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီပဲလို့ ခင်ဗျား တကယ်ထင်နေတာလား? သူတို့လုပ်နေတဲ့ လူသားတွေနဲ့စမ်းသပ်မှုတွေက ဗီဇထုတ်ကုန်အသစ်တွေစမ်းသပ်ဖို့ပဲလို့ ခင်ဗျား ထင်နေတာလား? ခင်ဗျား အဲဒီမှာ ဆက်နေမယ်ဆိုရင် ခင်ဗျားရဲ့အဆုံးသတ်က စမ်းသပ်ခံရတဲ့ လူသားတွေထက်ကို အဆပေါင်းရာထောင်နဲ့ချီပြီး ပိုဆိုးလိမ့်မယ်!"