အပိုင်း (၄၃၄)
Vol. 30 Ch. 434
ရက်ပေါင်းများစွာသည် မျက်စိတမှိတ်အတွင်း ကုန်လွန်သွားခဲ့၏။ ကောင်းကင်ဘုံကပ်ဘေးအတွင်းမှ ရှေးကျလွန်း လှသည့် နတ်ဘုရားသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာခဲ့၏။ ၎င်းတို့ကို ကြည့်ရှုရသည်မှာ တကယ့်ကို အံ့အားသင့်ဖွယ် ဖြစ်လို့နေ၏။ သို့ပေမည့် ၎င်းတို့အားလုံးသည် တော်ဝင်အင်ပါယာကျန်းထျန်၏ ဖျက်ဆီးခြင်းကိုခံရပြီး ကောင်းကင်နှင့်မြေပြင် အဆီအနှစ်များဖြင့် ပြောင်းလဲကာ ကျန်းထျန်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ဘုန်း
နောက်ထပ် ကောင်းကင်ဘုံမိုးကြိုးကြီး တစ်ခု ထပ်မံ ကျဆင်းလာခဲ့၏။ သို့ပေမဲ့ အင်ပါယာကျန်းထျန် သည် အားအင် စိုက်ထုတ်မှုကင်းစွာဖြင့် လွယ်လွယ်ကူကူ ချိုးဖြတ်လိုက်၏။
အားလုံးသောသူတို့က နားလည်သွားခဲ့၏။ ဤလူသည် ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီဖြစ်ပြီး အရေးကြီး ခြေလှမ်းတစ်ခုကို စတင်လှမ်းရန် ပြင်ဆင်နေပြီဖြစ်သည်။
အစစ်အမှန်ပင် နောက်ထပ် တစ်စက္ကန့်အတွင်း အင်ပါယာကျန်းထျန် တည်ရှိနေသည့် တည်နေရာ တစ်ခုလုံးတွင် ကျယ်ပြောလွန်းလှသည့် သွေးချီများ ဖြစ်တည်လာခဲ့၏။ တည်နေရာလောကကြီး တစ်ခုလုံးသည် တဝုန်းဝုန်းနှင့် တုန်ခါလျက် ရှိနေလေ၏။ အရှိန်အဟုန်သည် တကယ်ပင် ပြင်းထန်လွန်းလှ၏။
မည်မျှ ပြင်းထန်လိုက်သနည်း ဆိုသော် ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် ကျင့်ကြံသူများပင်လျှင် ၎င်းတို့၏ သွေးချီများ လှုပ်ယမ်းလာသလို ခံစားမိ၏။ ကြီးမားလှသောတောင်ကြီးသည် ၎င်းတို့၏ ပခုံးပေါ်သို့ ကျဆင်းလာသလို အသက်ရှူရန်ပင် ခက်ခဲလာခဲ့၏။ အားလုံးသောသူတို့သည် တည်နေရာတစ်ခုဆီသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ခေတ်အဆက်ဆက် တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်နေရပြီဖြစ်သည်။
အကန့်အသတ်မဲ့ များပြားလှသော သွေးချီစွမ်းအင်များ၏ ကြားထဲတွင် လူငယ်တစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိ၏။ ၎င်း၏ နီမြန်းလျက်ရှိနေသည့် ဆံနွယ်များသည် ရေတံခွန်အလား ကျောနောက်သို့ ကျဆင်းနေ၏။ ၎င်း၏ ဝတ်စုံတစ်ခုလုံးသည် လှုပ်ခါလျက် ရှိနေပြီး လျော့တိလျော့ရဲလှသည့် ပုံစံမျိုး တည်ရှိနေသည် ဆိုသော်လည်း ၎င်း၏ မျက်လုံးများသည် နက်နဲလှသည့် ဉာဏ်ပညာ ရောင်စဉ်များ ထွန်းတောက်နေသည်။ ၎င်းသည် လောကကြီး၏ မွေးဖွားခြင်းနှင့် ဖျက်ဆီးခြင်းကို တွေ့ကြုံဖူးသည့် လူတစ်ယောက် ကဲ့သို့ပင်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အကြည့်သည် သက်ရှိသတ္တဝါပေါင်းများစွာ၏ သွေးများကိုပင် ရပ်တန့်စေခဲ့၏။ မည်သူမှသည် ၎င်းနှင့် အကြည်ချင်း မဆုံရဲလှချေ။ အားလုံးသောသူတို့၏ တည်ရှိမှုအထက်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်။ ၎င်းသည် ကျယ်ပြောလှသည့် ကောင်းကင်ယံတွင် မတ်မတ် ရပ်လျက်ရှိနေပြီး သက်ရှိသတ္တဝါပေါင်း များစွာတို့ကို ငုံ့မိုးကာ ကြည့်ရှုနေသည်။
မြေအင်မော်တယ်လောကတွင် တည်ရှိနေသည့် သက်ရှိသတ္တဝါများသည် တပြိုင်နက်တည်းလိုလိုပင် ဒူးထောက်ကာ ထိုင်ချလိုက်မိကြ၏။ ပြင်းထန်လှသည့် အရှိန်အဟုန်ကြောင့် ၎င်းတို့၏ ဝိညာဉ်များ တုန်ခါသွားခဲ့သောကြောင့်ပင်။
တော်ဝင်အင်ပါယာကျန်းထျန်သည် အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းသွားနိုင်ပြီဖြစ်၏။ ၎င်းသည် မည်သည့်အော်ရာကိုမှ ထပ်မံကာ ထုတ်ဖော်ခြင်း မရှိဘဲ ကောင်းကင်အထက်တွင် မတ်မတ်ရပ်လျက် ရှိနေသည် ဆိုလျှင်တောင်မှ အားလုံးသောသူတို့၏ နှလုံးသားများကို တုန်ခါနိုင်စွမ်း ရှိနေသည့် အရှိန်အဝါမျိုး ပေါ်ပေါက်နေ၏။ ၎င်းသည် ပြိုင်ဘက်ကင်းလှ၏။
“ကျုပ် ကျိရှု... အင်မော်တယ်ဖြစ်လာတဲ့ တာအိုရောင်းရင်းအတွက် ဂုဏ်ပြုပါတယ်” ရှေးဆန်လှသော အသံကြီး တစ်ခုသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်လာခဲ့၏။ စကားသံသည် လေပြည်ညှင်း တစ်ခုကဲ့သို့ပင် တည်နေရာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ ထိုအသံသည် မကျယ်လှချေ။ သို့ပေမဲ့ အားလုံးသော သူတို့၏ နားထဲသို့ အလိုအလျောက် ဝင်ရောက်သွားခဲ့သည်။
လောကကြီး တစ်ခုလုံးတွင် တည်ရှိနေသည့် ကြယ်စင်စုများသည် ထိုအသံကို အသိအမှတ်ပြုဟန်ဖြင့် မှိတ်တုတ်၊ မှိတ်တုတ်ပင် ဖြစ်လာခဲ့၏။ မြေအင်မော်တယ်လောကတစ်ခုလုံးသည် ကျိရှုဆိုသည်မှာ တကယ့်ကို ဖျက်ဆီး၍ မရနိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်မှန်း သိရှိပြီးဖြစ်၏။ ထိုကဲ့သို့သောသူသည် အင်ပါယာ ကျန်းထျန် ၏ အဆင့်တက်မှုကို ဂုဏ်ပြုစကား ဆိုပေးခဲ့၏။
“ခင်ဗျားကို ကျုပ်သိလို့လား။ ကျောက်စိမ်းလေဟာနယ်ရဲ့ ဘိုးဘေး” အင်ပါယာကျန်းထျန်သည် ပြန်လည်ကာ မေးခွန်းထုတ်လိုက်၏။ ၎င်းသည် သရဖူတစ်ခုကို ဝတ်ဆင်ထားပြီး သွေးကဲ့သို့ နီမြန်းလျက် ရှိနေသည့် ဝတ်စုံကို ဆင်မြန်းထား၏။ ၎င်းဆီမှ ထွက်ပေါ်လာသည့် အော်ရာများသည် ငရဲခန်း၏ အတွင်းဘက်မှ ထွက်ပေါ်လာသည့် ငရဲမင်းကြီး တစ်ဦးကဲ့သို့ပင်။
“အင်း.... တူညီတဲ့အဆင့်က လူတွေက တူညီတဲ့စကားကို ပြောဆိုရတယ်လေ” တာအိုရောင်းရင်းကျိရှုက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။ ၎င်း၏ အသံထဲတွင် စိတ်လှုပ်ရှားမှုဟူ၍ တစ်ခုမှ မရှိချေ။ သို့ပေမဲ့ မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးမှာတော့ ထိတ်လန့်သွားခဲ့ကြ၏။
“အခုမှ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်တဲ့ လူတစ်ယောက်က ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ ဘိုးဘေးအိုကြီးနဲ့ တစ်ပွဲတစ်လမ်း ယှဉ်ပြိုင်ဖို့ ကြိုးစားချင်နေတာလား” တော်ဝင်အင်ပါယာတစ်ယောက်သည် ရုတ်တရက် တွေးတောလိုက်မိ၏။ ၎င်းသည် အင်ပါယာကျန်းထျန် ရပ်တန့်နေသည့် မနီးမဝေး တည်နေရာ၌ ရှိနေသောကြောင့် တစ်ဖက်လူများပြောဆိုနေသည်ကို အတိုင်းသား ကြားနေရသည်။ ထို့ကြောင့် တွေးတောနေမိခြင်းပင်။
“စီနီယာကျိရှု... သူက လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက အင်မော်တယ် ဖြစ်လာခဲ့သူလေ။ အခုမှ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်တဲ့ လူတစ်ယောက်အနေနဲ့ သွားပြီး ရန်ရှာလို့ ရတဲ့လူတစ်ယောက် မဟုတ်ဘူးလေ” ကွာစီအင်ပါယာတချို့သည် တီးတိုးပြောဆိုလိုက်မိ၏။
တာအိုပညာရှင်ကျိရှု၏ စကားလုံးသည် အင်ပါယာကျန်းထျန်၏ အရည်အချင်းကို အသိအမှတ်ပြုကြောင်း သိသာထင်ရှားလှ၏။ တစ်ဖက်လူသည် ၎င်းနှင့် တူညီသည့် အရည်အချင်း ရှိသည်ဟု ပြောဆိုနေကြောင်း အားလုံးသောသူတို့က နားလည်လိုက်ကြသည်။
“ကျုပ်သိချင်တာ အခုမှ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်တဲ့ အင်မော်တယ်က ဘယ်သူလဲဆိုတာ သိချင်တာ။ ငရဲအင်ပါယာလား၊ ပုံရိပ်ယောင်အင်ပါယာလား၊ အင်ပါယာတိုင်ရီလား”
လူတော်တော်များများတို့သည် ယခုမှ အင်မော်တယ်ဖြစ်လာခဲ့သည့်သူသည် မည်သူဖြစ်သည်ဆိုခြင်းကို စိတ်ဝင်စားလျက် ရှိနေ၏။ ကောင်းကင်ဘုံကပ်ဘေးကြီးသည် အလွန်ကြီးမားပြီး ပြင်းထန်လွန်းသောကြောင့် ၎င်းတို့သည် အထဲတွင် ရှိနေသည့်လူကို သေသေချာချာ မမြင်ရချေ။ တော်ဝင်အင်ပါယာ၏အထက် လူများသာလျှင် ထိုသူ မည်သူဖြစ်သည်ဆိုခြင်းကို ကြည့်ရှုမြင်နိုင်၏။
“ကောင်းပြီ” အချိန်အတော်ကြာပြီးသည့်နောက် အင်ပါယာကျန်းထန်သည် ထိုစကားစုကို ပြောလိုက်သည်။
“တာအိုရောင်းရင်း... အင်မော်တယ် ဖြစ်လာပြီးတဲ့နောက်မှာ အနာဂတ် ဘာအကြံအစည်၊ ဘာရည်ရွယ်ချက်တွေ ရှိနေလဲ” တာအိုရောင်းရင်းကျိရှုက မေးမြန်းလိုက်၏။ မျက်နှာပြင်ထက်တွင် စိတ်ဝင်စား၍ မေးမြန်းသည့် ပုံစံမျိုး ဖြစ်သည်ဆိုသော်လည်း အစစ်အမှန်တရားမှာတော့ အင်ပါယာကျန်းထျန်အား မည်သည့်အချိန်တွင် ဤနေရာမှ ထွက်ခွာသွားမည်နည်းဟု မေးခြင်းပင် ဖြစ်၏။ ထို့အပြင် မြေအင်မော်တယ်လောကကြီး၏ သက်ရှိတစ်ယောက် မဟုတ်သောကြောင့် ဤနေရာတွင် အချိန်ကြာရှည်စွာ နေထိုင်ခြင်းသည် မကောင်းသည့် အခြေအနေကို သက်ရောက် စေနိုင်၏။
ထို့အပြင် အင်ပါယာကျန်းထျန် အတိတ်က ပြုလုပ်ခဲ့သည့် အကြောင်းအရာများသည် သာမန်ကျင့်ကြံသူများ ပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးပြီ ဖြစ်သောကြောင့် သူ့ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်သည် မည်ကဲ့သို့ မသိရှိဘဲ နေမည်နည်း။
“ကျုပ်... ကျုပ် ဒီနေရာမှာ ကျုပ်ရဲ့ အမွေအနှစ်ကို စပြီး တည်ထောင်ဖို့ ရည်ရွယ်ထားတယ်” အင်ပါယာ ကျန်းထျန်က တုံ့ပြန်လိုက်၏။ ပြောစကားသည် ရိုးရှင်းပြီး တိုက်ရိုက်ကျလွန်းလှ၏။ မည်သူမှသည် သူပြုလုပ်ချင် သည့်အကြောင်းအရာကို ငြင်းပယ်ခွင့်မရှိဟုသည့် သဘောမျိုးပင်။
“တာအိုရောင်းရင်း... ထွက်သွားဖို့ အစီအစဉ် မရှိတော့ဘူးလား” တာအိုပညာရှင် ကျိရှုသည် မျက်မှောင် ကုတ်လိုက်၏။
မြေအင်မော်တယ်လောကသည် လက်ရှိအခြေအနေမှာတော့ စွမ်းအားစုများအားလုံး ရှုပ်ထွေးလျက် ရှိနေ၏။ အင်ပါယာတစ်ယောက် ပေါ်ပေါက်လာသည်ကို ၎င်းတို့အနေနှင့် လက်ခံနိုင်သည်ဆိုသော်လည်း အစစ်အမှန် အင်မော်တယ်တစ်ယောက် ပေါ်ပေါက်လာခြင်းကို လက်သင့်မခံနိုင်ချေ။ အင်ပါယာကျန်းထျန်သည် သွေးစတေးမှု ပြုလုပ်ခဲ့သည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သူဖြစ်၏။ တစ်ဖက်လူ တည်ရှိခြင်းအားဖြင့် ဖြစ်တည်လာနိုင်သည့် အန္တရာယ်အကျိုးဆက်ကို အဆင့်မြင့် ကျင့်ကြံသူများက မသိရှိဘဲ ဘယ်နေပါ့မည်နည်း။
“အမှန်ပဲ”
တော်ဝင်အင်ပါယာကျန်းထျန်က ခေါင်းညိတ်လိုက်၏။ ဤလောကကြီးသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်စုံလျက် ရှိနေပြီး နတ်ဘုရားပစ္စည်းများ၊ အစစ်အမှန် အင်မော်တယ်အဆင့် ဆေးပင်များလည်း ပေါက်ရောက်လျက် ရှိနေ၏။ ထို့ကြောင့် သူ့အနေနှင့် ဤနေရာတွင် အခြေချရန်လည်း စဉ်းစားထားခဲ့သည်။
လက်ရှိအခြေအနေတွင်တော့ ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့၏ အခြေခံသည် အနည်းငယ် အားနည်းလျက် ရှိနေ၏။ မြေအင်မော်တယ်လောကမှာတော့ အသင့်သုံး၍ ရနိုင်သည့် အရာမျိုးပင်။
အစစ်အမှန် အင်မော်တယ်အဆင့်ကို ရောက်ရှိပြီးသည့် လူများအားလုံးသည် ခရမ်းရောင် နက်နဲလောက သို့မဟုတ် ကောင်းကင်မူလလောကကြီးတွင် နေထိုင်ချင်စိတ် မရှိကြချေ။ အနည်းဆုံး တခြားသော လောကအသီးသီးတို့နှင့် ပေါင်းစပ်ပြီး ပြည့်စုံသည့် ဟန်ချက်ကို ပိုင်ဆိုင်သည့်အချိန်ရောက်မှသာ ပြန်လာချင်ကြသည်။ လက်ရှိအခြေအနေ မှာတော့ ပိုမိုကာ အားကောင်းလှသည့် မြေအင်မော်တယ်လောကကြီးတွင် နေထိုင်ခြင်းကိုသာ သဘောကျကြ သည်။
“တာအိုရောင်းရင်းကျိရှု... ဒီလူနဲ့ စကားတွေပြောပြီး အချိန်ဖြုန်းနေဖို့ မလိုဘူး။ သူက ထွက်သွားချင်စိတ် မရှိဘူး ဆိုမှတော့ သူ့ကို မြေအင်မော်တယ်လောကထဲမှာ တစ်ခါတည်း စည်းခတ်ပြီး ပိတ်ထားတာ ပိုကောင်းလိမ့်မယ်”
မြေအင်မော်တယ်လောက၏ အတွင်းဘက်တွင်တော့ အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။ ထိုအသံသည် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားခဲ့၏။
များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် ခန္ဓာကိုယ်များပင်လျှင် တုန်ယင်သွားခဲ့ကြသည်။
တာအိုပညာရှင်ကျိရှု အပြင် မြေအင်မော်တယ်လောကဆီမှ တခြားသော အစစ်အမှန် အင်မော်တယ် တစ်ယောက်က ပေါ်ပေါက်လာ၏။ ထိုသူ၏ စကားစုသည် မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိ သတ္တဝါပေါင်းများစွာကို ဇဝေဇဝါ ဖြစ်စေခဲ့၏။ နောက်ထပ် ပေါ်ပေါက်လာခဲ့သည့် အစစ်အမှန် အင်မော်တယ်၏ စကားလုံးများသည် ထူးခြားချက် ရှိနေသောကြောင့်ပင်။ ဤအသစ် ဖြစ်တည်လာခဲ့သည့်စွမ်းအားမြင့် ကျင့်ကြံသူသည် အစစ်အမှန် အင်မော်တယ် နှစ်ယောက်တို့နှင့် ရန်ငြိုးရန်စများ တည်ရှိနေလေသည်လား။
“ခင်ဗျားတို့က ကျုပ်နဲ့ တိုက်ခိုက်ချင်တာလား” အင်ပါယာကျန်းထျန်သည် အေးစက်စက်ဖြင့် ပြောဆိုလိုက်၏။ သူသည် ကောင်းကင်ဘုံကပ်ဘေးကို ယခုမှ ကျော်ဖြတ်ခဲ့ခြင်းသာဖြစ်၏။ သူ၏ အဆင့်သည် မတည်ငြိမ်သေးချေ။ သို့ပေမဲ့ ၎င်းသည် နန်းဆောင်သခင်မှ လွဲ၍ မည်သူ့ကိုမှ အညံ့မခံချင်ပေ။
လက်တစ်ဖက်နှင့် လေဟာနယ်ထဲကို ထိုးခွင်းပြီးသည့်နောက် မဲနက်လျက် ရှိနေသည့် ရှေးခန်းဆောင်ကြီးကို ဆွဲထုတ်လိုက်၏။ ဤရှေးခန်းဆောင်ကြီးသည် အကောင်အထည် ဖြစ်တည်လာသည့်အချိန်မှာတော့ အားကောင်း လွန်းလှသော အော်ရာများသည် ဒီရေလှိုင်းများကဲ့သို့ တည်နေရာ တစ်ခုလုံးကို တိုက်စားလေတော့သည်။