အပိုင်း (၄၃၅)
Vol. 30 Ch. 435
“အင်ပါရီယာလက်နက်လား။ အင်ပါရီယာလက်နက်စာရင်းမှာပါတဲ့ လက်နက်တစ်ခုဖြစ်တယ်ဆိုရင်တောင် ဘာအသုံးကျမှာလဲ။ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းပြီးတဲ့နောက်မှာ အင်ပါယာလက်နက်တွေ ဆိုတာ ဟန်ပြသက်သက်ပဲလေ” ဆန်းကြယ်လှသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
ဘုန်း
နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့ပြီး လောကကြီးတစ်ခုလုံး တုန်ခါသွားခဲ့၏။ မြေအင်မော်တယ် လောကကြီး ၌ တည်ရှိနေသည့် အချိန်မြစ်ရေစီးကြောင်းပင်လျှင် ရှုပ်ထွေးသွားခဲ့သည့်ပုံပင်။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားဒဏ်သည် ကောင်းကင်ကြီးအထက်မှ ကျဆင်းလာခဲ့သည််။
“ဟင်း...”
ဆန်းကြယ်လွန်းလှသည့် တည်နေရာကြီးအထက်တွင် ခပ်ဖျော့ဖျော့ သက်ပြင်းချသံက ထွက်ပေါ်လာခဲ့၏။ တာအိုပညာရှင်ကျိရှုသည် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်းသည် အရှေ့တွင် တည်ရှိနေသည့် မြင်ကွင်းကို တောက်ပသည့် မျက်လုံးအစုံဖြင့် ကြည့်ရှုနေ၏။ လက်ရှိအခြေအနေတွင် အစစ်အမှန် အင်မော်တယ်များ၏ တိုက်ပွဲသည် ရှောင်လွဲ၍ မရနိုင်တော့ချေ။
အင်ပါယာ ကျန်းထျန်အနေနှင့် မြေအင်မော်တယ်လောကထဲသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် တခြားသော စွမ်းအားမြင့် ကျင့်ကြံသူများကို တိုက်ခိုက်ခဲ့ခြင်း မရှိဘူးဆိုလျှင်တောင်မှ ၎င်းအား ထွက်ခွာသွားရန် သူတို့က ဖိအားပေးရမှာဖြစ်၏။
မြေအင်မော်တယ်လောကကြီးသည် ၎င်းအား ထွက်ခွာသွားအောင် ဖိအားပေးရမည်ဆိုခြင်းမှာ သွေးနတ်ဆိုး လောကကြီးကို ဥပမာပြုထားသောကြောင့်ပင်ဖြစ်၏။ တော်ဝင်အင်ပါယာကျန်းထျန်သည် အဆုံးစွန်သော ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိပြီး အဆင့်တက်ရန် ခက်ခဲနေသည့်အခြေအနေမျိုးတွင် လောကကြီးတစ်ခုလုံးကို သွေးစတေးမှု ပြုလုပ်နိုင်စွမ်း ရှိနေ၏။ ထိုသို့ဆိုလျှင် မည်သို့ လုပ်မည်နည်း။
လောကကြီးတစ်ခုလုံးကို သွေးစတေးခြင်းဆိုသည်မှာ နားထောင်၍ ကောင်းလှသည့်အရာတစ်ခု ဖြစ်သည် ဆိုသော်လည်း လောကကြီးတစ်ခုလုံးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့၏ အသက်ကို စတေးခဲ့ခြင်း ပင် ဖြစ်လေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
“ခင်ဗျားတို့ နှစ်ယောက်လုံးက တိုက်ခိုက်ချင်တာလား။ ကျုပ်က ဘာကြောက်ရမှာလဲ”
အင်ပါယာကျန်းထျန်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ သူရဲကောင်းကဲ့သို့သော ဟိတ်ဟန်များကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်းသည် မည်သူနှင့်မဆို ယှဉ်ပြိုင်တိုက်ခိုက်ရန် အဆင်သင့် ရှိနေသည့်ပုံပင်။ သူ၏ ဘက်ခြမ်းရှိ လေထုထဲတွင် ရှေးနန်းတော်ကြီးတစ်ခုက ပေါ်ပေါက်လာခဲ့၏။
ထိုရှေးနန်းတော်သည် ဆန်းကြယ်လွန်းလှသည့် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လျက်ရှိပြီး စကြဝဠာ တစ်ခုလုံးကို တုန်ခါစေခဲ့၏။ စွမ်းအင်အဆင့်သည် အင်ပါရီယာလက်နက်တစ်ခုမျှသာ ဖြစ်သည်ဆိုသော်လည်း ဘာမှမရှိသည်ထက်တော့ သာလွန်လွန်းလှ၏။ အနာဂတ်တွင် သေသေချာချာ သန့်စင်မှုကို ပြုလုပ်မည် ဆိုပါက အင်မော်တယ် လက်နက်အဆင့်သို့ တိုးတက် ရောက်ရှိကောင်း၊ ရောက်ရှိသွားပေမည်။
“ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ ဘိုးဘေးကြီးနဲ့ ထာဝရ အစစ်အမှန် အင်မော်တယ်တို့က ဘယ်လိုဖြစ်ပြီးတော့ အခုမှ အသစ်တက်လာတဲ့ အင်မော်တယ်ကို တိုက်ခိုက်ဖို့ စဉ်းစားနေရတာလဲ။ ဒီအချိန်မှာ ကျုပ်တို့အားလုံး အတူတူ ပူးပေါင်းပြီး ခရမ်းရောင်နက်နဲလောကကြီးကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလား”
“ခရမ်းရောင်နက်နဲလောကကြီးကို လှုပ်ရှားတိုက်ခိုက်ဖို့အတွက် ဘယ်လိုဖြစ်ပြီးတော့ အင်မော်တယ် နှစ်ယောက် လိုရမှာလဲ။ ဖြစ်နိုင်တာ အင်မော်တယ်နှစ်ယောက်က သူတို့နဲ့ ခြေရာချင်း ယှဉ်နိုင်တဲ့ လူတစ်ယောက် ပေါ်လာတာကို မမြင်ချင်တာဘဲ ဖြစ်မယ်”
“ခင်ဗျား မသိဘူး။ ကျုပ် ရရှိထားတဲ့ သတင်းအရဆိုရင် ကျုပ်တို့ မြေအင်မော်တယ်လောကကြီးဆီမှာ အင်မော်တယ်အဖြစ် ဖြစ်လာခဲ့တဲ့သူက ကျုပ်တို့ လောကသား မဟုတ်ဘူး။ သွေးနတ်ဆိုးလောကကြီးကလေ”
“သွေးနတ်ဆိုးလောကကြီး ဟုတ်လား။ လောကကြီးတစ်ခုလုံး သုတ်သင်ခံလိုက်ရတယ်ဆိုပြီး သတင်းထွက်နေတဲ့ လောကလား။ ဒါဆိုရင် ဒီလူက အင်ပါယာကျန်းထျန်ပေါ့”
မြေအင်မော်တယ်လောကထဲတွင် သက်ရှိသတ္တဝါပေါင်းများစွာတို့သည့် မျက်နှာချင်းဆိုင်ကာ ရပ်တန့်လျက် ရှိနေသည့် အင်ပါယာသုံးယောက်တို့ကို လှမ်းကာ ကြည့်ရှုနေ၏။ ၎င်းတို့၏ နှလုံးသားများသည် တဒုန်းဒုန်းနှင့် ထုနှက်ခံနေရသကဲ့သို့ပင် နှလုံးခုန်နှုန်းများသည် မြန်ဆန်လာခဲ့၏။ တော်ဝင်အင်ပါယာများ၏ လှုပ်ရှား တိုက်ခိုက်မှုကပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်၏။ အစစ်အမှန် အင်မော်တယ်များသာ တိုက်ခိုက်မည် ဆိုပါက လောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားဖို့ ဆိုသည်မှာ ဟာသ မဟုတ်ချေ။ တကယ် ဖြစ်နိုင်၏။
ပြောရမည်ဆိုလျှင် အစစ်အမှန် အင်မော်တယ်များသည် တိုက်ခိုက်သည့်အချိန်တွင် လောက၏ အပြင်ဘက်သို့ သွားရောက် တိုက်ခိုက်သင့်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လောကကြီးအတွင်းတွင် အစစ်အမှန် အင်မော်တယ်သုံးယောက်တို့သည် မျက်နှာချင်းဆိုင်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြသည်။
ထို့အပြင် အသစ်တက်လာသည့် အင်မော်တယ်သည် တော်ဝင်အင်ပါယာကျန်းထျန် ဖြစ်သည်ကို သိရှိပြီးသည့်နောက် လောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးတို့သည် အရိုး၊ အသားထဲအထိ အေးစိမ့် သွားခဲ့ကြ၏။
အင်ပါယာကျန်းထျန်သည် သွေးနတ်ဆိုးလောကကြီး တစ်ခုလုံးကိုပင် သွေးစတေးခဲ့သူ ဖြစ်ပြီး မည်ကဲ့သို့သော သနားညှာတာမှု၊ ထောက်ထားမှုကိုမှ ပိုင်ဆိုင်သည့်လူ မဟုတ်ပေ။ သို့ပေမဲ့ မြေအင်မော်တယ်လောကတွင် ရှိနေသည့် အစစ်အမှန် အင်မော်တယ်နှစ်ယောက်မှာတော့ ဂုဏ်သိက္ခာတရား တည်ရှိသေး၏။ ၎င်းတို့၏ မွေးရပ်မြေ တည်နေရာကို ၎င်းတို့ ဖျက်ဆီးလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် အနည်းနှင့်အများ ဆိုသလို ထိန်းသိမ်းမှာ သေချာ၏။ သို့ပေမဲ့ ထိုကဲ့သို့သော ထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်ရမည့် အခြေအနေ ဖြစ်သောကြောင့် အစစ်အမှန် အင်မော်တယ်နှစ်ယောက် ဝိုင်းဝန်းတိုက်ခိုက်မည်ဆိုလျှင်ပင် တော်ဝင်အင်ပါယာ ကျန်းထျန်ကို အနိုင်ယူ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
တခြားတစ်ဖက်ရှိ ခရမ်းရောင်နက်နဲလောကကြီးအတွင်းမှာတော့ ....
များပြားလှသည့် အင်ပါယာများသည် မြင်ကွင်းကို ကြည့်ရှုပြီး စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ၎င်းတို့ရန်သူ၏ ရန်သူသည် ၎င်းတို့၏ မိတ်ဆွေပင်ဖြစ်၏။
ယခု အင်ပါယာကျန်းထျန်သည် မြေအင်မော်တယ်လောကတွင် ရှိနေသည့် အစစ်အမှန် အင်ပါယာနှစ်ယောက်ကို တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေ၏။ ဤအရာသည် သူတို့ကို မျက်နှာသာပေးခြင်းသာလျှင် ဖြစ်၏။ ဤအချိန်အတိုင်းအတာ အတောအတွင်း အစစ်အမှန်အင်မော်တယ်များ ၎င်းတို့၏ လောကဆီသို့ ကူးဖြတ်ကာဖြင့် လာရောက်တိုက်ခိုက်မည်ကို စိတ်ပူစရာ မလိုတော့ချေ။
“အင်း... ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ တော်ဝင်အင်ပါယာကျန်းထျန်က မြေအင်မော်တယ်လောကထဲကို ရောက်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်မှာလဲ” ခရမ်းရောင်နက်နဲလောကဆီမှ တော်ဝင်အင်ပါယာ တစ်ယောက်က ထကာ ပြောလိုက်သည်။
“အင်ပါယာကျန်းထျန်က အင်ပါယာစာရင်း ပထမနေရာမှာ ရှိတာလေ။ သူက သူ့ရဲ့အင်မော်တယ်လက်နက်ကို မသန့်စင်နိုင်သေးရင်တောင်မှ တစ်ဖက်လူတွေက သူ့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
“ဒါတော့ အမှန်ပဲ”
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်၏။ “မြေအင်မော်တယ်လောကကြီးရဲ့ နောက်ဖေးခြံဝန်းထဲမှာ မီးလောင်နေပြီ။ တကယ့်ကို ခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့နေရတာပဲ”
အင်ပါယာကျန်းထျန်သည် အင်မော်တယ်နှစ်ယောက်တို့နှင့် ကြာရှည် ယှဉ်ပြိုင်၍ရနိုင်သည့် အခြေအနေမျိုး မဟုတ်ဘူး ဆိုလျှင်တောင်မှ တိုက်ပွဲသည် မြေအင်မော်တယ်လောက၏ တစ်ဝက်လောက်ကို ကျိန်းသေပေါက် ပျက်စီးအောင် ပြုလုပ်မည်ဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။
လက်ရှိအခြေအနေမှာတော့ မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အဆိုးရွားဆုံး အခြေအနေဆီသို့ ရောက်ရှိနေခဲ့ကြ၏။ ၎င်းတို့၏ မွေးရပ်မြေတစ်ခုလုံး ပျက်စီးပျောက်ကွယ်သွားမည့် အခြေအနေမျိုး ရောက်ရှိနေသည်ဟု ပြောဆို၍လည်း လွန်မည် မထင်ချေ။
“တော်ဝင်အင်ပါယာကျန်းထျန်က အရင်တုန်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ အနိုင်ယူဖိနှိပ်ခြင်းကို ခံခဲ့ရတယ်လေ။ ရုတ်တရက် မြေအင်မော်တယ်လောကဆီမှ ပေါ်လာတယ်ဆိုတော့ ဖြစ်နိုင်တာက ဒီအရာတွေ အားလုံးရဲ့ အနောက်ဘက်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိနေတာလား”
တော်ဝင်အင်ပါယာ တစ်ယောက်က တွက်ချက်လိုက်၏။ “ဒါမှမဟုတ် မြေအင်မော်တယ်လောကထဲမှာ တော်ဝင်အင်ပါယာကျန်းထျန် ပေါ်ပေါက်လာတယ်ဆိုတာက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် လမ်းညွှန်ပေးတာလည်း ဖြစ်နိုင်တယ်”
“ခင်ဗျားရဲ့ စကားလုံးတွေကို သတိထား”
အင်ပါယာပိုင်လော်က သတိပေးလိုက်သည်။ “တချို့အရာတွေက ပါးစပ်နဲ့ ထုတ်ပြောလို့ရတဲ့အရာမျိုး မဟုတ်ဘူး”
အင်ပါယာများ ဖြစ်သည်ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည့် ဖိအားသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းကြောင်း သိရှိကြပြီး ဖြစ်သည်။ ရှားရှားပါးပါးမှသာ ဝင်ရောက်လှုပ်ရှားလေ့ ရှိသည် ဆိုသော်လည်း ထိုနာမည်သည် သာမန် ပေါက်ပန်းလေးဆယ်လျှောက်ပြော၍ ရနိုင်သည့် နာမည်မျိုး မဟုတ်ချေ။
မြေအင်မော်တယ်လောကတွင် ရှိနေသည့် အစစ်အမှန် အင်မော်တယ်များ ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ လက်ထဲတွင် ရုပ်သေးရုပ်များကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ခရမ်းရောင်နက်နဲလောကကြီးသည် မြေအင်မော်တယ်လောကထက် အဆပေါင်းများစွာ အားနည်းသည်။ ၎င်းတို့အနေနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အကြောင်းကို ပေါက်ပန်းလေးဆယ် လျှောက်ကာ ပြောဆိုနေခြင်းသည် ကပ်ဘေးကြီးကို ဆင့်ခေါ်နေခြင်းနှင့် ဆင်တူပေလိမ့်မည်။
“ကျုပ် မှားသွားပါတယ်”
သတိပေးခံရတဲ့ အင်ပါယာက တီးတိုးရေရွတ်လိုက်၏။ သူ၏ မျက်နှာထက်တွင် ကြောက်လန့်မှုများလည်း ပေါ်ပေါက်လာခဲ့တော့၏။ ၎င်း၏ စကားစုတစ်ခုသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အန္တရာယ်များကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း သူက ချက်ချင်းသိရှိလိုက်၏။ ထို့ကြောင့် ကောင်းကင် မူလလောကကြီး တည်ရှိရာဘက်သို့ အသာလှည့်ကာဖြင့် ဦးညွတ်လိုက်မိ၏။
“ကိုယ့်ဘာကိုယ် နားလည်တာ အကောင်းဆုံးပဲ”
အင်ပါယာပိုင်လောင်သည် တစ်ဖက်လူကို လှမ်းကြည့်ပြီးသည့် နောက် အေးစက်စက် ပြောလိုက်သည်။ “တချို့ စကားလုံးတွေက ထုတ်ပြီး ပြောလို့ရတာမျိုး မဟုတ်ဘူး။ ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် စိတ်ထဲမှာတောင် မစဉ်းစားနဲ့”
“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးပါပဲ” ထိုအင်ပါယာက ပြန်လည်ကာ ပြောဆိုလိုက်၏။ သူ့ကြောင့် ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံး ပျက်စီးသွားစေမည့် အခြေအနေမျိုး မရောက်ရှိချင်ပေ။ မြေအင်မော်တယ် လောကကို ခုခံရခြင်းကပင်လျှင် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိနေပြီဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်သာ ပါဝင်ပတ်သက်နေသည်ဆိုပါက ကျိန်းသေပေါက် အကုန်ပြာကျကုန်ပေလိမ့်မည်။