အပိုင်း (၄၃၆)
Vol. 30 Ch. 436
“တာအိုရောင်းရင်း ပိုင်လော်” တိုက်ပွဲဝင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ခပ်တောင့်တောင့်နှင့် အင်ပါယာ တစ်ယောက်သည် အဝေးဆီမှ လှမ်းလျှောက်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးများ ဖုံးလွှမ်းလျက် ရှိနေပြီး ၎င်းသည် အလောင်းပင်လယ်များကြားမှ ထ၍လျှောက်လာခဲ့သော စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖြစ်တည်နေ၏။ သူသည် ယခုလေးပင်လျှင် ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသာ ထင်ရှားလှ၏။
“မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေက အနောက်ကို ဆုတ်ဖို့ ပြင်ဆင်နေကြပြီ။ ကျုပ်တို့ သူတို့ အနောက်ကို ဆက်လိုက်ကြမလား” သူသည် လှမ်းလျှောက်လာရင်းမှ လှမ်းမေးလိုက်သည်။
“မလုပ်နဲ့အုံး”
အင်ပါယာပိုင်လော်သည် ခေါင်းကို အသာခါယမ်းလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ်တို့ဘက်မှာ အစစ်အမှန် အင်မော်တယ်တွေ မရှိသေးဘူး။ ဒီတော့ မြေအင်မော်တယ်လောကကို တန်ပြန် တိုက်ခိုက်ဖို့ အချိန်ကောင်း မဟုတ်ဘူးလေ။ ကျုပ်တို့သာ အမှားအယွင်း လုပ်မိသွားတယ်ဆိုရင် ခရမ်းရောင်နက်နဲ လောကကြီးက ကျိန်းသေပေါက် ဖျက်ဆီးခံရမယ့် အခြေအနေမျိုး ရောက်ရှိသွားလိမ့်မယ်”
သူပြောပြီးပြီးချင်းမှာပဲ ခရမ်းရောင်နက်နဲလောက၏ သီးခြား ကြယ်နယ်မြေကြီးတစ်ခုတွင် မိုးကြိုးကပ်ဘေးကြီး တစ်ခုက စုဝေးလာခဲ့လေ၏။ အသက်ရှုရှိုက်စာ အနည်းငယ်အတွင်းမှာပဲ မိုးကြိုးကပ်ဘေးကြီးသည် ကြီးကြီးမားမား ဖြစ်တည်လာခဲ့ပြီး ကြယ်နယ်မြေကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သက်ရှိသတ္တဝါများတို့သည့် ကြီးမားလှသည့် မသက်မသာ ခံစားမှုမျိုးကို ရရှိခံစားလာခဲ့ကြ၏။ အားလုံးသော သူတို့သည် လောကကြီး၏ အဆုံးသတ်ဆီသို့ ထပ်မံကာ ရောက်ရှိသွားသကဲ့သို့ပင်။
“ဒါဘာကြီးလဲ”
အင်ပါယာပိုင်လောင်သည် တစ်စုံတစ်ခုကို နားလည်သွားမိပုံပေါ်၏။ သူသည် မိုးကြိုးတိမ်များ ထူထဲစွာ ဖြစ်ပေါ်နေသည့် တည်နေရာဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုရင်း မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့၏။ မကြာခင်မှာပဲ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့၏။ “ကောင်းကင်ဘုံကပ်ဘေး .... အင်မော်တယ်အဆင့်ကပ်ဘေးပဲ”
မကြာသေးခင်က အားလုံးသောသူတို့သည် အင်ပါယာကျန်းထျန်၏ အဆင့်တက်မှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး ဖြစ်၏။ ယခု မိုးကြိုးကပ်ဘေးကြီးက ထပ်မံကာ ပေါ်ပေါက်လာခဲ့၏။ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို ရင်းနှီးပြီးသား ဖြစ်လို့နေခဲ့၏။ သူတို့၏ နယ်မြေထဲတွင် တစ်စုံ တစ်ယောက်သည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ တက်လှမ်းပေတော့မည်။ အရေးအကြောင်း အခြေအနေမျိုးတွင် ဤကဲ့သို့သော အဆင့်တက်မှုမျိုးကို ပြုလုပ်မည့်လူသည် အင်ပါယာပိုင်လီ မှလွဲလျှင် တခြား မဟုတ်နိုင်ချေ။
အင်ပါယာအဆင့် စာရင်း၏ အဆင့်ကိုးနေရာတွင် တည်ရှိသောကြောင့် အဆင့်တက်လှမ်းသည့် ကပ်ဘေးသည် အင်ပါယာကျန်းထျန်လောက် ကြမ်းတမ်းလှမည် မဟုတ်ချေ။ သို့ပေမဲ့ အထင်အမြင်သေး၍တော့ မဖြစ်နိုင်ချေ။ မည်သို့ပင် ဆိုစေကာမူ အင်ပါယာပိုင်လီ အဆင့်တက်သွားရန် သူတို့ က မျှော်လင့်နေမိကြသည်။
အစစ်အမှန် အင်မော်တယ်တစ်ယောက် သူတို့ဘက်တွင် တည်ရှိသည်ဆိုပါက ကျိန်းသေပေါက် မြေအင်မော်တယ် လောကနှင့် ရင်ဆိုင်ရသည့်နေရာတွင် အနည်းငယ်သော ယုံကြည်ချက်ကို ပိုမိုရရှိမှာ သေချာ၏။
အစစ်အမှန် အင်မော်တယ်များသည် ခံတပ်တစ်ခုကဲ့သို့ပင် မာမာတင်းတင်းဖြင့် အရာအားလုံး၏ အရှေ့တွင် မတ်မတ်ရပ်ကာ ခုခံနိုင်စွမ်း ရှိနေ၏။ ၎င်းတို့သည် ကျိန်းသေပေါက် အရာအားလုံးကို ဖျက်ဆီးနိုင်မည်ဆိုသော ယုံကြည်ချက်မျိုးကို ပိုင်ဆိုင်ကြသည်။
“အရမ်းကောင်းတယ်”
အင်မော်တယ်နန်းတော်၏ အတွင်းဘက်မှာတော့ အင်ပါယာတိုင်သည် မတ်မတ်ရပ်လျက် ရှိ၏။ ၎င်းသည် ခန္ဓာကိုယ်ဆီမှ ဆန်းကြယ်လှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး အဝေးတစ်နေရာရှိ ကောင်းကင်ဘုံကပ်ဘေးကြီး ကို လှမ်းကာ ကြည့်ရှုနေ၏။ ၎င်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ “ခရမ်းရောင်နက်နဲလောကကြီးမှာ ..... နောက်ဆုံးတော့ အစစ်အမှန် အင်မော်တယ် တစ်ယောက် ပေါ်လာတော့မှာပဲ။ ခရမ်းရောင်နက်နဲလောကရဲ့ သမိုင်းမှတ်တမ်းထဲမှာ ပထမဆုံး အစစ်အမှန် အင်မော်တယ်ဆိုတဲ့ မှတ်တမ်းဝင်ပြီ”
လက်ရှိအချိန်မှာတော့ အင်ပါယာတိုင်သည် မည်သို့မှ မနေနိုင်ဘဲ အင်ပါယာပိုင်လီကို မနာလိုဖြစ်မိနေ၏။ ၎င်းတို့သည် သမိုင်းမှတ်တမ်းထဲတွင် အတူတူ ယှဉ်တွဲနေထိုင်ခဲ့ကြသည့် ခေတ်ပြိုင် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်သည်ဆိုလျှင်တောင်မှ လက်ရှိအခြေအနေမှာတော့ အင်ပါယာပိုင်လီသည် အင်မော်တယ်အဆင့်ကို တက်လှမ်း နိုင်တော့မှာဖြစ်၏။ အထူးသဖြင့် ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံး ရှုပ်ထွေးကာ အန္တရာယ်များနေသည့် အခြေအနေမျိုးတွင် ဖြစ်တည်လာခဲ့ခြင်းပင်။
“မြေအင်မော်တယ်လောကကြီးက ပြန်ပြီး ပေးဆပ်ရမယ့်အချိန်ကို ရောက်လာတဲ့ပုံပဲ” အင်ပါယာတိုင်က တီးတိုး ပြောလိုက်၏။ ရက်အနည်းငယ်အတွင်း သူတို့၏ပိုင်နက် တစ်ဝက်လောက်သည် တခြားသူများ၏ လက်ထဲသို့ ပါသွားခဲ့ပြီဖြစ်၏။ အင်ပါယာပိုင်လီသည်သာ အချိန်ကိုက် အင်မော်တယ် မဖြစ်လာခဲ့ပါက တကယ့်ကို ဆိုးရွားသည့် အခြေအနေဆီသို့ သက်ရောက်သွားနိုင်၏။
“တစ်စုံတစ်ယောက်က အင်မော်တယ် ဖြစ်တော့မှာလား”
လောကနှစ်ခုကြား နယ်စပ်တည်နေရာမှာတော့ အင်မော်တယ်ကပ်ဘေးကြီး ဖြစ်တည်လာသည်ဖြစ်ကြောင်းကို တော်တော်များများက သိရှိသွားခဲ့ကြ၏။ အားလုံးသောသူတို့သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဖျက်ဆီးခြင်းများကို ပိုင်ဆိုင်သည့် ကပ်ဘေးကြီးကို အံ့အားတသင့်ဖြင့် လှမ်းကာ ကြည့်ရှုနေမိသည်။
ခရမ်းရောင်နက်နဲလောကကြီးနှင့် မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများ၏ မျက်နှာပေါ်တွင် မတူညီသည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။ ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာသည် ပျော်ရွှင်လျက် ရှိနေသည်ဖြစ်ပြီး မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူများမှာတော့ မယုံကြည်နိုင်သလို ဖြစ်လို့နေခဲ့၏။
“အင်ပါယာပိုင်လီက အင်မော်တယ် ဖြစ်တော့မှာလား”
မြေအင်မော်တယ်လောကတွင် ရှိနေသည့် ကွာစီအင်ပါယာ တစ်ယောက်သည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး တည်ကြည်လေးနက်သည့် အမူအရာဖြင့် အဝေးကို လှမ်းကာ ကြည့်ရှုနေ၏။ ခရမ်းရောင်နက်နဲလောကကြီး၌ အစစ်အမှန် အင်မော်တယ်တစ်ယောက် ပေါ်ပေါက်လာခဲ့သည့်ကို သူက သိရှိပြီး ဖြစ်၏။ ဤအရာသည် တိုက်ပွဲ၏ အခြေအနေ တစ်ခုလုံးကို ပြောင်းပြန် ဖြစ်တည်သွားစေနိုင်သည်။
“အဲလိုဖြစ်မယ်နဲ့ တူတယ်။ ကျုပ်တို့ရထားတဲ့ သတင်းအချက်အလက်တွေကို ကြည့်ရမယ်ဆိုရင် အင်ပါယာပိုင်လီ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ပြီးနောက် ကြာမြင့်ခဲ့တဲ့အချိန်တွေကို တွက်ကြည့်မယ်ဆိုရင် အခု အင်မော်တယ် ဖြစ်ဖို့က အချိန်ကိုက်ပဲ” ကျောက်စိမ်းလေဟာနယ်နန်းတော်၏ စီနီယာ အကြီးအကဲတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။
မြေအင်မော်တယ်လောကဆီသို့ တစ်ချက်လှမ်းကြည့်ပြီးနောက် သူ၏ အမူအရာများသည် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားခဲ့၏။ “အင်ပါယာပိုင်လီက ဒီလို အရေးအကြောင်း အခြေအနေမျိုးမှာ အင်မော်တယ် ဖြစ်လာတယ်ဆိုတော့ ကျုပ်တို့ မြေအင်မော်တယ်လောကအတွက်တော့ ကံကောင်းခြင်းထက် ကပ်ဘေးကို ရောက်ဖို့ ပိုများနေတယ်”
အင်ပါယာ ကျန်းထျန်တစ်ယောက်တည်းနှင့်တင် မြေအင်မော်တယ်လောကကြီးက ငြိမ်းချမ်းမှုများ ပျောက်ကွယ် သွားခဲ့ပြီဖြစ်၏။ အင်ပါယာပိုင်လီသည်သာ အင်မော်တယ် ဖြစ်လာသည်ဆိုပါက မြေအင်မော်တယ်လောကကြီး၏ အခြေအနေသည် ပိုမိုကာ ဆိုးရွားသွားပေလိမ့်မည်။
များပြားလှသည့် အစစ်အမှန် အင်မော်တယ်များသည် တိုက်ပွဲတွင် ဝင်ရောက်ပါဝင် ပတ်သက်လာမည်ဆိုပါက မြေအင်မော်တယ်လောကတင်သာမက ခရမ်းရောင်နက်နဲလောကကြီးကလည်း ဖျက်ဆီးခြင်းကို ခံရမည်ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိလာသည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင် ဝင်ရောက်မှသာ စစ်ပွဲကြီးကို တားဆီးနိုင်မှာဖြစ်၏။
“အင်း.. အဆိုးဆုံးအခြေအနေတွေ ဖြစ်ပေါ်မလာဖို့ မျှော်လင့်ရတာပဲ” တစ်စုံတစ်ယောက်သည် တီးတိုး ရေရွတ်လိုက်သည်။
အင်ပါယာပိုင်လီသည်သာ တိုက်ပွဲကို ဝင်ရောက်သည်ဆိုပါက မြေအင်မော်တယ်လောကကြီးသည် လုံးဝ အဆုံးသတ်လုနီးပါး ဖြစ်သွားပေလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင်လောကထဲတွင် အစစ်အမှန် အင်မော်တယ်များ တိုက်ခိုက်ဖူးသည့် မှတ်တမ်းမှတ်ရာများ တစ်ခါမှ မရှိခဲ့ဖူးချေ။ မြေအင်မော်တယ်လောကဆီမှ အင်ပါယာများသည် ခရမ်းရောင်နက်နဲလောကဆီမှ အင်ပါယာများ အစစ်အမှန် အင်မော်တယ် ဖြစ်လာသည်ဆိုပါက တိုက်ပွဲကို တခြားတစ်နေရာ ၊ လောကတစ်ခုခုဆီသို့ ရွေ့ပြောင်းမှ ဖြစ်ပေလိမ့်မည်။
မြေအင်မော်တယ်လောက .... နတ်ဘုရားတောင်ထွတ်တစ်ခု၏ အထက် များပြားလှသည့် ကြိုးကြာများ ပျံသန်းလျက် ရှိ၏။ လောကကြီး တစ်ခုလုံးသည် နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင် လှပလွန်း၏။ တောင်ထွတ်၏ အပေါ်တွင်တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိလို့နေ၏။
၎င်း၏ ခန္ဓာကိုယ်ဆီမှ ကျက်သရေရှိလွန်းလှပြီး ခမ်းနားသည့် အော်ရာများ ထွက်ပေါ်နေ၏။ ၎င်း၏ ဝတ်စုံသည် နတ်ပိုးဝတ်စုံကဲ့သို့ပင် ပျော့ပြောင်းအိစက်လွန်းလှပြီး ၎င်းသည် သေမျိုးလောကဆီသို့ ဆင်းသက်လာသည့် မသေမျိုး အင်မော်တယ်တစ်ယောက်ကဲ့သို့ပင်။ လောက၏ အလယ်ဗဟိုသို့ ရောက်ရှိနေခဲ့ပြီး အားလုံးသောသူတို့သည် ၎င်းကို လျစ်လျှူရှု၍ မရသကဲ့သို့ပင်။
ထိုလူသည် အဝေးတစ်နေရာရှိ တိုက်ပွဲက စူးစိုက်ကာဖြင့် ကြည့်ရှုနေ၏။
“တော်ဝင်အင်ပါယာ ကျန်းထျန်” ထိုသူသည် စကားလုံး လေးလုံးကို ရေရွတ်လိုက်၏။ ဤလူသည် သူထင်မှတ် ထားသည်ထက် ပိုမိုကာ အားကောင်း၏။ အချက်အလက်အားဖြင့် တစ်ဖက်လူသည် ၎င်း၏ အစီအမံများ ပျက်စီးသွားခဲ့သည်ဆိုလျှင်တောင်မှ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့သေး၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ငရဲအင်ပါယာအနေနဲ့ တစ်နှစ်ကြာရင် အစစ်အမှန် အင်မော်တယ် တစ်ယောက် ဖြစ်လာမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အခု သုံးလပဲ ကြာသေးတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲ ကြီးကြောင့် နိရယအင်ပါယာက ဒီလောကကြီးထဲက ထွက်ခွာသွား ....” အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာများ ဖြစ်တည်နေခဲ့သည်။
အဖြူရောင်ဝတ်စုံနှင့်လူသည် စိုးရိမ်ပူပန်သည့် အမူအရာများနှင့် ပြည့်နှက်နေခဲ့၏။ အစစ်အမှန် အင်မော်တယ် များ၏ တိုက်ပွဲသည် မြေအင်မော်တယ်လောကကြီး တစ်ဝက်လောက်ကို ပျက်စီးသွားနိုင်စွမ်း ရှိကြောင်း သူက ကောင်းကောင်း သိရှိ၏။ နိရယအင်ပါယာသည် အရူးတစ်ယောက် မဟုတ်ချေ။ ဤကဲ့သို့သော အခြေအနေတွင် မြေအင်မော်တယ်လောက၌ အင်မော်တယ်တစ်ယောက် ဖြစ်လာရန် ရွေးချယ်မှုကို အဘယ်ကြောင့် ပြုလုပ်မည်နည်း။
သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် နိရယအင်ပါယာမှာ တစ်နှစ်အတွင်း မြေအင်မော်တယ် လောကကြီး၌ အစစ်အမှန် အင်မော်တယ် ဖြစ်လာလိမ့်မည်ဟု ပြောဆိုခဲ့၏။ ယခု အစစ်အမှန် အင်မော်တယ်များ ကြားတွင် ဖြစ်တည်နေသည့် ပဋိပက္ခများ၊ အခြေအနေများကို တစ်နှစ်အတွင်း မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။
လက်ရှိအချိန်မှာတော့ အဖြူရောင်ဝတ်စုံနှင့်လူသည် တွေဝေငေးငိုင်လျက် ရှိနေ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ထုတ်ဖော်ခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ ယုံကြည်ရမလား၊ မယုံကြည်ရမလား မသိချေ။ ယုံကြည်သည်ဆိုပါက သူ့အနေနှင့် လက်ရှိအချိန်တွင် နိရယအင်ပါယာအား သွားရောက် တိုက်ခိုက်ရန် ပြင်ဆင်ရပေမည်။
အနည်းငယ် နှောင့်နှေးသွားသည်ဆိုပါက မထင်မှတ်ထားသည့် အကြောင်းအရာများကို ကြုံရမှာ ဖြစ်၏။ သို့ပေမဲ့ သူ တိုက်ခိုက်သည်ဆိုလျှင်တောင်မှ သူမကို အောင်မြင်စွာဖြင့် သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူမ၌ များပြားလှသည့် အမွေအနှစ်ပစ္စည်းများနှင့် ဝှက်ဖဲများ တည်ရှိ၏။ သူ့အနေနှင့် တိုက်ခိုက်ရန် အခွင့်အရေး တစ်ခါတည်းသာ ရှိ၏။ ထိုတိုက်ခိုက်ချက်သာ ကျရှုံးသည်ဆိုပါက ကိုယ့်ရှူးကိုယ်ပြန်ပတ် ပေလိမ့်မည်။